【 နိုင်ငံတကာဆောင်းပါး 】 အင်ဒိုမြန်နှုန်းမြင့်ရထားလမ်းရဲ့ ဒေသတွင်း သက်ရောက်မှု

【 နိုင်ငံတကာဆောင်းပါး 】 အင်ဒိုမြန်နှုန်းမြင့်ရထားလမ်းရဲ့ ဒေသတွင်း သက်ရောက်မှု

The Whoosh သည် မကြာခင်လပိုင်းက အင်ဒိုနီးရှားတွင် ဖွင့်လှစ်ခဲ့သည့် မြန်နှုန်းမြင့်ရထားလမ်းတွင် ပြေးဆွဲသော ကျည်ဆံရထား၏ အမည်ဖြစ်သည်။

ထိုရထားလမ်းသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာက စောင့်ကြည့်ခဲ့ရသည်အထိ ကြီးမားသော ရထားလမ်းစီမံကိန်းဖြစ်ပြီး ထိုရထားလမ်းတည်ဆောက်သည့်ကာလအတွင်း အခက်အခဲများစွာ ကြုံခဲ့ရသည်။

အထူးသဖြင့် ကမ္ဘာတစ်ဝန်း ကြုံတွေ့ရသည့် ကိုဗစ်လို ကျန်းမာရေးကပ်ဘေးက ရထားလမ်းဖောက်လုပ်မှုကို နှောင့်နှေးစေခဲ့သည်။သို့သော် နောက်ဆုံးတွင် ဖောက်လုပ်မှုပြီးစီးကာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ထို့အတွက် ဒေသတွင်း၌ တရုတ်၏ BRI စီမံချက်များအပေါ် အမြင်သည် ပြောင်းလဲလာခဲ့သည်ကို တွေ့ရသည်။

BRI နှင့်ပတ်သက်ပြီး အနောက်မီဒီယာများတွင် တောက်လျှောက် ဇောင်းပေးဖော်ပြခဲ့သည်က ကြွေးနွံနစ်ခြင်းနှင့်ပတ်သက်ပြီးဖြစ်သည်။ထိုသည်မှာ သီရိလင်္ကာတွင်ဖြစ်ခဲ့သည့် ဟန်ဘိုတာဆိပ်ကမ်းပြဿနာကြောင့်ဖြစ်သည်။ BRI စီမံချက် လက်ခံရာ နိုင်ငံ၏ စီမံအုပ်ချုပ်သော အစိုးရအဖွဲ့၏ လာဘ်လာဘ်ယူနှင့် ကိုယ်ကျိုးရှာမှုများကြောင့် သက်ဆိုင်ရာစီမံကိန်းမှာ ဒေသတွင်း အကျိုးထိရောက်အောင်မြင်မှု မရှိပါက ထိုသို့ အကြွေးနွံနစ်သည့်ဘက် ရောက်သွားသည်မျိုးရှိနိုင်သည်။

သို့သော် လာအိုလို ကုန်းတွင်းပိတ်နိုင်ငံမှာ ယူနန်-ဗီယက်ကျန်း မြန်နှုန်းမြင့် ရထားလမ်းကြောင့် အင်ဒိုချိုင်းနားဒေသ၏ တရုတ်နှင့် ကုန်သွယ်ရာအချက်အခြာအဖြစ် ပြောင်းလဲစပြုလာသည့်အခါ BRI စီမံချက်များအပေါ် ဒေသတွင်းရှုမြင်ပုံက ပြောင်းလဲလာခဲ့ကြသည်။ထို့ကြောင့်လည်း တရုတ် BRI ၏ ဒုတိယ ဒေသတွင်း မြန်နှုန်းမြင့်ရထားလမ်း စီမံချက်ဖြစ်သည့် အင်ဒိုနီးရှားရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ပြီးစီးသည့်အခါ ဒေသတွင်း ကုန်သွယ်ရေးနှင့် လူမှုရေး၊ ကူးလူးသွားလာရေးအပေါ် မည်သို့သက်ရောက်မှုတွေရှိလာသည်ကို ပို၍စိတ်ဝင်စားလာကြခြင်းဖြစ်သည်။

