【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】တတိယကမ္ဘာစစ် လက်တစ်ကမ်းအလို

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】တတိယကမ္ဘာစစ် လက်တစ်ကမ်းအလို

ယခုရက်ပိုင်းနိုင်ငံတကာသတင်းအများစုဟာ စိတ်ပျက်စရာ၊စိတ်ပူပန်စရာတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ဒီ ကြားထဲကနေ ထူးခြားမှုအဖြစ် တရုတ်ဝန်ကြီးချုပ် လာမယ့်သက်တမ်းကနေ အနားယူတာ၊ တရုတ်သမ္မတ တတိယမြောက်သက်တမ်းဆက်ယူဖို့ အားကောင်းလာတာ၊ ပါကစ္စတန်ကို အိန္ဒိယကနေ အသံထက်မြန်တဲ့ ဒုံးကျည် မတော်တဆကျရောက်တာ၊ မြန်မာကိုစစ်လက်နက်တင်ပို့နေတဲ့ ဆားဘီးယား၊ ရုရှားနဲ့တရုတ်နိုင်ငံကို ဥရောပ ပါလီမန်ရှုတ်ချတာ၊ မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်စနစ်အသစ်ဖြန့်ချခဲ့တာ၊ တရုတ်မှာ အိုမီခရွန်ကူးစက်မှုကြောင့် လူဦးရေ ၉ သန်းရှိတဲ့ ချန်ချွင်းမြို့ကို လော့ခ် ဒေါင်းချခဲ့တာ၊ ဟောင်ကောင်မှ အိုမီခရွန်ကြောင့် သေဆုံးမှုမြင့်တက်နေတာ၊ တောင်ကိုရီးယားမှာ ရှေးရိုးစွဲဝါဒီ အစိုးရရှေ့နေဟောင်း ယွမ်ဆောင်ယိုး အနိုင်ရခဲ့တာ၊ တာလီဘန်အဖွဲ့က အစ္စလာမ် ဥပဒေအတွင်းကနေ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ကတိပြုလိုက်တာ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချယ်လ်ဘချဲလ်တ် မေလအတွင်း ရှင်ကျန်း ပြည်နယ် အပါအဝင် တရုတ်နိုင်ငံကို သွားရောက်ဖို့သတင်းတွေ စတဲ့ သတိထားမိတဲ့ သတင်းတွေ ဖြစ်ခဲ့တာ ရှိပါတယ်။

 ဒီထဲမှာ ယူကရိန်းကို ရုရှားကျူးကျော်မှုက နေတိုးအဖွဲ့ဝင်ထားတဲ့ ဒေသတွင်းကို ပိုပြီးကျယ်ပြန့်လာနိုင်တဲ့ အခြေအနေရှိနေတဲ့အတွက် ဒီတစ်ပတ်မှာ ယူကရိန်းပြဿနာကနေ ဘာတွေ ဆက်ဖြစ်လာနိုင်သေးလဲ ဆိုတာကို ဆက်သုံးသပ်ဖော်ပြချင်ပါသေးတယ်။

ရုရှားဘာလဲနဲ့ ပူတင်ရဲ့ စိတ်လောဘ

ယူကရိန်းကို ရုရှားကျူးကျော်မှု ဘယ်အချိန်ရပ်မလဲ မရပ်မလဲဆိုတာ ရုရှားကို ကာလကြာရှည် ချုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ ပူတင်သာ သိမှာဖြစ်ပါတယ်။ ယခုရက်ထဲမှာဘဲ ယခင်အမေရိကန်သမ္မတဟောင်းထရမ့် က ယူကရိန်းပြဿနာဟာ တတိယကမ္ဘာစစ်အထိ ကျယ်ပြန့်လာနိုင်ခြေရှိနေတယ်ဆိုပြီး သတိပေးခဲ့တာကို တွေ့ရပါတယ်။ တောင်ကယ်ရိုလိုင်းနားမှာ ပြလုပ်တဲ့ လူထုစည်းဝေးပွဲမှာ ပြောခဲ့တာပါ။ ဒီစည်းဝေးပွဲမှာ ထရမ့်က သူသာဆက် အနိုင်ရခဲ့ရင် ပူတင်က ယူကရိန်းကို ကျူးကျော်ရဲမှာ မဟုတ်ဘူးဆိုပြီး ပြောခဲ့ပါတယ်။

