【တစ်ပတ်အတွင်းနိုင်ငံတကာသတင်း သုံးသပ်ချက် 】တတိယကမ္ဘာစစ်လို့ပြောရအောင် ရုရှားအထိနာနေပြီလား

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်း သုံးသပ်ချက် 】တတိယကမ္ဘာစစ်လို့ပြောရအောင် ရုရှားအထိနာနေပြီလား

ဒီတစ်ပတ်သတင်းတွေ အတော်များများက စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေခြည်းပါဘဲ။ဒီထဲမှာ တရုတ်ရှန်ဟိုင်းမှာ ကိုဗစ်ကူးစက်မှုသတင်းတွေ၊ သီရိလင်္ကာနိုင်ငံက ပြည်ပကြွေးမြီတွေမဆပ်နိုင်လို့ ဒေဝါလီခံ လိုက်တဲ့ သတင်းတွေ၊ ပါကစ္စတန်မှာ ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်တဲ့ သတင်းတွေ၊ ကိုရီးယားကျွန်းဆွယ် အရှေ့ ဘက်ရေပြင်ထဲကို မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တဲ့သတင်းတွေ ၊ဂျေရုဆလင်မှာ  ဧပြီလ ၁၅ ရက်အစောပိုင်းက အစ္စရေးရဲတပ်တွေနဲ့ ပါလက်စတိုင်းအရပ်သားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့လို့ ပါလက်စတိုင်း ၅၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေ၊ပြင်သစ်လက်ယာစွန်းခေါင်းဆောင် မာရင်းလီပင်းက သမ္မတ အဖြစ် အရွေးခံရရင် နေတိုးအဖွဲ့နဲ့ ရုရှား မဟာဗျူဟာမြောက် အပြန်အလှန်ဆက်ဆံဖို့အတွက်  ပြန်ချဉ်းကပ်သွားမယ်လို့ ပြောခဲ့တဲ့သတင်းတွေ၊ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မြေပြိုမှုတွေနဲ့ ရေကြီး ရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၅၆ ဦး သေဆုံးပြီး ၂၈ ဦး ပျောက်ဆုံးနေတဲ့သတင်းတွေလို စိတ်ဝင်စားစရာ သတင်းတွေ ရှိခဲ့ပါတယ်။ 
 
ဒါပေမယ့် ဧပြီ ၁၆ ရက်မှာ ရုရှားအစိုးရပိုင် Rossiya 1 ရုပ်သံ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ အိုလ်ဂါစကာ ဘေယီဆိုသူအမျိုးသမီးတစ်ဦးက ယူကရိန်းကို ရုရှားဆင်နွဲနေတဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ဒီလိုကြာမြင့်နေတာဟာ နေတိုးကိုရင်ဆိုင်ပြီး တတိယကမ္ဘာစစ်ထဲ ရောက်နေလို့ဆိုပြီး ပြောခဲ့တဲ့အတွက် နိုင်ငံတကာမှာ ပွက်လော ရိုက်ခဲ့သလို  ယခုတစ်လော အမေရိကန်နဲ့ အနောက်အုပ်စုအပေါ် ရုရှား က မကြာခဏဆိုသလို ပြောနေတာ တွေက ပြန်သတိထားစရာဖြစ်လာခဲ့ပါတယ်။ 
 
ဒီတစ်ပတ်မှာ တတိယကမ္ဘာစစ်ဆိုတာကို အခြေခံပြီး ပြောရလောက်အောင် အမေရိကန်နဲ့ နေတိုးအဖွဲ့က ယူကရိန်းကို လက်နက်ထောက်ပံ့နေတာတွေက ရုရှားကို အထိနာနေပြီလားဆိုတာ ပြန်သုံးသပ်ဖို့ အကြောင်းအရာ ဖြစ်လာပါတယ်။ ဒီလို ယူဆစရာဖြစ်လာရအောင်လည်း ဒီရက်ပိုင်းမှာ ယူကရိန်းသမ္မတဇီလင်စကီးက ရုရှားတွေ ကျူးကျော်စစ်မှာ ထင်သလိုဖြစ်မလာခဲ့ရင် နျူကလီးယားလက်နက်သုံးနိုင်တယ်ဆိုပြီး ပြောခဲ့တာရှိခဲ့ပါတယ်။ ဒီလို သုံးနိုင်ဖွယ်ရှိနေလို့ ကမ္ဘာအနေနဲ့ နျူကလီးယားစစ်အန္တရာယ်ကို ပြင်ဆင်ထားဖို့ သတိပေးခဲ့ပါတယ်။
 
