【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】 ပြင်းထန်လာတဲ့ ပဋိပက္ခများနဲ့ ယနေ့ ကမ္ဘာ

【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】 ပြင်းထန်လာတဲ့ ပဋိပက္ခများနဲ့ ယနေ့ကမ္ဘာ

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားတဲ့ သတင်းတွေက ဖုံးသွားခဲ့ပါတယ်။ ပယ်လိုစီရဲ့သတင်းကြောင့် ဒီတစ်ပတ်မှာ ဖြစ်ခဲ့တဲ့ အာရပ်-အစ္စရေးဒုံးကျည် နဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်တဲ့ သတင်းတွေ၊ ယူကရိန်းစစ်ပွဲမှာ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်း နျူကလီးယား ဓာတ်အားပေးစက်ရုံထိခိုက်ခဲ့တာတွေ၊ အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်မှုများလာလို့ ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ရတာတွေ၊  နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားဆဲ နိုင်ငံတွေ ဖြစ်တဲ့ ဖင်လန်နဲ့ ဆွီဒင်ကို အမေရိကန်ဆီးနိတ်လွှတ်တော်က ထောက်ခံလိုက်တာစတဲ့ သာမန်အချိန်မှာ ကမ္ဘာ့ ထိပ်တန်းဖြစ်မယ့်သတင်းတွေလည်း သတိမထားမိစရာ ဖြစ်ခဲ့ပါတယ်။ ဒါဟာ လက်ရှိကမ္ဘာ့အခင်းအကျင်းမှာ အင်အားကြီးနိုင်ငံတွေဖြစ်နေတဲ့ နိုင်ငံနှစ်နိုင်ငံ ပြဿနာဖြစ်တဲ့သတင်းမို့ နိုင်ငံတကာအခင်းအကျင်းကို ထိခိုက်စေနိုင်တဲ့ ဒီသတင်းက ဒီတစ်ပတ်မှာ သတင်းမီဒီယာအတော်များများရဲ့ ထိပ်တန်းဦးစားပေးသတင်း ဖြစ်ခဲ့ရပါ တယ်။  

ဒီလိုဖြစ်ရပ်ကြောင့် တရုတ်-အမေရိကန် နိုင်ငံတကာ ဆက်ဆံရေးအခင်းအကျင်းအပြောင်းအလဲက စိတ်ဝင်စားစရာကောင်းလာသလို နှစ်နိုင်ငံအားပြိုင်နေတဲ့ အာရှ-ပစိဖိတ်အခင်းအကျင်းမှာ ဘာတွေ ရိုက်ခတ်မှုရှိလာမလဲ ဆိုတာကလည်း စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။  

