【 ဆောင်းပါး 】“ ဘီလူးကျွန်းသား ချွေးတပ်ပြေးများ”

【  ဆောင်းပါး  】“ ဘီလူးကျွန်းသား ချွေးတပ်ပြေးများ”

သေမင်းတမန်ရထားလမ်းဟု လူသိများခဲ့သည်။စာအုပ်ခေါင်းစဉ်အပြည့်အစုံမှာ ‘သေမင်းတမန်ရထားလမ်းခေါ်  ထိုင်း မြန်မာမီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း’ဖြစ်သည်။ဆရာလင်းယုန်သစ်လွင် ရေးသားပြီး ၁၉၆၈ ခုနှစ်ကတည်းက ထုတ်ဝေခဲ့သောစာအုပ်ဖြစ်သည်။
 
 
စာအုပ်ပါအဖြစ်အပျက်မှာ ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်သည်။ အတိအကျဆိုရသော်  ၁၉၄၂-၁၉၄၅ ခုနှစ် အထိ မြန်မာနိုင်ငံ၊မွန်ပြည်နယ်သံဖြူဇရပ်မြို့မှ ထိုင်းနိုင်ငံ၊ဘန်ပေါင်ဘူတာအထိ ၁၇၅ မိုင် ရှည်လျားသော ရထားလမ်းကို ဂျပန်တို့ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။သေမင်းကို ငယ်သူငယ်ချင်းပမာ နေ့စဉ် လည်ပင်းဖက်ပေါင်းသင်းကာ ရထားလမ်းဖောက်လုပ်ရခြင်းကြောင့် သေမင်းတမန်ရထားလမ်း ဟုခေါ် ဆိုခြင်းဖြစ် သည်။
 
 
မည်သူတို့က သေမင်းကိုလည်ပင်းဖက်ပေါင်းသင်းခဲ့ရသနည်း။ ရထားလမ်းဖောက်လုပ်သော အလုပ်သမားတို့ဖြစ်သည်။ ထိုအလုပ်သမားများကို ချွေးတပ်သားဟုခေါ်သည်။ မြန်မာဘက်ခြမ်း ရထားလမ်းဖောက်လုပ်ရန် မြန်မာတစ်ဝန်းမှ ချွေးတပ်သားတစ်သိန်းခုနှစ်သောင်းခုနှစ်ထောင်စုဆောင်းခဲ့သည်ဟုသိရသည်။သံဖြူဇရပ်မရောက်မီ လမ်းခုလတ်တွင် ထွက်ပြေးသွားသူ လေးသောင်းဝန်းကျင်။ထိုစာရင်းကိုအတည် ယူမည်ဆိုပါက ရထားလမ်းလုပ်ငန်းခွင်ထဲသို့ ချွေးတပ်သားတစ်သိန်းသုံးသောင်းခုနှစ်ထောင်ရောက်ရှိခဲ့သည်။
 
 
ဗြိတိသျှနိုင်ငံခြားရေးရုံး၏ ၁၉၄၅ခုနှစ် အောက်တိုဘာ၇ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် မြန်မာချွေးတပ်သားပေါင်း ရှစ်သောင်းကျော်သေကြေခဲ့သည်ဟုဆို၏။စစ်သင်္ချိုင်းကော်မရှင်ကမူ ချွေးတပ်သားသုံးသောင်းမှရှစ်သောင်းအထိ သေကြေခဲ့သည်ဟုခန့်မှန်းသည်။
 
ထိုစာရင်းထဲတွင် စစ်သုံ့ပန်းချွေးတပ်သားများမပါ။ စစ်သုံ့ပန်းများမှာဗြိတိသျှ၊သြစတြေးလျနှင့်ဒတ်ချ် တို့ဖြစ်သည်။စစ်သင်္ချိုင်းကော်မရှင်က မြန်မာ-ထိုင်းနှစ်ဖက်စလုံးတွင်အသုံးပြုခဲ့သည့်စစ်သုံ့ပန်းများအနက် ၁၃၅၀၀ထက်မနည်းသေကြေခဲ့ကြောင်းခန့်မှန်းသည်။
 
