【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ယူကရိန်းစစ်ပွဲ နဲ့ ဥရောပအတိုးအဆုတ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ယူကရိန်းစစ်ပွဲ နဲ့ ဥရောပအတိုးအဆုတ်

ယခုတစ်ပတ်နိုင်ငံတကာသတင်းတွေထဲမှာ ရုရှားနိုင်ငံနဲ့ ယူကရိန်းပိုင် ကရိုင်းမီးယားကို ဆက်သွယ် ထား တဲ့ တံတားမှာ ဆီတင်ရထားပေါက်ကွဲတဲ့သတင်းက ထိပ်တန်းသတင်းတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီသတင်းက ရုရှား ခေါင်းဆောင်ပူတင်အတွက် သူ့မွေးနေ့မှာ ရရှိတဲ့ ဆိုးရွားတဲ့ လက်ဆောင်တစ်ခုဖြစ်ခဲ့ပါတယ်။ စိတ်မကောင်းစရာ သတင်းများလည်း ဒီတစ်ပတ်မှာ ဖြစ်ခဲ့တာ ရှိပါသေးတယ်။ ဒါက အိမ်နီးချင်းထိုင်းနိုင်ငံမှာဖြစ်ခဲ့တာ ဖြစ်ပြီး စိတ် ကြွဆေးတစ်ပြားတွေ့လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရဲတစ်ဦးက နေ့ကလေးထိန်းကျောင်းကိုဝင်ပစ်လို့ ကလေး ငယ် ၂၄ ဦးအပါအဝင် ၃၆ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကြောင့် ထိုင်းမှာ နောက်ဆက်တွဲ ဂယက် ရိုက်မှုတွေ ဖြစ်ပြီး ထိုင်းဘုရင်ကိုယ်တိုင် ကလေးငယ်တွေဆုံးရှုံးခဲ့ရတဲ့ မိဘတွေကို နှစ်သိမ်မှုပေးခဲ့သလို အမှုကို လည်း ပြန်လည်စစ်ဆေးမှုတွေရှိလာခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ဒီလို ပြဿနာတွေချည်းဖြစ်ခဲ့တာတော့မဟုတ်ပါဘူး။ သဘာ၀ဘေးတွေလည်း ဖြစ်ခဲ့ပါ တယ်။ တောင်တက်သမားတွေကြားထင်ရှားတဲ့ ဟိမ၀န္တာမှာ ရေခဲထုပြိုကျလို့ တောင်တက်သမား ၁၉ ဦးထက် မနည်းသေဆုံးခဲ့တာ၊ ထိုင်းမြို့တော် ဘန်ကောက်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတာ၊ နိုင်ဂျီးရီးယားမှာ ကူးတို့လှေ မှောက်လို့ ခရီးသည် ၇၆ ဦးသေဆုံးခဲ့တာ၊ ဗင်နီဇွဲလားမှာ ရေကြီးလို့ ၂၂ ဦးသေဆုံးပြီး လူ၅၀ ပျောက်ဆုံးနေတာ မြောက်ကိုရီးယားမှာ ငလျင်လူပ်ခတ်ခဲ့တာ စတဲ့ သတင်းအချို့လည်းရှိခဲ့ပါတယ်။

ဒီတစ်ပတ်မှာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့တာက ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့တဲ့ ရုရှားမှာဖြစ်ပျက်နေတဲ့ သတင်းတွေပါဘဲ။ ဒါအပြင် ရုရှားရဲ့ စစ်ရေးနိမ့်လာမှုတွေကြောင့် ဆက်နွယ်နေတယ်လို့ ထင်ရတဲ့ မြောက်ကိုရီး ယား ရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ နူစမ်းသပ်ဖောက်ခွဲမှုသတင်းတွေဘဲ ဖြစ်ပါတယ်။

 ဥရောပ အတိုးအဆုတ် စကစားပြီလား     

ဒီတစ်ပတ်မှာ ရုရှားနိုင်ငံနဲ့ ယူကရိန်းကနေ သိမ်းယူထားတဲ့ ကရိုင်းမီးယားကျွန်းကိုဆက်သွယ်ထားတဲ့ အဓိကတံတားမီးလောင်မှုဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဗီဒီယိုဖိုင်တွေမှာတော့ တံတား ပေါ်က ရထားလမ်းမှာ ဆီတင်ရထားပေါက်ကွဲမီးလောင်နေသလို တံတားတစ်ဖြတ်လည်း ရေထဲပြုတ်ကျနေတာ ကိုတွေ့ရပါတယ်။

