【 ဆောင်းပါး 】အမျိုးသားနေ့အောင်ပွဲ ၁၀၂ နှစ်ပြည့်မြောက်ပြီ

【 ဆောင်းပါး 】အမျိုးသားနေ့အောင်ပွဲ ၁၀၂ နှစ်ပြည့်မြောက်ပြီ

ယနေ့သည့် အမျိုးသားနေ့ (ဝါ) အမျိုးသားနေ့အောင်ပွဲ ၁၀၂နှစ်ပြည့်မြောက်သည့် အချိန်ကာလဖြစ်သည်။ ကာလသက်တမ်းအားဖြင့် နှစ်တစ်ရာကျော်လာသည့်အချိန်ထိ ဖြစ်ခဲ့သည့်အဖြစ်အပျက်များကို ထမ်းပိုး လာခဲ့သည့် စိတ်ဓာတ်ပြင်းပြမှုက လွတ်လပ်မှုနှင့် မြန်မာလူမျိုးထိုက်တန်မှုရှိ/မရှိကိုပြနေလေသည်။ ၂၀၁၈ခုနှစ် တွင် အမျိုးသားနေ့မှ အမျိုးသားအောင်ပွဲနေ့ အဖြစ် ပြောင်းခဲ့သော်လည်း သဘောနှင့် အနှစ်သာရကား မပြောင်းလဲ ခဲ့ပေ။ သမိုင်းဆိုသည်မှာ အမည်နာမမည်သို့ပြောင်းသည်ဖြစ်စေ အချိန်ကာတိုက်စားသည့်အခါ အဖြစ်မှန်အတိုင်း ရှိလာရစမြဲဖြစ်လေသည်။

ငယ်စဉ်က အမျိုးသားနေ့ဆိုလျှင် တံဆိပ်ခေါင်းလေးတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေလေ့ ရှိသည်။ အမျိုးသားနေ့ဆိုသည်ကို ငယ်စဉ်ကတည်းက သိထားစေရန် တန်ဖိုးထားတတ်စေရန် မူလတန်း တတိယတန်း မြန်မာဖတ်စာတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့ အဖြစ်သတ်မှတ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြသည်။

သို့သော် ပြီးခဲ့သည့် နှစ်များတွင် ကပ်ဘေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် အမျိုးသားနေ့ ရာပြည်နှင့် ၁၀၁ နှစ်ပြည့်တို့မှာ အကျဉ်းချုံးကာ ပြုလုပ်ခဲ့ရသည်ကိုတွေ့ရသည်။ ထိုသည်ကပဲ အမျိုးသားနေ့၏ထူးခြားသည့် သရုပ်သကန်ပဲ ဖြစ်လိမ့်မည် ဖြစ်လေသည်။ အမျိုးသားနေ့ဆိုသည်မှာ ဖိနှပ်ချုပ်ချယ်မှုကို ကျောင်းသားများက ဦးဆောင်ကာ တော်လှန်ကြသည့်နေ့ထူးနေ့မြတ်ကိုခေါ်ဝေါ်သမုတ်ကြခြင်းဖြစ်သည်။

ထိုနေ့သည် ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန် တက္ကသိုလ် ဥပဒေကို ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်( ယုဒသန်)ကောလိပ် ကျောင်းသားများသည် ကန့်ကွက် သပိတ်မှောက် ဆန္ဒပြခဲ့သော နေ့ကြီးဖြစ်သည်။ နယ်ချဲ့ဗြိတိသျှ အစိုးရသည် ၎င်းတို့၏ ကိုလိုနီယန္တရား ကောင်းစွာ လည်ပတ်စေရန်အတွက်ရည်ရွယ်သည့် တက္ကသိုလ် အက်ဥပဒေကြမ်းကြီးကို ၁၉၂၀ ဇူလိုင်လ (၁၂) ရက် ဘုရင်ခံ၏ ကောင်စီအစည်းအဝေးတွင် တင်သွင်း၍ အဆိုပြုခဲ့ရာ ဇူလိုင်လ ၁၈ရက်နေ့ မြန်မာနိုင်ငံပြုပြင်ရေး အသင်းကြီးသည် အစည်းအဝေးကို ချက်ချင်းခေါ်ယူကာရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ခဲ့ကြလေသည်။ မန္တလေးမြို့ တွင်လည်း လူထုအစည်းအဝေးကြီးက နယ်ချဲ့အစိုးရ၏ ခေတ်နောက်ပြန်ဆွဲသော လုပ်ဆောင်ချက်များနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ဗြိတိသျှမင်းကြီး မတ်ဟန်းတား ကို ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆို ဆန္ဒပြလာကြသည်။

