【 အားကစား 】 အီတလီ လွဲချော်ခဲ့တဲ့ ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်

【 အားကစား 】 အီတလီ လွဲချော်ခဲ့တဲ့ ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်

ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်တဲ့ အီတလီအသင်းကတော့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပဲ ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

အီတလီအသင်းဟာ မြောက်အိုင်ယာလန်အသင်းနဲ့ သရေကျခဲ့ပြီး‌ တစ်ဖက်မှာ ဆွစ်ဇာလန်အသင်းက ဘူလ်ဂေးရီးယားအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့အတွက် ရမှတ် ၁၈ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ တိုက်ရိုက်ဝင်ခွင့်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

မြောက်အိုင်ယာလန်အသင်းအတွက် ယခုပွဲစဉ်ဟာ အရေးမပါတော့ပေမယ့် အီတလီအသင်းကိုတော့ အိမ်ကွင်းပရိတ်သတ်ရှေ့မှာ မာမာထန်ထန်ပဲ တုံ့ပြန်ကစားခဲ့ပါတယ်။ပွဲချိန် ပထမပိုင်းမှာ အီတလီအသင်းက ပွဲကို စိတ်ကြိုက်စိုးမိုးကစားပြီး အပိုင်အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။ဒါပေမယ့် မြောက်အိုင်ယာလန်အသင်းရဲ့ နောက်တန်းနဲ့ ဂိုးသမားတို့ ပုံစံကောင်းပြသနေခဲ့တာကြောင့် အီတလီအသင်းအတွက် လိုအပ်တဲ့ အနိုင်ဂိုးတော့ ရရှိခဲ့ခြင်းမရှိပါဘူး။‌မြောက်အိုင်ယာလန်အသင်းအတွက် ပထမပိုင်းမှာ အခွင့်အရေးဖန်တီးမှု မရရှိခဲ့ဘဲ အီတလီအသင်းရဲ့ တိုက်စစ်ဆင်မှုကို ကြံ့ကြံ့ခံကာ ပိတ်ဆို့ကစားခဲ့ပါတယ်။

ပွဲချိန်ဒုတိယပိုင်းမှာတော့ မြောက်အိုင်ယာလန်အသင်းဟာ အီတလီအသင်းကို ပြန်လည်တုံ့ပြန်ကစားလာခဲ့ပြီး အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။အီတလီအသင်းဘက်ကလည်း ပွဲကို စိုးမိုးပြီး ဆက်လက်ကစားခဲ့ပေမယ့် ပွဲချိန် ပထမပိုင်းလောက်တော့ အခွင့်အရေးဖန်တီးနိုင်မှုတွေ မရှိခဲ့ပါဘူး။ဒုတိယပိုင်း ပွဲချိန်ပြီးဆုံးသည်အထိ နှစ်သင်းစလုံး လိုအပ်တဲ့ဂိုးတွေ သွင်းယူနိုင်ခြင်းမရှိခဲ့တဲ့အတွက် သရေ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပြီး အီတလီအသင်းကတော့ ပေါ်တူဂီအသင်းကဲ့သို့ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန် play-offs ရှုံးထွက်အဆင့်ကို ဆက်လက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

အီတလီအသင်းအနေနဲ့ ဂိုးရရှိရေး ဖိအားပေးကစားခဲ့ပေမယ့် မန်ယူအသင်းကစားသမားဟောင်း လက်ရှိ လက်စတာအသင်း နောက်ခံလူ ဂျွန်နီ အီဗန်စ် ဦးဆောင်တဲ့ ‌မြောက်အိုင်ယာလန်‌အသင်း နောက်တန်း‌ ခြေစွမ်းပြသမှုနဲ့ ဂိုးသမား ဖာရယ်လ်တို့ လက်စွမ်းပြသမှုတို့ကြောင့် လိုအပ်တဲ့ အနိုင်ဂိုး‌ကိုမရရှိဘဲ ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်နဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။

အီတလီအသင်း နည်းပြကြီး မန်စီနီကတော့ "ကျနော်တို့ အခု ဘာမှလုပ်လို့မရတော့ဘူး၊ မတ်လမှာကစားရမယ့် ပွဲရှိတယ်၊ အဲဒီပွဲမှာ ကျနော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ" လို့ RAI Sport သို့ ပြောကြားခဲ့ပါတယ်။

"ပွဲချိန်အတွင်း အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် ကျနော်တို့ လိုအပ်တဲ့ အနိုင်ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရတယ်၊ မြောက်အိုင်ယာလန်အသင်းက တစ်သင်းလုံး ပိတ်ဆို့ကစားသွားပြီး ကျနော်တို့ ဒါကိုထိုးဖောက်ဖို့ ခက်ခဲခဲ့တယ်" လို့ အီတလီ နည်းပြ မန်စီနီ က ဆက်ပြောပါတယ်။

"လက်ရှိမှာ မတ်လအတွက် ပြင်ဆင်ပြီး ရှုံးထွက်အဆင့်ကို‌ကျော်ဖြတ်ဖို့ ယုံကြည်ချက်ရှိပါတယ်၊ မတ်လမှာ ကမ္ဘာ့ဖလားဝင်ခွင့် ရရှိမယ်လို့ မျှော်လင့်ပါတယ်" လို့လည်း အီတလီ နည်းပြကြီး မန်စီနီ က ပြောကြားခဲ့ပါတယ်။

Linko
ဘဲလ်ဖတ်စ်၊ နိုဝင်ဘာ - ၁၆