ထရမ့်ပြောဆိုချက်ဟာ ကမ္ဘာ့အရေးတွေမှာ လုပ်ပုံကိုင်ပုံ ဒီမိုကရက်တစ်တွေလို မပြတ်မသား မဟုတ်တဲ့ အတွက် ထရမ့်ပြောတာဖြစ်နိုင်ခြေရှိတဲ့ အနေအထားပါ။ ပူတင်ထက် ပိုပြီးမိုက်ကမ်းတဲ့ ထရမ့်လက်ထက်မှာ ပူတင်တို့ ၊ ကင်ဂျုံုံန်တို့၊ တရုတ်က ရှီကျင့်ဖျင်တို့ ထရမ့်နဲ့ ဆက်ဆံရာမှာ အရှုးတစ်ယောက်နဲ့ ဆက်ဆံနေရသလို ဖြစ်ခဲ့ရတာကို ကြည့်ရင် ကမ္ဘာ့ဟာ တဇောက်ကန်း၊တဇောက်ကန်းချင်းမှ ထိန်းလို့ရတဲ့ အခြေအနေဆိုက်ရောက် နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။    

ဒီရက်ပိုင်း သံတမန်ရေးရာလှုပ်ရှားမှုတွေက ပိုစိပ်လာပါတယ်။ အထူးသဖြင့် ရုရှားဘက်က အမေရိကန်နဲ့ ဆွေးနွေးဖို့ စကားခေါ်နေတာတွေ တွေ့ရပေမယ့် အမေရိကန်ဘက်ကတော့ ယူကရိန်းကို စစ်လက်နက်နဲ့ တခြား သော ထောက်ပံ့မှုတွေ ပေးတာ၊ နိုင်ငံရေးအရ ရပ်တည်ပေးတာ ၊ ရုရှားစီးပွားရေးကို ထိခိုက်အောင် ပိတ်ဆို့မှုတွေ စတဲ့ သူလုပ်စရာရှိတာတွေကို သွက်သွက်လုပ်နေတာကိုတွေ့ရပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ပြီး ရက်၂၀ ထဲ ဝင်လာတဲ့အခါ ရုရှားခေါင်းဆောင်ပိုင်းနဲ့ စစ်တပ်အပိုင်းမှာ အတော်လေးကို စီမံမှုတွေ လွှဲမှားတာတွေ၊ ထင်သလိုမဖြစ်လာတဲ့ ကျူးကျော်မှုကြောင့် ကမူးရှုးထိုး ဖြစ်လာတာတွေကို ဆက်တိုက်တွေ့လာရပါတယ်။ သောကြာနေ့က ယူကရိန်းသမ္မတဇိုင်လင်စကီးနဲ့ ဖုန်းဆက်သွယ်မှုမှာ အမေရိကန်သမ္မတဘိုင်ဒင်က ယူကရိန်း ကို ဝင်တိုက်တဲ့ ရုရှား အထိနာအောင် အမေရိကန်နဲ့ မဟာမိတ်တွေ တိုးမြှင့် အရေးယူနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ တကယ်ဘဲ ဒီရက်ပိုင်းမှာ ရုရှားကို  ပိတ်ဆို့မှုတွေဆက်တိုက်ထပ်လုပ်ခဲ့ ကြပါတယ်။ အမေရိကန်၊ အီးယူဥရောပသမဂ္ဂနဲ့ အင်အားကြီး ၇ နိုင်ငံပါတဲ့ G- 7 အဖွဲ့ဟာ ရုရှားနဲ့ ပုံမှန်ကုန်သွယ်မှုကို သောကြာနေ့မှာဘဲ ဆိုင်းငံ့လိုက်ပါတယ်။ ဒ့အပြင်အမေရိကန်က ရုရှားကနေ တင်ပို့တဲ့ စိန်၊ အရက်နဲ့ပင် လယ်စာတွေကို တင်သွင်းခွင့်ရပ်ဆိုင်းခဲ့ပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စုက ပိတ့်ဆိုမှုတွေက ထိရောက် တဲ့အတွက် နိုင်ငံတိုင်းက ရေရှည်မှာ ၎င်းတို့ နိုင်ငံနဲ့ကုမ္ပဏီတွေ စီးပွားရေးတွေပါလာထိမှာကို စိုးရိမ်လို့ လက်ရှောင်ကြတဲ့ အထိပါဘဲ။ သတင်းတွေအရ ဆိုရင် ရုရှားနဲ့ အနီးကပ်ဆုံးနိုင်ငံလို့ ပြောလို့ရတဲ့ တရုတ်ကတောင် အမေရိကန် ဆန်ရှင်ကြောင့် ရုရှားကို လေယာဉ်အပို ပစ္စည်းတွေ ရောင်းချဖို့ ငြင်းဆိုခဲ့တယ်လို့ ရုရှားသတင်းဌာနတွေကဖော်ပြခဲ့ပါတယ်။ ဒါဟာ အမေရိကန်အ ခြေစိုက် Boeing နဲ့ ဥရောပအခြေစိုက် Airbus ကုမ္ပဏီတွေက ရုရှားကို လေယာဉ်အပိုပစ္စည်းတွေ ရောင်းချမှု ရပ် တန့်လိုက် ပြီးတဲ့နောက် တရုတ်ဘက်ကလည်း အလားတူ လုပ်ဆောင်တဲ့သတင်း ထွက်လာတာပါ။ဒီအတွက် ရုရှား ဘက်က တူရကီ၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေကနေ ဝယ်ယူဖို့ ကြိုးစားနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါ တယ်။

