【 နိုင်ငံတကာဆောင်းပါး 】“ အာရှမှအသေးစား စီးပွားရေးလုပ်ငန်းများ ချေးငွေရရန် ရုန်းကန်နေရ”

【 နိုင်ငံတကာဆောင်းပါး 】“ အာရှမှအသေးစား စီးပွားရေးလုပ်ငန်းများ ချေးငွေရရန် ရုန်းကန်နေရ”

နှစ်နှစ်တာ လော့ဒေါင်းပိတ်ပင်ထားသောကြောင့် မင်ပိ(Mimpi) ဘန်ဂလိုများအထိနာနေသည်။အခန်း တစ်ခုတွင် ခြများအုံတက်နေသောကြောင့် မျက်နှာကျက်ပြိုကျနေသည်။

ကမ်းခြေမှ ၃ မိနစ်ကြာလမ်းလျှောက်ရသည့် အကွာအဝေးတွင်ရှိသောကြောင့် အခန်းများမှ သော့များကို ပင်လယ်လေက တိုက်စားပြီး သံချေးများတက်နေသည်။

ယခုအခါ အစိမ်းရောင်ရင့်ရင့်ဖြစ်သောရေကူးကန်သည် ငါးခူဒါဇင်ပေါင်းများစွာနေထိုင်သည့် နေရာဖြစ်ပြီး ၎င်းတို့သည်ရေကန်အတွင်း ခြင်မပေါက်အောင် တားဆီးပေးနေသည်။

ထိုဘန်ဂလိုများတွင် ၁၉၈၀ ခုနှစ်က ကမ္ဘာလှည့်ခရီးသည်များကို စတင်လက်ခံခဲ့သော မန်ဒီ ဆူပက်ထရာ ကာရန်းက ထိုဘန်ဂလိုများကို သင့်တင့်အောင် ပြန်လည်ပြုပြင်ပါက ပြင်ဆင်စားရိတ် ရူပီးယား တစ်ဘီလီယံ ( ၉၃၆၀၀ ဒေါ်လာ) ကုန်ကျမည်ဖြစ်ကြောင်းပြောသည်။

၁၉၆၀ ခုနှစ်များက ဆယ်ကျော်သက်အရွယ်ဖြင့် သြစတြေးလျမှ ဘရာဇီးအထိ နိုင်ငံများနှင့်အပြိုင် ကမ္ဘာလှည့်ခရီးသည်များ လှိုင်းစီးသည့် ခရီးစဉ်ဒေသဖြစ်လာအောင် ကူညီလုပ်ဆောင်ခဲ့သော ဆူပက်ထရာက သူသည် အမြတ်မရသည်မှာ နှစ်အတန်ကြာသွားသောကြောင့် ဘဏ်များက သူ့ကို ငွေထုတ်မချေးတော့ကြောင်း ပြောသည်။

ယခုအခါအသက် ၆၈ နှစ်ရှိပြီဖြစ်သော ဆူပက်ထရာသည် ဘန်ဂလိုများကို ရောင်းချပြီး အနားယူရန် စဉ်းစားနေသည်။

“ ကျနော်က ဆင်းရဲသားမဟုတ်ဘူး။ ကျနော့်မှာ ပိုင်ဆိုင်မှုတွေရှိတယ်” ဟု သူပြောသည်။

“ဘဏ်တွေက ဒီကိုလာကြည့်ရင်လည်း ငွေချေးဖို့ ငြင်းမှာပဲ” ဟု သူပြောသည်။

အာရှတစ်လွှားမှ မိသားစုများနှင့် ဟိုတယ်၊ စားသောက်ဆိုင်၊ လယ်ယာလုပ်ငန်းများအပါအဝင် အသေးစား စီးပွားရေး လုပ်ငန်းများသည် လော့ဒေါင်းများနှင့် ခရီးသွားလာမှု ကန့်သတ်ချက်များကို နှစ်အတန်ကြာ ရင်ဆိုင်ရ ပြီး နောက် ဝင်ငွေမရှိသလောက်ဖြစ်နေပြီး လုပ်ငန်းများ ပြန်လည်စတင်ရန် ရုန်းကန်နေကြရသည်။