ဆိုတော့ သေဆုံးကိန်းဂဏန်းနှင့်ပင် သေမင်းတမန်ရထားလမ်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ဘာ့ကြောင့် ဒီလောက်သေဆုံးခဲ့ရသလဲဆိုတော့ သေလုမျောပါးအလုပ်ပင်ပန်းကြပြီး လုံလောက်သည်ဆိုရုံအာဟာရ ပင်မစားသောက်ရသောကြောင့်ဖြစ်သည်။ပြီးတော့ နေရသည့်နေရာမှာလည်း ကိုယ့် ဘာသာ တဲတန်းရှည်ကြီးထိုးကာ စုပေါင်းနေရသည်။ချွေးတပ်သားတို့ခမျာ ဘာ့ကြောင့် ဒီလောက် အသေအပျောက်များသော လုပ်ငန်းခွင်သို့ လိုက်လာကြသနည်း။
 
အနည်းစုသောချွေးတပ်သားတို့ထဲမှ ပထမတစ်မျိုးမှာ ရပ်ထဲရွာထဲအလုပ်ကလည်းမရှိ၊ဂျပန်ခေတ် စံတင်လောက်သည့် ဆင်းရဲခြင်းဒဏ်ကိုလည်း ခံနေရသဖြင့် ယင်းအပေါ်အခြေခံကာ ဂျပန်ဝါဒဖြန့်မှုအား အဟုတ်ကြီးမှတ် လိုက်ခဲ့ခြင်းဖြစ်သည်။ဂျပန်တို့က ရထားလမ်းဖောက် စခန်းသို့ရောက်လျှင် အဝတ်ကောင်းကောင်းရမည်၊အစားကောင်းရမည်၊အခကြေးငွေလည်းကောင်းမည်။ဂျပန်သို့ရောက်လိုလျှင် ရောက်ဦးမည်။ ပြီးတော့ လုပ်ငန်း ကာလတစ်နှစ်ပြည့်လျှင် ကိုယ့်မြို့ကိုယ့်ရွာသို့ ပြန်လိုပါက ပြန်ပို့ပေးမည်ဟုဆိုသဖြင့် ကိုယ့်သဘောနှင့်ကိုယ် ပျော်ပျော်ကြီးလိုက်ခဲ့ခြင်းဖြစ်သည်။တချို့က အိမ်သို့မပြန်မီ ယိုးဒယား သို့ဝင်ကာ ဘန်ကောက်လုံချည်တောင်သွားဝယ်ခဲ့ဦးမည်ဟု စိတ်ကူးယဉ်ကြသေးသည်။
 
 
ကိုယ့်သဘောနှင့်ကိုယ်လိုက်ခဲ့သော နောက်တစ်မျိုးမှာ တစ်ပါးသူကိုယ်စားအခကြေးငွေယူကာ လိုက်ခဲ့ခြင်းဖြစ်သည်။ဂျပန်တို့ ချွေးတပ်သားစုဆောင်းရာတွင် မြို့အလိုက်ရွာအလိုက် လူဦးရေအပေါ်မူတည်ကာ ခွဲတမ်းချတာမျိုးလည်းရှိသည်။ဥပမာ-မိမိတို့ရွာမှ ချွေးတပ်သားမလိုက်မနေရ ၁၀ယောက်ခွဲတမ်းကျ လျှင် ရွာထဲ၌ မဲနှိုက်သည်။မဲကျသည့်အိမ်က ချွေးတပ်ထဲလိုက်။တချို့ကငွေရှိပြီးမလိုက်နိုင်သဖြင့် သူတို့ ကိုယ်စားလိုက်ရန် ငွေပေးဌားသည်။ဆင်းရဲသားအချို့မှာ ငွေလိုချင်သဖြင့် ဖြစ်ချင်ရာဖြစ် လိုက်ကြခြင်းဖြစ်သည်။
 
 
ချွေးတပ်သားအများစုကြီးမှာမူ မလိုက်ချင်ဘဲ လိုက်ခဲ့ရသူများဖြစ်သည်။တချို့ကသူကြီးနှင့်မတည့် သဖြင့်၊ငွေရှင်မြေရှင်အချို့က သူမတည့်သောသူ ချွေးတပ်ထဲပါအောင် အာဏာပိုင်များကို လာဘ်ထိုးခဲ့သဖြင့်၊တချိုက အာဏာပိုင်တို့၏မျက်မုန်းကျိုးမှုခံရသဖြင့်။တချို့မှာ ကံဆိုးလှသဖြင့် ချွေးတပ်ဆွဲတာနဲ့ တည့်တည့်တိုးသဖြင့်။ပြောရလျှင် ချွေးတပ်သားအများစုမှာ တစ်နည်းနည်းသောအဓမ္မဒဏ်ကြောင့် ချွေးတပ်သားဘဝသို့ရောက်ခဲ့ခြင်းဖြစ်သည်။
 
