【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】အမေရိကန်ဗျူဟာနှင့် ရုရှား၏ ရုန်းကန်မှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】အမေရိကန်ဗျူဟာနှင့် ရုရှား၏ ရုန်းကန်မှု

ယခုရက်သတ္တပတ်နိုင်ငံတကာ သတင်းတွေအရဆိုရင် ယူကရိန်းအရှေ့ပိုင်းကို တိုက်ခိုက်နေတဲ့ ရုရှားတပ် တွေ ရဲ့ အခြေအနေက သိပ်ပြီးမကောင်းလှပါဘူး။ အထူးသဖြင့် မာရီယူပိုးလ်လို အချက်အခြာကျတဲ့ ယူကရိန်းဆိပ် ကမ်းမြို့ကို သိမ်းထားပြီ ဆိုပေမယ် အနောက်နိုင်ငံတွေက ထုတ်ပြန်မှုတွေနဲ့ လက်ရှိ အက်ဗဇော့သံမဏိစက်ရုံကို ၀ိုင်းဝန်းပိတ်ဆို့ထားလို့ ကယ်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေအရဆိုရင် မာရီယူပိုးလ်ဟာ ရုရှားတပ်ထဲ မကျရောက်သေးတဲ့ အနေအထားဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေအရဆိုရင် ရုရှားရဲ့ယူကရိန်းကို ကျူးကျော် မှုဟာ ကြာရှည်လာတာနဲ့အမျှ စစ်အီလာတဲ့ အနေအထားကို ရောက်နေတဲ့ အခြေအနေဖြစ်နေလို့ အာဖဂန်မှာ ရုရှားတပ်တွေ ဖြစ်ခဲ့ရတာကို ပြန်သတိရစရာပါ။

တခြားသော ကမ္ဘာ့အရေးတွေကိုကြည့်ရင်လည်း ယခုရက်သတ္တပတ်ဟာ စိတ်ဝင်စားစရာ သတင်းတွေ ရှိနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်ရေး ဥပဒေကို ချိုးဖောက်လို့ဆိုပြီး တရုတ်နိုင်ငံအခြေစိုက် Xiaomi တယ်လီဖုန်းကုမ္ပဏီထံက အမေရိကန်ဒေါ်လာ ၇၂၅ သန်းကို အိန္ဒိယအစိုးရက သိမ်းလိုက်တာ ၊ ကမ္ဘာမှာ စားအုန်းဆီ အတင်ပို့ဆုံး အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့မှု တားမြစ်လိုက်တာကြောင့် စားအုန်းဆီဈေးဟာ စံချိန်တင် မြင့်တက်သွားခဲ့တာ၊ အိန္ဒိယနိုင်ငံ နေရာဒေသတော်တော်များများမှာ အပူချိန် အထူးမြင့်မားနေတာ၊ ဂျပန်နိုင်ငံတွင် လူခုနစ်ဦးလျှင် တစ်ဦးနှုန်း ယမန်နှစ်က ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရတာနဲ့  တခြားသော စိတ်ဝင်စားစရာ သတင်းတွေရှိခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်အခါမှာ နိုင်ငံတကာသတင်းတွေထဲ စိတ်ဝင်စားမှုရှိသလို အချိန်မရွေး ကမ္ဘာစစ် ဖြစ်သွားနိုင်တဲ့ အနေအထားရှိတဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှုစစ်သတင်းတွေ၊ ပြောင်းလဲမှုတွေ၊ အခင်းအကျင်းသစ်တွေက စိတ်ဝင်စားစရာ အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ မော်စကို ကနေထွက်လာတဲ့ သတင်းတစ်ပုဒ်က နိုင်ငံတကာစစ်ရေးအကဲခတ်သူတွေကို တွေးစရာ ဖြစ်စေခဲ့ပါတယ်။ ဒါက လက်ရှိ ရုရှားခေါင်းဆောင် ပူတင်က ကင်ဆာရောဂါကြောင့် သူရောဂါကုသနေချိန်မှာ ကေဂျီဘီ အကြီးအကဲဟောင်းကို သူ့ရဲ့အခွင့်အာဏာတွေ ပေးခဲ့ဖို့ရှိတယ်ဆိုတဲ့ သတင်းပါ။ ဒီသတင်းကြောင့် ရုရှားထိပ်ပိုင်း တာဝန်ရှိ သူတွေထဲမှာ ပြိုလဲမှုတွေ စတင်နေပြီလားဆိုတာ တွေးစရာ ဖြစ်လာခဲ့ပါတယ်။