တင်းမာမှုပြင်းထန်လာတဲ့ အမေရိကန်-တရုတ်ဆက်ဆံရေး

တရုတ်ဘက်က ခွဲထွက်ပြည်နယ်တစ်ခုအဖြစ်သဘောထားတဲ့ ထိုင်ဝမ်ကို ဝါရင့် ဒီမိုကရက်တစ်အမတ်တွေကို ဦးဆောင်ပြီး  အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပယ်လိုစီက ဩဂုတ် ၂ ရက်က သွားရောက်ခဲ့ ပါတယ်။ ဒီနောက်မှာ ပယ်လိုစီရဲ့ လုပ်ရပ်ကို လက်မခံကြောင်းပြသတဲ့အနေနဲ့ တရုတ်ဘက်က ဒေသတွင်းမှာ ရော၊အမေရိကန်နဲ့ ဆက်ဆံရေးမှာပါ တင်းတင်းမာမာတုံ့ပြန်ခဲ့တာကို တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် ပယ်လိုစီရဲ့ ခရီးစဉ်ကို တရုတ်ဘက်က ရန်စမှုအဖြစ်သတ်မှတ်ခဲ့တာပါ။ ဒါကြောင့် ထိုင်ဝမ်ကို ပိတ်ဆို့ ကန့်သတ်မှုတွေ လုပ်ခဲ့သလို  အမေရိကန်ကိုလည်း တန်ပြန်ဆောင်ရွက်ချက်တွေ လုပ်ခဲ့ပါတယ်။ ဒီထဲမှာ တရုတ်နှင့် အမေရိကန် စစ်ဘက် ကူးလူးဆက်ဆံမှု ဖျက်သိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်သုံးရပ်လည်း ပါဝင်ခဲ့ပါတယ်။ ဒါဟာ တရုတ်ဘက်က အမေရိကန်ဘက်ကို အပြင်းထန်ဆုံးတုံ့ပြန်တာဖြစ်သလို နန်စီပယ်လိုစီနဲ့ သူမမိသားစုဝင်တွေကိုပါ ပိတ်ဆို့အရေးယူခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ တရုတ်ပြည်တွင်းရေးကို ပြင်းထန်စွာဝင်ရောက်စွက်ဖက်ခြင်း၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်နဲ့ နယ်မြေတည်တံ့ ပြည့်စုံမှုကို ပြင်းထန်စွာထိခိုက်စေတာ၊ တရုတ်ပြည်တစ်ပြည်တည်း ရှိရေးမူကို ပြင်းထန်စွာထိခိုက်စေတာနဲ့ ထိုင်ဝမ်ရေလက်ကြား အေးချမ်းတည်ငြိမ်ရေးကို ပြင်းထန်စွာ ခြိမ်းခြောက်စေခြင်းတို့ကြောင့်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။  

ပယ်လိုစီရဲ့ထိုင်ဝမ်ခရီးစဉ်ဟာ အငြင်းပွားစရာ ကိစ္စတစ်ခုအဖြစ် ယခုချိန်ထိ ရှိနေဆဲပါ။ အထူးသဖြင့် အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ကို ပြိုင်ဘက် အမေရိကန်က ရန်စတဲ့ လုပ်ရပ်၊စိန်ခေါ်တဲ့ လုပ်ရပ်အဖြစ် တရုတ်နဲ့နိုင်ငံတကာ က ရှုမြင်ကြပါတယ်။ အမေရိကန်ဘက်ကတော့ သာမန်ခရီးစဉ်အဖြစ် သဘောထားသလို အမေရိကန် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးသမားတွေက ဒီခရီးစဉ်ကို သွားဖြစ်အောင် သွားဖို့ တိုက်တွန်းခဲ့တာတွေ ၊လှုံ့ဆော်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ လတ်တလော နိုင်ငံတကာအခင်းအကျင်းကို ပိုကျပ်တည်းသွားစေခဲ့သလို မပြေလည်မှုတွေရှိနေတဲ့ တရုတ်နဲ့အမေရိကန်ကြားက ဆက်ဆံရေးကို တဲတဲလေးသာကျန်တဲ့ အထိ ပိုပြီးဆိုးရွားစေခဲ့ပါတယ်။

တကယ်ကြည့်မယ်ဆိုရင် ဒီခရီးစဉ်ဟာ ပေကျင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဟုသတ်မှတ်ထားသည့် ထိုင်ဝမ်ကို ၂၅နှစ် အတွင်း ပထမဆုံးလာရောက်တဲ့ အဆင့်မြင့်ဆုံးအမေရိကန်အရာရှိဖြစ်နေလို့ ဒေသတွင်း တင်းမာမှုအရှိန်ကို ဆက်မြင့်စေခဲ့ပါတယ်။ ဒါဟာ တရုတ်အစိုးရက နည်းမျိုးစုံသုံးပြီး ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းနေတဲ့ ထိုင်ဝမ်ကို အမေရိကန်ဘက်က သမ္မတနဲ့ ဒု-သမ္မတ ပြီးရင် ရာထူးအကြီးဆုံး အမေရိကန်ခေါင်းဆောင် တစ်ဦးရောက်လာခဲ့တာဖြစ်လို့ ပေါင်းစည်းရေးအတွက် အခက်အခဲဖြစ်စေလို့ နိုင်ငံရေးအမြင်အရ ကြည့်ရင် သိပ်ကို အန္တရာယ်ကြီးပါတယ်။ ဒါကြောင့်လည်း အစောပိုင်းမှာ သမ္မတဂျိုးဘိုင်ဒန်က ဒီခရီးကိုမသွားဖို့ ဖျောင်းဖြခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာပါ။ တရုတ်ဘက်ကလည်း ပလိုစီရဲ့ထိုင်ဝမ်ခရီးစဉ်ကို တစ်ချိန်လုံး ပြင်းပြင်းထန်ထန် ကန်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ရောက်အောင်သွားခဲ့လို့ ပလိုစီရဲ့ ခရီးစဉ်ဟာ တစ်ကမ္ဘာလုံး စိုးတထိတ်ထိတ်နဲ့ ရင်မစောင့်ကြည့်ရတဲ့ ခရီးစဉ်ဖြစ်ခဲ့ပါတယ်။

