【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းထိုးစစ်အတွက် နေတိုးရဲ့ ပြင်ဆင်မှုလား

တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် ယူကရိန်းထိုးစစ်အတွက် နေတိုးရဲ့ ပြင်ဆင်မှုလား

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေထဲ ယူကရိန်းဆိုင်ရာသတင်းတွေ ပိုပြီးထူးလာနေသလို အရှေ့အာရှလို့ခေါ်တဲ့ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ ဂျပန်၊ တရုတ်၊ ရုရှားရှိရာ ဒေသတွင်း အခြေအနေသတင်းတွေက စောင့်ကြည့်ရမယ့်အခြေအနေအထိ ရောက်လာနေပါတယ်။

ဒီတစ်ပတ်မှာ တရုတ်နှစ်သစ်ကူးကာလ ကျရောက်ခဲ့တဲ့အတွက် နိုင်ငံတကာရောက် တရုတ်လူမျိုးတွေ နှစ်ကူးဆင်နွှဲနေကြသလို တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ တရုတ်အနေနဲ့ ထိုင်ဝမ်ခွဲထွက်ရေးနဲ့ ဝင်စွက်ဖက်မှုတွေကို အလေးအနက် ခုခံတုံ့ပြန်သွားမယ်လို့ အမေရိကန်ကို သွယ်ဝိုက်သတိပေးခဲ့လို့လည်း ဒီတစ်ပတ်ဟာ လှုပ်လှုပ်ခတ်ခတ်သတင်းတွေနဲ့ပြည့်ခဲ့တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။

ဒီတစ်ပတ်မှာ သတိထားမိတဲ့ သတင်းအချို့ရှိပါတယ်။ဒါက ပီရူးနိုင်ငံမှာ သမ္မတနုတ်ထွက်ပေးဖို့ ဆန္ဒပြနေရာမှာ ထိန်းမနိုင်ဘဲ ဝရုန်းသုန်းကားဖြစ်နေတဲ့သတင်း၊ စပိန်-ပြင်သစ် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ကတ်တလန်ခွဲထွက်ရေးသမားတွေ ထောင်နဲ့ချီပြီး ဆန္ဒပြနေကြတဲ့သတင်း၊ သီရိလင်္ကာအတွက် IMF ချေးငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံရရှိဖို့  အိန္ဒိယက ထောက်ခံချက်ပေးခဲ့တဲ့သတင်း၊ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန် ရာထူးကနေ အနားယူခဲ့တဲ့သတင်း၊  ရုရှားနိုင်ငံသားတွေ အကန့်အသတ်မဲ့ နေထိုင်ခွင့်ပေးထားတာကို ကာဇက်စတန်က ပိတ်ပင်လိုက်တဲ့သတင်း၊ တိဘက်မှာ နှင်းပြိုကျလို့ လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့သတင်း၊ ကွန်ဂိုမှာ ဆန္ဒဖော်ထုတ်သူတွေကို အာဏာပိုင်တွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲခဲ့တဲ့သတင်း၊ အင်ဒိုနီးရှား အရှေ့ပိုင်းမှာ ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တဲ့သတင်း၊ အီရန်တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က ကြေညာခဲ့တဲ့တဲ့သတင်း စတဲ့ သတင်းတွေပါပဲ။

ဒီတစ်ပတ်အတွက် ထူးခြားခဲ့တဲ့သတင်းက  ရုရှားသမ္မတဟောင်းနဲ့ ပူတင်ရဲ့ အရင်းနှီးဆုံးမဟာမိတ်ဖြစ်တဲ့ မက်ဗီဒက်က နေတိုးနိုင်ငံတွေကို ယူကရိန်းစစ်ပွဲမှာ ရုရှားအရေးနိမ့်ရင် နျူကလီးယားစစ်ပွဲဖြစ်လာနိုင်တယ်လို့ သတင်းစကားပါးလိုက်တဲ့ သတင်းပါပဲ။

