【 ဆောင်းပါး 】 တရုတ်တိုင်းရင်းဆေးကုန်ကြမ်းအတွက် အကျိုးပြုနေသည့် ကျောက်ကြမ်းပိုးများ

【 ဆောင်းပါး 】 တရုတ်တိုင်းရင်းဆေးကုန်ကြမ်းအတွက် အကျိုးပြုနေသည့် ကျောက်ကြမ်းပိုးများ

ကမ္ဘာတစ်ဝန်းက ဆေးဝါးပစ္စည်းစျေးကွက်အတွင်း လူသုံးများသလို နာမည်ကောင်းဖြင့် သုံးစွဲသူအခိုင်အမာရှိနေသည့် တရုတ်တိုင်းရင်းဆေးများမှာ မြန်မာနိုင်ငံအတွင်း၌လည်း အခိုင်အမာ အားထားသုံးစွဲခြင်းများရှိသည်။

အရိုးအကြောဆိုင်ရာ လိမ်းဆေးများသာမကဘဲ အားဆေးများ၊ ဖျားနာပျောက်ဆေးများ အစရှိသည်ဖြင့် ဆေးဝါးအမယ်အများအပြားကို ပြည်တွင်း၌ အသုံးပြုနေလျက်ရှိကြသည်။

ဘီစီ ၃ ရာစုက Huangdi Neijing (Yellow Emperor's Inner Canon) ပြုစုခဲ့သော မှတ်တမ်းတွင် တရုတ်တိုင်းရင်းဆေးမှာ နှစ်ပေါင်းထောင်ချီကြာမြင့်သည့် သမိုင်းကြောင်းရှိနေကြောင်းကို ဖော်ပြထားသည်။ထိုသို့ ရှေးကျသည့်အပြင် လက်ရှိအချိန်အထိလည်း အစွမ်းထက်ကာ ထိရောက်နေသော အခြေအနေမျိုးရှိခြင်းကြောင့်လည်း အခိုင်အမာယုံကြည် လက်ခံကာ ပြည်တွင်း၌ အားထားသုံးစွဲသူများလည်း ရှိနေကြခြင်းဖြစ်သည်။

အပ်စိုက်ကုထုံး၊ ခွက်ထိုးခြင်း၊ ကွိုင်းကုန်းကဲ့သို့သော တရုတ်ရိုးရာကုထုံးများဖြင့် အကြောများပွင့်လန်း၍ သွေးလည်ပတ်မှုကောင်းစေသည်ကို နှစ်သက်လက်ခံကာ ကုသမှုခံယူ လုပ်ဆောင်လာကြသလို ယင်းကုထုံးနည်းလမ်းများက ကမ္ဘာတစ်ဝန်း၌လည်း နာမည်ကောင်းဖြင့် ကျော်ကြားသော အခြေအနေမျိုးကို ပိုင်ဆိုင်ထားလျက်ရှိသည်။ဖွံ့ဖြိုးဆဲနိုင်ငံများ၌ပင် ယင်းကဲ့သို့သော ကုသလုပ်ဆောင်ပေးသည့် နည်းလမ်းများကို အခြေခံကာ သမားရိုးကျဆေးဝါးများနှင့်အတူ ကုသသုံးစွဲခြင်းများကို လုပ်ဆောင်ခြင်းများရှိကြသည်။

ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်အတွင်းက တရုတ်နိုင်ငံ ဝူဟန်ဆေးရုံမှ ဗိုင်းရပ်စ်သင့် လူနာ ၈ ဦးကို အနောက်တိုင်းဆေးပညာသာကမဘဲ တရုတ်တိုင်းရင်းဆေးပညာဖြင့်ပါ တွဲ၍ကုသခြင်းကြောင့် ယင်းလူနာများမှာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းရသည်အထိ အောင်မြင်မှုများရခဲ့သလို တရုတ်တိုင်းရင်းဆေးပညာ၏ အစွမ်းထက်မှုအပေါ် စိတ်ဝင်စားသူများလာခဲ့သည်။ထိုကဲ့သို့ ထူးခြား၍ အစွမ်းထက်လှသော တိုင်းရင်းဆေးပညာရပ်တွင် တရုတ်နှင့် မြန်မာနိုင်ငံတို့ နှစ်နိုင်ငံပူးပေါင်းပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့် ဇွန်လအတွင်းက ဆွေးနွေးခြင်းများလည်းရှိကြသည်။ထိုသုတေသနလုပ်ငန်းများအပြင် အပြန်အလှန်ပညာရပ်များဖလှယ်ခြင်း၊ သင်တန်းများပေးခြင်းတို့ကိုပါ လုပ်ဆောင်သွားကြရန် ဆွေးနွေးခဲ့ကြသည်။