စာရင်းအချက်အလက်များအရ စီးပွားဖြစ် စတင်ပြေးဆွဲမှု တစ်လပြည့်သည့် နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ခရီးသည်ဦးရေ ၃၈၃,၀၀၀ ကို ပို့ဆောင်ခဲ့ပြီး တစ်နေ့အတွင်း အများဆုံးခရီးသည်စီးနင်းမှုနှုန်း ၉၈ .၇ ရာခိုင်နှုန်းရှိကြောင်း၊ နေ့စဉ် ခရီးသွားဦးရေ တိုးနေကြောင်း ဆိုထားသည်။ထိုရထားလမ်းသည် ၁၄၂ ကီလိုမီတာ ရှည်လျားပြီး အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှ၌ ပထမဆုံးသော မြန်နှုန်းမြင့်ရထားလမ်းဖြစ်ရာ ထိုရထားလမ်းကြောင့် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာနှင့် ဘန်ဒေါင်းကြား ခရီးတာကို လျှော့ချနိုင်ခဲ့သည်။၎င်းသည် မြို့နှစ်မြို့ကြား ခရီးသွားကြာချိန် ၃ နာရီမှ ယခုအခါ မိနစ် ၄၀ ခန့်အထိ နှစ်နာရီကျော် လျှော့ချပေးခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၏ ပထမသက်တမ်းတွင် ကျွန်းပေါင်း ၁၇,ဝဝဝ ကျော်ရှိသည့် အင်ဒိုနီးရှား တစ်နိုင်ငံလုံးကို ချိတ်ဆက်နိုင်ရန် စံချိန်တင် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၅ဝ ဘီလီယံကို သုံးစွဲခဲ့ပြီး အခြေခံအဆောက်အအုံများကို ဆောက်လုပ်ခဲ့သည်။ထိုထဲတွင် ဂျာဗားပြည်နယ် ဖြတ်ကျော်လမ်းမကြီးနှင့် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးသော မြေအောက်မီးရထား စီမံကိန်းကဲ့သို့ အဓိကကျသည့် စီမံကိန်းများတွင် အောင်မြင်မှုများရရှိခဲ့သည်။

ယခု ဒုတိယသက်တမ်းတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် မီးရထားလမ်းကွန်ရက် ပြီးစီးခဲ့ပြီဖြစ်ရာ ကျန်ရှိသည့် ဂျကာတာ-ဆူရာဘာယာ မြန်နှုန်းမြင့်မီးရထားလမ်းမှာ ဖြစ်မြောက်ဖို့ များနေပြီဖြစ်သည်။ထိုသည်မှာ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် မီးရထားလမ်း၏ လက်တွေ့ကျကျ အကျိုးသက်ရောက်မှုကြောင့်ဖြစ်သည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် မီးရထား Whoosh ၏ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်တွင် စတင်ခဲ့သည့် ယင်းရထားလမ်းကို ပထမဆုံးရထားတွဲကို ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး G-20 ဘာလီထိပ်သီးအစည်းအဝေးတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စမ်းသပ်ခဲ့သည်။တရားဝင် စတင်ပြေးဆွဲသည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက် မတိုင်ခင် ၂၀၂၃ ခုနှစ် မေလတွင် အာဆီယံထိပ်သီးအစည်းအဝေးကာလတွင် ဂျကာတာ-ဘန်ဒေါင်း HSR လိုင်းကို ထပ်မံစမ်းသပ် ပြေးဆွဲခဲ့သည်။

အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှတွင် ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းဖြစ်သည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်မီးရထား (HSR) သည် အင်ဒိုနီးရှားတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး တိုးတက်မှုကို လွယ်ကူချောမွေ့စေရုံသာမက အထက်ပိုင်းနှင့် အောက်ပိုင်း စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်း၊ လမ်းကြောင်းတစ်လျှောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခါးပတ်တစ်ခု ဖောက်လုပ်ရာတွင်လည်း အရှိန်အဟုန်ကောင်း ပေးစွမ်းနိုင်မည်ဖြစ်သည်။