ဒီနောက်မှာ ပယ်လိုစီရဲ့ ခရီးစဉ်ကြောင့် အကျိုးသက်ရောက်မှုတွေက အများကြီးဖြစ်ခဲ့ပါတယ်။ ကောင်းကျိုးကနည်းပြီးဆိုးကျိုးကများခဲ့ပါတယ်။ ဒီသက်ရောက်မှုက အာရှ-ပစိဖိတ်ဒေသတွင်းက နိုင်ငံရေးနဲ့ ဒေသလုံခြုံရေးမှာသာ မဟုတ်ပါဘူး။ စီးပွားရေးမှာပါ သက်ရောက်ခဲ့တာပါ။  အာရှစတော့စျေးကွက်ဆိုရင် နန်စီပယ်လိုစီခရီးစဉ်ကြောင့် စစ်ဖြစ်နိုင်တဲ့အထိ သုံးသပ်မှုတွေထွက်ပေါ်လာလို့ စတော့စျေးတွေပါ ထိုးကျခဲ့ပါတယ်။ အထူးသဖြင့် စစ်ရေးဆိုင်ရာ တင်းမာမှုတွေက ဒေသတွင်းနိုင်ငံတွေရော ကမ္ဘာ့နိုင်ငံတွေပါ စိုးရိမ်ခဲ့တာပါ။ ပယ်လိုစီရဲ့ ခရီးစဉ် အပြီးမှာ တရုတ်ဘက်က ထိုင်ဝမ်တစ်၀ိုက်မှာ စစ်ရေးလေ့ကျင့်ခဲ့သလို ထိုင်ဝမ်ကျွန်းပေါ် ဖြတ်ပြီး  ဒုံးကျည်လေးစင်းပစ်လွှတ်ခဲ့ပါတယ်။ ဒီလို ပစ်လွှတ်ခဲ့တဲ့အပေါ် သြဂုတ် ၅ ရက်က ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မှတ်ချက်တောင်းရာမှာ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က ဒါဟာ မှတ်ချက်ပေးစရာမလိုဘဲ၊ မှတ်ချက်ပေးရမှာဆိုရင် ပယ်လိုစီရဲ့ ထိုင်ဝမ်သို့ သွားရောက် လည်ပတ်မှုကြောင့် လက်ရှိတင်းမာသောအခြေအနေကို ဖြစ်စေတာ၊ တရုတ်ရဲ့ တန်ပြန်ဆောင်ရွက်မှုအားလုံးဟာ  တရားမျှတပြီး လိုအပ်သင့်လျော်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒါကိုကြည့်ရင် ပယ်လိုစီရဲ့ ခရီးစဉ်အပေါ် တရုတ်အနေနဲ့ ရှုမြင်ပုံက ထိုင်ဝမ်အပေါ် သူတို့ရဲ့ အချုပ်အခြာ ပိုင်ကြောင်း ပြောကြားမှုတွေကို စိန်ခေါ်တာလို့ ရှုမြင်ပုံရပါတယ်။ ဒါကြောင့်လည်း သံတမန်ရေးရာအရ တရုတ်ဘက်က တုံ့ပြန်မှုတွေက ပြင်းထန်ခဲ့တာဖြစ်သလို ဒေသတွင်းစစ်ရေးလေ့ကျင်မှုတွေကိုလည်း ဩဂုတ် ၇ ရက်ထိ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ထိုင်ဝမ်ရေလက်ကြားအရှေ့ပိုင်း အလယ်စည်းတွင် စစ်ရေးလေ့ကျင့်မှု ပုံမှန် ပြုလုပ်မယ်ဆိုပြီး မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။  

