【 ဆောင်းပါး 】 တိုးတက်မှုရောင်ခြည်သန်းလာတဲ့ မြန်မာ့အရှေ့မြောက်ခြမ်းက တရုတ်-မြန်မာ ကုန်သွယ်ရေး

【 ဆောင်းပါး 】 တိုးတက်မှုရောင်ခြည်သန်းလာတဲ့ မြန်မာ့အရှေ့မြောက်ခြမ်းက တရုတ်-မြန်မာ ကုန်သွယ်ရေး

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ နယ်နိမိတ်ချင်းထိစပ်နေသလို နယ်စပ်ကုန်သွယ်ရေးဟာလည်း အလွန်အရေးပါလျက်ရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ကုန်သွယ်မှုကို ဖန်တီးပေးနိုင်တဲ့ အခြေအနေကောင်းကို ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။

အဆိုပါမူဆယ်နယ်စပ်ကနေ မြန်မာနိုင်ငံကထွက်ရှိတဲ့ လယ်ယာထွက်ကုန်၊ သားငါး၊ အထွေထွေကုန်ပစ္စည်းတွေအပါအဝင် ပို့ကုန်တွေများစွာကို တင်ပို့ကြသလို တရုတ်ဘက်မှ သီးနှံ၊ လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ အထွေထွေကုန်ပစ္စည်းတွေအပြင် ပြည်တွင်းစျေးကွက်ရဲ့ လိုအပ်ချက်အမီ သွင်းကုန်များကြောင့်လည်း နှစ်နိုင်ငံကုန်သွယ်မှုဟာ သွက်လက်ခဲ့တဲ့ အခြေအနေမျိုးဖြစ်ခဲ့သလို အရေးပါတဲ့ကုန်သွယ်ရေးမျိုး ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း ၁၈ ခုအနက် မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ အဓိကကျတဲ့ ကုန်သွယ်ရေးစခန်းလည်းဖြစ်သလို ပို့ကုန်၊ သွင်းကုန် ပမာဏများစွာကို အခြားသော နယ်စပ်ကုန်သွယ်ရေးစခန်းတွေထက် ပိုမိုကာ နိုင်ငံအတွက်သာမကဘဲ ကုန်သည်တွေအပါအဝင် အောက်ခြေစိုက်ပျိုးသူအဆင့်အထိပါ အားထား ရတဲ့ အခြေအနေမျိုး ပိုင်ဆိုင်ထားတဲ့ ကုန်သွယ်ရေးထွက်ပေါက်တစ်ခု ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ကိုဗစ် ၁၉ ကြောင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်တွေအရ ကန့်သတ်ချက်တွေရှိခဲ့ပြီး ရောဂါကူးစက်မှုအများအပြား အခြေအနေပေါ် မူတည်ကာ မကြာခဏပိတ်ခဲ့တာမျိုးတွေ၊ ကုန်များကို ရှန်တိန်လုပ်၍လွှဲပြောင်း သယ်ယူရတာမျိုးတွေအပါအဝင် ကျန်းမာရေးဆိုင်ရာ မူဝါဒကန့်သတ်ချက်အမျိုးမျိုးကြောင့် နှောင့်နှေးခဲ့တာတွေရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ကန့်သတ်ချက်တွေကို ဖြေလျှော့တာတွေကြောင့် ကုန်သွယ်ရေးမှာ အရင်လိုပြန်လည်သွက်လက်လာတော့မယ့် အခြေအနေကောင်းတွေ ဖြစ်လာခဲ့ပါတယ်။

ယင်းဘက်မှ တရုတ်ဘက်နယ်စပ်ဂိတ်တွေမှာ ယခင်က သတ်မှတ်ခဲ့သော ကုန်တင်ယာဉ်တွေကို ပိုးသတ်ဆေးဖြန်းတာ၊ အချိန် ၁၂ နာရီကြာ ထားရှိကန့်သတ်တာ၊ အထောက်အထားပြ ဝင်ခွင့်ကတ်များပြုလုပ်တာ၊ ကုန်ပစ္စည်းစာရင်း ကြိုတင်စာရင်းပေးရတာ၊ ယာဉ်မောင်းနှင်သူ ပြောင်းလဲ၍ ရှန်တိန်စနစ်ကျင့်သုံးတာတွေနဲ့ ကုန်သွယ်လုပ်ဆောင်ခဲ့ရတဲ့ အခြေအနေကနေ ၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၂၆ ရက်က စတင်ကာ ကိုဗစ် ၁၉ စည်းကမ်းချက်တွေနဲ့ တရုတ် - မြန်မာ နယ်စပ်ဂိတ်အများစုကို ပြန်လည်ဖွင့်လှစ် ကုန်သွယ်မှုပြုခဲ့ရာမှ လက်ရှိမှာ ယင်းကန့်သတ်ချက်တွေကို ဖြေလျှော့တာတွေ၊ အချို့အချက်တွေကို ပယ်ဖျက်တာတွေနဲ့ လုပ်ဆောင်လာခဲ့ပါတယ်။