 
သေမင်းတမန်ရထားလမ်းစာအုပ်ရေးသားသူ ဆရာလင်းယုန်သစ်လွင်မှာ ညောင်တုန်းမြို့သားဖြစ်ပြီး ကိုယ့်သဘောနှင့်ကိုယ် ချွေးတပ်ထဲသို့ ရင်ကော့ဝင်ခဲ့သူဖြစ်သည်။သို့သော်၊ဆရာလင်းယုန်သစ်လွင်သည် သာမန်ချွေးတပ်သားမဟုတ်။ချွေးတပ်သားတို့၏အကြီးအမှူး ဝါဒဖြန့်ချိရေးမှူးဖြစ်သည်။
 
 
ဝါဒဖြန့်ချိရေးမှူးဆိုသည်မှာ ချွေးတပ်သားတို့အလုပ်လုပ်ချင်အောင်စည်းရုံးလှုံ့ဆော်ပေးရသူ၊ချွေး တပ်သားများကို အုပ်ချုပ်ရသူ။ထို့ကြောင့် သီးသန့်ရိက္ခာရပြီး ကိုယ်တိုင်အလုပ်ကြမ်းမလုပ်ရသူမို့ အနူတောထဲတွင် လူချော။သို့သော်၊ဂျပန်စိတ်နဲ့မတွေ့လျှင် ချက်ချင်း ချွေးတပ်သားဘဝရောက်သွားနိုင်သလို ဝမ်းရောဂါကဲ့သို့ ကူးစက်ရောဂါမျိုး ချွေးတပ်စခန်းထဲဝင်လျှင် ခေါက်ခနဲသေသွားနိုင်ပါသည်။
 
 
ဆရာလင်းယုန်သစ်လွင်သည် ဝါဒဖြန့်ချိရေးမှူးအဖြစ် ချွေးတပ်သားတို့နှင့်အတူနေကာ ချွေးတပ်သားတို့စားရသည်ထက် အနည်းငယ်အူစိုကာ သီးသန့်စားခဲ့ရသည်။ထို့ကြောင့် အလုပ်မပန်း၊အသက်မသေဘဲ ချွေးတပ်သားတို့၏ဘဝကို ကိုယ်တိုင်ခံစားသိရှိခဲ့သလို ချွေးတပ်သားများကဲ့သို့ပင် ဘယ်တော့အိမ် ပြန်ရမည်မှန်းမသိသောဘဝဖြင့် မှောင်မိုက်ခဲ့ရသည်။
 
 
ထို့ကြောင့် ရထားလမ်းပြီးသည့်အချိန်တွင် ထိုင်းနယ်စပ်ဘုရားသုံးဆူအနီး၊တပ်ဒိန်စခန်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ထိုင်းဘက်ခြမ်းမှ မော်လမြိုင်သွားမည့်ရထား ညဘက်တွင် တပ်ဒိန်စခန်းသို့အရောက် ရထားပေါ်ခိုးတက်စီးခဲ့ခြင်းဖြစ်သည်။မော်လမြိုင်ရောက်ပြီးနောက် မုတ္တမသို့သင်္ဘောစီး။မုတ္တမ-ရန်ကုန် ရထားစီး။ထို့နောက်ညောင်တုန်း သို့ မော်တော်ထပ်စီးကာ ချွေးတပ်သားဘဝကို မသေမပျောက် နိဂုံးချုပ်နိုင်ခဲ့သည်။
 