HSR မတည်ဆောက်မီ ဂျကာတာနှင့် ဘန်ဒေါင်းကို ဆက်သွယ်ထားသော မီးရထားလမ်းသည် လွန်ခဲ့သော နှစ် ၁၀၀ ကျော်က တည်ဆောက်ခဲ့ခြင်းဖြစ်ရာ လူဦးရေ ၃၄ သန်းကျော်ရှိသည့် ကမ္ဘာ့တတိယအကြီးဆုံး မက်ထရိုမြို့များဖြစ်သော မဟာဂျကာတာနှင့် လူဦးရေ ၁၁ သန်းရှိသော မဟာဘန်ဒေါင်း မြို့နှစ်မြို့၏ စုစုပေါင်းလူဦးရေ ၄၅ သန်းကို ဝန်ဆောင်မှုပေးရန် မလုံလောက်ပေ။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်မီးရထား (HSR) ကြောင့် ခရီးသွားလာချိန်ကို ထိရောက်စွာ သက်သာစေပြီး ဂျကာတာနှင့် ပတ်ဝန်းကျင်ဒေသများတွင် ယာဉ်ကြောပိတ်ဆို့မှုကို သက်သာစေပြီး လူဦးရေသွားလာရေးကိုလည်း လွယ်ကူချောမွေ့စေခဲ့သည်။မြို့ကြီးနှစ်မြို့အကြား တစ်နာရီအတွင်းရောက်ရှိမှုက ဒေသအတွင်းနှင့် ပတ်ဝန်းကျင်ရှိ အသေးစားနှင့် အလတ်စားမြို့များပေါ်တွင် လုပ်ကိုင်မှုစွမ်းရည်၊ သတင်းအချက်အလက်၊ အရင်းအနှီးနှင့် အခြားအချက်များ အရှိန်အဟုန်ဖြင့် စီးဆင်းမှုကို အားကောင်းစေသည်။၎င်းသည် မြို့ကြီးများမှ ဖြာထွက်နေသော မြို့ပြအစုအဝေးတစ်ခုအဖြစ် ကူညီပေးမည်ဖြစ်ပြီး မြို့များတစ်လျှောက် စက်မှုအဆင့်မြှင့်တင်ရေးကို တွန်းအားပေးမည်ဖြစ်သည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်မီးရထား (HSR) သည် နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် စက်ကိရိယာများ ထုတ်လုပ်ရေး၊ လည်ပတ်ထိန်းသိမ်းမှုနှင့် တန်ဖိုးမြှင့်ဝန်ဆောင်မှုများ ပါဝင်သော ကြီးမားသော စက်မှုကွင်းဆက်တစ်ခု ပါဝင်သောကြောင့် အင်ဒိုနီးရှား စက်မှုကွင်းဆက်၏ ကဏ္ဍအားလုံးတွင် အတိုင်းအတာအမျိုးမျိုးအထိ ဖွံ့ဖြိုးတိုးတက်မှုရရှိမည်ဖြစ်သည်။  

အမြင်သာဆုံးသော စီးပွားရေးအကျိုးသက်ရောက်မှုမှာ ဒေသတွင်း၌ အလုပ်အကိုင်များ တိုးပွားလာနိုင်ခြင်းဖြစ်သည်။

တရုတ်မီးရထားလုပ်ငန်းမှ အင်ဒိုနီးရှားလုပ်သား ၄၅,၀၀၀ ကို ဂဟေဆော်ခြင်း၊ လျှပ်စစ်အင်ဂျင်နီယာ၊ စက်နှင့် ကွန်ကရစ်လောင်းခြင်း စသည့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို ပို့ချပေးခဲ့ပါသည်။အဆိုပါရထားလမ်း စတင်လည်ပတ်ချိန်တွင် ခရီးသည်ဝန်ဆောင်မှု၊ စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းရေးနှင့် ဆက်စပ်ပံ့ပိုးပေးသည့် လုပ်ငန်းများတွင် နှစ်စဉ် အလုပ်အကိုင်သစ် ၃၀,၀၀၀ ရရှိမည်ဖြစ်သည်။

ယခုဖွင့်လှစ်သော HSR ကြောင့် တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွား သန်း ၁၂၀ နီးပါးရှိသည့် ဘန်ဒေါင်းနှင့် အနောက်ဂျာဗား၏ အကြီးမားဆုံး ပြည်တွင်းခရီးသွားစျေးကွက်နှင့် ပြည်ပခရီးသွားစျေးကွက်ကို ကြီးမားစွာ သက်ရောက်စေမည်ဖြစ်သည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်မီးရထား (HSR) ကြောင့် လက်ရှိအခြေခံအဆောက်အအုံများဖြစ်သည့် တည်းခိုခန်းများ၊ အစားအသောက်များ၊ လက်လီရောင်းချမှုများနှင့် အခြားသော ခရီးသွားလာရေးဆိုင်ရာ ကဏ္ဍများကို  မြှင့်တင်ပေးပြီး ခရီးသွားမြို့အဖြစ် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာများစွာရှိနေဆဲဖြစ်သည့် ဘန်ဒေါင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

BRI ၏ အထင်ကရ ပရောဂျက်တစ်ခုဖြစ်သည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်မီးရထား (HSR) သည် တရုတ်-လာအို မီးရထား၊ တရုတ်-ထိုင်း မီးရထားနှင့် မလေးရှား အရှေ့ကမ်းရိုးတန်း မီးရထားလမ်းတို့နှင့် ပေါင်းစည်းသွားမည်ဖြစ်ရာ အရှေ့တောင်အာရှ ရထားလမ်းကွန်ရက် ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်နိုင်ရန် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်မီးရထား (HSR) ၏ ဒေသတွင်း အကျိုးထိရောက်မှုက များစွာ စေ့ဆော်ပေးလိမ့်မည်ဖြစ်သည်။

လင်းသစ်အောင်