【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】 ဒေသတွင်းအတွက် စစ်အုပ်စုကြီးတွေ ဖွဲ့ပြီလား

【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】 ဒေသတွင်းအတွက် စစ်အုပ်စုကြီးတွေ ဖွဲ့ပြီလား

ယခုရက်ထဲ သတင်းတွေကို ကြည့်မယ်ဆိုရင် သိသာနေတဲ့ အရွေ့တွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ တူရကီ သမ္မတအာဒိုဂန်က သူနိုင်ငံထဲက တက်ကြွလှုပ်ရှားသူတစ်ဦးကို လွှတ်ပေးဖို့ တိုက်တွန်းခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်၊ပြင်သစ်၊ဂျာမနီ၊ဗြိတိန်နိုင်ငံတွေအပါအဝင် နိုင်ငံ၁၀ နိုင်ငံက သံတမန်တွေကို နှင်ထုတ်ဖို့ အမိန့်ထုတ်ခဲ့တဲ့ သတင်းတွေ၊ ကိုကင်းနဲ့ ပတ်သက်ပြီးနာမည်ပျက်နေတဲ့ ကိုလံဘီယာမှာ အလိုအရှိဆုံးတရားခံမူ းယစ်ရာဇာတစ်ဦးကို ဖမ်းမိခဲ့လို့ အစိုးရအသက်ရှုချောင်ခဲ့တဲ့သတင်း၊ဟေတီမှာ အမေရိကန်သာသနာပြုဓားစာခံတွေကို ဖမ်းဆီးပြန်ပေးဆွဲပြီး ဒေါ်လာ ၁၇ သန်းတောင်းခံနေလို့ FBIက ဝင်ရောက်ကိုင်တွယ်နေရတဲ့ သတင်း၊တာလီဘန်တွေကို ဒေသတွင်း အင်အားကြီး ၁၀ နိုင်ငံက ထောက်ခံလိုက်လို့ ကုလသမဂ္ဂက စတင်အသိအမှတ်ပြုခဲ့တဲ့ သတင်း၊ ဆိုမာလီယာနိုင်ငံ အလယ်ပိုင်း မြို့တစ်မြို့ကို ထိန်းချုပ်နိုင်ရေး အစိုးရတပ်ဖွဲ့တွေနဲ့အစ္စလာမ္မစ် အဖွဲ့တခုကြားတိုက်ပွဲဖြစ် လို့ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ဆီးရီးယားနိုင်ငံမှာ အမေရိကန်ရဲ့အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အယ်လ်ကိုင်းဒါးအဖွဲ့ အကြီးတန်း ခေါင်းဆောင်တစ်ဦး သေဆုံးသွားခဲ့တယ်လို့  ပင်တဂွန်က ထုတ်ပြန်ခဲ့တဲ့ သတင်း၊ဖိလစ်ပိုင်သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကာလအတွင်း ထောင်ချီ သေဆုံးခဲ့မှုတွေကို ဖိလစ်ပိုင် တရားရေးဝန်ကြီးဌာနက ပြန်လည် သုံးသပ်တော့မယ့်သတင်း၊ နျူကလီး ယားအရေးနဲ့ပတ်သက်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်အကြား ဆွေးနွေးပွဲတွေ လာမယ့်ရက်ပိုင်းတွေ အတွင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့တော်မှာ ပြန်စမယ်လို့ အီရန်ဘက်က ထုတ်ပြန်လိုက်တဲ့သတင်းတွေလို့ နိုင်ငံတကာနဲ့ ဒေသတွင်းတည်ငြိမ်ရေးအတွက် စိတ်ဝင်စားစရာ သတင်းတွေ ရှိခဲ့ပါတယ်။ 
 
ဒီထဲမှာ စိတ်ဝင်စားဖို့ ကောင်းခဲ့တာက ရုရှားနဲ့ နေတိုးအကြား အပြန်အလှန် သံတမန်တွေနှင်လွှတ်တာ၊ ရုံးတွေ ပိတ်ပစ်တာ စတဲ့ သတင်းတွေနဲ့ ဂျပန်ရေလက်ကြားကို တရုတ်နဲ့ ရုရှားစစ်သင်္ဘောတွေ ဖြတ်ပြီးကင်းလှည့်တာ၊ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတပြောတဲ့ စကားကို တရုတ်ပြောရေးဆိုခွင့်ရှိသူက တရုတ်ကို မထီမဲ့ မြင်မလုပ်မိစေဖို့ တောင်းဆိုခဲ့တာ စတဲ့ သတင်းတွေ ပါဘဲ။ ဒီလို သံတမန်ရေးအရ တင်းမာမှုတွေမှာနောက် ဆက်တွဲတွေ ဖြစ်လေ့ဖြစ်ထရှိသလို ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာလည်း တွက်ချက်သုံးသပ်ကြည့်ချင်စရာမို့ ယခုတစ်ပတ်မှာ စစ်အုပ်စုတွေ ဖွဲ့လာတဲ့ အပေါ် သတင်းတွေကို အလေးထားပြီး ဖော်ပြချင်ပါတယ်။ 
 