ဒီတံတားဟာ ခရိုင်းမီးယားဒေသနဲ့ ရုရှားကို ဆက်သွယ်ထားတဲ့ တခုတည်းသော တံတားကြီးဖြစ်ပြီး Kerch လို့ အမည်ပေးထားပါတယ်။ ၂၀၁၈ ခုနှစ်က စဖွင့်ခဲ့တဲ့ ဒီတံတားကနေ ကရိုင်းမီးယားကို ရုရှားက လောင်စာဆီအပါအဝင် ကုန်ပစ္စည်းတွေ အဓိက တင်ပို့ခဲ့ပြီး လက်ရှိမှာတော့ ရုရှားစစ်ပစ္စည်းတွေ ယူကရိန်းကို အဓိက တင်ပို့တဲ့လမ်းကြောင်း ဖြစ်ပါတယ်။ ယူကရိန်းကို ကျုးကျော်စစ်ဆင်ချိန် တောက်လျှောက်မှာ ဒီတံ တားကြီးကို လုံလုံခြုံခြုံထိန်းထားနိုင်ပါတယ်လို့ ရုရှားဘက်က ပြောလာခဲ့တာဖြစ်ပြီး ရုရှားအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီထုတ်ပြန်မှုမှာတော့ ကားဗုံးပေါက်ကွဲပြီး လောင်စာဆီတင်ယာဉ် ၇ စီး မီးလောင်သွား တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ရုရှားအတွက် စစ်ရေးအရကော နိုင်ငံရေးအရပါအထိနာစေတဲ့ ဖြစ်ရပ် တစ်ခုပါဘဲ။ အစောပိုင်းက သူဘာသာမတော်တဆဖြစ်ရပ်အဖြစ်ပြောနေခဲ့ပေမယ့်နောက်ပိုင်းမှာ ယူကရိန်း က ဒီတံတားကို တိုက်ခိုက်တာဆိုရင်တော့ ပြင်းပြင်းထန်ထန် တုံ့ပြန်ရလိမ်မယ်လို့ ဆိုပြီးပြောခဲ့ ပါတယ်။

ရုရှားအာဏာပိုင်တွေအတွက် ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင် သိမ်းပိုက်နိုင်မှုတွေကြောင့်၊ ရုရှား တပ်တွေ သိမ်းထားတဲ့ အဓိက အရှေ.ပိုင်းက ခါကိဗ့် နဲ့ တောင်ပိုင်းက ခါဆန် ဒေသ နေရာတချို့က ပြန်ဆုတ် ပေးနေရချိန်မှာ၊ ရုရုားရဲ့ မဟာဗျူဟာ ဒီတံတားကြီး တိုက်ခိုက်ခံရမှုကြောင့် အတော်ကို တုန်လှုပ်ခဲ့တဲ့ အနေ အထားပါဘဲ။ ရုရှားဘက်က တံတားကြီးပျက်စီးမှုကို တမင်တကာ တိုက်ခိုက်မှု ဟုတ်၊ မဟုတ် သိရအောင် ရေငုပ် သမားများနဲ့ စစ်ဆေးမယ်ဆိုပါတယ်။  

ဒီလို တံတားပေါက်ကွဲမှုဖြစ်ပြီးနောက် ရုရှားက ယူကရိန်းနူကလီးယားစက်ရုံရှိတဲ့ ဇာပိုရေးရှားက လူ နေတိုက်ခန်းများနှင့် နေအိမ်တွေကို မစ်ဇိုင်း ဒုံးတွေနဲ့ တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် အရပ်သား အနည်းဆုံး ၁၃ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ Kerch တံတား ရဲ့ တစိတ်တပိုင်း ပြိုကျခဲ့တဲ့ ကုန်တင်ကားဗုံးနဲ့ တိုက်ခိုက်မှု အပြီး နာရီပိုင်း အကြာမှာဘဲဖြစ်ခဲ့တာမို့လို့ ဒါဟာ ရုရှားအနေနဲ့ တံတားဟာ တိုက်ခိုက်ခံရတာလို့ ဝန်ခံလိုက်တဲ့ သဘောပါဘဲ။