တရုတ်တိုင်းရင်းဆေးပညာသည် မြန်မာတိုင်းရင်းဆေးပညာနှင့် နီးစပ်မှုရှိပြီး တရုတ်-မြန်မာ တိုင်းရင်းဆေးပညာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့မြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြသည်။မန္တလေးမြို့ရှိ တိုင်းရင်းဆေးပညာတက္ကသိုလ်တွင်လည်း ပြီးခဲ့သောလပိုင်းအတွင်းက တရုတ်-မြန်မာ တိုင်းရင်းဆေးဗဟိုစင်တာကို ဖွင့်လှစ်ခဲ့ကြသလို တရုတ်တိုင်းရင်းဆေးပညာ၏ အပ်စိုက်ကုပညာရပ်ကိုလည်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အပ်စိုက်ကုသမှုနှင့်ပတ်သက်သည့် ပညာရပ်များကို မျှဝေပေးခဲ့ကြသည်။

တိုင်းရင်းဆေးပညာဖြင့် ပြုစုကုသရာတွင် အဓိကအသုံးပြုရသည့် ကုန်ကြမ်းပစ္စည်းများမှာ ဆေးဖက်ဝင်သစ်ပင်များ၊ ဆေးမြစ်များအပါအဝင် သစ်ပင်သစ်တောများမှရရှိသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုကြခြင်းဖြစ်ပြီး ကုန်ကြမ်းရရှိမှုအခြေအနေများမှာလည်း အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်၌ ပါဝင်နေလျက်ရှိသည်။

တရုတ်တိုင်းရင်းဆေးများအနက်တွင် အသည်းရောဂါအတွက် ဆေးဝါးများကိုဖော်စပ်သည့်အခါ ကုန်ကြမ်းအဖြစ် သုံးစွဲကြသော ကျောက်ကြမ်းပိုးများကို မြန်မာနိုင်ငံအတွင်းမှ ဝယ်ယူသုံးစွဲခြင်းများရှိသည်။ထိုကျောက်ကြမ်းပိုးများမှာ ကချင်ပြည်နယ်၊ ပူတာအိုဒေသ၌ အများဆုံးရရှိခြင်းကြောင့် ဆေးဝါးပစ္စည်းကုန်ကြမ်း ဝယ်ယူသည့် ဝယ်လက်များက နှစ်စဉ်ဝယ်ယူလေ့ရှိပြီး မြန်မာနိုင်ငံမှ တင်ပို့ရောင်းချနေရခြင်းကြောင့် ဒေသခံများအတွက် ဝင်ငွေရရှိကာ အဆင်ပြေစေသည့် အခြေအနေများလည်းရှိသည်။

ကျောက်ကြမ်းပိုးများမှာ ပူတာအိုဒေသခံများက ရှေးယခင်ကတည်းက စားသောက်ခဲ့သည့် ဒေသအစားအစာတစ်မျိုးလည်းဖြစ်ပြီး လက်ရှိတွင် တိုင်းရင်းဆေးဝါးပစ္စည်းကုန်ကြမ်းအတွက် တရုတ်နိုင်ငံဘက်မှ ကုန်သည်ဝယ်လက်များက စျေးကောင်းများပေး၍ ဝယ်ယူလျက်ရှိသည်။