သြဂုတ်လ (၁) ရက်နေ့တွင် YMBA ခေါ် ဗုဒ္ဓကလျဏယုဝအသင်းကြီးက ကြီးမှူး၍ ဂျူဗလီဟောတွင် ရန်ကုန်မြို့ လုံးကျွတ် အစည်းအဝေးကြီးကို ကျင်းပကာ အချက်နှစ်ချက်ဖြစ်သည့် (၁) ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အများပြည်သူများ မကြိုက်ကြသောကြောင့် ၁၉၂၀ သြဂုတ်လတွင် ကျင်းပမည့် ဥပဒေပြုအဖွဲ့က ဒိုင်အာခီ အုပ်ချုပ်ရေးစနစ် စတင်မည့် ၁၉၂၃ အထိ ဆိုင်းငံ့ထားရန်။(၂)နောင်အခါ ပညာတတ်များနည်းပါးစေရန် ရည်စူးပြီး ထိုဥပဒေကို ထုတ်ခဲ့သော ဗြိတိသျှမင်းကြီး မတ်ဟန်းတားအား မြန်မာနိုင်ငံမှာ ပြောင်းရွေ့ပေးရန်တောင်းဆိုခဲ့ကြသည်။ ထိုကန့်ကွက်တောင်းဆိုချက်များကို လျစ်လျူပြီး ၁၉၂၀ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဗြိတိသျှ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ရန်ကုန်အက်ဥပဒေကို ထောက်ခံခဲ့ပြီး အိန္ဒိယဘုရင်ခံ ချမ်းစဖို့ဒ်က အတည်ပြုရန် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် ၁၉၂၀ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ရန်ကုန်ကောလိပ်ကျောင်းသားများ ဖြစ်ကြသည့် ကိုဘခင်၊ကိုဘိုးကွန်း၊ကိုဘဦး၊ကိုအောင်ဒင်၊ကိုထွန်းဝင်း၊ကိုဖေသိန်း၊ကိုဘရှင်(သံတွဲ)၊ကေညီပိတ်၊ကိုဘရှင် (ထားဝယ်)၊ကိုလှတင်နှင့် ကိုမောင်အေးတို့သည် ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်တွင် စုဝေးပြီး ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန် ပြုခဲ့ကြသည်။

ထို့နောက် ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ (၅) ရက်တွင် တက္ကသိုလ်ကျောင်းသားကြီးများ ဦးဆောင်သော ပထမကျောင်းသားသပိတ်စတင်ခဲ့ရာ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်သို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့ပြီး ကိုလိုနီ ပညာရေးစနစ်ကို အာခံသည့် အမျိုးသားကျောင်းများမြန်မာနိုင်ငံအနှံ့ပေါ်ပေါက်လာခဲ့သည်။  

သပိတ်မှောက်မှုများဖြစ်ပွားပြီးနောက် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၁ မှ ၂၄ ရက်နေ့အထိ မန္တလေးမြို့ တာရဲတန်းရပ် ငါဟဲ့ဆန်စက်ဝင်းအတွင်းရှိ မဏ္ဍပ်ကြီးတွင် ကျင်းပခဲ့သော ဂျီစီဘီအေ အသင်းကြီး၏ နဝမအ ကြိမ် မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် အမျိုးသားနေ့သတ်မှတ်ရန် စတင်ဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးကြရာတွင် အင်္ဂလိပ် သူရိယသတင်းစာမှ ဦးတုတ်ကြီး တင်ပြသည့် သီပေါမင်း နန်းကျသည့် ပါတော်မူနေ့၊ ပျဉ်းမနား ဧလာမှ ဦးဒွေး တင်ပြသည့် ဦးဥတ္တမ ထောင်ကျသောနေ့၊ ပထမ ကျောင်းသားသပိတ်တွင် ပါဝင်သည့် ကိုမြင့်တင်ပြ ဆွေးနွေးသည့် ကျောင်းသားများ အင်္ဂလိပ်အစိုးရ၏ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်လက်နက် စတင်စွဲကိုင် တော်လှန်သည့်နေ့၊ တစ်နေ့နေ့ကို သတ်မှတ်ရန် အကြမ်းသဘောတူကြသည်။