ယူကရိန်းလက်ချက်လား/ပေါက်ကွဲမှုလား
 
ကရိုင်းမီးယားမှာ အခြေစိုက်ထားတဲ့ ပင်လယ်နက်ရေတပ်အုပ်စုက ရုရှားရဲ့အထင်ကရခရူဇာစစ်သင်္ဘော Moskva ယူကရိန်းနပ်ပ်ကျွန်းဒုံးကျည်လက်ချက်နဲ့ ရေအောက်နစ်မြုပ်ရတဲ့အထိ ဖြစ်ခဲ့ပြီးမှာ ရုရှားရဲ့ စစ်ဘက်ဆိုင်ရာအရည်အသွေးက ဆန်းစစ်စရာဖြစ်လာခဲ့ပါတယ်။ ခရူဇာဖျက်သင်္ဘောနစ်မြုပ်မှုဟာ ယူကရိန်းလက်ချက်လား၊ ရုရှားဘက်က ထုတ်ပြန်သလို သင်္ဘောပေါ်မှာ ပေါက်ကွဲမီးလောင်မှုတွေဖြစ်လို့ နစ်မြုပ်ခဲ့တာလားဆိုတာ မကွဲပြား သေးပေမယ့်  ရုရှားဘက်က ဒီစစ်သင်္ဘောနစ်မြုပ်ပြီးနောက် တတိယကမ္ဘာစစ်ဖြစ်နေပြီဆိုပြီး နေတိုးအဖွဲ့ကိုပါ စစ်ထဲဆွဲသွင်းနေတဲ့ အနေအထားအရဆိုရင် ဒါဟာ ယူကရိန်းဘက်က ထုတ်ပြန်သလို နပ်ပကျွန်းဒုံးကျည်လက်ချက်မိ သွားပုံရပါတယ်။ 
 
ဒီမတိုင်ခင်ကလည်း  ယူကရိန်းနယ်စပ်အနီး ရုရှားပိုင်နက်ထဲက ရေနံချက်စက်ရုံ ယူကရိန်းတိုက်ခိုက်ရေး ရဟတ်ယာဉ်လက်ချက်ကြောင့် အကြီးအကျယ်ပျက်ဆီးခဲ့ပါသေးတယ်။ ဒါကို ယူကရိန်းကို ရုရှားက တစ်ဘက် စောင်းနင်းလက်စားချေမယ်ဆိုပြီး အဲဒီတုန်းက ခြိမ်းခြောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အခုလည်း ယူကရိန်း ဒုံးကျည်ထိမှန်ပြီး အကြီးအကျယ်ထိခိုက်ခဲ့တဲ့ Moskva ခရူဇာဖျက်သင်္ဘောနစ်မြုပ်အပြီးမှာ တတိယကမ္ဘာ့ စစ်ဖြစ်နေပြီဆိုတဲ့ ရုရှားပြောဆိုမှုကိုကြည့်ရင် ရုရှားအနေနဲ့  နောက်ထပ် စစ်ဘောင်ကိုချဲ့နေပြီလားဆိုတာ နိုင်ငံတကာ စစ်ရေးလေ့လာအကဲခတ်သူတွေက ခန့်မှန်းမှုတွေ ရှိနေပါတယ်။ 
 
ယူကရိန်းကို ကျူးကျော်မှု ရက်ကြာလာလေ အနိုင်ရဖို့ထက် ကိယက်ဗ်ကနေ ဆုတ်ခွာရပြီး ထိခိုက်ဆုံးရှုံး မှုတွေ၊ စီးပွားရေးအရ ပိတ်ဆို့မှုတွေကြောင့် ထင်တိုင်းမဖြစ်တဲ့ စစ်တပ်တွေရဲ့ထုံးစံအတိုင်းလက်နက်မဲ့ အရပ်သား တွေကို လက်လွတ်စပယ်သတ်ဖြတ်တာတွေ ကျူးလွန်လာတာကို တွေ့နေရပါပြီ။ ဒီလို စစ်ရေးအရ ဆုတ်ယုတ်မှုနဲ့ ရင်ဆိုင် နေရတဲ့ သမ္မတပူတင်နဲ့ ရုရှားခေါင်းဆောင်တွေ စိတ်ပျက်လာကြမယ်ဆိုရင် သူတို့ရဲ့ မဟာဗျူဟာမြောက် နျူကလီယားလက်နက် ဒါမှမဟုတ် အပျော့စား နျူကလီယားလက်နက်တွေကို ထုတ်သုံးလာနိုင်ခြေရှိတယ် ဆိုပြီး အမေရိကန်ထောက်လှမ်းရေး CIA အကြီးအကဲကတော့ သတိပေးထားပါတယ်။ 
 
