【 အားကစား 】 ရိုမန် အေဘရာမိုဗစ်ခ်ျ ကို အရေးယူပိတ်ဆို့မှု ချဲလ်ဆီးအသင်းအပေါ် ဘာတွေထိခိုက်လာနိုင်လဲ

【 အားကစား 】 ရိုမန် အေဘရာမိုဗစ်ခ်ျ ကို အရေးယူပိတ်ဆို့မှု ချဲလ်ဆီးအသင်းအပေါ် ဘာတွေထိခိုက်လာနိုင်လဲ

လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်း ဆက်လက်လည်ပတ်နိုင်ရန် အထူးလိုင်စင်ကို ပေးအပ်ထားပေမယ့်လည်း ကလပ်အသင်းအပေါ်မှာတော့ တင်းကျပ်တဲ့ ကန့်သတ်ချက်အချို့ ရှိလာနေပြီဖြစ်ပါတယ်။

ယူကရိန်းအ‌ပေါ် ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားသူဌေး ရိုမန် အေဘရာမိုဗစ်ခ်ျ ကို ယူကေအစိုးရက ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက် ဥရောပချန်ပီယံ ချဲလ်ဆီးအသင်းရဲ့ အနာဂတ်ဟာ ဆိုးရွားလာခဲ့ပြီဖြစ်ပါတယ်။

ရုရှားသူဌေး အေဘရာမိုဗစ်ခ်ျဟာ ချဲလ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်မှာ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး၊ ချဲလ်ဆီးအသင်း သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအချိန်ကာလကို တွန်းပို့ပေးခဲ့တာဖြစ်ပါတယ်။အေဘရာမိုဗစ်ခ်ျ ပိုင်ဆိုင်ချိန်အတွင်း ချဲလ်ဆီးအသင်းဟာ အဓိကဆုဖလား ၁၉ လုံးအနက် အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ ၅ ကြိမ်နဲ့ ဥရောပ ချန်ပီယံလိဂ် ဆုဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ အထူးလိုင်စင် ရရှိထားပေမယ့် ကလပ်အသင်းအပေါ် တင်းကျပ်တဲ့ ကန့်သတ်မှုတွေကတော့ ရှိလာပြီဖြစ်ပါတယ်။

ချဲလ်ဆီးသူဌေး အေဘရာမိုဗစ်ခ်ျရဲ့ ပိုင်ဆိုင်မှုများကို ပိတ်ပင်လိုက်ခြင်းဟာ ကလပ်အသင်းရဲ့ ရောင်းချမှုမှန်သမျှကို ခေတ္တဆိုင်းငံ့ထားခြင်းဟု ဆိုလိုထားသည့်အတွက် ချဲလ်ဆီးအသင်းဟာ ကစားသမားများ ရောင်းချနိုင်မှုရှိမှာ မဟုတ်ပါဘူး။ဒါပေမဲ့ ကလပ်အသင်းအား စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ပွဲစဉ်များလက်ခံကျင်းပခြင်း၊ ဝန်ထမ်းများနဲ့ ကုန်ကျစရိတ်များကိုတော့ ဆက်လက်ပေးချေနိုင်ရန် ခွင့်ပြုပေးထားပါတယ်။သို့ပေမယ့် အဝေးကွင်းပွဲစဉ်များအတွက် ခရီးစရိတ်ကို တစ်ပွဲလျှင် ပေါင် ၂၀,၀၀၀ အသုံးပြုရန်သာ ကန့်သတ်ထားတဲ့အတွက် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်များအတွက် ပြဿနာများရှိလာနိုင်ပါတယ်။ချဲလ်ဆီးအသင်းဟာ လာမယ့် ရက်သတ္တပတ်အတွင်း ပြင်သစ်နိုင်ငံ လိုင်လီသို့ သွားရောက်ကစားရဖို့ရှိနေပါတယ်။

တင်းကျပ်တဲ့ ပိတ်ဆို့မှုများအတွင်း ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားသစ်များ ခေါ်ယူခွင့်မရှိခြင်းနှင့် အသင်းရှိ ကစားသမားများကိုလည်း စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ‌သဘောတူညီနိုင်မှုတို့လည်း ပါဝင်ပါတယ်။ဒီအတွက် အသင်းခေါင်းဆောင် အက်ဇ်ပီလီကျူတာနဲ့ နောက်ခံလူ ရူဒီဂါတို့ဟာ အသင်းမှ ထွက်ခွာသွားနိုင်ပါတယ်။

ကလပ်အသင်းသို့ ဝင်ရောက်မယ့် ငွေများကိုဆိုလိုသည့် လက်မှတ် သို့မဟုတ် ရောင်းကုန်များကို ရောင်းချခြင်းကို ကန့်သတ်လိုက်ပါတယ်။ဒီအတွက် အဝေးကွင်း သွားရောက်ကစားတဲ့အခါ ချဲလ်ဆီးအသင်း ပရိသတ်တွေ ခရီးသွားခွင့် ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

ရုပ်မြင်သံကြားစာချုပ်များမှ ချဲလ်ဆီးအသင်းရရှိမယ့် ငွေကြေးများဟာလည်း ကန့်သတ်ခံလိုက်ရပြီဖြစ်ပါတယ်။ထို့အတွက် လာမည့်လများအတွင်း ကစားသမားများရဲ့ လုပ်ခလစာတောင်းဆိုမှုများကို မည်သို့ ဆက်လက်ဖြည့်ဆည်းပေးမည်ကို မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

အေဘရာမိုဗစ်ခ်ျဘက်ကတော့ ကလပ်အသင်းရဲ့ စီမံခန့်ခွဲမှုအားလုံးကို ဘုတ်အဖွဲ့သို့သာ လွှဲပြောင်းပေးအပ်ထားပြီး၊ ကလပ်အသင်းကို ရောင်းချရန် ဆုံးဖြတ်ထားကြောင်း ယခင်ရက်သတ္တပတ်တွေအတွင်းက ထုတ်ပြန်ထားပါတယ်။လက်ရှိ ပိတ်ဆို့အရေးယူခံရမှုကိုတော့ မှတ်ချက်ပြုထားခြင်း မရှိသေးပါဘူး။

ချဲလ်ဆီး နည်းပြကြီး တူချယ်လ်ကတော့ "ပိတ်ဆို့အရေးယူမှုက အနှောင့်အယှက်တွေ အများကြီးရှိခဲ့တယ်၊ ကစားသမားတွေက အဲတာကိုပဲ ပြောနေခဲ့တာ၊ ကစားသမားတွေက‌ လက်ခံသဘောပေါက်ပါတယ်၊ ဒါပေမဲ့ ကျနော်တို့လုပ်နေတဲ့အရာကို ‌ပျော်မွေ့ပြီး အကောင်းဆုံး လုပ်ဆောင်ရမယ်၊ ကျနော်တို့ ရှေ့ဆက်သွားကြမယ်" ဟု ပြောကြားခဲ့ပါတယ်။

Linko
Ref - firstpost
မတ် - ၁၁