【 နိုင်ငံတကာဆောင်းပါး 】“ အရှေ့တောင်အာရှ ရထားလမ်းကွန်ရက် ”

【 နိုင်ငံတကာဆောင်းပါး  】“ အရှေ့တောင်အာရှ ရထားလမ်းကွန်ရက် ”

မကြာမီက လာအိုတွင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ပုံမှန်ပြေးဆွဲနေပြီ ဖြစ်သည့် တရုတ်-လာအို ရထားလမ်းက အင်ဒိုချိုင်းနားနိုင်ငံများအပေါ် များစွာရိုက်ခတ်မှုရှိခဲ့သည်။ ပုံမှန်ပြေးဆွဲမှုဖြင့် ဖွံ့ဖြိုးစပြုလာနေသည့် ၎င်းရထားလမ်းမှာ ကုန်းတွင်းပိတ် လာအိုနိုင်ငံနှင့် တရုတ်အနောက်တောင်ပိုင်းဒေသ ယူနန်ပြည်နယ်အတွက် အရေးပါလာနေပြီကို တွေ့နေရပြီဖြစ်သည်။

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံအကြားဆက်သွယ်သည့် ယင်းရထားမှာ တကယ်တမ်းအားဖြင့် တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်နှင့် လာအိုနိုင်ငံအား ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံအဖြစ်မှ ကုန်တွင်းချိတ်ဆက်ထားသည့် ဗဟိုချက်တစ်ခုသို့ ပြောင်းလဲရန် လာအိုနိုင်ငံ၏ မဟာဗျူဟာတို့အကြား ချိတ်ဆက်ပေးသည့် စီမံကိန်းတစ်ခု ဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က စတင်ပြေးဆွဲခဲ့သော တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့နှင့် ချိတ်ဆက်ထားသည့် ကီလိုမီတာ ၁,၀၀၀ ကျော် ရှိသည်။ ထိုရထားလမ်းကြောင့် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ အကြား ကုန်သွယ်ရေးကိုမြှင့်တင်ပေးရာတွင် အထောက်အပံ့ဖြစ်စေခဲ့ပြီး ထိုင်းနိုင်ငံသို့ တရုတ်ထုတ်ကုန်များကို တစ်ဆင့်ခံတင်ပို့ရာတွင် သာမန်အားဖြင့် ရေကြောင်းကုန်စည်သယ်ယူခြင်းနှင့် အခြားနည်းလမ်းများဖြင့် တင်ပိုသည့် ကြာချိန်ထက် ပိုမိုသက်သာသည်။ အချိန်အားဖြင့် ပျမ်းမျှ ၂၈ ရက် ပိုသက်သာစေသလို သယ်ယူပို့ဆောင်ရေး စရိတ်စက များစွာကိုလည်းလျော့ကျသွားခဲ့ကြောင်းဆိုသည်။

ယင်းရထားလမ်းမှ BRI ၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယူနန်မှ လာအို၊ထိုင်း၊မလေးရှား၊စင်ကာပူသို့ ဖြစ်ပြီး ယူနန်ပြည်နယ်ကို စင်ကာပူနှင့် ချိတ်ဆက်ရန်၊ အရှေ့တောင်အာရှ၏ စီးပွားရေး ထွန်းကားလာမှုမှတစ်ဆင့် စီးပွားရေး သွေးလွှတ်ကြောတစ်ခု ဖန်တီးရန်နှင့် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် တောင်ပိုင်းပြည်နယ်များ အတွင်းသို့ တိုးတက်မြင့်မားသော လူနေမှုဘဝများ ရရှိစေရန်  ခမ်းနားသော မျှော်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ယင်း ရထားလမ်းနှင့် ဆက်သွယ်မှုနိုင်ငံများသည် ဒေသတွင်း ကုန်သွယ်မှုတိုးမြှင့်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့်စီးပွားရေးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားသည်။

လာအို-ကူမင်း ရထားလမ်းမှာ စတင်ဖွင့်လှစ်သည့် ရက်ပေါင်း ၁၀၀ အတွင်း ခရီးသည်ပို့ဆောင်မှု အရေအတွက် ၁.၈ သန်းကျော်ရှိခဲ့ပြီး ကုန်စည်ပို့ဆောင်မှုမှာ တန်ချိန်စုစုပေါင်း ၁.၂ သန်းကျော်ရှိခဲ့သည်။ ထိုထဲတွင် နယ်စပ်ဖြတ်ကျော်ကုန်ချိန်မှာ တန်ချိန် နှစ်သိန်းရှစ်သောင်းကျော်ရှိခဲ့သည်။ ယခုရထားလမ်းကြောင့် လာအို အတွက် မတတ်နိုင်သော သယ်ယူပို့ဆောင်ရေး၊ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ရရှိဖြစ်ထွန်းစေခဲ့သည်ကိုတွေ့ရသည်။