မြင့်မားလာသည့် ငွေကြေးဖောင်းပွမှုနှင့် ကုန်ကျစရိတ်များအကြား အစားအသောက်နှင့်စွမ်းအင်ဈေးနှုန်းများ တက်လာပြီးနောက် လုပ်ငန်းများနှင့် မိသားစု သန်းဆယ်ပေါင်းများစွာတို့သည် ပြန်လည်ပြုပြင်ရန်၊ ပစ္စည်းများ ပြန်လည်ဖြည့်ဆည်းရန်အတွက် ရုန်းကန်နေကြရသည်။

အာရှတစ်လွားမှ သန်း ၈၀ ခန့်အထိ များပြားသော ပြည်သူများသည် တစ်နေ့လျှင် ၁.၉၀ ဒေါ်လာအောက်သာ ဝင်ငွေရှိပြီး အလွန်ဆင်းရဲသော အဆင့်သို့ ကျရောက်သွားမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က လွန်ခဲ့သောနှစ် က ပြောသည်။

အမျိုးသမီးများနှင့် ကျွမ်းကျင်မှုမရှိသောလုပ်သားများအပါအဝင် ထိခိုက်လွယ်သူများသည် ဒုက္ခအများဆုံး ခံစားရမည်ဖြစ်သည်။

ဥပမာအားဖြင့်ဆိုရပါက အိန္ဒိယနိုင်ငံတွင် ရှည်ကြာသည့် လော့ဒေါင်းပိတ်ဆို့မှု နောက်ပိုင်းတွင် လုပ်သား အင်အားစုတွင် အနည်းငယ်မျှသာ ပါဝင်နေသော အမျိုးသမီးလုပ်သားအင်အားသည် ၁ ရာခိုင်နှုန်းကျော် ကျဆင်းပြီး ၁၉ ရာခိုင်နှုန်းအောက်တွင်သာ ရှိတော့သည်။

နှိုင်းယှဉ်ချက်အားဖြင့် ဆိုရပါက ကမ္ဘာတဝှမ်းမှ အလုပ်လုပ်သောအရွယ်ရှိ အမျိုးသမီးများ၏ ထက်ဝက်သည် ဝင်ငွေရသည့် အလုပ်အကိုင်များလုပ်ကိုင်နေကြောင်း ကမ္ဘာ့အလုပ်သမားအဖွဲ့၏ အဆိုအရ သိရသည်။

“လော့ဒေါင်းကို ရုတ်တရက်ပိတ်လိုက်ပြီး အချိန်သိပ်ကြာသွားတော့ ပြည်သူတွေက အလုပ်အကိုင်သာမက စုဆောင်းငွေတွေပါ ဆုံးရှုံးသွားတယ်” ဟု အိန္ဒိယမှ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအဖွဲ့ ဝါဒါနာ တိုဒို အဘီ ယန်မှ နိုင်ငံလုံးဆိုင်ရာညှိနှိုင်းရေးမှူး အဒီတီ အနန်းပြောသည်။

“ အထူးသဖြင့် အမျိုသမီးတွေက အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကြောင်း ဆုံးရှုံးရုံသာမက လုပ်သားအင်အားစုထဲကနေပါ လုံးဝပယ်ဖျက်ခံလိုက်ရတယ်” ဟု သူပြောသည်။

သေချာသောအချက်မှာ အင်ဒိုနီးရှား၊ မလေးရှားနှင့် အိန္ဒိယတို့ ကဲ့သို့သော နိုင်ငံများမှ ဘဏ်များသည် လျင်မြန်သော စီးပွားရေးနာလန်ထမှုကို ငွေကြေးစိုက်ထုတ်ရန် အရှိန်မြှင့်တင်လုပ်ဆောင်နေသည်။

အင်ဒိုနီးရှားမှ နောက်ဆုံးရရှိသည့် အချက်အလက်များအရ ငွေထုတ်ချေးနိုင်မှုသည် စက်မှုလုပ်ငန်းများနှင့် မိသားစု စားသုံးမှုများသို့ ထုတ်ချေးငွေများကြောင့် ယခင်နှစ်မတ်လကထက် ၆.၆ ရာခိုင်နှုန်းတိုးတက်လာပြီး ရူပီးယား ၅၉၀၀ ထရီလီယံအထိရှိလာကြောင်း သိရသည်။

သို့သော် ငွေထုတ်ချေးသူများသည် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကို ခံရပြီးနောက် ချေးငွေများကို စိတ်အချရဆုံးနှင့် အကြီးမားဆုံး လုပ်ငန်းများကိုသာ ထုတ်ချေးကြသည်။