တကယ်ဘဲ သုံးနိုင်ခြေရှိလားဆိုတာကို ပြန်ဝေဖန်ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ထင်ထင်ရှားရှားကို တွေ့ ရမှာက ပူတင်ဟာ ကတိမတည်တဲ့သူ၊ သတ်ဖြတ်တာကို ခုံမင်တဲ့ သူဆိုတာ တွေ့ရမှာပါ။ ဖေဖေါ်ဝါရီ ၂၄ ရက်မတိုင်ခင်ထိ ယူကရိန်းကို ဝင်မတိုက်ဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ ဝင်တိုက်ခဲ့သလို နောက်မှာ ယူကရိန်းလူမျိုးဆိုတာ မရှိဘူးဆိုတဲ့ သဘောမျိုး၊ ယူကရိန်းဆိုတာ ရုရှားရဲ့ဩဇာခံအဖြစ်ပြောခဲ့တာတွေကို ကြည့်ရင် ပူတင်ဟာ ဘာမဆို လုပ်မယ့်သဘောရှိနေပြီး နိုင်ငံတကာကျင့်ဝတ်တွေ၊နိုင်ငံတွေရဲ့အချုပ်အခြာပိုင်နက်တွေ၊  လူသားချင်းစာနာထောက်ထားမှု စတာတွေကို သိပ်ပြီး ကြည်တဲ့သူမဟုတ်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ 
 
လက်ရှိမှာ တစတစပေါ်လာတဲ့ ဘူချာနဲ့ ကိယက်ဗ့်အနီးနားက မြို့တွေမှာ အရပ်သားတွေ ရာနဲ့ချီပြီး အသတ်ခံခဲ့ရတာကိုကြည့်ရင် ကမ္ဘာဟာ ဟစ်တလာလို့ စစ်သွေးဆာနေတဲ့ အာဏာရှင်တစ်ယောက်ကို ထပ်ရင်ဆိုင်နေရပြီဆိုတာ အားလုံးသတိပြုမိနေတဲ့ အနေအထားပါ။ ဒါကြောင့်လည်း ရုရှားကျူးကျော်တပ်တွေကို ရင်ဆိုင်နေရတဲ့ ယူကရိန်းသမ္မတ ဇီလင်စကီးက ရုရှားက နျူကလီးယားလက်နက်တွေ အသုံးပြုလာနိုင်ခြင်း အတွက် ကမ္ဘာကြီးက အသင့်ပြင်ထားသင့်တယ်ဆိုပြီး CNNနဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပါတယ်။ 
 
ဒါတွေကို ထောက်ရှုပြီး ကြည့်မယ်ဆိုရင် ရုရှားအနေနဲ့ ့ရဲ့ အထင်ကရ စစ်သင်္ဘောကြီးဖြစ်တဲ့ Moskva ဖျက်ဆီးခံလိုက်ရတဲ့အတွက် အရှက်ရပြီး  နျူကလီးယားလက်နက်ကို သုံးဖို့ ဖြစ်လာနိုင်ချေဟာ အတော်လေးများ နေတာကို တွေ့ရပါတယ်။ ကောက်ချက်ဆွဲလို့ရမယ်ဆို  သူလုပ်ချင်သလို လုပ်နေတာခံနေရတဲ့ ယူကရိန်းလက်ချက်နဲ့ သူရဲ့ စစ်သင်္ဘောဖျက်ဆီးခံရတာ နေတိုးရဲ့ အကူအညီကြောင့်ဆိုတဲ့ သံသယ ရုရှားမှ ရှိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။
 