ယခုတစ်ပတ်မှာဖြစ်တဲ့ ဖြစ်ရပ်တွေက အတော်လေးကိုဘဲ တစ်ခုနဲ့ တစ်ခုချိတ်ဆက်နေတာကိုတွေ့ရပါ တယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဘောလ်တစ်ပင်လယ်ထဲက Nord stream ပိုက်လိုင်းကို ရုရှားကဖောက်ခွဲမှုအပြီး မှာ နေတိုးက လက်တုံပြန်မယ်ဆိုပြီးပြောခဲ့ပါတယ်။ Nord stream ပိုက်လိုင်း ဖောက်ခွဲခံရအပြီးမှာ  ဥရောပမှာ စွမ်းအင်ဆိုင်ရာ အကျပ်အတည်းတွေ စခဲ့သလို ရုရှားဦးဆောင်တဲ့ အိုပက်နဲ့အပေါင်းပါအဖွဲ့က ရေနံထုတ်လုပ် ရေးကို လျှော့ချဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဥရောပအတွက် ပြင်းထန်တဲ့ဆောင်းရာသီမှာ ရုရှားဆင်နွဲတဲ့ စွမ်း အင်စစ်ပွဲကို အလူးအလဲ ခံနိုင်အောင် ပြင်ဆင်နေရတဲ့ သဘောပါဘဲ။လက်ရှိမှာ ဥရောပနိုင်ငံတစ်ချို့မှာ စွမ်း အင်ကြောင့် ကုန်စျေးနူန်းကြီးမြင့်မှုတွေကို ဆန္ဒပြမှုတွေဖြစ်နေပါတယ်။

ဒီလိုအချိန်မှာ တံတားပေါက်ကွဲမှု ထဖြစ်တာမို့လို့ စဉ်းစားချင်စရာပါ။

လက်ရှိယူကရိန်းစစ်ရေးအခြေအနေကိုကြည့်ရင် ရုရှားတပ်ဖွဲတွေ တောက်လျှောက်ဆုတ်ပေး နေရ တာကိုတွေ့ရပြီး နူကလီးယားစက်ရုံဖြစ်တဲ့ ဇာပိုရေးရှားကိုတိုက်ခိုက်တာကိုကြည့်ရင် ရုရှားအဖို့ အတော်ကိုဘဲ သွေးရှုးသွေးတန်းဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုရှားက နူကလီးယားလက်နက်သုံး လာ နိုင်တယ်ဆိုတာ ခြိမ်းခြောက်မှုမဟုတ်ဘဲ တစ်ကယ်ဖြစ်လာနိုင်တယ်ဆိုပြီး အနောက်နိုင်ငံတွေက သတိပေး နေခဲ့ တာပါ။ သမားရိုးကျစစ်ပွဲမှာ အခြေအနေမကောင်းတဲ့ ပူတင်အဖို့ သမားရိုးကျမဟုတ်တဲ့ နူကလီးယား လက်နက်ကို သုံးဖြစ်ဖို့ဆိုတာ အတော်လေးကို ဖြစ်နိုင်တဲ့တွက်ဆမှုပါ။ ဒါကြောင့်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး က ပြီးခဲ့တဲ့ သောကြာက ရုရှားနိုင်ငံမှာ ပူတင်ဟာ သူ့ပြည်သူတွေကို နျူကလီးယားလက်နက် အသုံးပြုရင်ဖြစ်လာ နိုင်တာတွေကို ပြင်ဆင်နေစေပြီမို့ အနောက်အုပ်စုနိုင်ငံတွေကို ကြိုတင်ကာကွယ်မှုပေးဖို့ တောင်းဆိုခဲ့တာ ကိုတွေ့ ရပါတယ်။  