ကြည့်မယ်ဆိုရင် ပယ်လိုစီရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်ဘက်က တုံ့ပြန်မှုက ထင်ထားတာထက် ပိုပြင်းထန်ခဲ့ပါတယ်။ ဒီထဲမှာ အမေရိကန်နဲ့ လုပ်ဆောင်နေတဲ့ ကာကွယ်ရေး၊ မူးယစ်ဆေးဝါး၊ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုများနှင့် ရာသီဥတုအရေးတို့ အပါအဝင် အဓိကကျသည့် အရေးကိစ္စရှစ်ခုကိုရပ်ဆိုင်းခဲ့ပါတယ်။ ဒီလိုရပ်ဆိုင်းတဲ့ အတွက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဩဂုတ် ၆ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီလို အမေရိကန်နဲ့ အဓိကဆက်ဆံရေးလမ်းကြောင်းတွေ ရပ်နားတာဟာ တာဝန်မဲ့တဲ့ ခြေလှမ်းတွေလှမ်းလိုက်တာဆိုပြီး ပြောခဲ့သလို  တရုတ်က ငြိမ်းချမ်းစွာ ဖြေရှင်းရေးထက် အင်အားသုံးဖြေရှင်းရေးဘက်ကို ဦးစားပေးနေတဲ့ လှုပ်ရှားမှုတွေ ပြသရာရောက်နေတယ်ဆိုပြီး ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝန်ယိကတော့ ပယ်လိုစီရဲ့ခရီးစဉ်ကြောင့် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံဒေသတွင်းအစည်းအဝေးမှာ အစည်းအဝေးပြင်ပတွေ့ဖို့ရှိတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ကို ဖျက်လိုက်ပါတယ်။အဲဒီအစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်က နိုင်ငံတကာဥပဒေများကို လိုက်နာပြီး နိုင်ငံအသီးသီး၏ အချုပ်အ ခြာ အာဏာပိုင်ခွင့်နှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် မျှော်လင့်ကြောင်း ပြောခဲ့တာကို  ဝန်ယိ က ဒီလိုစကားမျိုး အမေရိကန်ဆီက မကြားရတာကြာပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။ ဒါအပြင် ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး G-7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ထုတ်ပြန်ချက်ကိုလည်း  ဝမ်ယိက ပယ်ချခဲ့ကာ အမေရိကန်ဘက်ကလာတဲ့ လှုံ့ဆော်ရန်စတာကို လျစ်လျူရူခြင်းအတွက် G-7 အဖွဲ့ကို ဝေဖန်ခဲ့ပါ တယ်။ ဝမ်ယိက G-7ထုတ်ပြန်တဲ့ ပယ်လိုစီရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေ သူတို့နိုင်ငံကနေ နိုင်ငံတကာဆီကို လည်ပတ်တာက ဖြစ်ရိုးဖြစ်စဉ်ကိစ္စဆိုတဲ့ ပြောဆိုချက်ကို ပယ်ချခဲ့ပြီး G-7ထုတ်ပြန်ချက်က တရုတ်ပြည်သူလူထုကြား ကြီးမားတဲ့ ခံပြင်းဒေါသထွက်စေခဲ့တယ်လို့ ပြောခဲ့ပြီး “တရုတ်နိုင်ငံက ၁၉ ရာစု တရုတ်မဟုတ်တော့ပါဘူး။ သမိုင်းတစ်ပတ် မလည်ပါဘူး ။ ဘယ်တော့မှလည်မှာမဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ပယ်လိုစီခရီးစဉ်ကိုကြည့်ရင် သာမန်နိုင်ငံရေးသမားတစ်ဦးရဲ့ နိုင်ငံတကာခရီးစဉ်အဖြစ် အမေရိကန်ဘက် က ပုံဖော်နေပေမယ့် သမိုင်းကြောင်းအရ အနောက်နိုင်ငံတွေရဲ့ ဗိုလ်ကျမှုကို ခံခဲ့ရတဲ့ ခါးသီးတဲ့ ခံစားချက်ရှိနေတဲ့ တရုတ်အတွက် လက်မခံနိုင်စရာအဖြစ်မျိုး ဖြစ်နေတာကိုတွေ့ရပါတယ်။ သေချာတာကတော့ ဒီနှစ်နိုင်ငံပဋိပက္ခ ကြောင့် အာရှ-ပစိဖိတ်ဒေသတွင်းမှာ ကုန်သွယ် ရေးနှင့် အင်အားလွန်ဆွဲပွဲတွေ ဖြစ်ပေါ်လာဖို့က သေချာသလောက် ရှိနေပါတယ်။ ဘိုင်ဒင်လက်ထက် တရုတ်ကို မဟာဗျူဟာပြိုင်ဘက်အဖြစ်သတ်မှတ်မှုမှာ ပယ်လိုစီဟာ လည်း အခင်းအကျင်းတစ်ခုအဖြစ် ပါဝင်နေဖွယ်ရှိနေလို့ ရှေ့ဆက် အားပြိုင်မှုတွေက ပိုပြင်းထန်လာဖွယ် ရှိနေပါတယ်။