ရုရှားရဲ့ ရာဇသံများ
 
မကြာခင်က နေတိုးအဖွဲ့ကနေ စည်းဝေးမှုတွေလုပ်ခဲ့ပါတယ်။ရုရှားရဲ့ ဘူချာနဲ့ ကိယက်ဗ်မြို့ ဝန်းကျင်က အစုလိုက်အပြုံလိုက် ပစ်သတ်ခံထားရတဲ့ အရပ်သားအလောင်းတွေကို တွေ့ရှိပြီးတဲ့နောက်မှာ ရုရှားနဲ့ နယ်နိမိတ် ဆက်စပ်နေတဲ့ ဖင်လန်၊ဆွီဒင်လိုနိုင်ငံတွေက ကာလကြာရှည်စွာ စွဲကိုင်ထားတဲ့ ကြားနေမှုတွေကိုစွန့်လွှတ်ပြီး နေတိုးအဖွဲ့ထဲ ဝင်ဖို့ တရားဝင်ကြိုးစားလာပြီဖြစ်ပါတယ်။ ဒါဟာ ရုရှားအတွက် ခုတ်ရာတလွဲ ရှရာတခြားဖြစ်တဲ့ ဖြစ်ရပ်ဖြစ်ပြီး ပူတင်အတွက် ကျရှုံးမှုပါဘဲ။ ပတ်ဝန်းကျင်နိုင်ငံတွေကို ယူကရိန်းမှာ သတ်ပြဖြတ်ပြခြင်းအားဖြင့် သူ ဩဇာအာဏာအောက် အညံ့ခံဝင်လာဖို့ ရည်ရွယ်တာဖြစ်ပေမယ့် ပူတင်ရဲ့ ရက်စက်မှုဟာ အနောက်ဥရောပနဲ့ အရှေ့ဥရောပဆိုပြီး ခွဲခြားလို့မဖြစ်နိုင်ဘဲ အတူပေါင်းပြီးခုခံမှ လွတ်မြောက်မယ်ဆိုတာကို ယူကရိန်းမှာဖြစ်နေတဲ့ စစ် က သက်သေပြလိုက်ပြီ ဖြစ်လို့ နေတိုးအဖွဲ့ရဲ့ ဩဇာအာဏာက ပိုပြီးကြီးမားလာနေခဲ့ပြီ ဖြစ်ပါတယ်။ 
 
ဒါကြောင့်လည်း ရုရှားက ဆွီဒင်နဲ့ ဖင်လန်သာ  နေတိုးအဖွဲ့ထဲကိုဝင်ရင် ပိုလန်နဲ့ လစ်သူအေးနီးယားကြား က ရုရှားပိုင် Kaliningrad မြို့ရှိရာ ဘောလတစ် ပင်လယ်မှာ ကြည်း၊ ရေ၊ လေ တပ်တွေကို အင်အားတိုးချဲ့မှာ ၊ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ် မစ်ဇိုင်းဒုံးတွေနဲ့ နျူကလီယား လက်နက်တွေ ချထားဖို့ လုပ်မှာဆိုပြီး မက်ခ်ဒီဗက်ဒ် က ခြိမ်းခြောက်ခဲ့ပါတယ်။ ရုရှားရန်ကြောက်လို့ နေတိုးအဖွဲ့ထဲ ဝင်ဖို့ ကြိုးစားတာကို ထပ်ခြိမ်းခြောက်တဲ့အတွက် ဖင်လန်နဲ့ဆွီဒင်အတွက် နေတိုးအဖွဲ့ထဲ ဝင်ဖို့က အရေးကြီးလာပါတယ်။ ခြိမ်းခြောက်မှုတွေကြားက ဖင်လန်ဝန်ကြီးချုပ်ကတော့ လာမယ့်သီတင်းပတ်တွေမှာ ဒီကိစ္စကိုဆုံးဖြတ်မယ်ဆိုပြီး အတိအလင်း ပြောခဲ့ပါတယ်။ 
 