ထိုကျောက်ကြမ်းပိုးမှာ အင်းဆက်ကဲ့သို့သော အကောင်သေးသေးဖြင့် စူးရှသည့် ရနံ့ရှိပြီး ကျောက်တုံးကျောက်ခဲများအောက်တွင် နေလေ့ရှိသော အကောင်ငယ်များဖြစ်သည်။ကချင်ပြည်နယ်၊ ပူတာအိုဒေသမှ ဒေသခံများက ကျောက်ကြမ်းပိုးများကို စားသောက်သည့်အခါ အရှင်ကိုသာ စားသောက်ရပြီး သေနေသော အကောင်ကို စားမိပါက မူးဝေခြင်းနှင့် အော့အန်ခြင်းတို့ ဖြစ်စေတတ်ခြင်းကြောင့်ဟု ဒေသခံအချို့က ဆိုကြသည်။ထိုသို့ အရှင်ကို စားသောက်ကြသည့်အခါ ယင်းသတ္တဝါ၏ ဝမ်းဗိုက်အတွင်းမှ အရည်များကို ကုန်စင်အောင် ညှစ်ပြီးမှ စားကြရသည်ဟု ပြောဆိုခဲ့ကြသည်။အချို့မှာလည်း အသေကိုစားသုံးရင်း မူးဝေအော့အန်ခြင်းမျိုး မဖြစ်သူများလည်း အများအပြားရှိသည်။

“ဒီကျောက်ကြမ်းပိုးတွေကို တရုတ်ဘက်က ဝယ်တာက ၂၀၁၉ လောက်ကတည်းက ဝယ်တာပါ၊ ဆေးဖက်ဝင်တော့ တိုင်းရင်းဆေး ကုန်ကြမ်းအနေနဲ့ သုံးတယ်၊ ဟင်းမွှေးမဆလာလုပ်တဲ့နေရာမှာလည်း သုံးတယ်လို့ ပြောပါတယ်၊ အဓိက ကတော့ အသည်းရောဂါတို့ ဘာတို့အတွက် တိုင်းရင်းဆေးဖော်စပ်တဲ့အခါ ကုန်ကြမ်းအနေနဲ့ သုံးတာတဲ့” ဟူ၍လည်း ပူတာအိုဒေသခံတစ်ဦးက ပြောပြသည်။

တရုတ်နိုင်ငံဘက်မှ ဝယ်သည့် ကျောက်ကြမ်းပိုးမှာ အအေးပိုင်းတွင်ရှိသည့် အမျိုးအစားဖြစ်ပြီး ပူတာအိုမြို့နယ်ဘက်မှ ဖုန်ကန်ရာဇီ ရေခဲတောင်ဘက်ရှိ နမ့်လန်ချောင်းတစ်လျှောက်တွင် အများအပြားတွေ့ရသလို မြစ်ကြီးနားဘက်တွင်လည်း တွေ့ရလေ့ရှိသည်။

နှစ်စဉ် နိုဝင်ဘာလမှ မတ်လလောက်အထိသာ တွေရလေ့ရှိပြီး ဒေသခံများက ချောင်းဘေးရှိ ကျောက်တုံး၊ ကျောက်ခဲများကို လှန်လှောရှာဖွေ၍ ဖမ်းဆီးလေ့ရှိသလို ညနေပိုင်းတွင် ကားလမ်းဘေးများနှင့် ချောင်းနံဘေးတို့၌ အစာရှာထွက်ကာ ပျံသန်းနေသည့် ကျောက်ကြမ်းပိုးများကို ဝါး၊ တံမြက်စည်း၊ ခြင်ထောင် စသည်တို့ဖြင့် ရိုက်၊ အုပ်၍ ဖမ်းဆီးလေ့ရှိကြသည်။