အဲဒီလို ကန့်သတ်ချက်တွေပယ်ဖျက်ပြီး လွတ်လပ်စွာကုန်သွယ်မှု ပြုလုပ်ခွင့်ပေးလိုက်တာကြောင့် တရုတ်ပြည်ဘက်အခြမ်းမှ လုံချွမ် - လွယ်ဂျယ် နယ်စပ်ကနေ မြေဆီ၊ ဘိလပ်မြေ၊ အထည်အလိပ်၊ လယ်ယာသုံးပစ္စည်း၊ စက်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ တင်သွင်းပြီး ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်သျှူး ငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ စတဲ့ ကုန်စည်တွေဟာလည်း မြန်မာဘက်ကို ဝင်လာခဲ့ပါတယ်။

မြန်မာဘက်ကလည်း ကြံထွက်ရာသီနဲ့ တိုက်ဆိုင်ကာ ကြံများတင်ပို့ခွင့်ရနေပြီး စျေးကွက်ကောင်းကာ အခြေအနေကောင်းကြုံလာသလို ဖရဲ၊ သခွားတွေအနေနဲ့လည်း အရင်ကထက် စျေးပိုရလာတဲ့အခြေအနေကို ကြုံလာပြီဖြစ်ပါတယ်။

“အခုရက် ကားအဝင်များပါတယ်၊ တစ်နေ့ကို ဖရဲ၊ သခွား ကားအစီး ၇၀ ကျော် ဝင်ပါတယ်၊ ပြည်မကြီးအဝယ်တော်တွေလည်း ရောက်နေတာကြောင့် ဖရဲ၊ သခွားဈေးက မဆိုးပါဘူး ပြောနိုင်ပါတယ်” လို့လည်း မူဆယ်အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

အရင်နှစ်က တင်ပို့ရာမှာ ကြံပေါ်ချိန်မဟုတ်တဲ့အတွက် အကျိုးရလဒ်နည်းပေမယ့် ယခုနှစ်မှာ အစောဆုံးပြန်လည်တင်ပို့ခွင့်ရသလို ကြံပေါ်ချိန်ဖြစ်ချိန်မှာကြုံတာကြောင့် စျေးကောင်းရတာမျိုးတွေနဲ့ ကြုံရတယ်လို့ ကြံကုန်သည်တွေက ဆိုပြန်ပါတယ်။

မြန်မာဘက်က တင်ပို့တဲ့ကြံတွေကို တရုတ်ဘက်က A1 ဇုန်အဖြစ် သတ်မှတ်ထားတဲ့ ဝင်ပေါက်ကနေ တင်ပို့ရပြီး ကြံတစ်တန်ကို တရုတ်ယွမ် ၃၉၀ နဲ့ ၄၀၀ ကြား မြန်မာငွေ ကျပ်တစ်သိန်းခွဲနီးပါးရရှိတာကြောင့် တောင်သူတွေအတွက် အခြေအနေကောင်းရလာတာ မလွဲမသွေပါပဲ။အဆိုပါကြံကားတွေဟာ တစ်ရက်ကို ၁၅ စီးကနေ အစီး ၂၀ ကြား ကျင်စန်းကျော့ဘက်ကနေ တရုတ်ဘက်ကိုဝင်နေတာဖြစ်ပြီး ဆက်လက်ဝင်ရောက်ဦးမယ့် အနေအထားတွေကလည်း သွက်လက်လို့လာတဲ့ ကုန်သွယ်ရေးရဲ့ တက်ကြွမှုတွေကို မြင်လာကြရမှာဖြစ်ပါတယ်။

အခြေခံစားသောက်ကုန်တွေထဲ အဓိကကျတဲ့ ကုန်စည်ဖြစ်တဲ့ ကြက်သွန်ဟာ ပြည်တွင်းစျေးကွက်မှာ စျေးနှုန်းတွေ အဆမတန်မြင့်နေရာမှ ပြည်တွင်းစျေးကွက်ထဲကို တရုတ်ဘက်မှ ဝင်ရောက်လာတဲ့ ကြက်သွန်တွေနဲ့ ထိန်းညှိလုပ်ဆောင်ပေးနိုင်ခဲ့တာကြောင့် စျေးဆက်လက်မြင့်တက်တာမျိုးမရှိအောင် လက်ရှိနှုန်းထားမှာပဲ ထိန်းထားနိုင်ခဲ့တယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက ဆိုထားကြပါတယ်။

မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း တာဝန်ရှိသူက ပြောရာမှာ “အခုက ကြက်သွန်စျေးကွက်ထဲမှာ ကြက်သွန်ဖြူရော၊ ကြက်သွန်နီရော တရုတ်ဘက်ကနေ ဝင်နေလို့သာ စျေးနှုန်းကို ဆက်မတက်ဘဲ ထိန်းညှိနိုင်တဲ့အနေအထားဖြစ်နေတာ၊ ဒီလိုမှမဟုတ်ရင် အရမ်းကိုမြင့်သွားမှာ” လို့ ဆိုပြန်ပါတယ်။

အရင်က သတ်မှတ်ခဲ့တဲ့ ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်တာဟာ ကုန်သွယ်မှုကို ပိုမိုမြန်ဆန်လာစေဖို့ တွန်းအားဖြစ်စေသလို မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ၊ ထိခိုက်ပျက်စီးမှုအခြေအနေတွေ၊ အချိန်ကြန့်ကြာမှုတွေကို ဖယ်ရှားနိုင်ခဲ့တဲ့အတွက် ထိရောက်တဲ့ ရလဒ်ကောင်းတွေပါပဲ။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ထံမှာ မြန်မာနိုင်ငံက ကုမ္ပဏီပေါင်း ၆၀၀ ကျော်ရဲ့ လယ်ယာထွက်ကုန်အမယ် ၁၆၀၀  ကျော်ဟာလည်း မှတ်ပုံတင်ထားကာ တင်ပို့ဖို့ ပြင်ဆင်နေကြတာတွေကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် တိုးတက်မယ့်အလားအလာတွေဟာ တောက်မယ့်မီးခဲတရဲရဲပမာ အရှိန်ယူနေတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။

နှစ်နိုင်ငံကုန်သွယ်ရေးမှာ ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုတွေရှိပေမယ့် အချိန်တိုပြီး ကုန်ကျစရိတ်သက်သာစေတဲ့ နယ်စပ်ကုန်သွယ်ရေးက နှစ်နိုင်ငံကုန်သည်တွေအတွက်တော့ အားထားစရာအခြေအနေဖြစ်နေဆဲပါ။

အဆိုပါမူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှုဟာ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်က ပို့ကုန် အမေရိကန်ဒေါ်လာ ၇၀၄ ဒသမ ၈၀၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၅၆၅ သန်း၊ စုစုပေါင်းကုန်သွယ်မှု ၇၃၁ ဒသမ ၃၆၆ သန်း ရှိခဲ့ရာကနေ ယခု ၂၀၂၂-၂၃ ဘဏ္ဍာနှစ်ရဲ့ ကုန်သွယ်မှုဟာ ပို့ကုန် အမေရိကန်ဒေါ်လာ ၉၆၅ ဒသမ ၉၀၆ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၁၃၃ ဒသမ ၉၁၅ သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀၉၉ ဒသမ ၈၂၁ သန်း ရရှိခဲ့တာကို မြန်မာနိုင်ငံဘက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းတွေမှာ အခိုင်အမာ ဖော်ပြထားပါတယ်။

၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်ရဲ့ ကုန်သွယ်မှုဟာ စက်တင်ဘာလအထိသာရရှိတဲ့ စာရင်းဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကရရှိခဲ့တဲ့ အခြေအနေတွေထက် ပိုနေတာကြောင့် ကုန်သွယ်ရေးအဆင်ပြေချောမွေ့လာမှုနဲ့အတူ ဘဏ္ဍာနှစ်အကုန်မှာ ယခုထက်အဆများစွာ တိုးတက်လာဖို့ အခြေအနေတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

နောက်ထပ်လုပ်ဆောင်သွားမယ့် ဖြေလျှော့မှုတွေနဲ့အတူ မြန်မာပြည်ရဲ့ အရှေ့မြောက်ခြမ်းက မူဆယ်နယ်စပ်ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံကြားက ကုန်သွယ်ရေးတိုးတက်မှု ရောင်ခြည်တွေနဲ့အတူ နှစ်နိုင်ငံကုန်သည်တွေကနေ စိုက်ပျိုးသူတောင်သူတွေအထိ အကျိုးရလဒ်ကောင်းတွေကို ခံစားနိုင်ဖို့ မျှော်လင့်စရာအခြေအနေကို ဖြစ်လို့လာပါတော့တယ်။

ထွတ်ခေါင်
Photo : CJ