အရးယူမှုက ဒီလိုကုမ္ပဏီတွေ ၊ နိုင်ငံတွေသာမကပါဘူး။ ပူတင်နဲ့ ဆက်နွယ်တဲ့ ရုရှားက အိုဒီဂတ်လို့ ခေါ် တဲ့ ခေတ်ပျက်သူဌေးကြီးတွေပါ အလွတ်မပေးပါဘူး။ ဗြိတိန်ဆိုရင် ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန်အဘရာမိုဗစ်ချ် နဲ့ စက်မှုလုပ်ငန်းရှင် Oleg Deripaska အပါအဝင် ရုရှားနိုင်ငံက နာမည်ကြီး ဘီလျံနာသူဋ္ဌေး အများအပြားကို ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲ ပါလာပါတယ်။ အီးယူကလည်း ပူတင်နဲ့ နီးစပ်တဲ့ အစိုးရတာဝန်ရှိသူတွေ၊စီးပွားရေးသမားတွေကို ပစ်မှတ်ထားဒဏ်ခတ်မှုကို တတိယအကြိမ် ထပ်မံတိုးမြှင့်ဖို့ သဘောတူခဲ့တာရှိပါတယ်။ဒီထဲမှာ ရုရှား ဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့၊ ရုရှားအစိုးရ မီဒီယာတွေကို တားမြစ်ဖို့တွေ၊ ရေကြောင်းလုပ်ငန်းနဲ့ဘဲ လာရုစ်နိုင်ငံက ဘဏ် ၃ ခုကို နိုင်ငံတကာ ငွေပေးချေရေးစနစ်ကနေ ထုတ်ဖို့တွေအပြင် ရုရှားကိုရောင်းချခွင့် တားမြစ်လိုက်တဲ့ နည်းပညာတွေ ကုန်ပစ္စည်းတွေ စာရင်းအသေးစိတ်စာရင်းတွေ ပါဝင်ပါတယ်။ သြစတြေးလျဆိုရင်လည်း ရုရှားရဲ့ ဝါဒဖြန့်ချိရေးနဲ့ မမှန်သတင်း ထုတ်လွှင့်မှုတွေကို လုပ်ဆောင်ပေးနေသူတွေ အပါအဝင် ရုရှားရဲ့ အဓိက အကျိုးစီးပွားကို ဖော်ဆောင်ပေးနေသူ ၁၀ ဦးကို ထပ်မံ အရေးယူခဲ့ပါတယ်။  