ထိုနောက် သပိတ်မှောက်ကောင်စီဝင် ကိုမြင့်က နန်းကျသောနေ့နှင့် ထောင်ကျသောနေ့သည် မင်္ဂလာမ ရှိ၍ နယ်ချဲ့ဗြိတိသျှ ပထမဦးဆုံး ထိထိရောက်ရောက် သပိတ်မှောက်ခဲ့သော တန်ဆောင်မုန်းလဆုတ် ၁၀ရက် နေ့ကိုသာ အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း အဆိုပြုကြရာ အားလုံးက သဘောတူညီထောက်ခံခဲ့ကြ၍ အမျိုးသားနေ့ကို စတင်သတ်မှတ်ခဲ့လေတော့သည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပထမဆုံးအမျိုးသားနေ့အတွက် လေးချိုးကြီး အဖြစ် ဘဟန်းသူမ ကုမ္မာရီ နေရှင်နယ်ဒေး ဘွဲ လေးချိုးကြီးကို စပ်ဆိုခဲ့ရာ - အေးဆုမြတ်လှုံ ယမုံသောင်ရေကမ်းပေပ၊ လေးဆူဓာတ်ပုံ ဒဂုံတောင်ခြေစခန်းတွင်မှ နောင်အရှည်မနွမ်း ပြောင် သရေလျှမ်းဝေသောရယ်လို့  ဇောစိတ်ပဋ္ဌနာ(အိုရှင်) အောင် မြေဗဟန်းဆီက ၊ညောင်သပြေပန်းတွေနဲ့ အောင်ဝေ မှန်း ပါတဲ့ ကောလိပ်ပါ ဟု အစချီကာ ပါရမီပြောင်ပြောင်   အကဲရယ်နဲ့   မကြာမီအခေါင်စွဲရအောင်ပ (အမယ်မင်း) အနှောင်မမြဲစေရ မှောင်ထဲက ထရမယ့် မြန်မာ့သဘင်အခါ ရွေးကြတဲ့ (အိုရှင်)ချောင်ထဲက တကာမတွေတောင်မှ  နောင်အထဲလှစေမယ့် အောင်ပွဲအစ  ပထမမင်္ဂလာဒေးဟု စပ်ဆိုခဲ့သည်။

ဆရာကြီးမင်းသုဝဏ်ကလည်း အမျိုးသားနေ့နှင့်ပတ်သက်ပြီး ၁၉၃၅ ခုနှစ် နိုဝင်ဘာလထုတ် ကြီးပွား ရေးမဂ္ဂဇင်းတွင်-

အမျိုးသားအောင်ပွဲနေ့  မင်္ဂလာခွန်းဆက် ခေါင်းစဉ်ဖြင့် -

အိုးဝေတဲ့ ညံညံ။

ရွှေဒေါင်းပျို တောင်ညိုဦးမှာ

ကျူးရင့်အောင်သံ။

အောင်ပွဲရယ်ခံ

နိုင်ငံတဲ့သာရေး။

မင်္ဂလာ စည်တော်ရွှမ်းချိန်မို့

ခွန်းချိုဆက်တေး။ …. အမျိုးသားနေ့ကို ရေးသားဂုဏ်ပြုခဲ့သည်။

မြန်မာကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် (၁၀) ရက် ခရစ်နှစ် ၁၉၂၀ ဒီဇင်ဘာလ (၅) ရက် တနင်္ဂနွေနေ့တွင်  တစ်ညီတစ်ညွတ်တည်းစိတ်ဖြင့် အင်အားကြီးမားသည့် ကိုလိုနီနယ်ချဲ့ကို ကျောင်း သားများက သပိတ်လက်နက်ဖြင့် တိုက်ခိုက်ခဲ့ရာမှ လက်ဆင့်ကမ်းကာ လွတ်လပ်ရေးရသည်အထိ အောင်ပွဲခံနိုင်ခဲ့သည်။

ယခု အမျိုးသားနေ့အောင်ပွဲ နှစ်တစ်ရာကျော်လေပြီ။အရာရာက ခေတ်ကာလတိုက်စားမှုနှင့် အတူ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တုန်းက စည်ကားစွာ ကျင်းပခဲ့သည့် အမျိုးသားနေ့ အောင်ပွဲများမှာ အတိတ်တွင် လွမ်းဆွတ်ဖွယ် ကျန်ခဲ့လေပြီ ဖြစ်သည်။

 

 မောင်ဦးလွင်