ရုရှားအနေနဲ့ ယူကရိန်းကိုအလွယ်တကူရမယ်ထင်ပြီး ကျူးကျော်မှုက အလုပ်မဖြစ်တာကြောင့် ယူကရိန်း ကို လက်နက်နဲ့စစ်ရေးအထောက်အပံ့ပေးနေတဲ့ နေတိုးနဲ့ အနောက်အုပ်စုကို သတိပေးမှုတွေလုပ်ခဲ့ပါတယ်။ ဒီလို ရာဇသံပေးမှုဟာ ဧပြီ ၁၃ ရက်မှာ ဘိုင်ဒင်က ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ သန်း ၈၀၀ ထပ်ထောက်ပံ့ဖို့လုပ်ခဲ့တဲ့အတွက် ရုရှားဘက်က အမေရိကန်ကိုကန့်ကွက်ခဲ့ပြီး လက်နက်ဆက်ပို့နေရင် မခန့်မှန်းနိုင်တဲ့ အကျိုးဆက်တွေ ရှိလိမ့်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန်က ယူကရိန်းကို ထောက်ပံ့ကူညီမယ့်ထဲမှာ ၁၅၅ မီလီမီတာ ဟော်ဝစ်ဇာအမြောက်တွေနဲ့ လက်နက်တပ်ဒရုန်း ၃၀၀ ကျော် အပါအဝင် စွမ်းဆောင်ရည်မြင့်တဲ့လက်နက်တွေ ယူကရိန်းကို ထောက်ပံ့ဖို့ ပထမဆုံးသဘောတူခဲ့တာဖြစ်လို့ ရုရှားအတွက် အတော်လေးကို အထိနာမ့ ထောက်ပံ့မှုလည်း ဖြစ်ပါတယ်။ 
 
ဒါပေမယ့် ဒီလို ကန့်ကွက်ပေမယ့် ရုရှားကိုယ်တိုင်က မိုက်ကြေးခွဲပြီး ယူကရိန်းကို ကျူးကျော်နေတာမို့ ရုရှားကန့်ကွက်ချက်ကို အမေရိကန်က အရေးမစိုက်သလို လက်နက်တင်ပို့မှုကလည်း နှေးကွေးစရာမရှိတဲ့ အတွက် ရုရှားက ဘယ်လိုတုံ့ပြန်မလဲဆိုတာသာ စောင့်ကြည့်ရမယ့်အခြေအနေပါ။ အမေရိကန်ဘက်ကတော့ ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်ဖွဲ့သာ တကယ်အားကောင်းနေမယ်၊စစ်ရေးသာနေတယ်ဆိုရင် ဒီလိုသတိပေးစာ ပေးစရာအကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ တကယ်ဘဲ ရုရှားတပ်တွေ အခြေအေနမကောင်းဘူးလားဆိုတာ စိတ်ဝင်စားစရာပါ။ 
 
ရုရှားဘက်က ဆက်တိုက်ဆိုသလို သတိပေးလောက်ရအောင် အနောက်အုပ်စုနဲ့ အမေရိကန်ရဲ့ လက်နက်ထောက်ပံ့မှုဟာ ရုရှားကို စစ်ရေးရည်မှန်းချက်ကို ရိုက်ချိုးသလို ဖြစ်ခဲ့တယ်ဆိုတာ ကိယက်ဗ့်ကနေ ရုရှားတပ်တွေ ပြန်ဆုတ်ခွာခဲ့ရတာကို အဖြေပါဘဲ။ ရုရှားရဲ့ ကနဦးထိုးစစ်ကို ယူကရိန်း ခုခံရာမှာ အနောက်တိုင်းက ပေးပို့ခဲ့တဲ့ လက်နက်တွေက အထောက်အကူ ဖြစ်ခဲ့ပါတယ်။ မကြာခင် ဒွန်ဘတ်စ်ဒေသမှာ ဖြစ်တော့မယ့် အဆုံးအဖြတ် တိုက်ပွဲ အတွက်လည်း အနောက်တိုင်းလက်နက်တွေဟာ အဓိကအခန်းကဏ္ဍက ပါဝင်မယ့်ပုံ ရနေပြီး ယူကရိန်းထဲ ဒီလို လက်နက်တွေစီးဝင်နေမှုအပေါ် နှေးကွေးသွားအောင် ရုရှားစစ်တပ်က အနည်းငယ်ပဲ လုပ်ဆောင်နိုင်ခဲ့လို့ ရုရှားအနေနဲ့ လက်နက်စီးဝင်တဲ့ နိုင်ငံတွေကို ပစ်မှတ်ထားရန်ရှာလာတဲ့ အနေအထားပါ။ အမေရိကန်က နောက်ဆုံးထောက်ပံ့မယ့် သန်း ၈၀၀ အကူအညီထဲမှာ ရဟတ်ယာဉ်တွေနဲ့ ၁၅၅ မီလီမီတာ အမြောက်တွေ၊ ဟမ်းဗွီးဂျစ် ကားတွေ၊ ရေတပ်သုံး ဒရုန်းတွေအပြင် ဓာတုဇီဝ နျူကလီးယားနဲ့ ရေဒီယိုသတ္တိကြွ အကာအကွယ် ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ စွမ်းရည်မြင့်မားပြီး ထိရောက်တဲ့ လက်နက်တွေပါဝင်လို့ ယူကရိန်းအရှေ့ပိုင်းမှာ လုပ်မယ့် ရုရှားထိုးစစ်ကို ယူကရိန်းချေမှုန်းဖို့ အံဝင်ခွင်ကျ အသုံးတည့်ပါလိမ့်မယ်ဆိုပြီး  ဘိုင်ဒင်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ကိယက်ဗ်ကနေ ဆုတ်ခွာပြီး ဒွန်ဘတ်စ်ကို အာရုံစိုက်ပြီးသိမ်းဖို့ ကြံစည်နေတဲ့ ရုရှားအတွက် သတင်းဆိုး ပါဘဲ။
 