          ရုရှားရဲ့နောက်ဆုံးထွက်ပေါက်က နျူကလီးယားလက်နက်လား

ဇန်နဝါရီ ၁၉ ရက်က မက်ဗီဒက်နဲ့ ရုရှားအစိုးရသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ယူကရိန်းမှာ ရုရှားတွေ စစ်ရှုံးနိမ့်ခဲ့ရင် နျူကလီးယားစစ်ပွဲကြီး ဖြစ်လာနိုင်တယ်လို့ အနောက်နိုင်ငံတွေကို သတိပေးလိုကြောင်း ပြောခဲ့ပါတယ်။ဒါဟာ နျူကလီးယားနဲ့ပတ်သက်ပြီး ခြိမ်းခြောက်ခဲ့တာ ၁၉ ကြိမ်မြောက်ပါ။ဂျာမနီနိုင်ငံ ရမ်စတိန်း အမေရိကန်လေတပ်စခန်းမှာ ယူကရိန်းအတွက် အကူအညီပေးရေးအဖွဲ့ အစည်းအဝေးမလုပ်ခင် တစ်ရက်အလိုမှာပြောခဲ့တာဖြစ်လို့ ယူကရိန်းကို လက်နက်တွေ ထပ်ပေးမယ့် နိုင်ငံတွေ ပေါ်လာနိုင်တဲ့အခြေအနေကို ကြိုကန်တဲ့သဘောပါပဲ။ ဒီမေးမြန်းခန်းမှာ မက်ဗီဒက်က အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်နဲ့ အက်စတိုးနီးယားနိုင်ငံတို့က ယူကရိန်းကို အဆင့်မြင့်လက်နက်တွေ ထပ်ပေးနေတာ ရုရှားကို စစ်ရှုံးစေလိုတဲ့ သဘောထားပဲလို့ပြောခဲ့ပြီး တကယ်လို့  ရုရှားသာ စစ်ရှုံးခဲ့ရင် နျူကလီးယားစစ်ပွဲကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာ သဘောပေါက်ကြဖို့လိုတယ်၊ ယူကရိန်းကို လက်နက်ကူညီတာတွေရပ်ပါလို့ ပြောခဲ့ပါတယ်။မက်ဗီဒက်လိုပဲ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ပက်စကော့က ရုရှားကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့ နောက်ထပ်လက်နက်တွေ ယူကရိန်းကို အနောက်နိုင်ငံတွေပေးခဲ့ရင် ယူကရိန်းမှာအခြေအနေ ပိုဆိုးလာမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါဟာ ရမ်းစတိန်းမှာ အစည်းအဝေးမှာ ယူကရိန်းကို လက်နက်တွေ ထပ်ပေးမှာကို ကြိုတင်ခြိမ်းခြောက် ဟန့်တားခဲ့တာဖြစ်ပေမယ့် တကယ်က ထင်သလိုဖြစ်မလာပါဘူး။ဖြစ်မလာတဲ့အပြင် ဒီလိုခြိမ်းခြောက်မှုကြောင့် ယူကရိန်းကို လက်နက်ပိုထောက်ပံ့ခဲ့ကြပါသေးတယ်။မက်ဗီဒက် ခြိမ်းခြောက်မှုကို နာရီပိုင်းအကြာမှာပဲ ဒိန်းမတ်က စတုံ့ပြန်ပါတယ်။ဒါက သူ့နိုင်ငံမှာရှိတဲ့ ပြင်သစ်လုပ် ဆီဇာဟောင်ဝစ်ဇာ အဝေးပစ် အမြှောက်စနစ်အားလုံး ယူကရိန်းကိုပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ဒါကို ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ကြေညာခဲ့တာပါ။

ဒိန်းမတ်နောက်မှာ ဗြိတိန်က Brimstone ပဲ့ထိန်းဒုံးကျည် အစင်း ၆၀၀ ယူကရိန်းကို ထပ်ပေးမယ်ဆိုပြီး ကြေညာပါတယ်။ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က အက်စတိုနီးယားနိုင်ငံ “တာပါ” စစ်အခြေစိုက်စခန်းကို ရောက်နေတုန်း ကြေညာခဲ့တာပါ။အစောပိုင်းက ယူကရိန်းကို  Challenger 2 တင့်ကားနဲ့ အမြောက်ကျည်တွေ Starstreak လေကြောင်းရန်ကာကွယ်ရေးစနစ်တွေသာပေးဖို့ ဗြိတိန်က ကြေညာထားတာပါ။အခု Brimstone ပဲ့ထိန်းဒုံးကျည် အစင်း ၆၀၀ ကိုပါ ထပ်ထည့်ပေးခဲ့လို့ ရုရှားခြိမ်းခြောက်မှုကို ဂရုမစိုက်ကြောင်း ပြခဲ့ကြတာပါ။