 
ဂျပန်ရေလက်ကြားဖြတ်သန်းပြီးလက်တုံပြန်တဲ့ တရုတ်-ရုရှားမစ်ရှင်
 
 
ရုရှားနှင့်တရုတ်စစ်သင်္ဘောအုပ်စုဟာ ယင်းတို့ရဲ့ ပထမဆုံးပူးတွဲကင်းလှည့်ခြင်းကို ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်ပိုင်းမှာ အောက်တိုဘာ ၁၇ရက်ကနေ ၂၃ရက်အထိ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား ဒုတိယအကြိမ်မြောက် ရေတပ်ချင်းပူးပေါင်းဆောင်ရွက်မှုဘဲ ဖြစ်ပါတယ်။ပထမအကြိမ်က အောက်တိုဘာလဆန်းပိုင်းမှာ ဂျပန်ပင်လယ်ပြင်မှာ  နှစ်နိုင်ငံရေတပ်တွေ ပူးပေါင်းစစ်ရေးလေ့ကျင့်ကြတာပါ။ အဲ့ဒီတုန်းက အမေရိကန် ရေတပ်သင်္ဘော ရုရှားရေပိုင်နက်နားကပ်လာလို့ဆိုပြီး ကရင်မလင်နဲ့ အိမ်ဖြူတော်အကြား အပြန်အလှန် စွပ်စွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။အခုတစ်ကြိမ် နှစ်နိုင်ငံပေါင်းပြီး ရေတပ်တွေ ကင်းလှည့်ရာမှာ ဂျပန်နိုင်ငံရဲ့ ကျွန်းမကြီးနဲ့ မြောက်ပိုင်းကျွန်း ဟိုကိုင်းဒိုးတို့ကို ခွဲထားတဲ့ ဆူဂါရုရေလက်ကြားတစ်လျှောက်ကို တရုတ်နဲ့ရုရှား စစ်သင်္ဘောတွေခုတ်မောင်းသွားခဲ့တာပါ။ဒီရေလက်ကြားကို နိုင်ငံတကာရေပိုင်နက်အဖြစ် သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ဂျပန်အနေနဲ့ ဂျပန်က အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။
 
အရှေ့ပင်လယ်လို့ ခေါ်တဲ့ အဆိုပါရေပြင်ပိုင်နက်ဟာ ရှုပ်ထွေးနေပါတယ်။ ဒီဒေသမှာ တောင်၊မြောက် ကိုရီးယားပြဿနာက ရှိနေသလို ယခုရက်သတ္တပတ်ထဲမှာ မြောက်ကိုရီးယားရော တောင်ကိုရီးယားပါ ဒုံးကျည်တွေ ပစ်လွှတ်စမ်းသပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီထဲမှာ မြောက်ကိုရီးယားက ပစ်လွှတ်စမ်းသပ်တဲ့ ဒုံးကျည်က ရေငုပ် သင်္ဘောကနေ ပစ်လွှတ်တာဖြစ်ပြီး ဒါဟာ ဒုတိယအကြိမ်ပါ။တောင်ကိုရီးယားကလည်း ဒီလိုဒုံးကျည်မျိုးကို ပြီးခဲ့တဲ့ လက စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်လို့ အဆိုပါဒေသတွင်း စစ်ရေးအရ လက်နက်တွေ အပြိုင် အဆိုင်တပ်ဆင်နေတာ ပုံစံဖြစ်နေသလို ယခုလို ဂျပန်ရေလက်ကြားကို တရုတ်နဲ့ ရုရှားစစ်သင်္ဘောတွေ ဖြတ်တာဟာ ဂျပန်အတွက် လက်နက်တပ်ဆင်ဖို့ အကြောင်းပြချက်ကောင်းဖြစ်သွားမှာကို ဒေသတွင်းနိုင်ငံတွေက စိုးရိမ်မှုရှိနေတာ ဖြစ်ပါတယ်။ 
 
မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက်တွေ တိုးချဲ့နေတယ်လို့ တိုက်ရိုက်မစွပ်စွဲပေမယ့် လက်နက်စမ်းသပ်မှုတွေ၊ လက်နက်အသစ်တွေ မကြာခဏ ပြနေခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုအပြီး နောက်တစ်ရက် ဗုဒ္ဓဟူးနေ့မှာ  ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန်က ဦးဆောင်ပြီး တံခါးပိတ်အစည်းအဝေးကျင်းပခဲ့ပါတယ်။  မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက  ဒီလိုအစည်းအဝေး ခေါ်ယူခဲ့တာ မြောက်ကိုရီးယားကို ရန်စတာလို့ ပြောခဲ့ပြီး အမေရိကန်နဲ့ကုလသမဂ္ဂကို အန္တရာယ်များတဲ့ ချိန် ကိုက်ဗုံးနဲ့ ကစားနေတာပဲဆိုပြီး သတိပေးခဲ့တာကိုလည်းတွေ့ရပါတယ်။ 
 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကဆိုရင် အမေရိကန်က မြောက်ကိုရီးယားကို ဒုံးခွင်းဒုံးကျည်များ စမ်းသပ်မှုကို ရပ်တန့်ပြီး စားပွဲ၀ိုင်းဆီပြန်လာဖို့ တောင်းဆိုခဲ့ပေမယ့် မြောက်ကိုရီးယားဘက်က ဝါရှင်တန်နှင့် ဆိုးလ်ကြား ပုံမှန် စစ်ရေးလေ့ကျင့်မှုများနှင့် အမေရိကန် ဦးဆောင်သော ပိတ်ဆို့အရေးယူမှုတွေဖြစ်တဲ့ ပြုံးယမ်းအပေါ် ရန်လိုသည့် မူဝါဒကို ဖယ်ရှားပြီးမှ ဆွေးနွေးပွဲတွေ ပြန်စဖို့အခြေအနေရှိတယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ကုလသမဂ္ဂရဲ့ တာဝေးပဲဖြစ်ဖြစ်၊ တာတိုပဲဖြစ်ဖြစ် ဒီလို ဒုံးကျည်မျိုး မစမ်းသပ်ရလို့တားမြစ်ချက်ကို ဗြောင်ဖောက်ဖျက်တာဖြစ်သလို အမေရိကန်နဲ့ တောင်ကိုရီးယားဘက်က စေ့စပ်ဆွေးနွေးပွဲတွေ ပြန်စဖို့ ကမ်းလှမ်းမှုကို ကျောခိုင်းပြီး တင်းတင်းမာမာ ပြုမှုလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုပြုမှုလက်မခံခြင်းက ဒီဒေသတွင်းမှာ ရှေ့လျှောက် ဘယ်လောက်တောင် လက်နက်ပိုင်း ဆိုင်ရာနောက်ဆက်တွဲ ပြဿနာတွေ၊ စစ်မက်ဆိုင်ရာတင်းမာမှုတွေ ဘယ်လောက်ထပ်ဖြစ်လာဦးမလဲဆိုတာ မတွေးဝံစရာပါဘဲ။
 
လက်ရှိမှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုအတွက် ကုန်သွယ်ရေးနဲ့ စီးပွားရေးပိတ်ဆို့တာတွေနဲ့ အသာရယူနေတဲ့ ဗျူဟာဟာ အလုပ်ဖြစ်နေပုံရပါတယ်။ဒီလို မြောက်ကိုရီးယားတောင်းဆိုတဲ့ ပုံစံမျိုးကို ရုရှားဘက် က အမေရိကန်ကိုပြောခဲ့ဘူး ပါတယ်။ ရုရှားရဲ့ စီးပွားရေးက တရုတ်လောက်မကောင်းပါဘူး။ဒါကြောင့် ကမ္ဘာ့ရေးရာတွေမှာ စစ်အေးခေတ်နောက်ပိုင်း ရုရှားကနောက်ဘက်ရောက်သွားပြီး တရုတ်ကရှေ့ရောက်လာတယ်ဆိုတာ ဒီလိုစီးပွားရေးမတောင့်တင်းတာကြောင့်လည်းပါပါတယ်။ 
 
လက်ရှိမှာ ကမ္ဘာ့အခင်းအကျင်းက ရှုပ်ထွေးနေပါတယ်။ ဥရောပမှာ စွမ်းအင်ပြတ်လပ်မှုနဲ့ အတူ ရုရှားနဲ့ NATO အကြား ဆက်ဆံရေးကလည်း အတော်လေးဆိုးရွားနေပါတယ်။ ရှေ့သီတင်းပတ်တွေက သူလျှိုလုပ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှား နိုင်ငံသား ရှစ်ဦးကို NATO က နှင်ထုတ်လိုက်ပြီးနောက်မှာ  ရုရှားက နိုင်ငံတွင်းရှိ နေတိုးနဲ့ မဟာမိတ်အဖွဲ့ရဲ့ မစ်ရှင်ကို ယခုသီတင်းပတ်အတွင်းမှာ  ပိတ်ပစ်ခဲ့ပါတယ်။ ဒီနောက်မှာ NATO ကိစ္စမှန်သမျှကို ဘယ်လ်ဂျီယံကနေ တစ်ဆင့်လုပ်ဖို့ ရုရှားက ပြောခဲ့ပါတယ်။ ဒီလို ရုရှားရဲ့တုံ့ပြန်မှုကို  NATO ရဲ့ဦးစီးဦးဆောင် အမေရိကန်နိုင်ငံက  ဒီတစ်ပတ်ထဲမှာ ပြန်တုံ့ပြန်ရာမှာ သူနိုင်ငံထဲ ရုရှားနိုင်ငံသားတွေ ပြည်ဝင်ခွင့် ဗီဇာလျှောက်ဖို့ အတွက်ဆိုရင် တတိယနိုင်ငံတစ်ခုကနေ လျှောက်ဖို့အထိ ကန့်သတ်ခဲ့ပါတယ်။ ဒါဟာ ရုရှားကို အိုးအိမ်မဲ့နိုင်ငံသားများစာရင်းထဲ ထည့်ပြီး အဆင့်ကို လျော့ချခဲ့တာလည်း ဖြစ်ပါတယ်။ဒီအတွက်ရုရှားဘက်က ရှုတ်ချခဲ့ပါတယ်။ 
 
