【 အားကစား 】 အိမ်ရာစီမံကိန်းကြီးတစ်ခုကို တည်ဆောက်သွားမယ့် တယ်ရီ

【 အားကစား 】 အိမ်ရာစီမံကိန်းကြီးတစ်ခုကို တည်ဆောက်သွားမယ့် တယ်ရီ

အင်္ဂလန် လက်ရွေးစင်ဟောင်းနဲ့ ချဲလ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဂျွန် တယ်ရီဟာ ၎င်းရဲ့ ပေါင် ၄.၅ သန်းတန် အိမ်ကြီးကို ဖြိုဖျက်ပြီး ပေါင် သန်း ၂၀ တန်ကြေးရှိတဲ့ အိမ်ရာစီမံကိန်းကြီးကို တည်ဆောက်သွားမှာဖြစ်တယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းကို ချဲလ်ဆီးပရိသတ်များက လက်ရှိအချိန်အထိ ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ခေါင်းဆောင်အဖြစ် ကြွေးကြော်အားပေးနေကြဆဲဖြစ်ပါတယ်။

တယ်ရီအနေနဲ့ ၎င်းပိုင်ဆိုင်သော ပေါင် ၄.၅ သန်းတန် အိမ်ကြီးကို ဖြိုဖျက်ပြီးနောက် ပေါင် သန်း ၂၀ တန် ‌အိမ်ရာစီမံကိန်းကြီးကို ဆောက်လုပ်သွားမှာဖြစ်ကာ သဘာ‌ဝရေကန်ကို ထည့်သွင်းတည်ဆောက်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

တယ်ရီ အိမ်ရာစီမံကိန်းကြီးကို အိမ်နီးချင်းများက သစ်ပင်အများအပြားခုတ်လှဲခံရမှုနဲ့ တည်ရှိပြီးသား ရေကန်များ၊ တောရိုင်းတိရိစ္ဆာန်များ ဆုံးရှုံးမှုအတွက် ကန့်ကွက်လျက်ရှိနေပါတယ်။

ချဲလ်ဆီးရဲ့ အသင်းခေါင်းဆောင်ဟောင်းဘက်ကတော့ အိမ်ရာစီမံကိန်းကြောင့် ဆုံးရှုံခဲ့ရမှုအတွက် လျော်ကြေးပေးရန် မည်ကဲ့သို့ ရည်ရွယ်ထားကြောင်းကို ထုတ်ဖော်ပြသသည့်အစီအစဉ်များကို တင်ပြထားလျက်ရှိနေပါတယ်။

တယ်ရီရဲ့ အစီအစဉ်များထဲမှာ "တောရိုင်းတိရိစ္ဆာန်များ အဆင်ပြေစေမည့် စိုက်ပျိုးမှုအသစ်" ပါဝင်ပြီး၊ "ဇီဝမျိုးစုံ မျိုးကွဲများ လျော့ပါးသက်သာစေရေး မဟာဗျူဟာ" ကို ဖန်တီးပေးမှုများ ပါဝင်မှာဖြစ်ပါတယ်။

The Sun သတင်းဌာနမှ တွေ့မြင်ရသော အစီအစဉ်များအရ အပင်ငယ်များ၊ ကြီးမားသောချုံပုတ်များ၊ သစ်ပင်များတို့ကို ထည့်သွင်းတည်ဆောက်သွားဖွယ်ရှိပြီး၊ လင်းနို့များနဲ့ ငှက်များအတွက် အသိုက်များပြုလုပ်ရန်လည်း တယ်ရီဘက်က ကတိပြုပေးခဲ့တယ်လို့ သိရပါတယ်။

ဂျွန် တယ်ရီရဲ့ အိမ်ရာစီမံကိန်းအစီအစဉ်ကို ဒေသခံကောင်စီ၊ Natural England ၊ Surrey Bat Group နဲ့ Surrey Wildlife Trust တို့က အတည်ပြုပေးထားပြီးဖြစ်ပါတယ်။

တယ်ရီရဲ့ အိမ်ကြီးထဲမှာ အိပ်ခန်း ၆ ခုပါဝင်မှာဖြစ်ပြီး၊ မီးဖိုချောင်၊ ထမင်းစားခန်း၊ မိသားစုအခန်း၊ ပုံဆွဲခန်း၊ ဘားနဲ့ အဝတ်လဲခန်းတို့ ပါဝင်မှာဖြစ်ပါတယ်။ဒါ့အပြင် ရေကူးကန်၊ အားကစားခန်းမနဲ့ ကျွန်းတစ်ဝိုက်ကို ‌ပတ်မောင်းနိုင်မယ့် စက်ဝိုင်းပတ်တစ်ခုလည်း ပါဝင်လာမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ တယ်ရီဟာ ဇနီးဖြစ်သူ တိုနီနဲ့အတူ အိမ်ရာစီမံကိန်း အနီးနားရှိ ကော့ဘ်ဟမ်းတွင် ပေါင် ၄.၃၅ သန်း တန်ဖိုးရှိတဲ့ အိမ်ကြီးမှာ နေထိုင်လျက်ရှိပါတယ်။

Linko
Ref - The Sun
လန်ဒန်၊ ဇန်နဝါရီ - ၂၇