【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက်】 ရုရှားကို အရှိုက်ထိစေမယ့် ဖင်လန်ပြဿနာ

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက်】 ရုရှားကို အရှိုက်ထိစေမယ့် ဖင်လန်ပြဿနာ

ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့သတင်းတွေက စိတ်ဝင်စားစရာတွေ များနေခဲ့သလို ယခင်တွက်ဆထားတဲ့အတိုင်း နေတိုးနဲ့ရုရှားထိပ်တိုက်တွေ့မယ် အလားအလာကို ဦးတည်နေတာကို ဒီတစ်ပတ်မှာ မြင်တွေ့လာနေရပါတယ်။ ဒီသတင်းတွေက လတ်တလောမှာ ယူကရိန်းစစ်ရေးသတင်းတွေနဲ့ ချိတ်ဆက်နေတာ ဖြစ်လို့ သတိထားစရာ ကောင်းပါတယ်။ နေတိုးရဲ့နယ်နိမိတ်နဲ့ထိစပ်လာလို့ဆိုပြီး ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ထဲဝင်မှာစိုးလို့ ဝင်ကျူးကျော်ခဲ့တဲ့ ရုရှားအတွက် ဖင်လန်၊ဆွီဒင်နဲ့ ဆွစ်ဇာလန်လို့ ကြားနေနိုင်ငံတွေ နေတိုးအဖွဲ့ထဲဝင်မယ့် အလားအလာတွေကို ဘယ်လိုကိုင်တွယ်ရင်ဆိုင်မလဲဆိုတာ ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ အကြောင်းပါဘဲ။  

ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ သတင်းအကြောင်းအရာတွေ အပြင် ယခုတစ်ပတ်မှာ နိုင်ငံတကာမှာစိတ်ဝင်စားမှုပိုခဲ့တဲ့ အမေရိကန်-အာဆီယံခေါင်းဆောင်အစည်းအဝေးသတင်းတွေ၊ တာလီဘန်တွေက အမျိုးသမီးတွေကို လူမြင်ကွင်းမှာ ဘူကာခြုံခိုင်းတာ၊ တရုတ်ရဲ့ ကိုဗစ်သုညမူဝါဒကို ဝေဖန်တဲ့ WHO အကြီးအကဲရဲ့မှတ်ချက်ကို တရုတ်ကဝေဖန်တဲ့သတင်းတွေ၊ ဒီဂျစ်တယ်ငွေကြေးဖြစ်တဲ့ ခရစ်တိုကာရန်စီစျေးတွေထိုးကျလို့ ဒေါ်လာဘီလျံနှင့် ချီပြီး ဆုံးရှုံးတဲ့သတင်းတွေ၊ ဖြုတ်ချခံရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်အီမရန်ခန်းရဲ့ဝင်ငွေနှင့် ပိုင်ဆိုင်မှုတွေကို စစ်ဆေး နေတဲ့ သတင်းတွေ၊ မြောက်ကိုရီးယားမှာ ကိုဗစ်ဖြစ်ပွားမှုကြောင့် လူသေဆုံးမှုတွေ ဖြစ်နေတဲ့ သတင်းတွေ စသဖြင့် ရှိနေခဲ့ပါတယ်။

ဒီထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးက ဖင်လန်က နေတိုးအဖွဲ့ထဲဝင်ဖို့ဆုံးဖြတ်လိုက်တာ‌ကြောင့် နေ တိုးနဲ့ ရုရှားထိပ်တိုက်တွေ့မယ့် အလားအလာက ပိုများလာပါတယ်။ ဒီတစ်ပတ်မှာ ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းနဲ့ နေတိုးအဖွဲ့ထဲ ရုရှားနဲ့ထိစပ်နေတဲ့ နိုင်ငံတွေ ဝင်ရောက် မယ် သတင်း တွေထဲက အားလုံးစောင့်ကြည့်နေရ တဲ့ သတင်းနှစ်ခုဖြစ်နေလို့ ဒီထဲက  ရုရှားနဲ့နေတိုး ထိပ်တိုက်တွေ့လာဖွယ်ရှိတဲ့ ဖင်လန်၊ဆွီဒင်နဲ့ အခြားနိုင်ငံတွေ နေတိုးအဖွဲ့ထဲ ဝင်ဖို့ ကြိုးစားနေတဲ့ သတင်းတွေကို အထူးဖာ်ပြချင်ပါတယ်။