ဘိုင်ဒင် အမေရိကန် သမ္မတအဖြစ် တာဝန်ယူလာခဲ့အပြီးမှာ NATO ဟာ အရင်ကပုံစဲအတိုင်း ပြန်ဖြစ်လာတာကိုတွေ့ရပါတယ်။ ရုရှားကို ဟန့်တားဖို့ ဖွဲ့ထားခဲ့တဲ့ ဥရောပမဟာမိတ်အဖွဲ့ဟာ စစ်အေးခေတ်နောက်ပိုင်းမှာ ရုရှားနဲ့ ဆက်ဆံတဲ့ ပုံစံပြောင်းခဲ့ပေမယ့် ဒါဟာ ယခုချိန်မှာ ထပ်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့လို့ ခေါ်တဲ့  NATO အဖွဲ့ရဲ့ အစည်းအဝေးကို ကျင်းပခဲ့တာကိုတွေ့ ရပါတယ်။ ဒီအစည်းအဝေးမှာ NATO အဖွဲ့ဝင်နိုင်ငံတွေက စစ်မျက်နှာများစွာမှ ရုရှားကတိုက်ခိုက်လာနိုင်သည့် အလားအလာကို ကာကွယ်ဖို့အတွက် မဟာစီမံကိန်းတစ်ခုကို သဘောတူခဲ့ပါတယ်။ ဒီထဲမှာ လက်ရှိဒေသဆိုင်ရာ ကာကွယ်ရေးအစီအစဉ်များထက် ကျယ်ပြန့်သလို  နျူကလီးယားလက်နက်များ၊ ဆိုက်ဘာတိုက်ခိုက်မှုများနဲ့ အာကာသမှ တိုက်ခိုက်ခြင်းအပါအ၀င် ဘောလ်တစ်နှင့်ပင်လယ်နက် ဒေသများမှာ ရုရှားရဲ့ တပြိုင်နက်တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ ရည်ရွယ်ထားတာလည်းပါဝင်ပါတယ်။
 
စွမ်းအင်ဆိုင်ရာ ပြဿနာဥရောပမှာ မြင့်တက်နေစဉ်မှာ ဒီလိုသဘောတူညီချက်ကိုရခဲ့ကြတာ အတော်ကို အံဩစရာပါဘဲ။ အနာဂတ်အနောက်ဥရောပရဲ့စွမ်းအင်ထောက်ပံ့မှုက ရုရှားရဲ့ Nord stream-2 ကို အားထားရ ဖွယ်ရှိနေတယ်လို့ နိုင်ငံတကာစွမ်းအင်သုတေသီတွေ အကဲဖြတ်ထားတဲအချိန်၊ ရုရှားသမ္မတပူတင်ကိုယ်တိုင် ဒီဥရောပကို တင်ပို့မယ့် ဘောလ်တစ် ပင်လယ်ဖြတ် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းနဲ့ နိုင်ငံရေးကစားဖို့ ပြင်နေချိန်မှာ ရုရှားကို ဦးတည်တဲ့ NATOရဲ့ မဟာစီမံကိန်းထွက်လာခဲ့တာ  အတော်လေးစဉ်းစားစရာပါ။ Nord stream-2 နဲ့ ပတ်သက်ပြီး ဘိုင်ဒင်က သတိပေးခဲ့တာတွေကိုထောက်ရင် ဒီစီမံကိန်းကနေ စိတ်ကူးဖဲရိုက်နေတဲ့ ပူတင်ကို ထိုးနှက်ဖို့ ဥရောပမှာ ဘယ်ကနေ စွမ်းအင်ဆိုင်ရာ အထောက်အကူရဖို့ရှိနေသလဲဆိုတာ စူးစမ်းရတော့မယ် အနေအထားပါ။ ဗြိတိန်၊ဂျာမနီ၊ပြင်သစ်စတဲ့ အနောက်ဥရောပနိုင်ငံတွေအဖို့ ရုရှားဆီကနေ ဓာတ်ငွေ့မရရင် လောလောဆယ်ဘာမှ မဖြစ်ပေမယ့် ရုရှားရဲ့ နိုင်ငံခြားဝင်ငွေရရာရကြောင်းက ရေနံသဘာ၀ဓာတ်ငွေ့ရောင်းချရာကနေ ရနေတာဖြစ်သလို Nord stream-2  စီမံကိန်းမှာ ပုံအောထားတဲ့အတွက် ဥရောပကသာ ဝယ်ယူဖို့ တင်းခံမယ်ဆိုရင် အပြန်အလှန်အထိနာစေတာထက် ရုရှားကို ပိုအထိနာစေမယ်ထင်ပါတယ်။ 
 