 
ဆရာလင်းယုန်သစ်လွင်ကဲ့သို့ ထွက်ပြေးခဲ့သူများလည်းရှိသည်။ကျန်းမာရေးမကောင်းသော ချွေးတပ်သားများကို မော်လမြိုင်သို့ပြန်ပို့တာလည်းရှိသည်။မော်လမြိုင်မှသည် ကိုယ့်ရပ်ကိုယ့်ရွာသို့ ကိုယ့်ဘာသာပြန်။တချို့လည်းတောင်းရမ်းစားသောက်ရင်း ပြန်ကြရာ လမ်းခရီး၌ပင် သေဆုံးသွားခဲ့သည်။ကံကောင်း သူတချို့မှာမူ သူများရပ်ရွာတွင် ခေတ္တခိုရင်း အိမ်ထောင်ကျ။တချို့က ခေတ္တခိုအနားယူ ဆေးကုပြီးမှ ကိုယ့်ရပ်ရွာသို့ပြန်။ကိုယ့်ရပ်ကိုယ်ရွာပြန်ရင်း လမ်းခရီး၌သေဆုံးသူ ချွေးတပ်သားထောင်နှင့်ချီရှိသည်ဟု ဆရာ လင်းယုန်သစ်လွင်ကယူဆသည်။
 
 
ထိုသို့ ကိုယ်တွေ့ဖြတ်သန်းခဲ့သမျှ သွန်ချခဲ့သော ဆရာလင်းယုန်သစ်လွင်၏စာအုပ်ကို ဂျပန်ဘာသာ ဖြင့်ပြန်ဆိုခဲ့သလို မြန်မာနိုင်ငံတွင်လည်း ဒီဘက်ခေတ်ထိတိုင် အကြိမ်ကြိမ်ပုံနှိပ်ရသည်အထိအောင်မြင်ခဲ့သည်။အင်မတန်စိတ်ဝင်စားစရာကောင်းသော စာအုပ်၊လောကဓံပေါင်းသောင်းခြောက်ထောင်နှင့် ဖက်ဆစ်ဝါဒ၏အဓိပ္ပါယ်ကို အကောင်းဆုံးဖော်ပြနိုင်သောစာအုပ်။ စာသမားလောကတွင် မဖတ်ဖူးလျှင် တစ်ခေတ်နောက်ကျသွားသည့်ပမာ ဖတ်ကိုဖတ်ဖူးသင့်သည်ဆိုသောစာအုပ်။ထိုသို့သောစာအုပ်ကို ကျနော်အသက် ၂၀မပြည့် မီက စတင်ဖတ်ခဲ့ဖူးခြင်းဖြစ်သည်။ယခုထိုစာအုပ်ဖတ်ခဲ့ဖူးခြင်း အနှစ်၃၀ပြည့်ရန် သိပ်မလိုတော့သည့်အချိန်တွင် အနည်းဆုံး၁၀ခေါက် ဖတ်ခဲ့ဖူးပြီးသောစာအုပ်လည်းဖြစ်သည်။
 
 
ဘာ့ကြောင့်ဒီလောက် ဖတ်ခဲ့သလဲဟုမေးပါက စာအုပ်ကိုကြိုက်ရုံတင်မက ကျနော့်ဘိုးဘွားတို့သည်လည်း ချွေးတပ်နှင့်ပတ်သက်ခဲ့ရသောကြောင့်ဟုထင်၏။ပြောရလျှင် ဂျပန်ခေတ်ချွေးတပ်ဆိုသည်ကို ကျနော်လူမှန်းသိစအရွယ်ကတည်းက အိပ်ယာဝင်ပုံပြင်ပမာ ကြားခဲ့ရဖူးသည်။
 
 
ကျနော့်အဖေဘက်က ကျနော့်အဘွား ပြောပြခဲ့သော ပုံပြင်ဟုဆိုသည့်တကယ့်အဖြစ်အပျက်ထဲက တစ်ခု။ဂျပန်ခေတ် ချွေးတပ်ဆွဲနေစဉ်ကာလကဖြစ်သည်။ကျနော်တို့ဘီလူးကျွန်းတွင် ချွေးတပ်လည်းဆွဲ၊မ လိုက်မ နေရခွဲတမ်းစနစ်ကိုလည်း လက်ခံရ။ရပ်ထဲရွာထဲ မည်သူမှမလိုက်ချင်သဖြင့် ကံဆိုးသူခံ မဲနှိုက်တော့ ကျနော့်အဘွားမိသားစုမဲပေါက်ခဲ့သည်။
 