ရုရှားခြိမ်းခြောက်မှုကို ပြင်းထန်စွာခုခံမယ်လမ်းရွေးချယ်

မေ ၉ရက်မှာ ကျရောက်ခဲ့တဲ့ ရုရှားရဲ့ ဒုတိယကမ္ဘာစစ်က နာဇီတွေအပေါ်အောင်ပွဲနေ့ အခမ်းအနားမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ  မိမိတို့နယ်နမိတ် အနီး မှာလာရောက်ဖန်တီးတဲ့ ခြိမ်းခြောက်မှုတွေကို လုံးဝလက်မခံနိုင်လို့ တုံ့ပြန်ရတာလို့ပြောခဲ့ပါတယ်။NATOအဖွဲ့ တိုးချခဲ့တာကို ရုတ်သိမ်းပေးပြီး မိမိတို့နိုင်ငံလုံခြုံရေးအတွက် ကတိကဝတ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ရုရှား အနေနဲ့ တခြားရွေးချယ်စရာမရှိလို့ ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်ရတယ်လို့လည်း ဆိုပါတယ်။ ဒီလိုပြောပြီး ယူကရိန်းကိုကျူးကျော်ကာ အရပ်သားတွေကို သတ်ဖြတ်ပြခဲ့တဲ့ရုရှားတပ်တွေကြောင့် ရုရှားနယ်နိမိတ်နဲ့ထိစပ်နေတဲ့နိုင်ငံတွေက ရုရှားဘေးကို ပိုတွက်ဆပြီးလုပ်သင့်တာကို ပြတ်ပြတ်သားသားလုပ်ရတော့မယ် ဆိုတာသိသွားတဲ့ပုံပါဘဲ။

မေ ၁၅ ရက်မှာ ဖင်လင်သမ္မတနီနီစတိုနဲ့ ဝန်ကြီးချုပ် ဆာနာ်မာရင်တို့က ဥရောပမြောက်ပိုင်းဒေသ ဖင်လန်နိုင်ငံအနေနဲ့  NATO (မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့)ကို အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လျှောက်ထားမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ရုရှားအတွက် “ ခုတ်ရာတခြား ရှရာတလွဲဆိုတဲ့” စကားလို ဖြစ်ခဲ့ရပါတယ်။ ယူကရိန်း ကို ဝင်တိုက်ပြတာနဲ့ ကျန်တဲ့ နိုင်ငံတွေ သူခြိမ်းခြောက်တာနဲ့ သူအရိပ်နဲ့ သူ့ဩဇာအောက် ရောက်လာလိမ့်မယ်လို့ တွက်ဆထားမှုဟာ ယူကရိန်းကိုကျူးကျော်မှု ရက်သတ္တပတ် ၆ ပတ်ကျော်လာတဲ့အထိ ဘာမှ အလုပ်မဖြစ်သလို ယခုဆိုရင် ယူကရိန်းမှာ ရုရှားတပ်တွေ သုံးပုံတစ်ပုံကျဆုံးသလို ယူကရိန်းတပ်တွေက ရုရှားတပ်တွေကို ထိုးစစ်ပြန် ဆင်နွဲတဲ့အထိ ရောက်လာနေပါပြီ။