ဒီရက်ပိုင်းမှာ သတင်းတွေက အများကြီးထွက်နေသလို အမေရိကန်နဲ့ အနောက်အုပ်စုကလည်း ရုရှားရဲ့ စစ်ရေးကျူးကျော်မှုက နေတိုးပိုင်နက်ထဲ ဝင်လာနိုင်တဲ့အတွက် ပြင်ဆင်နေတာတွေ တွေ့ရပါတယ်။ ရုရှားကလည်း ယခုထိသိမ်းယူလို့မရသေးတဲ့ မာရီယူပိုးလ်မြို့ကို အသေအလဲ ပစ်ခတ်နေသလို ဧပြီ ၁၈ ရက်နောက်ဆုံးထားပြီး လက်နက်ချဖို့ ယူကရိန်းတပ်တွေကို ရာဇသံပေးထားတာကိုတွေ့ရပါတယ်။ လက်ရှိမှာ ဒီမြို့က သံမဏိစက်ရုံမှာ ပိတ်မိနေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ရုရှားတပ်တွေက ၀ိုင်းထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပိတ်ဆို့မှုတွေကြောင့် ပိတ်မိနေတဲ့ မြို့ခံတွေ စားနပ်ရိက္ခာပြတ်တောက်နေတယ်ဆိုတဲ့ သတင်းတွေသာ ကြားနေရပါတယ်။ 
 
မာရီယူပိုးလ်မြို့ကို ဒီနေ့မှာ ရုရှားတပ်တွေက သာလွန်အင်အားနဲ့ချေမှုန်းမလား၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်မလား၊ အဆင့်နိမ့်နျူကလီးယားလက်နက်သုံးပြီး ပစ်ခတ်မလားဆိုတာ ကြည့်ရမှာပါ။ ခန့်မှန်းမှုတွေအရဆိုရင် ကိယက်ဗ်ကို နျူကလီးယားလက်နက်နဲ့ ပစ်ခတ်ဖို့ ပထမဦးစားပေးဖြစ်ပေမယ့် ယခုလတ်တလော ရာဇသံအရ မာရီယူပိုးလ်ဆိပ်ကမ်းမြို့ကို  ရေမြုပ်သွားတဲ့ ခရူစစ်သင်္ဘော Moskvaအတွက် လက်စားချေပြတဲ့အနေနဲ့ အမှုန့် ချေပြဖို့ ပြင်နေတဲ့အတွက် ပထမဆုံး နျူကလီးယားလက်နက်ပစ်မှတ်က မာရီယူပိုးလ်ဖြစ်နိုင်နေပါတယ်။ မာရီယူ ပိုးလ်ကိုသာ ပစ်ခဲ့မယ်ဆိုရင် ခေတ်သစ်နျူကလီးယားစစ်ပွဲကို ဒီတစ်ပတ်မှာ စမြင်ရဖို့ရှိပါတယ်။ ရုရှားအတွက် သမားရိုးကျစစ်ပွဲမှာ ကျရှုံးမှုတွေကြောင့် အရှက်တကွဲဖြစ်မှုတွေအတွက် နူလက်နက်ကို သုံးဖို့ဆိုတာ လက်တကမ်းမှာ ဖြစ်သွားနိုင်ချေရှိနေပြီဖြစ်ပါတယ်။ 
 
 
မင်းထက်