 
ကျနော်တို့ချောင်းဆုံတွင် ချွေးတပ်ဆွဲပုံမှာ လူချည်းသက်သက်မဟုတ်။မဲပေါက်သောအိမ်သည် လူ တစ်ယောက်၊နွားနှစ်ကောင်နှင့်လှည်းတစ်စီးဖြင့် ချွေးတပ်ထဲ လိုက်ရသည်။ချွေးတပ်စခန်းတွင် သူတို့၏တာဝန်မှာ လှည်းဖြင့် မြေသယ်၊သစ်ပင်သယ်စသည့် လှည်းဖြင့်လုပ်ရသောအလုပ်မျိုးဖြစ်သည်။ကိုယ့်လှည်း ကိုယ့်ဘာသာထိန်းသိမ်း၊ ကိုယ့်နွားကိုယ့်ဘာသာအစာရှာကျွေး။ လူကိုတော့ သာမန်ချွေးတပ်သားများ အတိုင်း မသေရုံတမယ်ကျွေးသည်။
 
 
ကျနော့်အဘွားမိသားစုမှာ လူဌားစရာပိုက်ဆံမရှိသဖြင့် အစ်ကိုအကြီးဆုံးဦးသာဟန်ကို ချွေးတပ်သားအဖြစ် မျက်လုံးစုံမှိတ်လက်ခံလိုက်ရသည်။ဦးသာဟန်နှင့်အတူ မဲပေါက်မိသားစုမှ သူ့အပေါင်းအသင်း ၄-၅ယောက်။ချွေးတပ်ထဲ အချိန်မည်မျှကြာသလဲမသိ။လှည်းနှင့်နွားများကိုထားခဲ့ကာ သူတို့ထွက်ပြေးပြန် ရောက်လာတော့ လူရုပ်တောင်မပေါ်တော့ဟု အဘွားကပြောပြသည်။
 
 
လူရုပ်မပေါ်တော့သည့်အခြေအနေမို့ ချွေးတပ်ထဲ အနည်းဆုံးတစ်နှစ်လောက်ကြာမည်ဟုထင်၏။ အဘွားကမူ တော်တော်လေးကြာမှ ရွာပြန်ရောက်လာကြသည်ဟုဆို၏။ ချွေးတပ်ထဲကအကြောင်း အဘွားကိုထပ်မေးကြည့်တော့ အဘွားဘာမှမသိ။
 
 
‘ဘိုးသာဟန်ရော သူ့သူငယ်ချင်းတွေရော ချွေးတပ်ကနေထွက်ပြေးပြီး ရွာပြန်ရောက်တဲ့အချိန်ကစပြီး ထူထူထောင်ထောင်ပြန်ဖြစ်ဖို့ ၆လလောက် ဆေးကုရတယ်။ချွေးတပ်အကြောင်း သူတို့ပြန်ရောက်ကတည်းက တစ်ခွန်းမှ မပြောကြဘူး။သူတို့ချင်းစကားပြောလည်းအဲဒီအကြောင်း မပြောဘူး။ပြည့်ဖုံးကားချ လိုက်ကြတယ်။’ဟု အဘွားကဆိုတော့ ကျနော်နားမလည်။
 
 
ဘာ့ကြောင့် ချွေးတပ်အကြောင်း သူတို့ပြန်မပြောကြသနည်းဟု အဘွားကိုမေးကြည့်တော့ အဘွား လည်းမဖြေနိုင်။ကျနော်မူလတန်းအရွယ်ထိ ဘိုးသာဟန်ရှိသေးသော်လည်း မမေးရဲသဖြင့် မမေးခဲ့မိ။ဆရာ လင်းယုန်သစ်လွင်စာအုပ်ကို ဖတ်ပြီးမှသာလျှင် အင်မတန်ကြောက်စရာကောင်းသော အဖြစ်အပျက်များကို သူတို့ထပ်မတွေးချင်။ထပ်မပြောချင်တော့သဖြင့် ဘဝမှာတစ်ခါမှမဖြစ်ခဲ့ဖူးသလိုသဘောထားကာ ရေငုံနှုတ်ပိတ်နေလိုက်ကြပုံရသည်ဟု ကျနော်ထင်မိသည်။
 