Basel III သဘောတူညီချက်ကဲ့သို့သော နိုင်ငံတကာဘဏ်လုပ်ငန်းကျင့်ဝတ်အရ ငွေထုတ်ချေးသော ဘဏ်များသည် ဘဏ္ဍာရေးအကျပ်အတည်းများကို ရင်ဆိုင်ရန် ငွေရင်းလုံလုံလောက်လောက် ထိန်းသိမ်းထားရန် လိုသည်။ ထိုလုပ်ငန်းကို ဘဏ်များ၏ ခံနိုင်ရည်စစ်ဆေးသည့် လုပ်ငန်းဟု ခေါ်သည်။

“အဲဒီလိုစစ်ဆေးမှုကြောင့် အန္တရာယ်မရှိတဲ့ ငွေချေးသူတွေကိုပဲ ထုတ်ချေးကြတယ်” ဟု စင်္ကာပူအမျိုးသားတက္ကသိုလ်ဘောဂဗေဒပညာရှင် ပါမောက္ခ ဆူမစ် အဂါဝယ် ပြောသည်။

 ကွာဟမှုကို ဂရုစိုက်ရန်လို

ပြင်သစ်စီးပွားရေးကျောင်း အင်ဆိ က ၂၀၂၀ ခုနှစ် ကပ်ရောဂါအစောပိုင်းကာလက ထုတ်ဝေသည့် လေ့လာမှုအရ အရှေ့တောင်အာရှမှ တရားဝင်ထူထောင်ထားသည့် အသေးစား စီးပွားရေးလုပ်ငန် ၅ ပုံ ၂ ပုံကျော်သာ ချေးငွေရနိုင်သောကြောင့် ငွေကြေးထုတ်ချေးနိုင်မှု ကွာဟချက်သည် အမေရိကန် ဒေါ်လာ ၃၀၀ ဘီလီယံရှိ နေကြောင်း သိရသည်။ အင်ဒိုနီးရှားတစ်နိုင်ငံတည်းတွင်ပင် ချေးငွေထုတ်ပေးနိုင်မှု ကွာဟချက်အနေဖြင့် အမေရိကန် ဒေါ်လာ ၁၆၅ ဘီလီယံ ရှိနေသည်။

ထိုကွာဟမှုသည် ဆက်လက်ကြီးထွားနေသည်။

ခိုင်မာသောလုပ်ငန်းများသည် ချေးငွေများ စတင်ရရှိနေသော်လည်း စားသောက်ဆိုင်ကဲ့သို့သော အသေးစားလုပ်ငန်းများသည် အစားအသောက်နှင့်လုပ်အားခ မြင့်တက်မှုကို ကာမိရန် ငွေရင်းရရှိရေးအတွက် ရုန်းကန် နေရကြောင်း မလေးရှား အသေးစာ စီးပွားရေးလုပ်ငန်းများအသင်း ဥက္ကဋ္ဌ ဒင်ဟောင်ဆင်ပြောသည်။

ဘဏ္ဍာရေးနည်းပညာ လုပ်ငန်းများ

ဘဏ်များက ထိုသို့နောက်ဆုတ်နေချိန်တွင် အသေးစားလုပ်ငန်းများကို ငွေချေးသည့် ဘဏ္ဍာရေး နည်းပညာ လုပ်ငန်းများ ဝင်ရောက်လာသည်။

စင်ကာပူအခြေစိုက် ဘဏ္ဍာရေးနည်းပညာချေးငွေလုပ်ငန်း Funding Societies သည် စင်္ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်တွင် ဒေါ်လာ ၂.၄ ဘီလီယံ ထုတ်ချေးထားကြောင်းပြောသည်။

ဘဏ္ဍာရေးနည်းပညာသုံးငွေထုတ်ချေးသည့် Funding Societies ကဲ့သို့သော လုပ်ငန်းများသည် ဘဏ်များနှင့် မတူဘဲ ရေရှည်အမြတ်ကိုမကြည့်ပေ။ လအနည်းငယ်က မှတ်တမ်းများနှင့် ရရှိသော စာရင်းများကို သာ ကြည့်သည်။

ချေးငွေရရန် ထိုသို့လွယ်ကူသော်လည်း တန်ဖိုးတစ်ခုပေးဆပ်ရသည်။ အတိုးနှုန်းမှာ တစ်လလျှင် ၂ ရာခိုင်နှုန်းအထိ မြင့်မားသည်။

 

Straitstimes: Covid-19 credit crunch: Households and small businesses in Asia struggle to get loans

 Linko