ပြည်တွင်းဖိအား

ယူကရိန်းကိုအကြောင်းမဲ့ ကျူးကျော်မှုကြောင့် ရုရှားရလိုက်တဲ့ ထိခိုက်မှုက အတော်လေးဆိုးရွားပါတယ်။ အနောက်နိုင်ငံတွေနဲ့ ကမ္ဘာနိုင်ငံအတော်များများက ရုရှားနဲ့ စီးပွားရေးအရ ဆက်ဆံမှုကိုဖြတ်တောက်သလို ရုရှားမှာလာဖွင့်ထားတဲ့ ဆိုင်တွေ၊ လုပ်ငန်းတွေကိုဆက်တိုက် ပိတ်သိမ်းတာတွေ၊ရပ်ဆိုင်းတာတွေ ဖြစ်ခဲ့ပါတယ်။ မက်ဒေါ်နယ်လ်လို့ စားသောက်ကုန်လုပ်ငန်းကတောင်  ရုရှားနိုင်ငံတစ်ဝန်းဖွင့်ထားတဲ့ ဆိုင်ခွဲ  ၈၄၇ ကို ယာယီ ပိတ်ခဲ့ပါတယ်။ဒီမတိုင်ခင်က ရုရှားကနေ နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ apple၊samsungနဲ့ ကားကုမ္ပဏီတွေ ဖြစ်တဲ့ တိုယိုတာစတဲ့ ကုမ္ပဏီတွေ ထွက်သွားခဲ့ပါတယ်။

ဒီလိုထွက်ခွာမှုတွေနဲ့ အတူ အလုပ်လက်မဲ့နူန်းက တက်လာခဲ့တာ၊ ရုရှားစီးပွားရေးထိုးကျတာတွေက စစ်လိုလားတဲ့ ပူတင်အတွက် ရေရှည်မှာ ပြုတ်ကျသွားနိုင်တဲ့ အခြေအနေပါ။ လက်ရှိမှာ ရုရှားပြည်တွင်းဆန္ဒပြပွဲတွေ ဖြစ်နေသလို စစ်ရေးမှာလည်းထင်သလောက် မပေါက်လို့ လိုက်နာရမယ့်ကျင့်ဝတ်တောင်မလိုက်နာနိုင်တော့ဘဲ ကလေးဆေးရုံတွေ ကျောင်းတွေနဲ့ အရပ်သားပစ်မှတ်တွေကို ဒုံးကျည်ပစ်လွှတ် တိုက်ခိုက်တာတွေ၊ လေကြောင်းက တိုက်ခိုက်တာတွေ လုပ်နေတာကို တွေ့ရပါတယ်။