အမေရိကန်နဲ့ အနောက်အုပ်စုဟာ ဒီလိုစွမ်းအင်အကျပ်အတည်းမျိုးကို မကြာခဏရင်ဆိုင်ဖြေရှင်းဘူးတဲ့အတွက် ပူတင်ရဲ့ Nord stream-2 ပိုက်လိုင်းကိုင်ပြီး ကစားမယ် နိုင်ငံတကာအခင်းအကျင်းက ရေရှည်မှာ အလုပ် ဖြစ်ဖွယ် မမြင်ပါဘူး။ ဒီလို NATO ရဲ့ မဟာစီမံကိန်းနဲ့ပတ်သက်ပြီး ရုရှားဘက်ကတော့ ဒီသဘောတူညီချက်က NATO နှင့် အဆက်အသွယ်ဖြတ်တာ မှန်ကန်တယ်ဆိုတာ ပြသနေတယ် ဆိုပြီး ရုရှားကာကွယ်ရေးဝန်ကြီးက ပြော ခဲ့တာကိုတွေ့ရပါတယ်။   
 
NATO က တရုတ်ကိုအာရုံစိုက်သလိုလိုနဲ့ ရုရှားကိုဦးတည်လိုက်ချိန်မှာ အမေရိကန်သမ္မတဘိုင်ဒန်က ထိုင်ဝမ်‌နဲ့ ပတ်သက်ပြီး အမေရိကန်က အပြည့်အဝ ကာကွယ်ပေးသွားမယ်ဆိုပြီး ထပ်ကတိပေးခဲ့ပါတာကို တွေ့ရပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို သူတို့ရဲ့ပိုင်နက်နယ်မြေလို့ အတိအလင်း ပြောကြားနေပြီး လိုအပ်လာခဲ့ရင် စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ပြောနေချိန်မှာ ဒီလို ဘိုင်ဒင်ရဲ့ ကတိကဝတ်စကားက တရုတ်အတွက် ဒေါသထွက်စရာပါ။ ဘိုင်ဒင်ပြောတဲ့ ဒီစကားနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရ ဝမ်ဝင်ပင်း က ပြန်တုံ့ပြန်ရာမှာတော့ ထိုင်ဝမ်နှင့်ပတ်သက်ရင် အမေရိကန်အနေနှင့် မထီမဲ့မြင်မလုပ်မိစေဖို့ သတိထားဖို့ တောင်းဆိုခဲ့သလို ဆင်ဆင်ခြင်ခြင်ပြောဖို့ ဝါရှင်တန်ကို သတိပေးခဲ့ပြီး တရုတ်ရဲ့ပင်မအကျိုးစီးပွားနှင့် ပတ်သက်လာရင် အပေးအယူလုပ်ဖို့ တရုတ်မှာ အစီအစဉ်မရှိဘူးလို့ ပြောခဲ့တာကိုတွေ့ရပါတယ်။ 
 
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကတော့ သမ္မတဂျိုးဘိုင်ဒင်ရဲ့ပြောစကားဟာ စစ်ရေးဘက်ကို ဦးတည်တာမျိုး မဟုတ်ဘူး၊ ထိုင်ဝမ်ကို အမေရိကန်က အပြည့်အဝ ကာကွယ်ပေးသွားမယ်ဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်လစီထက်မှာ ဆက်လက်ရပ်တည်တာသာဖြစ်ကြောင်း ရှင်းပြခဲ့တာကိုလည်းတွေ့ရပါတယ်။ ဒီအခြေအနေတွေမှာ တရုတ်နဲ့ရုရှားစစ်သင်္ဘောတွေက ဂျပန်ရေလက်ကြားကိုဖြတ်ပြီး ကင်းလှည့်ခဲ့တာဖြစ်လို့ စစ်ရေးအရ ဘယ်လိုဘဲရှောင်လွှဲမယ်လို့ ပြောပြော ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်းမှာ ရုရှား၊တရုတ်စတဲ့ နိုင်ငံတွေက တခြမ်း၊ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက တခြမ်း စစ်ရေးဆိုင်ရာအုပ်စုတွေကို သိသိသာသာမြင်သာ လာနေပြီဖြစ်ပါတယ်။ ရှေ့လျှောက် ဒီဘက်နှစ်ဘက်ကြား စီးပွားရေး၊စစ်ရေးနဲ့ နိုင်ငံတကာအခင်းအကျင်းမှာ ဘယ်လိုလွန်ဆွဲပွဲတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်သေးပေမယ့် သေချာတာကတော့ ယခင်ကထက် ကမ္ဘာကြီးဟာ စစ်ချောက်ကမ်းနံပါးနဲ့ နီးကပ်သွားပြီဆိုတာပါဘဲ။ စစ်အုပ်စုတွေ ရည်ရွယ်ချက် ဘာလဲဆိုတာ ရှေ့ရက်သီတင်း ပတ်တွေမှာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။  
 