ဘန်ဝေါလေ့စ်က စစ်ပွဲကြာအောင် အချိန်ဆွဲထားရင် ကူညီပေးတာတွေ လျော့သွားလိမ့်မယ်လို့ ထင်နေတဲ့ ပူတင်ရဲ့အတွေးနဲ့ အတွက်အချက်တွေ မှားယွင်းကြောင်း ဒီလိုထောက်ပံ့တာတွေက သက်သေပြလိုက်တာလို့ “တာပါ” စစ်အခြေစိုက်စခန်းမှာ ပြောခဲ့ပါတယ်။ဖင်လန်ကတော့  ဇန်နဝါရီ ၂၀ ရက်မှာ ဒေါ်လာသန်းလေးရာကျော် တန်ဖိုးရှိတဲ့ စစ်လက်နက်အကူအညီတွေ ယူကရိန်းကိုထောက်ပံ့ဖို့ ကြေညာခဲ့ပါတယ်။

ဒီမီထရီ မက်ဗီဒက်ရဲ့ ခြိမ်းခြောက်မှုအပြီးမှာ ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ အက်စတိုနီးယား၊ လစ်သူရေးနီးယားနဲ့ ဖင်လန်အစိုးရတွေဟာ မူလသတ်မှတ်ကြေညာထားတာထက် ပိုပြီး ယူကရိန်းကို စစ်လက်နက်တွေကိုကူညီပေးဖို့ ဆုံးဖြတ်ခဲ့ကြသလို ရမ်းစတိမ်းညီလာခံမှာ ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာဘီလီယံပေါင်းများစွာ ပေးအပ်ဖို့ ကတိပြုခဲ့ကြပါတယ်။ဒါကိုကြည့်ရင် ပူတင်ခေါင်းဆောင်တဲ့ ရုရှားကို ဒီစစ်ပွဲမှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားနေတယ်ဆိုတာ ထင်ရှားနေပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရမ်းစတိန်းညီလာခံမှာ မဟာမိတ်နိုင်ငံတွေကို “အချိုးအကွေ့တစ်ခုကိုရောက်နေပြီ။အခုအချိန်ဟာ ကျနော်တို့ရဲ့ကူညီမှုတွေ အရှိန်လျှော့ရမယ့်အချိန်မဟုတ်ဘူး၊ နက်နက်နဲနဲတူးဖို့ ထိထိရောက်ရောက်ကူဖို့ အချိန်ဖြစ်ပါတယ်။ယူကရိန်းနိုင်ငံသားတွေက ကျနော်တို့ကိုကြည့်နေတယ်။ကရင်မလင်ကလည်း ကျနော်တို့ကို ကြည့်နေတယ်။သမိုင်းကလည်း ကျနော်တို့ကိုကြည့်နေတယ်။ဒါကြောင့် ကျနော်တို့ တွေဝေတုန့်ဆိုင်းနေရမယ့်အချိန်မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။