မကြာသေးခင်က ထွက်လာတဲ့ သတင်းတွေအရ ဆိုရင် ပူတင်က ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးဌာန အကြီးအကဲ ဆာဂျေ ဘီစီဒါ ကို ၎င်း၏ လက်ထောက် အနာတိုလီ ဘိုလ်ယုခ်နှင့်အတူ နေအိမ်တွင် အကျယ်ချုပ် ဖမ်းထားတယ်ဆိုပါတယ်။ဒါဟာ ယူကရိန်း ကျူးကျော်စစ်နှင်ပတ်သက်ပြီး ထောက်လှမ်းရေးသတင်း အတိအကျ မပေးလို့ စစ်ပွဲမှာ ထိခိုက်ကျဆုံးများနေတာကို အပြစ်လွှဲချရန် ကြိုးစားသည့် လုပ်ရပ်ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ စစ်ပွဲမှာ ရုရှားစစစ်တပ်က ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ ၁၁ ဦးတောင် ကျဆုံးခဲ့သလို မိုင် ၄၀ ရှည်တဲ့ ကိယက်ဗ်ကိုလာနေတဲ့ တင့်ကားတန်းလည်း ပျက်မတတ်ဖြစ်လို့  ပြန်စုစည်းနေရတယ်ဆိုပါတယ်။ဒါဟာ ယူကရိန်း ပြည်သူတွေက ဝမ်းမြောက်ဝမ်းသာနဲ့ ရုရှားတပ်တွေကိုကြိုလိမ့်မယ်ဆိုတဲ့ အချက်အလက်မှားတွေကြောင့် အထိနာနေရတာပါ။လက်တွေ့မှာ ယူကရိန်းပြည်သူတွေရဲ့ ကျားကုတ်ကျားခဲ ခုခံမှုတွေကြောင့် ရုရှားတပ်တွေ အထိနာနေခဲ့ပါတယ်။ ဆက်ပြီးခုခံအားကောင်းနေအောင် နေတိုးနဲ့အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက လက်နက်တွေကို လိုသမျှ ထောက်ပံ့နေသလို သောကြာနေ့က ဘိုင်ဒင်နဲ့ ဖုန်းကနေ စကားပြောခဲ့ရာမှာ ယူကရိန်း သမ္မတဇီလင်ကီးက    ရက်ပေါင်းဘယ်လောက်ကြာအောင် ဆက်လက်ခုခံတိုက်ပွဲဝင်ရမယ်ဆိုတာ မပြောနိုင်တဲ့ ဒီကျူးကျော်စစ်မှာ ဆက်ခုခံမယ်လို့ ပြောခဲ့ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုတွေက ဆက်တိုက်ဆိုသလို အရပ်သားပစ်မှတ်တွေကို ထိလာနေတာများနေပါတယ်။ ဒါဟာလည်း ယူကရိန်းကို ကျူးကျော်ရာမှာ ထည့်မတွက်ခဲ့တဲ့ တွက်ချက်မှုအမှားနှစ်ခုကြောင့် ပြည်တွင်းရော ပြည်ပမှာပါ ဖိအားတွေ မြင့်တက်နေသလို ပူတင်အတွက် သူ့ရပ်တည်မှုပါလှုပ်လာတဲ့ အနေအထားကိုရောက်လာနေ ပါတယ်။ ယူကရိန်းနိုင်ငံသားတွေ ၎င်းတို့နိုင်ငံကို ဘယ်လောက်အပြင်းအထန် ကာကွယ်ကြမလဲဆိုတဲ့ တွက်ချက်မှု အမှားအယွင်းနဲ့ စစ်ကြောင့် ပျက်စီးတဲ့ပုံရိပ်တွေ ပျံ့နှံ့နေမှုပါဘဲ။ ဒါကြောင့် ယူကရိန်းစစ်ကို မြန်မြန်အဆုံးသတ်ဖို့ ဒီရက်ပိုင်း ရုရှားတပ်တွေ မြို့တွေ ဖျက်နေတာတွေ ၊ အရပ်သားပစ်မှတ်တွေကို ထပ်တလဲလဲပစ်ခတ်နေတာတွေ  ကြောင့် အမေရိကန်က ရုရှားကို ယူကရိန်းပြည်သူနေထိုင်ရာတွေကို ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ်ဖြစ် အောင် မဟာဗျူဟာနဲ့ လုပ်လာနေတယ်ဆိုပြီး ဝေဖန်ခဲ့သလို ဂျနီဗာကွန်ဗန်းရှင်းအရ စစ်ရာဇဝတ်မှုတွေဖြစ်တယ် ဆိုပြီး သတိပေးခဲ့တာရှိခဲ့ပါတယ်။

ဒါပေမယ့် ရုရှားရဲ့လုပ်ရပ်ကို အမေရိကန်က သံတမန်ရေးအရသာ ဖိအားပေးနေတာကို တွေ့ရပါတယ်။ စစ်ပွဲကို လက်ရှောင်နေပြီး လိုအပ်တဲ့ အကူအညီမှန်သမျှကို ပေးနေတာတွေ့ရပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာ အမေရိကန်နဲ့ နေတိုးက ရုရှားနဲ့အနီးဆုံးဖြစ်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ စစ်ရေးလေ့ကျင့်တာတွေ၊ မစ်ဆိုင်းဒုံး တွေ နေရာချတာတွေ၊ ပက်ထရီယော့ ဒုံးတွေ နေရာချတာတွေ လုပ်ခဲ့တာကိုတွေ့ရပါတယ်။ ရုရှားအနေနဲ့ သူ့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေအတွက် ကာမိအောင် နေတိုးအဖွဲ့နဲ့ အမေရိကန်ကို ယူကရိန်းစစ်ထဲပါအောင် ဆွဲထည့်တာတွေ လုပ်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် ယူကရိန်းကိုကျူးကျော်တာဟာ လိုအပ်လို့ လုပ်ရတာ ဖြစ်အောင် ယူကရိန်းမှာ ဇီ၀လက်နက်ပိုးမွှားတွေ ဓာတ်ခွဲခန်းတွေ လုပ်နေတယ်ဆိုပြီး စွပ်စွဲမှုတွေလုပ်ခဲ့တာကို တွေ့ရပြီး ကုလလုံခြုံရေးကောင်စီကိုပါခေါ်ယူခဲ့ပြီး ရှင်းခိုင်းတာထိ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