 
ပြင်းထန်လာနိုင်တဲ့ ဒယ်လ်တာပလပ်စ်
 
 
ပြီးခဲ့တဲ့ သောကြာနေ့မှာ ကိုဗစ်-၁၉ မှ ကာကွယ်ဖို့ ကမ္ဘာ့အကြာဆုံး လော့ဒေါင်းချခံထားရသည့် မဲလ်ဘုန်းမြို့ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။ ရက်ပေါင်း ၂၆၂ ရက်လော့ခ်ဒေါင်းချထားခံရတဲ့ မြို့ကြီးတစ်ခု ပြန်ဖွင့်ပေးလိုက်တာ ဝမ်းသာစရာဆိုပေမယ့် တစ်ဘက်ကကြည့်ရင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်က ယခုထိ မျိုးကွဲဗီဇတွေနဲ့ ပိုအစွမ်းထက်ကာ ကာကွယ်ဆေးတွေရဲ့ စွမ်းဆောင်ရည်ကို စိန်ခေါ်နေပြီ ဖြစ်ပါတယ်။ 
 
ဒီတစ်ပတ်မှာ နိုင်ငံတွေ ခရီးသွားပြန်လက်ခံဖို့ ပြင်လာတာတွေ့ရသလို တချို့နိုင်ငံတွေမှာ ကာကွယ်ဆေး ထိုးပေးမှု အတော်လေးပြီးမြောက်လာလို့ မြို့တွေ့ရဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်တာလည်း တွေ့ရပါတယ်။ အာရှမှာဆိုရင် ထိုင်းက ဖူးခက်နဲ့ အင်ဒိုနီးရှားက ဘာလီကျွန်းမှာ ကာကွယ်ဆေးထိုးထားတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပြန်ဝင်ခွင့်ပြုခဲ့ပြီး အမေရိကန်ပြီးရင် ဒုတိယမြောက် အသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ အိန္ဒိယမှာ ဘောလီဝုဒ်အခြေစိုက်ဖြစ်တဲ့  မွမ်ဘိုင်းက ရုပ်ရှင်ရုံတွေပြန်ဖွင့်လှစ်ပေးခဲ့ပါတယ်။
 
အမေရိကန်ဆိုရင် ကာကွယ်ဆေးထိုးပြီးသားသူတွေကို နိုဝင်ဘာ ၈ ရက်နေ့ကစပြီး ဝင်ခွင့်ပေးမယ်လို့ ထုတ်ပြန်ခဲ့သလို  တခြားနိုင်ငံတွေကလည်း ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်ပါရင် ကွာရင်တိုင်းဝင်စရာ မလိုဘဲ နိုင်ငံဝင်ခွင့်တွေကို လုပ်လာကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ ပထမဆုံး ကာကွယ်ဆေးစထုတ်ခဲ့တဲ့ ရုရှားမှာတော့ ၅ ရက်ဆက်တိုက် ကိုဗစ် ၁၉ ကြောင့် သေဆုံးသူတက်နေသလို ကူးစက်ခံရသူလည်း ပြန်များလာနေပါ တယ်။ ဒါဟာ ကိုဗစ် ၁၉ ရဲ့မာယာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ ထုတ်ပြန်ထားသလို ကမ္ဘာ့မြေကနေ ကိုဗစ် ၁၉ ကပ်ရောဂါ ပျောက်ကွယ်ဖို့ထက် အတူယှဉ်တွဲနေထိုင်ဖို့သာ ကြိုးစားရမယ်ဆိုတဲ့ သတိပေးချက်ကို ပြန်သတိရ စရာပါ။ 
 