အစောပိုင်းက ဖင်လန်နေတိုးအဖွဲ့ထဲဝင်ဖို့ ကြေညာတဲ့ ကိစ္စကို ပြန်ကောက်ကြည့်မယ်ဆိုရင် ဖင်လန်အနေနဲ့ အနောက်အုပ်စုထဲမှာ ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းကို အကြောင်းမဲ့ ဝင်ကျူးကျော်ခံရပြီးနောက် ဘူချာလို့ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ထား ခဲ့တဲ့ ပုံတွေ နိုင်ငံတကာမှ ပေါ်ထွက်လာပြီးနောက် ရုရှားနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေက ရုရှားခြိမ်းခြောက်မှုနဲ့ ကျူးကျော်မှုကို ဟန့်တားနိုင်ဖို့ နေတိုးအဖွဲ့ထဲဝင်မှ ဖြစ်မယ်ဆိုတာကို လက်တွေ့ကျကျလက်ခံလာ ကြပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ရုရှားနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အဆိုပါနိုင်ငံတွေရဲ့ စစ်တမ်းမှာ ပြည်သူတွေရဲက နေတိုးစစ်ရေးအဖွဲ့ထဲ ဝင်ဖို့ ထောက်ခံတဲ့ ရာခိုင်နှုန်းက အတော်လေးထိုး တက်သွားခဲ့ပါတယ်။ ယခု နေတိုးအဖွဲ့ထဲဝင်မယ်လို့ တိတိလင်းလင်းထုတ်ဖော်လိုက်တဲ့ ဖင်လန်ဆိုရင် နေတိုး အဖွဲ့ထဲဝင်ဖို့ ယခင်က ၃၀ ရာခိုင်နှုန်းဘဲရှိရာကနေ ယခုဆို ၇၀ ရာခိုင်နှုန်းကျော်အထိဖြစ်သွားခဲ့ပါတယ်။ ဖင်လန်က နေတိုးထဲ ဝင်တာနဲ့ ပတ်သက်ပြီး ပူတင်က အစဉ်အလာဖြစ်တဲ့  စစ်ဘက်ဆိုင်ရာ ဘက်မလိုက်ရေး မူဝါဒကို စွန့်လွှတ်လိုက်တာက အမှားအယွင်းတစ်ခုဖြစ်တယ်လို့ ပြောခဲ့သလို ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ် ရို့ဗ်က လက်စားချေမယ်ဆိုပြီးပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ ဖင်လန်ကိုပေးပို့နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို ရုရှားက ဖြတ်ချခဲ့ပါတယ်။

ရုရှားအရှိုက်ထိအောင် လုပ်တဲ့ဖင်လန်

သမ္မတနှစ်ဦး မေ ၁၄ ရက် စနေနေ့က တယ်လီဖုန်းဆက်သွယ်ပြောကြားချက်နဲ့ ပတ်သက်ပြီး ရုရှားအစိုးရထုတ်တဲ့ ကြေညာချက်ထဲမှာတော့ ဖင်လန်နိုင်ငံက ကြားနေရေးမူဝါဒကို စွန့်လွှတ်လိုက်တာဟာ ၂ နိုင်ငံဆက်ဆံရေး အတွက် အနှုတ်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ရုရှားသမ္မတက ဖင်လန်သမ္မတ ကို ပြောခဲ့ပြီး ဖင်လန်သမ္မတကတော့ ဒီလိုဆုံးဖြတ်ရတာဟာ ယူကရိန်းကို ရုရှားက ကျူး ကျော်ဝင်ရောက်ခဲ့တဲ့ အတွက် ဒီလိုဆုံးဖြတ်ခဲ့ရတာဆိုပြီး ထောက်ပြခဲ့တယ်ဆိုပါတယ်။ ဖင်လန်ဘက်က ရုရှားကျူးကျော်လာနိုင်မှုကြောင့် NATO အဖွဲ့ထဲဝင်ခဲ့ပေမယ့် လက်ရှိမှာ ရုရှားနဲ့ ဆက်ဆံရေးကို မူလထိန်းသိမ်းထားချင်နေတဲ့သဘောကို တွေ့ရပါတယ်။ ဒါပေမယ့် လွယ်ကူတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒီလုပ်ရပ်ကို ရုရှားက ရန်စတဲ့လုပ်ရပ်လို သဘောထားတယ်လို့ တုံ့ပြန်ထားလို့ပါဘဲ။

