【 အားကစား 】 ဟာလန်း ကို စိတ်ဝင်စားနေဆဲဟု ချဲလ်ဆီးနည်းပြ အတည်ပြု

【 အားကစား 】 ဟာလန်း ကို စိတ်ဝင်စားနေဆဲဟု ချဲလ်ဆီးနည်းပြ အတည်ပြု

ချဲလ်ဆီးအသင်းရဲ့ နည်းပြကြီး သောမတ်စ် တူချယ်လ်ဟာ ဒေါမွန့်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်း ကို ခေါ်ယူရေး စိတ်ဝင်စားလျက်ရှိနေသေးကြောင်း အတည်ပြုလိုက်ပါတယ်။
 
ဒါ့အပြင် ချဲလ်ဆီးအသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ ဟာလန်းရဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ပုံမှန်စကားပြောဆို ဆွေးနွေးလျက်လည်းရှိနေတယ်လို့ နည်းပြ တူချယ်လ် က ဆိုခဲ့ပါတယ်။
 
နော်ဝေနိုင်ငံသား အာလင်း ဟာလန်းဟာ လွန်ခဲ့သော ၂ နှစ်က ရက်ဘူးလ် ဆဲလ်ဘတ်အသင်းမှာ ခြေစွမ်းပြ ဂိုးများသွင်းယူပြီး ဥရောပဘောလုံး‌ရပ်ဝန်းမှာ ထင်ရှားကျော်ကြားလာခဲ့ကာ ဥရောပအင်အားကြီးအသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့သူဖြစ်ပါတယ်။ဆဲလ်ဘတ်အသင်းမှာ ခြေစွမ်းပြသပြီးနောက် ဂျာမန်ကလပ် ဒေါ့မွန်အသင်းကို ယူရို သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဂိုးများဆက်လက်သွင်းယူကာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း သက်သေပြထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
 
"ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ဟာလန်းအကြောင်းကို နှစ်ကြိမ်လောက်ပြောခဲ့တယ်၊ ဒါပေမယ့် သူ့ရဲ့တန်ကြေးက လက်တွေ့မကျတော့ ခေါ်ယူဖို့ မဖြစ်နိုင်ခဲ့ဘူး" လို့ ချဲလ်ဆီးနည်းပြ တူချယ်လ်မှ SportBild သို့ ပြောကြားခဲ့ပါတယ်။
 
"ကျနော်တို့ သူ့ (ဟာလန်း) အကြောင်းကို ပုံမှန်ပြောဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ သူက အရမ်းကိုကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်လို့ပါ" ဆက်လက်ပြောကြားခဲ့ပါတယ်။
 
လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ဟာလန်း ကို စတန်းဖို့ဒ်ဘရစ်ခ်ျမှာ မြင်တွေ့ရနိုင်လားဆိုတဲ့ မေးမြန်းမှုကို တူချယ်လ်မှ "ကျနော်ကတော့ ဒီကိစ္စကို အလေးအနက်မထားနိုင်သေးပါဘူး၊ ဒါပေမယ့် လာမယ့် ရက်သတ္တပတ်အနည်းငယ်မှာ ဘာတွေဖြစ်လာမလဲ ဆက်လက်စောင့်ကြည့်တာပေါ့" လို့ ဖြေကြားခဲ့ပါတယ်။
 
အာလင်း ဟာလန်း ကို ချဲလ်ဆီးအသင်းအပြင် စပိန်အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်၊ ပြင်သစ်အင်အားကြီးကလပ် PSG အသင်း၊ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူအသင်းတို့မှလည်း ခေါ်ယူရေး စိတ်ဝင်စားလျက်ရှိနေပါသေးတယ်။
 
‌ဒေါ့မွန်နည်းပြ မာကို ရို့စ်ကတော့ "လာမယ့် နွေရာသီမှာ ဟာလန်း အသင်းကနေထွက်ခွာမယ်လို့ ပြောနေကြတယ်၊ ဒါက လူတိုင်း အမြဲတမ်းပြောဆိုနေကြတာဖြစ်လို့ ဒီလိုဖြစ်လာစရာမရှိပါဘူး" လို့ ဩဂုတ်လက ပြောကြားခဲ့ပါတယ်။
 
Linko
‌လန်ဒန်၊ အောက်တိုဘာ - ၂၁