ဗြိတိန်မှာဆိုရင် ကိုဗစ် ၁၉ ကူးစက်မှုတက်နေသလို တရုတ်မှာဆိုရင်လည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ထပ်တွေ့ လာလို့ လာမည့် ရက်များအတွင်းတွင် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားနေပါတယ်။ တနင်္ဂနွေနေ့ က ပေကျင်းမှာ ပြုလုပ်ခဲ့တဲ့  သတင်းစာရှင်းလင်းပွဲမှာဆိုရင် အမျိုးသားကျန်းမာရေးကော်မရှင် အရာရှိက ပြည်ပမှ ပျံ့နှံ့လာသော ဒယ်လ်တာ မျိုးကွဲကြောင့် တရုတ်နိုင်ငံမှာ ကူးစက်မှုတွေ ဖြစ်နေတယ်ဆိုပြီး မြို့တော်ပေကျင်းမှာ ကပ်ရောဂါသည် ခရိုင်သုံးခုသို့ ပျံ့နှံ့နေသလို စနေနေ့၌  ဒေသတွင်း ကူးစက်မှုအသစ် ၂၆ခု တွေ့ခဲ့ပြီး အင်းနားမွန်ဂိုလီးယားတွင် ၆ ခု၊ ဂန်စုတွင် ၆ခု၊ နင်းရှားတွင် ၆ခု၊ ဘေကျင်းတွင် ၄ခု၊ ဟယ်ဘေးတွင် ၁ခ၊ ဟူနန်တွင် ၁ခုနှင့် ရှန်း ရှီတွင် ၁ ခုစီ၊ ဟူနန်နှင့် ယူနန်ပြည်နယ်တို့တွင် လက္ခဏာမပြသော ကူးစက်မှုပေါင်း ၄ခုတွေ့နေရတယ်ဆိုပါတယ်။ ကူးစက်မှုကို ထိန်းချုပ်ဖို့ ဂန်စုပြည်နယ်အတွင်းရှိ အချို့သောမြို့များနှင့် အတွင်းမွန်ဂိုလီးယားပြည်နယ်တို့မှာ ဘတ်စ်ကားများနှင့် တက္ကစီဝန်ဆောင်မှုကို ရပ်နားထားရတယ်ဆိုပါတယ်။ ၀ူဟန်မာရသွန်ပွဲကိုလည်း ရွှေ့ဆိုင်းထားရပြီ ဆိုပါတယ်။  
 
လက်ရှိထုတ်လုပ်ထားတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေက ကိုဗစ်မျိုးကွဲတွေကို ကာကွယ်ရာမှာ အခက်ခဲရှိနေတဲ့ပုံပါဘဲ။ ကာကွယ်ဆေးထိုးနှံမှု မြင့်မားတဲ့ နယူးဇီလန်မှာဆိုရင် ဒယ်တာမျိုးကွဲကြောင့် ဆေးရုံတင်ရသူ အရေအတွက် များလာလို့ ယခင်က စွဲကိုင်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ရေးမူကို စွန့်လွှတ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ပြီး နေထိုင်သွားရေးမူနဲ့ လုပ်ဆောင်နေရပါတယ်။ ဒီတစ်ပတ်ထဲမှာ ကိုဗစ်နဲ့ သေဆုံးရသူထဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလ်လင်းပါဝဲလ်တောင် ပါလာခဲ့ပါတယ်။ 
 
ကိုဗစ်မျိုးကွဲတွေကြောင့် ကူးစက်မှုကို ပြန်လည်မြင့်တက်လာနေတဲ့အတွက် ကာကွယ်ဆေးအပြည့်အ၀ ထိုးနှံမှု ရာခိုင်နှုန်းများတဲ့ နိုင်ငံကြီးတွေမှာ တတိယထိုးဆေးထပ်ထိုးဖို့ ပြင်ဆင်နေသလို ကလေးငယ်တွေကိုလဲ ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေတာကိုလဲတွေ့နေရပါတယ်။ အမေရိကန်မှာဆိုရင် အသက် ၅ နှစ်ကနေ ၁၁ နှစ် အတွင်းမှာရှိတဲ့ ကလေးတွေကို လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း Pfizer ကာကွယ်ဆေးကိုထိုးဖို့ ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ ကာကွယ်ဆေးတွေ ထိုးတာကောင်းပေမယ့် ပြဿနာက ကာကွယ်ဆေးကြောင့် ကိုယ်ခံအား တွေရလာပေမယ့် လပိုင်းတွေအတွင်း ပြန်လျော့ကျသွားတာမို့ ကာကွယ်ဆေး ဆက်ထိုးဖို့အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေတာပဲဖြစ်ပါတယ်။ 
 