ဒီစွပ်စွဲမှုကို အမေရိကန်ဘက်က ပယ်ချခဲ့သလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဘာမယ်မယ်ရရအထောက်အထားမှ မရှိဘူးလို့ ရုရှားစွပ်စွဲချက်နဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။ ဒီလိုစွပ်စွဲချက်ပေါ်ထွက်လာပြီးမှာ အမေရိကန် ဘက်က ရုရှားဟာ ယူကရိန်းမှာ စစ်ပွဲကိုမြန်မြန် အဆုံးသတ်ဖို့ ဇီ၀လက်နက်ကို အသုံးပြုနိုင်တယ်ဆိုပြီး သတိပေး မှုတွေ လုပ်ခဲ့ပါတယ်။ ဒီနောက်မှာ ရုရှားက ပိုလန်နယ်စပ်နဲ့နီးတဲ့  ယူကရိန်းအနောက်ဘက် စစ်အခြေစိုက်စခန်း ဖြစ်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးစင်တာ (ICPS) ကို တနင်္ဂနွေနေ့ ပဲ့ထိန်းဒုံးနဲ့ ပစ်ခတ်ခဲ့လို့ ၃၅ ဦးသေဆုံးပြီး ၁၃၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပိုလန်နဲ့လည်း ၁၅ မိုင်လောက်ပဲ ဝေးတဲ့ ဒီနေရာပစ်ခတ်ခံရတဲ့အတွက် ရုရှား တပ်တွေရဲ့ ပစ်ခတ်မှု တစုံတရာ လွဲချော်ခဲ့ရင် ပိုကျယ်ပြန့်တဲ့ စစ်မက် ဖြစ်ပွားလာနိုင်တာ အခြေအနေထိရှိ နေ ခဲ့ပါတယ်။

တကယ်လို့ ပိုလန်နယ်မြေထဲကျလာရင် ဘာဖြစ်လာနိုင်သလဲ။ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဖြစ်တဲ့ ဂျိတ်ဆူလီဗန်က တကယ်လို့ ရုရှားပစ်ခတ်မှုက NATO ပိုင်နက်ထဲ ကျလာမယ်ဆိုရင် NATO မဟာမိတ်တွေ က တုံ့ပြန်ကြမှာ ဖြစ်တယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။ ဒီရက်မှာဘဲ ရုရှားဘက်က သတင်းတွေ ဆက်ထွက်လာခဲ့ပါ တယ်။ရုရှားဘက်က ယူကရိန်းမြို့တွေကို သိမ်းနိုင်တယ်ဆိုပေမယ့် သတင်းတွေထဲမှာ မလီတိုပေါမှာ ယခင်မြို့ တော်ဝန်ကို ရုရှားတပ်တွေက ပြန်ပေးဆွဲပြီး ရုပ်သေးမြို့တော်ဝန်ကို တင်ခဲ့ပါတယ်။ဒါကိုကြည့်ချင်းအားဖြင့် ရုရှား အနေနဲ့ ယူကရိန်းကိုသိမ်းပြီး သူဩဇာခံအစိုးရကို တင်ဖို့ စိတ်အားသန်နေတဲ့သဘောပါဘဲ။ ဒီလို ဖြစ်လာဖို့ ဆိုတာ ယူကရိန်းကို မြန်မြန်သိမ်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လက်ရှိမှာ မဖြစ်လာပါဘူး။ ထင်တာထက် ကြာသွား တဲ့အတွက် ရုရှားအနေနဲ့ ယူကရိန်းကို အလျင်အမြန်သိမ်းနိုင်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းကို သုံးနေတဲ့ ပုံစံပေါက်နေ ပြီး ကြာလာရင် ပြည်တွင်းစီးပွားရေးယိုင်လဲတာက ပိုအထိနာမှာမို့ စစ်မက်ကျယ်ပြန့်အောင် လုပ်ဖို့ ၊နောက်ဆုံး ဇီ၀လက်နက်နဲ့နူကလီးယား၊ တတိယကမ္ဘာစစ်အထိဖြစ်အောင်  နေတိုးအဖွဲ့ဝင်နိုင်ငံတွေအထိ တိုက်ခိုက်မှုတွေ ဖြစ်လာဖို့ ကြံနေတဲ့ အနေအထားတွေ့နေရပါတယ်။