အောက်တိုဘာ ၉ ရက်မှာ ရုရှားသမ္မတပူတင်က Kerch တံတား တိုက်ခိုက်ခံရမှုဟာ ယူကရိန်းရဲ့ အကြံ အစည်ဆိုပြီး စွပ်စွဲမှုစလာခဲပါတယ်။ ဒါဟာ အကြမ်းဖက်လုပ်ရပ်ဆိုပြီး အရပ်သားနေအိမ်တွေကို ပစ်ခတ်တိုက် ခိုက်နေတဲ့ ရုရှားခေါင်းဆောင်က စွပ်စွဲလိုက်ပါတယ်။ ယူကရိန်းဘက်ကလည်း ဇာပိုရေရှားကို မစ်ဇိုင်းတွေနဲ့ တိုက် ခိုက်ခဲ့တဲ့ ရုရှားကသာ အကြမ်းဖက်သမားဆိုပြီး ပြန်တုံံ့ ပြန်ခဲ့ပါတယ်။ ဒီနောက်မှာ ကိယက်ဗ်မြို့ ပတ်လည်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းကို မနိုင်တော့ရင် ဘာလုပ်မလဲဆိုတာ မြင်သာနေပြီဖြစ်လို့ အနောက်နိုင်ငံတွေက ပြင်ဆင်မှုတွေ လုပ်နေတာကို ဒီတစ်ပတ်တွင်းတွေ့နေရသလို ဒီထက်ပိုပြီး မြင်တွေ့လာရဖို့ရှိနေပါတယ်။ 

မြောက်ကိုရီးယား တစ်စင်ထခြင်း

စက်တင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ ရေငုပ်သင်္ဘောပူးတွဲ စစ် ရေးလေ့ကျင့်မှုဟာ ဒေသတွင်းရှိ မြောက်ကိုရီးယားအတွက် အတော်လေးနေ မထိထိုင်မသာဖြစ်စေခဲတဲ့ အနေ အ ထားပါ။ ဒီလို စစ်ရေး လေ့ကျင့်မှုပြုလုပ်ခဲ့လို့ မြောက်ကိုရီးယားက အောက်တိုဘာ ၄ ရက်မှာ ဒုံးကျည်စမ်းသပ် ပစ် လွှတ်မှု လုပ်ခဲ့ပါတယ်။ဒီလိုပစ်လွှတ်ခဲ့ရာမှာ ဒီတစ်ခါတော့ ဂျပန်နိုင်ငံကိုကျော်ပြီး ပစ်လွှတ်ခဲ့လို့ ဂျပန်မှာ ဒေသ ခံ တွေကို အန္တရာယ်ကင်းရာဆီရွေ့ပြောင်းခဲ့ရသလို ဒုံးကျည်က ဂျပန်ပင်လယ်ပြင်ထဲ ကျရောက်ခဲ့ပါတယ်။

နောက်တစ်ရက် အောက်တိုဘာ ၅ ရက်မှာ မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်မှုကို တုံံပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်က မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်တွေ အရှေ့ဘက်ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ ပါ တယ်။ ဒီလို ပစ်လွှတ်ရာမှာ တောင်ကိုရီးယားဒုံးကျည်တစ်စင်းက တောင်ကိုရီးယားမှ ရှိတဲ့ လေတပ်စခန်းထဲ ပြန်ကျလို့ ပေါက်ကွဲမှုတွေ  ဖြစ်ခဲ့ပါတယ်။ ဂျပန်ကိုကျော်ပြီး ပစ်ခဲတဲ့ မြောက်ကိုရီးယားဒုံးကျည်ကြောင့် အရှေ့ပင် လယ်ကနေ စစ်ရေးလေ့ကျင်ပြီး ပြန်ထွက်လာတဲ့ အမေရိကန်က လေယာဉ်တင်သင်္ဘောတစ်စင်း ရော်နယ်ရေဂင် ဟာ မြောက်ကိုရီးယားအရှေ့ဘက်ပင်လယ်ပြင်မှာ အမြဲတမ်းထားဖို့အထိ ဖြစ်သွားခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက်ကထွက်လာတဲ့ ကုလအစီရင်ခံစာတစ်စောင်မှာဆိုရင် မြောက်ကိုရီးယားက ၂၀၁၈ ခုနှစ်မှာ ဖျက်သိမ်းခဲ့တဲ့ ယွန်ဗြောင်က နျူစမ်းသပ်ခဲ့တဲ့နေရာမှာ နူစမ်းသပ်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေ တာ နောက်ဆုံးအဆင့်ထိရောက်နေပြီဆိုပြီး သတင်းထွက်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ မြောက်ကိုရီးယားက ၈ ကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်မှုကို အောက်တိုဘာ ၉ ရက်က လုပ်ခဲ့ပါတယ်။ဒါဟာ ရန်စမှုအဖြစ် ဂျပန်က ဆိုပြီး တောင်ကိုရီးယားက အမေရိကန်၊ဂျပန်နိုင်ငံတွေနဲ့ စစ်ရေးအရ ပိုမိုပူးပေါင်းတော့မယ်ဆိုပြီး ကြေညာခဲ့တာကို တွေ့ရ ပါတယ်။ ဒါတွေကို ကြည့်ရင် မြောက်ကိုရီးယားခေါင်းဆောင်ဟာ အနောက်အုပ်စုပိတ်ဆို့မှုကို ကျော်လွှား နိုင်ဖို့ ဒီလိုလုပ်ပြနေတာလား၊ ဒါမှမဟုတ် သူရဲ့ စစ်ရေးမဟာမိတ် ရုရှားအခြေမလှဖြစ်နေတာကို ဖိအားလျော့ အောင် အနောက်အုပ်စုကို အာရှအရှေ့ဘက်မှ ဖိအားပေးနေတာလားဆိုတာ စဉ်းစားချင်စရာပါ။