အင်းဆက်နွယ်ဝင်ဖြစ်သည့် ကျောက်ကြမ်းပိုးများမှာ အကောင်ကြီးမျိုးနှင့် အကောင်သေးမျိုးဟူ၍ရှိကြပြီး အကောင်သေးအမျိုးအစားသာ စျေးနှုန်းပိုမိုရလေ့ရှိသည့်အတွက် ဒေသခံအများစုမှာ ယခုလိုကာလတွင် ဝင်ငွေရစေသည့် ကျောက်ကြမ်းပိုး ဖမ်းဆီးမှုအပေါ် အာရုံစိုက်၍ လုပ်ကိုင်လာလျက်ရှိသည်။ယင်းဒေသစျေးကွက်တွင် နို့ဆီဘူး တစ်ဘူးစာကို ယခင် ၂၀၂၂ ခုနှစ်က ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ကြား၊ တစ်ပိဿာလျှင် ကျပ် ၁၇၀,၀၀၀ မှ ၂၀၀,၀၀၀ ကြား ဈေးရရှိခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် နို့ဆီဘူး တစ်ဘူးလျှင် ကျပ် ၂၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ ကြား၊ တစ်ပိဿာလျှင် ကျပ် ၅၀၀,၀၀၀ လောက်အထိ ဈေးကောင်းရရှိလာခြင်းကြောင့် ကျောက်ကြမ်းပိုး ရှာဖွေသူများမှာ များပြားလာလျက်ရှိသည်။

ထိုကျောက်ကြမ်းပိုးများကို ယခုအခါတွင် ဒေသခံများက ငရုတ်သီးထောင်းဖြင့် စားသောက်ခြင်းများလည်းရှိသလို အကောင်လိုက်လှော်၍ စားသုံးခြင်းများလည်းရှိသည်။ဘီပိုး၊ စီပိုး ရောဂါသည်များအတွက်လည်း ကောင်းမွန်သည့် ဆေးဝါးဓာတ်စာမျိုးဖြစ်သည့်အတွက် ကိုယ်တိုင်စားသုံးခြင်းများရှိသလို ပြည်ပပို့ရန် ဝယ်လက်များသို့ ရောင်းချရန်အတွက် ကျောက်ကြမ်းပိုးရှာဖွေ ဖမ်းဆီးသူများလည်း အများအပြားရှိသည်။

ဝယ်လက်များက စျေးပိုပေးကာ ဝယ်ယူလာခြင်းများကြောင့် ကျောက်ကြမ်းပိုးရှာဖွေ ဖမ်းဆီးသူများမှာ အပြိုင်အဆိုင်ကဲ့သို့ လုပ်ဆောင်လာကြပြီး လူသူအရောက်အပေါက်နည်းသော ချောင်းများ၊ ချောင်းစပ်၊ ကျောက်ကြို ကျောက်ကြားများရှိ ကျောက်ခဲများကို လှန်လှော၍ ရှာဖွေဖမ်းဆီးကြသလို ဝါး၊ ခြင်ထောင်၊ ဇကာခြင်း၊ ရိုက်တံရှည်၊ မိုးကာအကြည်၊ ပိုက်များဖြင့်လည်း ဖမ်းဆီးကြခြင်းများရှိလာသည်။

ယခုလိုပွင့်လင်းရာသီအတွင်း ကျောက်ကြမ်းပိုးရှာဖွေသည့် ဒေသခံများ များပြားလာသလို ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ပန်နန်းဒင် အစရှိသည့် မြို့နယ်များနှင့် မုန်လန်ချောင်း၊ နမ်ရင်ချောင်း၊ ကဆန်ချောင်း၊ မေခ၊ မလိခမြစ်တို့တွင် ကျောက်ကြမ်းပိုးရှာသူများကို အများအပြားတွေ့လာရမည်ဖြစ်ပြီး ယခုလို အခြေခံကုန်စျေးနှုန်းများ မြင့်မားနေချိန်တွင် ဒေသခံများအတွက် ဝင်ငွေအထောက်အပံ့ကောင်းများရရှိစေမည့် အလုပ်တစ်ခုသဖွယ်ဖြစ်ခဲ့သည်။

တရုတ်တိုင်းရင်းဆေး ကုန်ကြမ်းအတွက် အကျိုးပြုနေသည့် ကျောက်ကြမ်းပိုးများက ရောဂါဝေဒနာသည်များအတွက် အကျိုးရှိသည့် ဆေးဝါးပစ္စည်းများ ဖော်စပ်ပေးလာနိုင်ခြင်းသာမက ယခုလိုဒေသခံများအတွက် ဝင်ငွေရကာ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလာစေမည့် အခြေအနေကို ပိုင်ဆိုင်လာသည်ကို ရေးသားဖော်ပြလိုက်ပါသည်။

ဧပရယ်လ်