【 အားကစား 】 မိုရာတာ ကို ဂျူဗင်တပ်ကနေခေါ်ဖို့ ဘာစီလိုနာ ကြိုးစား

【 အားကစား 】 မိုရာတာ ကို ဂျူဗင်တပ်ကနေခေါ်ဖို့ ဘာစီလိုနာ ကြိုးစား

ရလဒ်ဆိုးတွေ ကြုံတွေ့နေရတဲ့ ဘာစီလိုနာအသင်းဟာ ဖာရန် တောရက်စ် ကို မန်စီးတီးအသင်းထံကနေ ခေါ်ယူပြီးနောက်မှာတော့ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ ကြိုးစားလျက်ရှိနေပါတယ်။
 
ယခုထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဘာစီလိုနာအသင်းဟာ လာလီဂါ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရပါတယ်။
 
အားကစားသတင်းဝက်ဘ်ဆိုက် Goal ရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်အသင်း တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာ ကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အငှားခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။ဒါ့အပြင် အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သူ မက်ဖစ် ဒီပေး ကို ဂျူဗင်တပ်အသင်းမှ ခေါ်ယူရန် လိုလားမှု ရှိ၊ မရှိကိုလည်း ဆက်သွယ်ခဲ့တယ်လို့ Goal က ဆိုပါတယ်။
 
မိုရာတာဟာ အက်သလက်တီကိုအသင်းကနေ ဂျူဗင်တပ်အသင်းဆီကို အငှားစာချုပ်နဲ့ လာရောက်ကစားနေတာဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဘက်က မိုရာတာ ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိတဲ့အတွက် အက်သလက်တီကိုအသင်းကို ပြန်ရဖွယ်ရှိနေတာဖြစ်ပြီး၊ ဘာစီလိုနာအသင်းက အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စပိန် လက်ရွေးစင် ရီးရဲလ် တိုက်စစ်မှူးဟောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။
 
မိုရာတာဟာ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ ချဲလ်ဆီးနဲ့ အက်လက်တီကိုအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။
 
ဘာစီလိုနာအသင်းဘက် မိုရာတာလို တိုက်စစ်မှူးကို စိတ်ဝင်စားလာခဲ့တာဟာ ထူးဆန်းနေတယ်လို့ သတင်းများက ဆိုနေပေမယ့်၊ ငွေကြေးပြဿနာများ ကြုံတွေ့နေရတဲ့ ဘာစီလိုနာအသင်းအတွက် ကစားသမားတွေကို မြင့်မားတဲ့လာစာငွေပေးချေမှုမှာ အခက်အခဲရှိလာနိုင်ပါတယ်။ဒီအတွက် ဈေးနှုန်းသက်သာတဲ့ မိုရာတာကိုသာ ရေတိုလူအင်အားဖြည့်တင်းမှုအနေနဲ့ ခေါ်ယူဖွယ်ရှိနေတာဖြစ်ပါတယ်။
 
ဘာစီလိုနာအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ မိုရာတာနဲ့ ဒီပေးတို့ အပြောင်းအရွှေ့ကို ဆက်လက်ဆွေးနွေးဖွယ်ရှိနေပြီး၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းကို မိုရာတာ ရောက်ရှိလာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
Linko
ဘာစီလိုနာ၊ ဒီဇင်ဘာ - ၃၁