 
ကျနော့်၏ထင်မြင်ချက်မှာ ဘယ်လောက်မှန်၊မမှန်မသိ။ကျနော်တွေ့ခဲ့ဖူးသော ချွေးတပ်သားမှာ ဘိုးသာဟန်တစ်ဦးတည်းသာ။ ဖဆပလခေတ် ချောင်းဆုံငြိမ်းချမ်းရေးညီလာခံသို့ ဆရာလင်းယုန်သစ်လွင် ရောက် ရှိစဉ် ချောင်းဆုံမှသခင်ကျော်စိန်နှင့်မုရစ်ကြီးရွာသား သခင်အောင်ဒွေးတို့က ချွေးတပ်ပြေးများ ဘီလူးကျွန်းသို့ ရောက်လာခဲ့ဖူးပြီး တချို့သေ၊တချို့ သူတို့ရပ်ရွာသို့ပြန်၊တချို့လည်း ဘီလူးကျွန်းသူနှင့်အိမ်ထောင်ကျကာ မြေးပင်ရနေကြပြီဟု ပြောကြားခဲ့ဖူးကြောင်း သိရသည်။
 
 
ချွေးတပ်ပြေးများ ဘယ်နှယ့်ဘယ်လို ဘီလူးကျွန်းသို့ရောက်လာသလဲမသိ။ဘီလူးကျွန်းနှင့် သံဖြူဇရပ်သည် သိပ်မဝေးလှသော်လည်း လမ်းကတခြားစီ။သေမင်းတမန်ရထားလမ်းသည် ရေးမြို့ဘက်အထွက် သံဖြူဇရပ်မြို့စွန်မှစတင်သည်။သံဖြူဇရပ်မြို့၏ဒီဘက်အစွန်သည် မော်လမြိုင်ဘက်အထွက်။မော်လမြိုင်-သံဖြူဇရပ်ကားလမ်းသည် အင်္ဂလိပ်ခေတ်ကတည်းက ရှိနှင့်ပြီးဖြစ်ပြီး ယနေ့ခေတ် လမ်းကောင်းနေပြီဖြစ်၍ ကားဖြင့် ၂နာရီဝန်းကျင်ကြာမောင်းရသည်။မော်လမြိုင်ရောက်ပြီး ဘီလူးကျွန်းသို့လာလိုလျှင် သံလွင်မြစ်ဖြတ် သင်္ဘော စီးရသည်။ဘီလူးကျွန်းမှရှေ့ဆက်စရာ တခြားမြို့မရှိ၊ကပ္ပလီပင်လယ်သာရှိသဖြင့် ရေပတ်လည် ဝိုင်းလျက်ရှိပြီး တကူးတကန့်လာမှရောက်မည့် ဘီလူးကျွန်းသို့ ချွေးတပ်သားများ ဘာ့ကြောင့်ရောက်လာ ကြသနည်း။
 
 
တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ ဘီလူးကျွန်းသား ချွေးတပ်ပြေးတို့၏ ဖိတ်ခေါ်မှုအရ ဘီလူးကျွန်း၌ ခေတ္တခိုလှုံရန် ရောက်ရှိလာခြင်းဖြစ်နိုင်သည်။ဘိုးသာဟန်တို့တစ်သိုက် ချွေးတပ်မှပြေးလာရာမှာတော့ ဧည့်သည်ပါလာသည်ဟုမကြားမိ။
 
ဘီလူးကျွန်းသို့ ချွေးတပ်ပြေးမည်မျှ ခေတ္တလာခိုသလဲမသိ။ဘီလူးကျွန်းသားချွေးတပ်သား မည်မျှရှိ ပြီး မည်မျှသေဆုံးသွားသလဲမသိ။ဆရာလင်းယုန်သစ်လွင်စာအုပ်ကို ဖတ်ပြီးတိုင်း ဘီလူးကျွန်းသားချွေးတပ် သားများအကြောင်း သိချင်စိတ် ပြင်းပြခဲ့သော်လည်း ကျနော်ဘာမှမသိ၊မေးစရာလူမရှိ။
 
ချွေးတပ်သားဟောင်း ဘိုးသာဟန်အကြောင်းပင် အနည်းငယ်မျှသာကျနော်သိခဲ့သည်။ ယခုဆို ချွေးတပ်သားများအားလုံး အသက်အရွယ်အရ သေဆုံးကုန်ပြီမှာသေချာသည်။  
 
 
ငြိမ်းဆက်