နိုင်ငံတကာ အတွေ့အကြုံတွေအရ လူအများအပြားမှာ ကိုဗစ်ဖြစ်ခဲ့ပြီး၊ ကိုယ်ခံအား တစုံတရာရလာပေမယ့် လပိုင်းအနည်းငယ်အတွင်း တဖြည်းဖြည်း ပြန်လျော့သွားတာကို တွေ့ရှိထားပါတယ်။ ၂၀၂၀ခုနှစ် ဇန်နဝါရီ ကနေ ၂၀၂၁ခုနှစ် အောက်တိုဘာ ၂၅ အထိ သေဆုံးသူစုစုပေါင်း ၅ သန်းနီးပါးရှိလာချိန်မှာ ကိုဗစ်၁၉ ဗိုင်းရပ်စ်ကူးစက်မှုကို ရာနှုန်းပြည့် ကာကွယ်နိုင်တဲ့ ကာကွယ်ဆေး မထွက်ပေါ်လာသေးပါဘူး။ ဒီအစားပြောင်းပြန်အဖြစ် မူလရင်းမြစ် ကိုဗစ် ၁၉ ကနေ ဒုတိယမျိုးဆက် ဒယ်လ်တာ၊မြူလို့ ဗိုင်းရပ်စ်ဗီဇကွဲတွေထွက်ခဲ့ပြီး ထိန်းမနိုင် သိမ်းမရဖြစ်ခဲ့သလို ယခုအချိန်မှာလည်း ကာကွယ်ဆေးအပြည့်အ၀ထိုးထားတဲ့နိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှုထပ်တွေ့လို့ စစ်ဆေးတဲ့အခါ တတိယမျိုးဆက် ဒယ်လ်တာပလပ်စ်ကို တွေ့နေရလို့ လော့ခ်ဒေါင်းချတာပြန်ဖွင့်ပြီး စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့လုပ်နေတဲ့ နိုင်ငံတွေကို ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေ သတိပေးမှုတွေ အားချင်းပြုလုပ်နေရပါတယ်။ 
 
ဗြိတိန်မှာဆိုရင် ဒယ်လ်တာမျိုးဗီဇကွဲကနေ သန္ဓေပြောင်းလာတဲ့ ဒယ်လ်တာပလပ်စ်ကို အရေးတကြီး သုတေသနလုပ်ဖို့ စီစဉ်နေပြီး အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးမှ ကော်မရှင်နာဟောင်းက  ပိုမိုကူးစက်မြန်လား၊ ကိုယ်ခံအားမကာကွယ်နိုင်တာမျိုးရှိလား ဆိုတာတွေကို သိရဖို့ အရေးတကြီး လေ့လာဖို့လိုနေပါတယ်ဆိုပြီး သတိပေးခဲ့ပါတယ်။ ဗြိတိန်မှာ ကျောင်းပြန်တက်တဲ့ကလေးငယ်တွေမှာ ကူးစက်မှုအတော်များများ ဖြစ်နေပါတယ်။ဒါဟာ ဒယ်လ်တာ ပလပ်စ်တွေ ပါနေလို့ သတိထားနေရတယ်ဆိုပါတယ်။ ဂျာမနီသတင်းတစ်ခု ဖော်ပြမှုမှာတော့ ဒယ်လ်တာပလပ်စ်မျိုးဗီဇကွဲက ဒယ်လ်တာလောက် အန္တရာယ်ရှိပုံ မပေါ်ဘူးလို့တော့ဆိုထားပါတယ်။ ဒါပေမယ့် ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ်ထက် ဒယ်လ်တာပလပ်စ်က ပိုပြီး ဆိုးဆိုးရွားရွား ပျံ့နှံ့နိုင်တယ် ဆိုပြီး လူသေဆုံးမှုအပိုင်းမှာ ဘယ်လိုရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆေးသုတေသန ပညာရှင်တွေက မှတ်ချက်ပေးထားပါတယ်။
 
လက်ရှိမှာ ဒယ်လ်တာပလပ်စ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုဗစ်ဖြစ်ပွားရတဲ့နှုန်းဟာ ခြောက်ရာခိုင်နှုန်း အထိ ရှိလာခဲ့ပြီဖြစ်လို့ အထိရောက်ဆုံးကာကွယ်နိုင်ဖို့ နည်းလမ်းက ကာကွယ်ဆေး ထိုးနှံခြင်းသာ ရှိတယ်ဆိုပြီး တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ လက်ရှိအချိန်မှာ ဗီဇပြောင်းတွေကြောင့် ကိုဗစ်ကူးစက်တာတွေရှိ နေဆဲဖြစ်ပေမယ့် သေဆုံးမှုနှုန်း လျော့ကျလာတာက ကာကွယ်ဆေးကွန်ရက် လွှမ်းခြုံနိုင်စွမ်း မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဆေးသုတေသနပညာရှင်တွေက မှတ်ချက်ပေးထားတဲ့အတွက် ကာကွယ်ဆေးထိုးတာဟာ အကောင်းဆုံးကာကွယ်မှုပဲ ဖြစ်နေပါတယ်။ ရှေ့ဆက် လောခ့်ဒေါင်းချမှုတွေကို ပြန်ဖွင့်ပေးနေမှုက ကိုဗစ် ၁၉ ကူးစက်မှု ထိန်းချုပ်မှုကို ဘယ်လောက်ထိ ထိခိုက်စေမလဲ၊ ဆက်ပြီးထိန်းချုပ်အားကောင်းစေမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ 
 
မင်းထက်