【 ဆောင်းပါး 】 “အမျိုးသားနေ့နှင့် ညီညွတ်ခြင်းအကျိုးတရား”

【 ဆောင်းပါး 】 “အမျိုးသားနေ့နှင့် ညီညွတ်ခြင်းအကျိုးတရား”

နယ်ချဲ့ဗြိတိသျှကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်သောနေ့ဖြစ်သည့် ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အစွဲပြုကာ အမျိုးသားနေ့အဖြစ် ၁၉၂၁ ခုနှစ်တွင် ဒီဇင်ဘာလအတွင်း မန္တလေးမြို့၌ ကျင်းပသော ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံကြီး၌ သတ်မှတ်ခဲ့ကြသည်မှ ပြန်တွက်လျှင် အမျိုးသားနေ့မှာ ယခုနှစ်ဆို ၁၀၁ နှစ်ရှိပြီ ဖြစ်သည်။
 
ကိုလိုနီစနစ်ယန္တရားအတွက် ဗျူရိုကရေစီစနစ် လည်ပတ်အားကောင်းရန်သာ ရည်ရွယ်ပြီး မွေးထုတ်ပေးသည့် တက္ကသိုလ်ပညာရေးစနစ်ကို  တိုးတက်သည့်အမြင်ရှိသော ကျောင်းသားများက တညီတစ်ညွတ်တည်းတော်လှန်ခဲ့ကြသည့် အစဉ်အလာကောင်းဖြင့် စခဲ့သော မြန်မာ တော်လှန်ရေး၏ ကနဦးအစ စုစည်းမှုလည်းဖြစ်သည်။ထိုစဉ်အချိန်က ကျောင်းသားများ ညီညွတ်မှုက နောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု စသည့် နိုင်ငံခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ခဲ့ကာ နိုင်ငံ၏လွတ်လပ်ရေးကို ရစေခဲ့သည့်အထိ ဖြစ်စေခဲ့သည်။
 
၁၉၂၀ ပြည့်နှစ်အထိ ဗမာနိုင်ငံတွင် ကျင့်သုံးနေသည့် ပညာရေးစနစ်က အင်္ဂလိပ်နယ်ချဲ့တို့၏ ကိုလိုနီစနစ်အတွက် အခိုင်းအစေကျိုးနွံသည့်  မြန်မာလူငယ်များ မွေးထုတ်ပေးရန်သာ ရည်ရွယ်ထားသည်။ထိုစဉ်က မြန်မာနိုင်ငံတွင် ခေတ်အလိုက် အမြင့်ဆုံး ပညာသင်ကြားရာ ယူနီဗာစီတီခေါ် တက္ကသိုလ်ကျောင်း မရှိသေးပေ။ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် (ယခင် ယုဒသန်ကောလိပ်) ကောလိပ်သာရှိ၍ ယင်းတို့မှာ ကာလကတ္တား ယူနီဗာစီတီ၏ လက်အောက်ခံ ကောလိပ်ကျောင်းခွဲမျှသာဖြစ်သည်။သင်ရိုးညွှန်းတမ်းများမှာ ကာလက တ္တား ယူနီဗာစီတီမှ ချမှတ်ပေးသည့်အတိုင်း သင်ကြားရသဖြင့် ဗမာခေတ်လူငယ်များနှင့် အံမဝင်ခွင်မကျဘဲ ဖြစ်နေသည်။စာမေးပွဲများကိုလည်း ကာလကတ္တား ယူနီဗာစီတီမှ ဦးစီး စီမံကျင်းပပြုလုပ်ပေးသည့် မက်ထရစ်ကျူလေရှင်းခေါ် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း ရန်ကုန်တွင် ဖြေဆိုကြရသည်။ 
 
ထို့နောက် တိုးတက်သော လူငယ်၊ လူရွယ်များ ပါဝင်သည့် အမြင်ပွင့်လင်းလာသည့် ဝိုင်အမ်ဘီအေက ဗမာပြည်တွင် ယူနီဗာစီတီ (တက္ကသိုလ်) သီးခြားရှိရမည်ဟု လှုံဆော်ကြွေးကြော် တိုက်တွန်းပေါင်းများလာသဖြင့် အိန္ဒိယလက်အောက်ခံ ဗမာပြည်အစိုးရက ပညာမင်းကြီး မစ္စတာ မက်သယူးဟန်တား ဦးစီးသည့် ယူနီဗာစီတီအက်ဥပဒေရေးဆွဲရေး ကျွမ်းကျင်သည့် ကော်မတီတစ်ရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းကာ လက်တွေ့မပါ စာပေပညာဆန်သည့် ဘာသာရပ်များကို အဓိကထားသည့် တစ်ခုတည်းသောကောလိပ် ပါဝင်သည့် သိပ္ပံယူနီဗာစီတီ တည်ဆောက်ရန် တက္ကသိုလ်ဥပဒေတစ်ရပ်ကိုသာ ရေးဆွဲပြီး ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ဥပဒေပြုစေခဲ့သည်။ 
 
