【 အားကစား 】 ယာယီနည်းပြနေရာ အစားထိုးရန် မန်ယူအသင်း နည်းပြလေးဦးလျာထား

【 အားကစား 】 ယာယီနည်းပြနေရာ အစားထိုးရန် မန်ယူအသင်း နည်းပြလေးဦးလျာထား

လက်ရှိအချိန်မှာ ယာယီနည်းပြ ရန်နစ်ခ် ကို ခန့်အပ်ထားပေမယ့် မန်ယူအသင်းဟာ လာမည့်ရာသီအတွင်း ဆုဖလားများ စိန်ခေါ်နိုင်ရန် နည်းပြသစ်တစ်ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ သတင်းများက ဖော်ပြလျက်ရှိပါတယ်။

သတင်းထွက်ပေါ်မှုတွေအရတော့ မန်ယူအသင်းဟာ နည်းပြလေးဦးကို ‌ချိတ်ဆက်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

မန်ယူအသင်းနဲ့ နာမည်ထွက်နေတဲ့ နည်းပြလေးဦးကတော့ PSG အသင်း နည်းပြ ပိုချက်တီနို၊ အေဂျက်အသင်း နည်းပြ အဲရစ်ခ် တန်ဟက်၊ စပိန်လက်ရွေးစင် နည်းပြ ဘာစီလိုနာအသင်း နည်းပြဟောင်း လူးဝစ် အန်နရစ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း လိုပက်တီဂွီတို့ဖြစ်ပါတယ်။အဆိုပါ နည်းပြလေးဦးထဲ PSG အသင်း နည်းပြဖြစ်သူ ပိုချက်တီနိုကတော့ မန်ယူအသင်းရဲ့ နည်းပြ‌သစ် ဖြစ်နိုင်ချေအရှိဆုံးဖြစ်ပြီး၊ အိုလေ ဂန်နာ ဆိုးလ်ရှား အထုတ်ခံရပြီးကတည်းက မန်ယူအသင်းနဲ့ နာမည်ထွက်ခဲ့သူဖြစ်ပါတယ်။

အေဂျက်အသင်း နည်းပြ အဲရစ် တန်ဟက်ကတော့ အေဂျက်အသင်းနဲ့အတူ အထင်ကြီးလောက်တဲ့ စွမ်းဆောင်ရည်ပြသနေပေမယ့် မန်ယူအသင်းကို ဆုဖလားတွေရရှိစေဖို့ အာမခံပေးနိုင်မလားဆိုတာကတော့ သံသယဖြစ်ဖွယ်ကောင်းနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း နည်းပြဟောင်းဖြစ်သူ လိုပက်တီဂွီကတော့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် ဆီဗီလာအသင်းမှာ ၎င်းရဲ့ နာမည်ဂုဏ်သတင်းကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး၊ လက်ရှိအချိန်မှာ ဆီဗီလာအသင်းကို စပိန် လာလီဂါပြိုင်ပွဲ အမှတ်ပေး‌ဇယား အဆင့် ၂ နေရာကို ပို့ဆောင်ပေးထားနိုင်ပြီး အသင်းဟောင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံဆုအတွက် ၄ မှတ်အကွာနဲ့ ဖိအားပေးနေတာဖြစ်ပါတယ်။

လက်ရှိ စပိန်လက်ရွေးစင် နည်းပြ လူးဝစ် အန်နရစ်ကတော့ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်စိုက်ထူခဲ့သူဖြစ်တဲ့အတွက် မန်ယူအသင်းဘက်က နည်းပြသစ်လျာထားမှုမှာ ထည့်သွင်းထားဟန်ရှိပါတယ်။ဒါပေမယ့် စပိန်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့အတွက် ကလပ်အသင်းတစ်ခုကို ပြန်လည်ကိုင်တွယ်ဖို့ကတော့ ဖြစ်နိုင်ချေနည်းပါတယ်။

လက်ရှိအချိန်မှာတော့ နည်းပြလေးဦးထဲ ရေပန်းစားမှုမှာ PSG အသင်း နည်းပြ ပိုချက်တီနို က ဦးဆောင်လျက်ရှိနေပြီး၊ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း စပါးကို ကိုင်တွယ်ဖူးတဲ့အပြင် ပိုချက်တီနို ကိုယ်တိုင်က အင်္ဂလန်မှာ ပြန်လည်နေထိုင်လိုတယ် ဆိုထားတဲ့အတွက် မန်ယူအသင်းနည်းပြသစ်အဖြစ် ပိုချက်တီနို ကို မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Linko
မန်ချက်စတာ၊ ဇန်နဝါရီ - ၂၅