ရမ်းစတိန်းညီလာခံမှာ အဓိကဆွေးနွေးကြတာက ယူကရိန်းမှာ အရေးတကြီးလိုနေတဲ့ တင့်ကားတွေ လက်နက်ကြီးတွေ ထောက်ပံ့ပေးဖို့ ဆွေးနွေးကြတာပါပဲ။လက်ရှိမှာ ယူကရိန်းအရှေ့ပိုင်း ဒွန်နက်ခ်ဒေသက ဘခ်မွတ်မြို့ကိုရဖို့ တိုက်နေတဲ့ ရုရှားတပ်တွေကို တွန်းလှန်ဖို့နဲ့ ရှည်လျားတဲ့ ကတုတ်ကျင်းတွေတူးပြီး ယူကရိန်းထိုးစစ်ကို ခုခံဖို့ပြင်နေတဲ့ ရုရှားခံစစ်လိုင်းကို ကျော်ဖြတ်ဖို့  တင့်ကားတွေ လက်နက်ကြီးတွေက အရေးတကြီးလိုနေပါတယ်။ယူကရိန်းအရှေ့ပိုင်း ဒီနီပရိုမြို့ကို မကြာသေးခင်က လေကြောင်းကနေ မစ်ဇိုင်းဒုံးကျည်တွေနဲ့ ရုရှားက တိုက်ခိုက်ခဲ့လို့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ဒီအတွက်လည်း လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ယူကရိန်းအတွက် မရှိမဖြစ်လိုလာနေပြန်ပါတယ်။ ဒီကြားထဲ ဇန်နဝါရီ ၁၈ ရက်မှာ  ယူကရိန်းပြည်ထဲရေးဝန်ကြီးနဲ့ ဒု-ဝန်ကြီး လိုက်ပါလာတဲ့ ရဟတ်ယာဉ် ကိယက်ဗ်မြို့ပြင်မှာ ပျက်ကျလို့ လိုက်ပါလာသူအားလုံး သေဆုံးခဲ့ပါတယ်။ဒီပျက်ကျမှုကို ယူကရိန်းဘက်က သွေးရိုးသားရိုးလို့ မယူဆလို့ ယူကရိန်းလျှို့ဝှက်ထောက်လှမ်းရေးကို တာဝန်ပေးခဲ့ပါတယ်။ယူကရိန်းအတွက် ဒီစစ်ပွဲမနိုင်ရင် တိုင်းပြည်ဟာ ရုရှားလက်အောက်ကျရောက်ရုံတွင်မကဘူး ကမ္ဘာအတွက်ပါ အန္တရာယ်ရှိလာနိုင်လို့ စစ်လက်နက်တွေ နိုင်ငံတကာထောက်ပံ့နေတာဖြစ်ပြီး အာရှက တောင်ကိုရီးယားလို့ ဂျပန်လိုနိုင်ငံတွေကတောင် ယူကရိန်းထောက်ပံ့နေကြတဲ့အထဲ ပါနေတာဖြစ်ပါတယ်။

ယူကရိန်းရဲ့နွေဦးထိုးစစ်က ဖြစ်လာနိုင်ချေရှိနေပါတယ်။ဒီအတွက် စွမ်းဆောင်ရည်မြင့်တဲ့ Leopard ပင်မတိုက်ပွဲဝင် တင့်ကားတွေကို ယူကရိန်းဘက်က လိုချင်နေပါတယ်။ဒါပေမဲ့ ရမ်းစတိန်းညီလာခံမှာ ဂျာမနီက Leopard တင့်ကားတွေကိုပေးဖို့ ကတိကဝတ်ပြုခဲ့ခြင်းမရှိလို့ အခြားအကြီးစားတင့်ကားတွေသာ အနောက်မဟာမိတ်နိုင်ငံတွေဆီကနေ ယူကရိန်းရလာဖို့ ဖြစ်နေပါတယ်။ဒါပေမဲ့ တနင်္ဂနွေနေ့က ပြင်သစ်ရုပ်သံနဲ့ ဂျာမနီကာကွယ်ရေးဝန်ကြီး အင်တာဗျူးမှာ စွမ်းဆောင်ရည်မြင့်တဲ့ Leopard တင့်ကားတွေကို ယူကရိန်းကိုပေးဖို့ ပိုလန်က ခွင့်ပြုချက်မတောင်းသေးဘူးနဲ့ တောင်းလာရင် ခွင့်ပြုပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။

စစ်ပွဲစတင်ခဲ့ပြီး ၁၁ လအကြာမှာ ရုရှားက ယူကရိန်းနယ်မြေ ငါးပုံတစ်ပုံကို သိမ်းယူထားဆဲဖြစ်လို ယူကရိန်းအနေနဲ့ ရုရှားတပ်တွေ ကြေးစားတပ်တွေကို ခက်ခက်ခဲခဲ တွန်းလှန်နေရပါတယ်။ဒါပေမဲ့ ယူကရိန်းက တန်ပြန်ထိုးစစ်ကြောင့် ရုရှားက သိမ်းထားတဲ့ နယ်မြေအချို့ကို စွန့်လွှတ်နေရပါတယ်။မကြာခင်မှာ ရုရှားက သူ့နယ်မြေအဖြစ် တစ်ဖက်သတ်သိမ်းယူခဲ့တဲ့ ယူကရိန်းနယ်မြေတွေကို ပြန်သိမ်းဖို့ ယူကရိန်းက နွေဦးထိုးစစ်ကို စတင်ဖို့ ပြင်နေပါတယ်။ရုရှားဘက်ကလည်း ဖြစ်လာနိုင်တဲ့ ယူကရိန်းဘက်က လေကြောင်းရန်ကို ကာကွယ်ဖို့ မော်စကိုမြို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အစိုးရအဆင့်မြင့်ပုဂ္ဂိုလ်တွေနေထိုင်တဲ့ နေရာတွေနဲ့ လူနေအဆောက်အအုံတချို့ပေါ်ထိတောင် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ တပ်ဆင်နေပါတယ်။ဒါ့အပြင် ပြည်တွင်းမှာ စစ်အင်အားတစ်သန်းခွဲအထိ စစ်သားစုဆောင်းဖို့ ပြင်ဆင်နေသလို တပ်ပိုင်းမှာလဲ ဖြုတ်ထုတ်တွေလုပ်ပြီး ပြင်ဆင်နေရာမှာ မကြာသေးမီက ရုရှားထောက်လှမ်းရေးအကြီးအကဲကိုပါ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