အစောပိုင်းကတော့ ယူကရိန်းကို ဝင်တိုက်ရင် အနောက်နိုင်ငံတွေအနေနဲ့ ရုရှားက ရနေတဲ့ ရေနံကြောင့် လက်ရှောင်ကြလိမ့်မယ်လို့ ယူဆထားပုံရပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှား ရေနံတင်သွင်းမှုကို ပိတ်ချတဲ့အပြင် ကန့်သတ်မှုတွေ အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ ဒီထက်ပိုပြီး အနောက်အုပ်စုက ရုရှားနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ အီရန်၊ ဗင်နီဇွဲလားတို့လို အမေရိကန်က စီးပွားရေးပိတ်ဆို့ထားတဲ့ နိုင်ငံ တွေ ဆီကနေ ရေနံရယူဖို့ သဘောတူညီချက်ယူလာတဲ့အခါ ရုရှားအနေနဲ့ ဒီစစ်ကိုအဆုံးသတ်ဖို့ခက်ခဲလာတဲ့ အနေ အထားဖြစ်လာခဲ့ပါတယ်။ ဒီအတွက် ရုရှားအနေနဲ့ တရုတ်ဘက်ကို စစ်ရေးအကူအညီတောင်းတဲ့ သတင်းတွေ ထွက်လာသလို အမေရိကန်ကလည်း ရုရှားကို တရုတ်က စစ်ရေးကူညီရင် စီးပွားရေးကူညီရင် ကူညီတဲ့နိုင်ငံပါ ဆိုးရွားတဲ့ အကျိုးဆက်ပါရင်ဆိုင်ရမယ်ဆိုပြီး သတိပေးခဲ့ပါတယ်။

လက်ရှိမှာ ရုရှားအနေနဲ့ ယူကရိန်းကိုကျူးကျော်တဲ့ စစ်ကိုအဆုံးသတ်ဖို့ ခက်နေသလို  အမေရိကန်နဲ့ ညှိနိုင်းဖို့ လမ်းကြောင်းကလည်းရှာဖို့ ခက်နေပါတယ်။ အမေရိကန်က ဒီရုရှားကို ပြိုလဲအောင်လုပ်တဲ့ ဗျူဟာက အလုပ်ဖြစ်နေတဲ့အတွက် တရုတ်နဲ့ ထွက်ပေါက်ရှာတဲ့ လမ်းကိုပါပိတ်ပြီး အပြီးသတ်နိုင်ဖို့ ကြိုးစားနေတာကိုတွေ့ရပါတယ်။ ယူကရိန်းကို ရုရှားသိမ်းနိုင်ရင်တောင် ဆက်ထိန်းထားနိုင်မှာမဟုတ်တဲ့အတွက် ပူတင်အဖို့ စစ်နွံထံ နစ်ခြင်းပါဘဲ။ ဒီနွံထဲ အမေရိကန်နဲ့ နေတိုးကိုဆွဲထည့်နေပေမယ့် ဝင်လာဖို့ မလွယ်သလို လက်ရှိ စစ်အခင်းအကျင်းအရ တကယ်ဖြစ်လာရင် နေတိုးနဲ့အမေရိကန်စစ်ရေးကြောင့် ရုရှားအထိနာဖို့ များနေပါတယ်။ ဒ့အပြင် တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်နေတဲ့ ဒီအခင်းအကျင်းထဲ တရုတ်ကို ဆွဲထည့်ဖို့  ကြိုးစားနေတဲ့ ရုရှားကြောင့် စစ်က ကျယ်ပြန့်လာဖို့က သေချာနေပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ရှေ့ရက်တွေမှာ ရုရှားပစ်ခတ်မှုစမလား၊စပြီဆို စစ်ဟာ ဒေသတွင်းစစ်ကနေ ကမ္ဘာစစ်ထိ ကျယ်ပြန့်သွားဖို့ များနေပါတယ်။ ကမ္ဘာအတွက် မနက်ဖြန်ဆိုတာ ပူတင်ရဲ့ စိတ်ရူးပေါက်မှုအပေါ် ရှိနေတာက စိတ်မသက်မသာစရာပါ။   

မင်းထက်