မြောက်ကိုရီးယားရဲ့ အနောက်အုပ်စုကို ရန်စမှုဟာ တရုတ်အတွက်တော့ အခက်တွေ့စရာပါ။ လက်ရှိမှာ တရုတ်နိုင်ငံက သမ္မတရှီကျင့်ဖျင်ရဲ့ တတိယမြောက်သက်တမ်းအတွက် အရေးကြီးတဲ့ ပါတီထိပ်သီး အစည်း အ ဝေးတွေကျင်းပနေချိန်ဖြစ်ပြီး မြောက်ကိုရီးယားက သတ္တမမြောက် နူကလီးယားစမ်းသပ်ဖောက်ခွဲခဲ့ရင် ဒေသတွင်း မှာ တင်းမာမှုမြင့်တက်လာမှာဖြစ်လို ဒေသတွင်းတည်ငြိမ်မှုကို လိုလားတဲ့ တရုတ် ခေါင်းဆောင်တွေရဲ့ဆန္ဒတွေနဲ့ ဖီလာဖြစ်မှာ သေချာနေပါတယ်။ဒါဟာ မြောက်ကိုရီးယားအနေနဲ့ ကာလကြာရှည်မဟာမိတ်တရုတ်ကို ဆန့်ကျင် ပြီး ရုရှားအလိုအတိုင်း ဖြစ်လာနေပြီလားဆိုတာလည်း အနောက်နိုင်ငံတွေက စောင့်ကြည့်နေတာဖြစ်ပါတယ်။

တကယ်လို့သာ မြောက်ကိုရီးယားက နူကလီးယားစမ်းသပ်မှုကို လုပ်ဖြစ်ခဲ့လို့ရှိရင် ဒါဟာ ၂၀၁၇ ခုနှစ်က နောက်ဆုံးဖောက်ခွဲခံရတဲ့ နူစမ်းသပ်မှုကြောင့် တရုတ်ဘက်နဲ့ ဆက်ဆံရေးအေးစက်တာကို မြောက်ကိုရီးယား အလေးမစိုက်တော့ သေချာတဲ့ သဘောပါဘဲ။

လက်ရှိ ကမ္ဘာ့အခင်းအကျင်းတွေက တစ်ရက်ထက်တစ်ရက် ပိုမိုရှုပ်ထွေးလာနေခဲ့ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်မှုဟာ ကမ္ဘာ့ကို စစ်မီးထဲ ထည့်သွင်းလိုက်တာပါဘဲ။ ဒီပြဿနာကို ဘယ်နိုင်ငံမှ ရှင်းနိုင်ဖွယ် မမြင် သလို မြောက်ကိုရီးယား၊အီရန်လို အာဏာရှင်နိုင်ငံတွေကလည်း ပြည်တွင်းပြဿနာတွေကို အာရုံလွှဲဖို့ လက်နက် အားကိုးနဲ့ ဒေသတွင်းတွေမှာ အနောက်အုပ်စုနဲ့ ထိပ်တိုက်တွေ့မယ့် လမ်းကြောင်းကိုလျှောက်ဖို့ ပြင်နေတာမို့လို့ တစ်ပတ်ထက် တစ်ပတ် စစ်ရေးဆိုင်ရာသတင်းတွေက ပိုများလာဖို့ ရှိလာနေတယ်ဆိုတာ ဖော်ပြရင်း ယခုတစ် ပတ်နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။   

 

မင်းထက်