BRI အစီအစဉ်ကြောင့် ဒေသတွင်းနိုင်ငံများ၏ အခြေခံအဆောက်အဦများဖြစ်သည့် လမ်းများ၊ ဆိပ်ကမ်းများ၊ မီးရထားလမ်းများနှင့်လေဆိပ်များဖွံ့ဖြိုးတိုးတက်လာစေပြီး ၎င်းအဆောက်အအုံများက တိုင်းပြည်၏ ပြည်တွင်းနှင့်ပြည်ပကုန်သွယ်ရေးနှင့် စီးပွားဖြစ်လုပ်ငန်းများကို တိုးတက်စေရန်အတွက်အရေးပါသည့်အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများက စိတ်ဝင်စားကြသည်။ တရုတ်၏ခါးပတ်နှင့်လမ်းပဏာမခြေလှမ်းများက အာရှ၊ ဥရောပ၊ အာဖရိက နှင့်သူတို့၏ ကပ်လျက်ရှိသည့် ပင်လယ်များနှင့် အတူဆက်သွယ်မှုကွန်ရက်များ တည်ထောင်ခြင်းအားဖြင့် နိုင်ငံများ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်ခြင်းဖြစ်သဖြင့် အရှေ့တောင်အာရှနိုင်ငံများသည်BRI ၏ အရေးပါသောအစိတ်အပိုင်းတစ်ခုရှိနေသည်။

ယူနန်မှ စင်ကာပူအထိ ရထားလမ်းသည် အာရှကွန်ရက်ရထားလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယခင်ကတည်းက အာရှတိုက် ခေါင်းဆောင်များသည် အာရှတိုက်တစ်ဝန်း ရထားဖြင့် သွားလာနိုင်သည့် အခြေအနေကို အိပ်မက်မက်ထားကြသည်။ ဥရောပ အမြန်ရထားလို ပြေးဆွဲနိုင်ရန်ကို အာရှတိုက်မှ အမြဲရည်မှန်းထားကြသည်။ ထိုအိပ်မက်က BRIတွင် ရုပ်လုံးကြွလာနေသည်ကိုတွေရသည်။အာရှတိုက်အတွင်း ကုန်စည်ပို့ဆောင် ခြင်းမှာ ရေလမ်းမှ သယ်ဆောင်ပါက ပထဝီနိုင်ငံရေးနှင့် သဘာ၀အတားအဆီးများကြောင့်နောက်ပိုင်းတွင် ထိခိုက်ကျဆင်းလာနိုင်ခြေ များနေသည်။ ကုန်းတွင်း ကုန်စည်ပို့ဆောင်ရေးတွင် ရေကြောင်းမှ သယ်ယူပို့ ဆောင်မှု ကို နောက်ပိုင်းတွင် ယှဉ်လာနိုင်သည့် အလားအလာများသည်။ သို့သော် ထိုရထားလမ်းအခြေခံ အဆောက်အအုံ အပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုက အာဆီယံနိုင်ငံများနှင့် အာရှနိုင်ငံများအတွက် လိုအပ်ချက်မြင့်မားလှသည်။ထိုလိုအပ်ချက်နေရာသို့ BRIက ဝင်လာခဲ့သည်။

အရှေ့တောင်အာရှရှိBRI လက်အောက်ရှိအကြီးဆုံးရင်းနှီးမြှုပ်နှံမှုများသည် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများ အထူးသဖြင့်ရထားလမ်းများ၌ရှိသည်။BRI စီမံကိန်း ရင်းနှီးမြှုပ်နှံမှုတွင်  Pan-Asian Railway Network ဟု လူသိများသည့် ကူမင်း- စင်ကာပူမီးရထားလမ်း၏ အစိတ်အပိုင်းများဖြစ်သည့် Port Klang-Kota Bharu မီးရထားလမ်းတွင် ဒေါ်လာ ၁၂ .၀၈  ဘီလီယံခန့်၊ ကမ္ဘောဒီးယားရှိ Preah vihear-Koh Kong မီးရထားကိုဒေါ်လာ ၉..၆ဘီလီယံခန့်နှင့် ဗီယက်ကျန်း - ဘိုတန် မီးရထားစီမံကိန်းသည်ဒေါ်လာ ၅.၈ ဘီလီယံဖြင့် အသီးသီးရှိသည်။