ဒီလိုသတင်းတွေအပြင် ရုရှား ရေ တပ်ပိတ်ဆို့တာခံထားရတဲ့ ယူကရိန်းအိုဒက်ဆာဆိပ်ကမ်းကနေ ပြောင်းဆံတွေတင်ထားတဲ့သင်္ဘော စတင်ထွက်ခွာနိုင်တာ ၊ ကိုလံဘီယာမှာ ပထမဆုံး လက်ဝဲသမ္မတတစ်ဦး ကျမ်းသစ္စာကျိန်ဆိုနိုင်ခဲ့တာ၊အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မှာ လူနည်းစု ရှီရိုက်မူဆလင်တွေနေတဲ့ ရပ်ကွက် ထဲ ဗုံးပေါက်ကွဲလို့ အနည်းဆုံး လူ(၂)ဦး သေဆုံးပြီး (၂၂)ဦးထိခိုက်ဒဏ်ရာရခဲ့တာ၊ ကျူးဘားမြောက်ပိုင်း Matanzas မြို့က ရေနံစိမ်းသိုလှောင်ကန်တစ်ခုကို မိုးကြိုးပစ်လို့ ပေါက်ကွဲမီးလောင်ပြီး မီးသတ်သမား (၁၇)ဦးပျောက် ဆုံးခဲ့တာ၊ တရုတ်တောင်ပိုင်း ဟိုင်နန်ကျွန်းရှိ ဆန်ယအပန်းဖြေမြို့မှာ ကိုဗစ် ကပ်ရောဂါပြန့်ပွား လို့ အသွား အလာကန့်သတ်လိုက်တာ၊ အမေရိကန် ဘတ်စ်ကတ်ဘော အကျော်အမော်ဘရစ်တနီဂရိုင်နာကို မူးယစ်ဆေး အမှုနဲ့ ရုရှားတရားရုံးက ထောင်ဒဏ် (၉)နှစ်ချမှတ်လိုက်တာ၊ ရုရှားလူမျိုးတွေကို မုန်းတီးကြောင်း ဒေါသတ ကြီး ပြောဆိုခဲ့တဲ့ နော်ဝေကောင်စစ်ဝန်ကို ရုရှားနိုင်ငံကနေ မောင်းထုတ်လိုက်တာ စတဲ့ သတင်းတွေလည်း ဖြစ်ခဲ့လို့  ဒီတစ်ပတ်နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ပယ်လိုစီကြောင့် တင်းမာမှု ပြင်းထန်ကာ အပျက်ပျက်နဲ့ နှာခေါင်း သွေးထွက်တော့မယ့် တရုတ်-အမေရိကန်ဆက်ဆံရေးတင်းမာမှုကို တင်ပြရင်း  ဒီမှာဘဲ ရပ်လိုက်ချင်ပါ တယ်။

မင်းထက်