ထိုသတ်မှတ်ချက်တွင် ယူနီဗာစီတီဟူ၍ ဗမာနိုင်ငံတွင် ဤတစ်ကျောင်းသာရှိရမည်ဟူ၍လည်းကောင်း၊ ယင်းယူနီဗာစီတီ၏ အောက်တွင်လည်း ကောလိပ်တစ်ကျောင်းသာရှိရမည်ဟူ၍လည်းကောင်း၊ ယင်းကောလိပ်နှင့် တက္ကသိုလ် တည်ရာသည်လည်း ရန်ကုန်တွင်သာဖြစ်ရမည်ဟုလည်းကောင်း စသည့် ကန့်သတ်ချက်များအပြင်၊ ယူနီဗာစီတီနှင့် ကောလိပ်သို့ ဝင်ရောက်သင်ကြားရမည့်သူများ၏ အရည်အချင်းများတွင် ကျောင်းအိပ် ကျောင်းစားများသာ ဖြစ်စေရမည်ဟုလည်းကောင်း စသော မလိုလားအပ်သည့် ကန့်သတ်ချုပ်ချယ်ချက်ပေါင်းများစွာဖြင့် ပညာတတ် မြန်မာလူငယ်များစွာ မပေါ်ထွက်စေရန် ရည်ရွယ်ချက်ရှိရှိ ဖိနှပ်ပြဋ္ဌာန်းထားခဲ့သည်။ 
 
ထိုဥပဒေအရ ငွေကုန်ကြေးကျခံနိုင်သော မြေရှင်ဓနရှင်လူတန်းစားနှင့် ဗြူရိုကရက်အရာရှိကြီးတို့၏ အဆက်အနွယ်များမှတပါး ဆင်းရဲသား လက်လုပ်လက်စားတို့မှာ တက္ကသိုလ်ပညာရေးနှင့် ဝေးသဖြင့် ယင်းဥပဒေကြမ်းထွက်လာသည်နှင့် တပြိုင်နက် သတင်းစာတို့က ပြင်းထန်စွာ ပြစ်တင် ဝေဖန်ကြသလို တစ်နိုင်ငံလုံး ပြင်းပြင်းထန်ထန်ကန့်ကွက်ကြသော်လည်း ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယဘုရင်ခံ ဆာ ရယ်ဂျီနယ် ကရက်ဒေါက် က ထိုယူနီဗာစီတီ အက်ဥပဒေကို အတည်ပြုလိုက်သည်။
 
ဗမာပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြဋ္ဌာန်း အတည် ပြုလိုက်သော အင်္ဂလိပ်နယ်ချဲ့အစိုးရကို ရန်ကုန်တွင်သာမက မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ စသော မြို့ကြီးများ၌ လူထုအစည်းအဝေးများ ခေါ်ကာ ကန့်ကွက်ကြလေသည်။
 
သို့သော် ဘုရင်ခံ ကရက်ဒေါက်သည် ဗမာလူထု၏ လှုပ်ရှားကန့်ကွက်မှုကို အလေးမမူ ဂရုမစိုက်ဘဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုယူနီဗာစီတီ အက်ဥပဒေနှင့်အညီ ရန်ကုန်ကောလိပ်အား ယူနီဗာစီတီအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့မည်ဟု ကြေညာလိုက်လေရာ ကောလိပ်ကျောင်းသားများက ယူနီဗာစီတီ အက်ဥပဒေကို မပြင်ဆင်ဘဲ ယခုအတိုင်း အတည်ပြုရန် လုပ်ဆောင်ပါက ကျောင်းသားနှင့် ပြည်သူတွဲ၍ ရှေ့သို့ တစ်လှမ်းတိုးရလိမ့်မည်ဟု ဆုံးဖြတ်တောင်းဆိုသဖြင့် ယူနီဗာစီတီဖွင့်ပွဲကို ဘုရင်ခံက ဒီဇင်ဘာလ ၇ ရက်နေ့သို့ ရွှေ့လိုက်ရသည်။ 
 
၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၃ ရက် နံနက် ၁၁ နာရီအချိန် ကောလိပ်ကျောင်းသားကြီး (၁၁) ဦးက ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့် (စနေထောင့်) ဗောဓိပင်အရှေ့တွင် လျှို့ဝှက်စုဝေး ဆွေးနွေးပွဲတစ်ရပ်ကို ရှစ်နာရီမျှကြာအောင် ပြုလုပ်၍ အဖွဲ့ဝင် (၁၁) ဦးပါ သပိတ်ကော်မတီကို ဖွဲ့စည်းကြသည်။ထို့နောက် ထိုသပိတ်မှောက်ကော်မတီ ဦးဆောင်မှုဖြင့် ရန်ကုန်တက္ကသိုလ်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသား ၄၀၀ ကျော်က ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီတွင် ဗဟန်း ဦးအရိယကျောင်းတိုက်၌ တက္ကသိုလ်ဥပဒေတိုက်ဖျက်ရေးအတွက် သပိတ်မှောက်ကြရန် သဘောတူခဲ့ကြသည်။
 
နောက်နေ့ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ ထပ်မံစုဝေး၍ ယူနီဗာစီတီ အက်ဥပဒေကို လုံးဝကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့် သပိတ်မှောက်ကြောင်း ဆုံးဖြတ် ကြေညာလိုက်သည်။ 
 
ထို့နောက် ဗဟန်းတွင် သပိတ်စခန်းဖွင့်ပြီး ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းသူ၊ ကျောင်းသားများ ကလည်း ကောလိပ်ကျောင်းသားကြီးများ၏ သပိတ်တိုက်ပွဲသို့ ထောက်ခံသည့်အနေဖြင့် ဗဟန်းသပိတ်စခန်းသို့ ချီတက်အားဖြည့်ကြသလို မြို့လူထုတစ်ရပ်လုံးကလည်း မားမားရပ်ကာ ကူညီထောက်ပံ့ကြရာ ကောလိပ်အာဏာပိုင်များက ကောလိပ်ကျောင်းသားများကို ဒီဇင်ဘာ ၂၃ ရက်အတွင်း ကျောင်းပြန်မတက်က ကျောင်းမှ နုတ်ပယ်ပစ်မည်ဟု ကြေညာခဲ့သည်။
 
ကောလိပ်ကျောင်းမှ နုတ်ပယ်ခံရသည့် ကျောင်းသားများနှင့် သပိတ်မှောက်ကျောင်းသားများ ပညာရေးအတွက်  ဂျီစီဘီအေ အသင်းချုပ်ကြီးက အစိုးရကျောင်းများနှင့် အစိုးရအထောက်ပံ့ခံ ကျောင်းများသို့ ပြန်လည်မတက်ကြရန် တိုက်တွန်းနှိုးဆော်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ 
 
အစိုးရက ကျောင်းသားများ တောင်းဆိုချက်ကို လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ်ကျောင်းများကို မည်သည့်နည်းနှင့်မျှ ပြန်မတက်တော့ပြီဟု တက္ကသိုလ်ကို ရာသက်ပန် သပိတ်မှောက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ကြလေသည်။ 
 
၁၉၂၁ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းရပ်၊ ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ်ကို ဖွင့်လှစ်လိုက်ကြသည်။အမျိုးသား ပညာရေးကောင်စီဟုလည်း ပေါ်ပေါက်လာကာ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာခဲ့သည်။ ၁၉၂ဝ ပြည့်နှစ် သပိတ်ကြောင့် ယင်းသို့ ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့လေသည်။ယင်းသည်ပင် မြန်မာတို့၏ စိတ်ဓာတ်တော်လှန်ရေး အောင်ပွဲကြီးဟု ခေါ်ရမည် ဖြစ်လေသည်။
 
ထိုသို့ ညီညီညွတ်ညွတ်လုပ်ခဲ့ကြသည်ကို အကြောင်းပြုပြီး ဝံသာနုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော ဂျီစီဘီအေက ကြီးမှူး၍ ဝံသာနုလှုပ်ရှားမှု အနေနှင့် အမျိုးသားနေ့ သတ်မှတ်ရန် စတင် ကြိုးစားရာမှ အမျိုးသားနေ့ ပေါ်လာရခြင်းဖြစ်သည်။ 
 
၁၉၂၁ ခုနှစ် မန္တလေး၌ ကျင်းပသော နဝမအကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်က အမျိုးသားနေ့ သတ်မှတ်ရေး စတင်ဆွေးနွေးခဲ့ရာ အင်္ဂလိပ် သူရိယသတင်းစာမှ ဦးတုတ်ကြီး တင်ပြသည့် သီပေါမင်း နန်းကျသည့် ပါတော်မူနေ့၊ ပျဉ်းမနား ဧလာမှ ဦးဒွေး တင်ပြသည့် ဦးဥတ္တမ ထောင်ကျသောနေ့၊ ပထမ ကျောင်းသားသပိတ်တွင် ပါဝင်သည့် ကိုမြင့် တင်ပြ ဆွေးနွေးသည့် ကျောင်းသားများ အင်္ဂလိပ်အစိုးရ၏ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်လက်နက် စတင်စွဲကိုင် တော်လှန်သည့်နေ့၊ တစ်နေ့နေ့ကို သတ်မှတ်ရန် အကြမ်းသဘောတူခဲ့ကြသည်။ 
 