Pan-Asian Railway Network သည်အရှေ့တောင်အာရှရှိ Bri ၏ အထင်ကရသယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတစ်ခုဖြစ်သည်။ကွန်ရက်တွင်လမ်းကြောင်းသုံးခုရှိသည်။ တရုတ်ပြည်အနောက် တောင်ပိုင်း ကူမင်းမှကူမင်းမှစတင်သည့်လမ်းကြောင်းသည် လာအိုမှတစ်ဆင့် လာအိုကို ဖြတ်ကာ ဘန်ကောက်တွင် အဆုံးသတ်သည်။ အနောက်ခရီးစဉ်သည် မြန်မာနှင့်ထိုင်းနိုင်ငံမှတစ်ဆင့်ကျယ်ပြန့်ပြီး အရှေ့ခရီးစဉ်မှာ ဗီယက်နမ်၊ကမ္ဘောဒီးယားနှင့်ထိုင်းကိုဖြတ်ကျော်သည်။ လမ်းကြောင်းသုံးလုံးစလုံးသည် ဘန်ကောက်တွင် ချိတ်ဆက်ပြီးမလေးရှားနှင့်စင်ကာပူသို့ သယ်ယူပို့ဆောင်ရေးဆက်သွယ်မှုများနှင့် ချိတ်ဆက်ထားမည်ဖြစ်သည်။

ပြီးစီးသည့်အခါ ထိုအရှေ့တောင်အာရှ ရထားလမ်းကွန်ရက်သည် အရှေ့တောင်အာရှနိုင်ငံရှစ်နိုင်ငံ နှင့် ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် စီးပွားရေးကူးလူးဆက်ဆံမှု ပိုမိုနီးကပ်လာမည် ဖြစ်သည်။ ထိုအတွက် BRI တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရုတ်-လာအိုရထားလမ်းအဖွင့်မှာ အရေးကြီးလှသည်။ ဒေသတွင်းအတွက် BRI၏ အကျိုးဖြစ်ထွန်းမှုကို အစောဆုံးမြင်စေနိုင်သည့် ဥပမာဖြစ်သည်။

တရုတ် - လာအိုရထားလမ်းသည် အထူးသဖြင့် နှစ်နိုင်ငံအကြား ပြေးဆွဲသည့် ရထားလမ်းဖြစ်သည် သာမက တရုတ်၏ရထားလမ်းကွန်ရက်နှင့်ဆက်နွှယ်သောကြောင့် ၎င်းမှာ တရုတ်နိုင်ငံ၏ နိုင်ငံတကာရထားလမ်း ကွန်ရက်များနှင့် ပထမဆုံးဆက်နွယ်သော အရှေ့တောင်အာရှရထားလမ်းကြောင်းလည်းဖြစ်သည်။ကီလိုမီတာ ၁၀၂၄ အရှည်ရှိသည့် မီးရထားလမ်းမှာ ခရီးသည်များကိုတစ်နာရီလျှင် ၁၆၀ကီလိုမီတာအထိ မြန်ဆန်စွာ သယ်ဆောင်နိုင်ပြီး ကုန်းတွင်းပိတ် လာအိုနိုင်ငံရှိ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်နှင့်စိုက်ပျိုးရေးကဲ့သို့သော စက်မှုလုပ်ငန်း များစွာကိုတိုးတက်စေနိုင်မည့် အလားအလာကိုပြနေသည်။

ထိုလမ်းနှင့် ချိတ်ဆက်မည့် ကီလိုမီတာ ၈၇၃ အရှည်ရှိသည့် တရုတ် - ထိုင်းရထားလမ်းသည် တရုတ် - လာအိုနိုင်ငံရထားလမ်းနှင့်ချိတ်ဆက်မည့် Trans-Asian Network ၏နောက်ထပ်အပိုင်းဖြစ်သည်။ ယခုနှစ် မတ်လတွင် ထိုင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်များနှင့် တရုတ်ဆောက်လုပ်ရေးကော်ပိုရေးရှင်းများသည် တရုတ် - ထိုင်း မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းအတွက် ဆောက်လုပ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

သိသာသည်က BRI စီမံကိန်းများသည့် တဖြေးဖြေးဒေသတွင်း လိုအပ်ချက်များကို ဝင်ဖြည့်ပေးလာနေသလို အနာဂတ်အတွက် အလားအလာကောင်းနှင့် အခွင့်အရေးသစ်များကို ဖန်တီးပေးနေသည့်ဆိုသည်ကို ဒေသတွင်း လုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများက လက်ခံလာနေကြခြင်းဖြစ်သည်။ အရှိန်ရလာသည့် အရှေ့တောင် အာရှ ရထားလမ်းကွန်ရက် ပြည့်စုံလာသည့်အခါ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးနိုင်ငံဖြစ်လာနိုင်သည့် တရုတ်စျေးကွက်၏ အားသာချက်ကို အာဆီယံနိုင်ငံများ ရယူနိုင်မလားဆိုသည်ကိုပင်။  သေချာသည်ကတော့ ဒေသတွင်း ကူးလူးယှက်နွယ်မှုများပြားလာမည်ဖြစ်ခြင်းနှင့် တိုးတက်မှုဖြစ်ထွန်းမှုက အရှိန်အဟုန်ကောင်းလာမည်မှာ သေချာနေခြင်းပင်ဖြစ်သည်။

လင်းသစ်အောင်