【 အားကစား 】 အသက်ဝင်လာတဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်

【 အားကစား 】 အသက်ဝင်လာတဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့အတူ အသက်ဝင်လာခဲ့ပါပြီ။
 
လတ်တလောမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး ကလပ်အသင်းကြီးတွေဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း လှုပ်ရှားခြင်းမရှိသေးဘဲ အသင်းငယ်တွေမှ ကစားခေါ်ယူအားဖြည့်မှုတွေ လုပ်ဆောင်လာခဲ့ဝာာဖြစ်ပါတယ်။
 
ဆော်ဒီလုပ်ငန်းစုမှ ဝယ်ယူအပြီး အင်္ဂလန် ပရီးမီးယားလိဂ်မှာ အချမ်းသာဆုံး ကလပ်အသင်းဖြစ်လာခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ကစားသမားအင်အားဖြည့်တင်းမှုတွေကို စတင်လုပ်ဆောင်လာခဲ့ပါပြီ။မန်ယူအသင်းကို ရောက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်ဖူးတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း အက်သလက်တီကိုအသင်းရဲ့ ညာနောက်ခံကစားသမား ကီရန် ထရစ်ပီယာ ကို ပေါင် ၁၂ သန်းနဲ့ နယူးကာဆယ်အသင်းက ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
 
လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး စတီဗင် ဂျရတ် ကိုင်တွယ်နည်းပြနေတဲ့ အက်စတွန်ဗီလာအသင်းကနေ အားလုံးမထင်မှတ်တဲ့ အပြောင်းအရွှေ့တစ်ခုကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ပြခဲ့ပါတယ်။လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း ဘာစီလိုနာအသင်း ကွင်းလယ်ဖန်တီးရှင် ဖီလစ်ပီ ကော်တင်ဟို ကို အငှားစာချုပ်နဲ့ အက်စတွန်ဗီလာအသင်းက ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ကော်တင်ဟို ကို မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့က‌ ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့် ကော်တင်ဟိုဘက်က ငြင်းပယ်ခဲ့ပြီး ဗီလာအသင်းကိုသာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
 
အီတလီ စီးရီးအေဘက်မှာလည်း မထင်မှတ်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ပေါ်ခဲ့ပါသေးတယ်။နာပိုလီအသင်းမှာ ၁၆ နှစ်ကြာ ကစားခဲ့တဲ့ တိုက်စစ်ကစားသမား လော်ရန်ဇို အင်ဆဂ်နီဟာ မေဂျာလိဂ်ကလပ်အသင်းဖြစ်တဲ့ တိုရွန်တိုအသင်းကို ပြောင်း‌ရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ရာသီကုန်မှာ နာပိုလီကနေထွက်ခွာမယ့် အင်ဆဂ်နီအနေနဲ့ တိုရွန်တိုအသင်းမှာ တစ်နှစ်လုပ်ခ အမေရိကန်ဒေါ်လာ ၁၃ သန်းအထိ ရရှိမှာဖြစ်ပြီး မေဂျာလိဂ်သမိုင်းမှာ လုပ်ခလစာအများဆုံးရရှိတဲ့ ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။
 
မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းကလည်း ကစားသမားအင်အားဖြည့်တင်းမှု လုပ်ဆောင်ခဲ့ပြီး အာဆင်နယ် လူငယ်ကစားသမား အိန်စလေ မိတ်လန်း-နိုင်းစ် ကို အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။
 
လက်ရှိအချိန်မှာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း ဥရောပအင်အားကြီးအသင်းတွေ ပါဝင်လှုပ်ရှားခြင်းမရှိသေးတဲ့အတွက် ရှေ့လာမယ့် ရက်သတ္တပတ်တွေမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကစားသမားအပြောင်းအရွှေ့တွေ ဖြစ်ပေါ်လာဖို့ ရှိနေပါသေးတယ်။
 
Linko
ဇန်နဝါရီ - ၁၀