ပူတင်အနေနဲ့ စစ်ပွဲမနိုင်ရင် ဖြစ်လာနိုင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး သူအသတ်ခံရနိုင်တဲ့အဖြစ်ကို ရှောင်ရှားဖို့တောင် ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေပြီး ဒီနှစ်ကုန်မှာ သူ့နေရာကို အခြားတစ်ယောက် အစားထိုးလွှဲဖို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။    

ဒါဗင်ပို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ နေတိုးအကြီးအကဲ စတိုလန်ဘတ်ချ်က စကားတစ်ခွန်းပြောခဲ့ပါတယ်။ဒါက ငြိမ်းချမ်းရေးစားပွဲကို ပူတင်ကိုလာဖို့ဆိုရင် ယူကရိန်းစစ်ပွဲကို နိုင်အောင်တိုက်မှပဲ လာလိမ့်မယ်၊ ဒီအတွက် ပူတင် ငြိမ်းချမ်းရေးစားပွဲကိုလာထိုင်ဖို့   ယူကရိန်းကို လက်နက်ထောက်ပံ့တဲ့ နည်းလမ်းကလွဲပြီး အခြားနည်းလမ်းမရှိဘူးလို့ ပြောခဲ့ပါတယ်။လက်ရှိမှာ ယူကရိန်းကို စစ်လက်နက်ထောက်ပံ့မှုတွေက ကြောက်ခမန်းလိလိပါ။စိတ်ဓာတ်အပိုင်းကော ထောက်ပံ့မှုအပိုင်းမှာသာနေတဲ့ ယူကရိန်းကို ရုရှားအနေနဲ့ ရေရှည်တောင့်ခံဖို့ မလွယ်နိုင်ပါဘူး။ဒါကြောင့် ရှုံးနိမ့်ခဲ့မယ်ဆိုရင် သမာရိုးကျစစ်ပွဲကနေ နျူကလီးယားလက်နက် ထုတ်သုံးပြီး အနိုင်ရအောင် ပူတင် လုပ်သွားမလား၊ ဒါမှမဟုတ် အားလုံးပျက်စီးမယ်နည်းလမ်းကို ရွေးမလားဆိုတာ တွေးဆချင်စရာပါ။

          အရှေ့အာရှ အခင်းအကျင်း

တရုတ်သို့ ကြုံတောင့်ကြုံခဲသွားရောက်မည့် ခရီးစဉ်အတွက် ပြင်ဆင်နေချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်နှင့် တင်းမာမှုများ လျော့ကျခဲ့ကြောင်း ဇန်နဝါရီ ၂၀ ရက်က ပြောခဲ့ပါတယ်။ဇန်နဝါရီ ၂၁ ရက် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာတော့ တရုတ်အနေနဲ့ ထိုင်ဝမ်ခွဲထွက်ရေးနဲ့ ဝင်စွက်ဖက်မှုတွေကို အလေးအနက် ခုခံတုံ့ပြန်သွားမယ်လို့ အမေရိကန်ကို သွယ်ဝိုက်သတိပေးခဲ့ပါတယ်။ဒါကြောင့် တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုဟာ ဆက်ရှိနေဆဲဖြစ်နေတာကို နိုင်ငံတကာက ထင်ထင်ရှားရှား မြင်လိုက်ရပါတယ်။