အဲ့ဒီရက်မှာဘဲ NATO ထိပ်တန်းသံတမန်တွေကတော့ ဖင်လန်၊ ဆွီဒင်နဲ့ တခြားနိုင်ငံတွေ NATO အဖွဲ့ထဲဝင်ဖို့ လုပ်တာနဲ့ ပတ်သက်လို့ရယ်၊ ယူကရိန်းကို ဘယ်လိုရှေ့ဆက် ထောက်ပံ့ကူညီရမလဲ ဆိုတာတွေကို ဆွေးနွေးဖို့ ဘာလင်မြို့တော်မှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ယူကရိန်းကို အကူညီပေးရေးတွေ၊ နေတိုးအဖွဲ့ထဲ ဝင်မယ့် နိုင်ငံသစ်တွေကိစ္စလည်းပါဝင်ခဲ့ပါတယ်။တူရကီက ဖင်လန်နဲ့ ဆွီဒင်တို့ နေတိုးအဖွဲ့ထဲ ဝင်တာကို သူနိုင်ငံထဲက ကာဒ့်တွေကိုထောက်ပံ့တာနဲ့ ဆွဲကပ်ပြီး ကန့်ကွက်ခဲ့ပေမယ့် တစ်ဘက်မှာ နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားချိန်မှာ ကာကွယ်ရေးကိုပါ အာမခံဖို့ နေတိုးအဖွဲ့ဘက်က တင်လာတာ ကိုတွေ့ရပါတယ်။     

ဒီရက်ပိုင်းမှာ ယူကရိန်းကို အနောက်အုပ်စုက စစ်ရေးထောက်ပံ့မှုတွေ ဆက်တိုက်လုပ်ခဲ့ရာမှာ မကြာခင်က  အမေရိကန်ကနေ ထောက်ပံ့မယ့် ဟောင်ဝစ်ဇာအမြှောက်တွေ အားလုံးနေရာချပြီးကြောင်း သတင်းတွေ ထွက်လာခဲ့သလို အီးယူကလည်း နောက်ထပ်ဒေါ်လာသန်း ၅၀၀ ထပ်ထောက်ပံ့ခဲ့ပါတယ်။ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ အမေရိကန်နဲ့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပွဲမှာဆိုရင် ယူကရိန်းက တင်ပို့နေကြ စားကုန်တွေ အာဖရိကနဲ့ အာရှဒေသတွေဆီ ရောက်အောင် သေချာလုပ်ဆောင်ဖို့ အစီအစဉ်တွေ ဆွေးနွေးခဲ့ကြပြီး ရုရှားတပ်တွေ ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်းထွက်ပေါက်တွေကို ပိတ်ဆို့ထားတာကို ဖယ်ပေးဖို့ ရုရှား အစိုး ရကို တောင်းဆိုခဲ့ပါတယ်။ ဒါအပြင် G-7 စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ရုရှားအစိုးရကို ဆက် လက်ပိတ်ဆို့မှုတွေ ထိရောက်စေဖို့အတွက် တိုးမြှင့်လုပ်ဆောင်ဖို့ ကတိကဝတ်ပြုခဲ့သလို ယူကရိန်းကိုလည်း လက် နက်အကူအညီ ဆက်ပေးသွားဖို့ ကတိပြုခဲ့ပါတယ်။ ဒီလိုအခင်းအကျင်းတွေအရ ရုရှားအတွက် အတော်လေး ခက် ခဲကြာရှည်နေဦးမယ့် သဘောရှိနေတဲ့အတွက် လတ်တလောဖြစ်လာတဲ့ ဖင်လန်ပြဿနာကို အခွင့်အရေး တစ်ခုအဖြစ် စစ်ဘောင်ကိုချဲ့မလားဆိုတဲ့ ယူဆချက်တွေ ထွက်လာနေခဲ့ပါတယ်။