ထို့နောက် ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ - ၁၈ တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော ဂျီစီဘီအေ အထူးကွန်ဖရင့်က ၁၉၂၀ ပြည့်၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့ဟု သတ်မှတ်ကြောင်း ဆုံးဖြတ်၍ အတည်ပြုပေးခဲ့ရာမှ အမျိုးသားနေ့ဆိုကာ ယနေ့ထိဖြစ်လာခဲ့ခြင်းဖြစ်သည်။ 
 
ကိုလိုနီခေတ်မှ ယနေ့ခေတ်ကာလတိုင် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်အောက်တွင် အမျိုးသားနေ့ကို ခမ်းခမ်းနားနား ကျင်းပခဲ့သည်။ 
 
အမျိုးသားနေ့ကို ၁၉၃၄ ခုနှစ်မှစ၍ ကျောင်းပိတ်ရက်အဖြစ်လည်းကောင်း ၁၉၃၈ ခုနှစ်မှစ၍ ရုံးပိတ်ရက်အဖြစ်လည်းကောင်း ပြဋ္ဌာန်းခဲ့သည်။ 
 
အမျိုးသားနေ့ဖြစ်လာရသည့် သမိုင်းနောက်ခံအကျဉ်းမှာ အထက်ပါဖော်ပြခဲ့သည့်အတိုင်းဖြစ်သည်။အမျိုးသားအောင်ပွဲနေ့လို့ အစဉ်အလာ ခေါ်ဝေါ်ခဲ့တဲ့ ဒီနေ့ဟာ ပထမကျောင်းသားသပိတ်ကို အစွဲပြုပြီးပေါ်လာတဲ့နေ့ဖြစ်ပြီး ဒီလိုသပိတ်ကို အစွဲပြုလို့ မြန်မာတွေရဲ့ ခေတ်သစ် အမျိုးသားစိတ်ဓာတ် နိုးကြားမှုကတော့ သီပေါမင်းပါတော်မူပြီးနောက် တစ်စတစ်စကြီးထွားလာခဲ့တယ်လို့ မြန်မာသမိုင်းပညာရှင်တွေက ရေးသားခဲ့ကြသည်။လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် ကိုင်ခွင့်မရတဲ့ ကိုလိုနီခေတ်မှာ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ်အင်အားနဲ့ သပိတ်မှောက်ခြင်းဆိုတဲ့လက်နက်ကို ကိုင်စွဲပြီး အင်အားကြီးလှတဲ့ အုပ်စိုးသူကို အာခံခဲ့ကြတာဟာ ယနေ့တိုင် ဂုဏ်ယူစရာပင်။အထူးသဖြင့် သပိတ်မှောက်ကျောင်းသားတွေကို ပြည်သူလူထုက ၀ိုင်းဝန်းစောင့်ရှောက်ကြ၊ ကူညီထောက်ပံ့ကြနဲ့ တစ်မျိုးသားလုံး တစ်စည်းတစ်လုံးတည်း ပထမအကြိမ်ညီညွတ်ခဲ့တာကနေ အစပြုပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့အထိ ဖြစ်ထွန်းခဲ့သည်က ဂုဏ်ယူစရာ။
 
အမျိုးသားနေ့ အောင်ပွဲတွေကို ယခင်က အနှစ်မပါတဲ့ပွဲတွေ အတော်များများ ဆင်ယင်ကျင်းပခဲ့ကြတာကို ကြုံခဲ့ရပြီးဖြစ်သည်။ယနေ့ခေတ်တွင် ဘယ်လောက်ဘဲ ခေတ်မီတိုးတက်နေပါစေ ဘယ်လိုပဲ သိပ္ပံပညာထွန်းကားနေပါစေ ညီညွှတ်မှုထက်ကောင်းတဲ့ ခွန်အားက မရှိသေးဘူးဆိုတာကို တွေ့နေရပြီဖြစ်သည်။
 
နောင်နှစ် အမျိုးသားနေ့များတွင် တကယ်ညီညွတ်တဲ့ တစ်မျိုးသားလုံး၏ စစ်မှန်တဲ့ အမျိုးသားအောင်ပွဲကို ကြုံဆုံဆင်နွှဲခွင့်ရတော့မည်ဟု မျှော်မှန်းထားလျှက်။
 
ဖြိုးဝေလှ
နိုဝင်ဘာ - ၂၈