【 အားကစား 】 လာမည့်ရာသီ မန်ယူအားဖြည့်မယ်

【 အားကစား 】 လာမည့်ရာသီ  မန်ယူအားဖြည့်မယ်

နည်းပြသစ်ဖြစ်သူ ရက်ဖ် ရန်နစ်ဂ်နဲ့ ရှေ့ဆက်နေတဲ့ မန်ယူအသင်းဟာ လာမယ့်အပြောင်းအရွှေ့ရာသီအတွင်း လူအင်အားဖြည့်တင်းဖွယ်ရှိနေတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

မန်ယူအသင်းဟာ နည်းပြသစ်အတွက် အားနည်းနေတဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားမှာဖြစ်ပြီး ရန်နစ်ဂ်ဆီက အကြံဉာဏ်ကိုလည်း ရယူခဲ့တယ်လို့ သတင်းများက ဖော်ပြလျက်ရှိနေပါတယ်။

ဂျာမန်ကလပ်အသင်းဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းမှ ကွင်းလယ်ကစားသမား အမ်ဒူ ဟိုင်ဒါရာဟာ မန်ယူအသင်းရဲ့ အပြောင်းအရွှေ့ပစ်မှတ်အဖြစ် စိတ်ဝင်စားလျက်ရှိနေတယ်လို့ သတင်းထွက်ပေါ်လျက်ရှိပါတယ်။ Daily Mirror ရဲ့ အဆိုအရ မန်ယူအသင်း နည်းပြကြီး ရန်နစ်ဂ်ဟာ ဟိုင်ဒါရာ ကို ၎င်းရဲ့ ပထမဆုံး ကစားသမား‌သစ်ခေါ်ယူမှုအဖြစ် လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ မာလီ လက်ရွေးစင် ဟိုင်ဒါရာဟာ ငယ်ရွယ်ပြီး အရည်အချင်းပြည့်ဝတဲ့ ကွင်းလယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ရက်ဘူးလ် ဆဲလ်ဘတ်အသင်းမှာ အထင်ကြီးလောက်ဖွယ် ခြေစွမ်းကို ပြသခဲ့တာကြောင့် ၂၀၁၉ ခုနှစ်မှာ လိုက်ပ်ဇစ်အသင်းက ခေါ်ယူစာချုပ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် လိုက်ပ်ဇစ်အသင်းက မန်ယူအသင်းကို ၃-၂ ဂိုးရလဒ်နဲ့ အနိုင်ရယူခဲ့တဲ့ ၂၀၂၀ ခုနှစ် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာလည်း ဟိုင်ဒါရာဟာ တစ်ဂိုးသွင်းယူကာ ခြေစွမ်းပြသခဲ့ပါတယ်။

မန်ယူအသင်း နည်းပြကြီး ရန်နစ်ဂ်ဟာ လူငယ်ကစားသမားများကို ခေါ်ယူပြီး ပြုစုပျိုးထောင်ရာမှာ ထူးချွန်တဲ့ မှတ်တမ်းရှိပြီး၊ ဟိုင်ဒါရာအနေနဲ့ ရက်ဘူးလ် ဆဲလ်ဘတ်အသင်းမှာ ကစားခဲ့စဉ်ကတည်းက ၎င်းတို့နှစ်ဦးကြား ရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ခဲ့သောကြောင့် အိုးထရက်ဖို့ဒ်ဆီသို့ ခေါ်ယူလိုနေတာဖြစ်ပါတယ်။

မန်ယူအသင်းဟာလည်း ယခုရာသီကုန်မှာ ပေါ့ဂ်ဘာ၊ လင်ဂတ်တို့လို ကွင်းလယ်ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ်ရှိတဲ့အတွက် ဟိုင်ဒါရာနဲ့ ကွင်းလယ်အင်အားကို အားဖြည့်လိုနေတာဖြစ်ပါတယ်။

မန်ယူအသင်း နည်းပြကြီး ရန်နစ်ဂ်ကတော့ အားနည်းနေတဲ့ မန်ယူအသင်း ကွင်းလယ်ပြဿနာအတွက် ဟိုင်ဒါရာဟာ ရှေရည်ဖြေရှင်းမှုဖြစ်တယ်လို့ ယူဆလျက်ရှိနေပြီး ဦးစားပေး ပစ်မှတ်အဖြစ် ‌ကြိုးပမ်းခေါ်ယူသွားဖွယ်ရှိပါတယ်။

Linko
မန်ချက်စတာ၊ ဒီဇင်ဘာ - ၉