ဒါဟာ ဖြစ်နိုင်ချေရှိတဲ့ယူဆချက်တွေပါဘဲ။ မကြာသေးခင်က ရုရှားနယ်စပ်နဲ့နီးတဲ့ ခါကိဗ့်မြို့က ရုရှားတပ်တွေကို စတင်ဆုတ်ခွာနေသလို လက်ရှိထိန်းထားတဲ့ နေရာတွေ၊ ထောက်ပံ့ရေးလမ်းကြောင်းတွေကိုသာ ရုရှား ဘက်က ဂရုစိုက်နေတယ်ဆိုပါတယ်။ ရုရှားဘက်က ထိုးစစ်အဟုန်က ဒွန်ဘတ်စ်ဒေသမှာ ပျောက်နေပြီး မာရီယူပိုးလ်က သံမဏိစက်ရုံကိုလည်း မသိမ်းပိုက်နိုင်သေးဘူးဆိုတဲ့သတင်းတွေထွက်နေခဲ့တာကိုတွေ့ရပါတယ်။ အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေးသတင်းတွေနဲ့ ယူကရိန်းထောက်လှမ်းရေးသတင်းတွေအရဆိုရင် ကရင်မလင်မှာ ပူတင်ကို သူ့စစ်ဗိုလ်ချုပ်ကြီးတွေက ဖြုတ်ချဖို့ ကြံစည်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေသလို ယူကရိန်းမှာ ရုရှားတပ်တွေ သုံးပုံတစ်ပုံလောက် ကျဆုံးခဲ့တာ၊ စစ်မြေပြင်မှာ တပ်အလိုက် ရုရှားတပ်တွေ ချေမှုန်းခံရတာ၊ အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ စစ်လက်နက်တွေ အားကောင်းလာတာကြောင့် ယူကရိန်းက ပြန်ပြီး ထိုးစစ်ဆင်လာတာတွေ စသဖြင့် သတင်းတွေထွက်နေခဲ့ပါတယ်။ ဘယ်သတင်းကမှန်သလဲ မှားသလဲမသိပေမယ့် ရုရှားသမ္မတပူတင်ကို လျော့တွက်ထားလို့ မရသေးတဲ့ အနေအထားပါ။

ယခု ဖင်လန်၊ဆွီဒင်နဲ့ မော်လ်ဒိုဗာလို့ ရုရှားအိမ်နီးချင်းနိုင်ငံတွေသာ နေတိုးအဖွဲ့ထဲဝင်ခဲ့ရင် ရုရှားနဲ့နေတိုး အဖွဲ့တို့ ထိပ်တိုက်တွေ့ဖို့ ဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်ပါ။ နောင်လဲတွေ့ရမယ့်အတူတူ ယခုဘဲ ယူကရိန်းကနေ ဆုတ်ခွာနေတဲ့ တပ်တွေကို ဖင်လန်ဘက်ရွေ့နေပြီလားဆိုတာ စောင့်ကြည့်နေရတဲ့အနေအထားပါ။ လက်ရှိမှာ ကြားနေခဲ့တဲ့ ဖင်လန်၊ဆွစ်ဇာလန်၊ဆွီဒင်လို နိုင်ငံတွေက နေတိုးဘက်ယိမ်းသွားပြီဖြစ်လို့ အထီးကျန်နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံးက အဖက်ဖက်မှာ ၀ိုင်းကျင်တာကိုခံနေရတဲ့ ပူတင်အတွက် အရှိုက်ကိုထိုးသလို လုပ်ခဲ့တဲ့ ဖင်လန်နဲ့နေတိုးကို ဘယ်လို လက်တုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာပါဘဲ။

မင်းထက်