အမေရိကန်နဲ့ တရုတ်အကြား အဓိကပြဿနာက ထိုင်ဝမ်ပါ။ပြီးခဲ့တဲ့နှစ်တစ်ခုလုံး ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ သွားရောက်ခဲ့ကိစ္စက ဖုံးထားခဲ့ပါတယ်။ဒီလိုတင်းမာမှု မလျော့ကျခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်ကုန်ပိုင်း ဘာလီမှာကျင်းပတဲ့ G-20 ထိပ်သီးအစည်းအဝေးအတွင်း ရှီကျင့်ဖျင်နဲ့ ဘိုင်ဒင် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြလို့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရလောက်ပြီလို့ နိုင်ငံတကာက ထင်မြင်ခဲ့ကြပါတယ်။ဒါပေမဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှု ပြင်းထန်လာချိန်မှာ ရုရှားအပေါ် ချဉ်းကပ်ကြတဲ့ ရှုထောင့်အမြင် မတူခဲ့တာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပြန်မြင်တွေ့ခဲ့ရပါတယ်။ယခုနှစ်သစ်မှာတော့ ဘလင်ကန်ရဲ့ တရုတ်ခရီးစဉ်က ဦးဦးဖျားဖျားပေါ်လာတာ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲရှိခဲ့တာတွေကြောင့် အမေရိကန်-တရုတ် ဆက်ဆံရေးအခြေအနေ ၂၀၂၃ ခုနှစ်မှာ ထူးမလားဆိုပြီး မျှော်လင့်လာကြပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က တောင်အာဖရိကစစ်တပ်နဲ့ပေါင်းပြီး တောင်အာဖရိကကမ်းလွန် အိန္ဒိယသမုဒ္ဒရာထဲမှာ တရုတ်နဲ့ ရုရှားရေတပ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်မယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒီမှာ အိမ်ရှင်အဖြစ်ပါတဲ့ တောင်အာဖရိကနိုင်ငံဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုမှာ ကန့်ကွက်ရှုတ်ချခြင်းမပြုဘဲ ဆွေးနွေးဖို့ တိုက်တွန်းခဲ့တဲ့ အာဖရိကနိုင်ငံတွေထဲပါတဲ့ တစ်နိုင်ငံပါ။ယူကရိန်းစစ်မှာ အာဖရိကနိုင်ငံအများစုဟာ ကြားနေကြပြီး တရုတ်နဲ့ဆက်ဆံရေးသာ ပိုကောင်းအောင် အာရုံစိုက်ကြပါတယ်။ဒါကြောင့်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ ချင်ကန်းရဲ့ ပထမဆုံးပြည်ပခရီးစဉ်က အာဖရိကနိုင်ငံတွေ ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် အာဖရိကကို သွားနေချိန်မှာ ဒေသတွင်းက ဂျပန်နဲ့ တောင်ကိုရီးယားလည်း ပြည်ပခရီးစဉ်တွေ ထွက်ခဲ့ပါတယ်။မကြာခင်ကမှ ကာကွယ်ရေးဘတ်ဂျက်တွေ အသီးသီးတိုးမြှင့်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်ကတော့ အနောက်နိုင်ငံတွေကို သွားခဲ့သလို တောင်ကိုရီးယားသမ္မတကတော့ အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ယူအေအီးကို သွားခဲ့ပါတယ်။ဒီဒေသထဲက နျူကလီးယားနိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ စံချိန်တင် ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားကတော့ ဂျပန်ရဲ့ စစ်ရေးတည်ဆောက်မှုတွေ လျင်မြန်သွက်လက်လာနေချိန်မှာ ငြိမ်သက်နေတာကို တွေ့ရပါတယ်။

အရှေ့အာရှဒေသမှာ စစ်ရေးတည်ဆောက်မှုတွေက ပြင်းထန်လာနေသလို ဆက်စပ်နေတဲ့ အင်ဒို-ပစိဖိတ်ဒေသကိုပါ ကူးစက်လာနေလို့ အာရှဒေသကြီးတစ်ခုလုံး စစ်ရေးတည်ဆောက်မှုတွေ၊ ကာကွယ်ရေးဘတ်ဂျက်တွေ မြင့်တက်လာနေပါတယ်။ဒါဟာ တစ်နည်းပြောရရင် ယူကရိန်းစစ်ကြောင့် သက်ရောက်မှုတွေပါပဲ။ကမ္ဘာ့ဘယ်နေရာဖြစ်ဖြစ် ကိုယ့်နိုင်ငံကို အနှေးနဲ့ အမြန်ဆိုသလို ရိုက်ခတ်နိုင်တယ်ဆိုတာ မေ့ထားလို့မရဘူးဆိုတာ ဒီဖြစ်ရပ်တွေက ပြနေပါတယ်။    

မင်းထက်