ပြင်းထန်တဲ့ ထိုးစစ်နဲ့ ခုခံမှု

ကိယက်ဗ်နဲ့ အနီးတစ်၀ိုက်ကနေ စစ်လန်လာတဲ့ ရုရှားကျူးကျော်တပ်တွေဟာ ထိပ်ပိုင်းစစ်ရေးခေါင်းဆောင် အပြောင်းအလဲ လုပ်ပြီးမှာ ယူကရိန်းအရှေ့ဖျား ဒွန်ဘတ်စ်ကို ဦးတည်တိုက်ခိုက်တော့မယ်ဆိုပြီး ပူတင် ရဲ့ စကားအတိုင်း ပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နွှဲခဲ့ပါတယ်။ ယူကရိန်း စက်မှုလုပ်ငန်း အဓိကနေရာ တစ်ခုဖြစ်တဲ့ Donbas ဒေသကို သိမ်းနိုင်ဖို့ကြိုးစားနေတဲ့ ရုရှားအဖို့ အပြင်းအထန် ခုခံနေတဲ့ ယူကရိန်းတပ်ဖွဲ့ တွေ ကြောင့် စီစဉ်ထားတာထက် ပိုပြီးနှေးကွေးနေခဲ့ပါတယ်။ ဒွန်ဘတ်စ်ဒေသကို ပြင်းထန်တဲ့ ထိုးစစ်ဆင်နွှဲ နေချိန်မှာဘဲ ယူကရိန်းတောင်ပိုင်းက စစ်ဒဏ်ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးနေတဲ့ Mariupol ဆိပ်ကမ်းမြို့က သံမဏိစက်ရုံကြီးထဲပိတ်မိနေတဲ့ အရပ်သားတွေ ကိစ္စက နိုင်ငံတကာ မျက်နှာစာမှာ ပေါ်ထွက်လာသလို ပူတင်ရဲ့ ယင်တစ်ကောင်တောင် အဝင်အထွက်မရှိစေဖို့ ရုရှားတပ်တွေကို မှာကြားမှုကြောင့် မာရီယူပိုးလ်က သံမဏိစက်ရုံဝန်း ပြဿနာဟာ ကုလအတွက် ထိပ်တန်းဖြေရှင်းရမယ့်‌ အနေအထားဖြစ်လာခဲ့ ပါတယ်။     

အဲဒီ သံမဏိစက်ရုံကြီးထဲမှာ ယူကရိန်းတပ်ဖွဲ့ဝင် ခန့်မှန်းခြေ ၂,၀၀၀ လောက် ခံတိုက်နေပြီး အရပ် သား က ၁,၀၀၀ လောက် ရှိနေလို့ ရက်စက်ကြမ်းကြုတ်တဲ့ ရုရှားကျူးကျော်တပ်တွေကြောင့် အဆိုးဝါးဆုံး ဖြစ်လာမှာကို နိုင်ငံတကာက စိုးရိမ်မှုရှိနေခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ ဘူချာမြို့လို ဖြစ်စဉ်တွေ ထပ်ဖြစ်လာမှာကို စိုးရိမ်သလို နိုင်ငံတကာခေါင်းဆောင်တွေကလည်း ပိတ်မိနေတဲ့ အရပ်သားတွေ ကယ်ထုတ်နိုင်ဖို့ ကြိုးစားကြပါတယ်။

ဒီတစ်ပတ်ထဲမှာ ကုလအတွင်းရေးမှူးက ရုရှားနိုင်ငံကို သွားပြီး ပူတင်နဲ့တွေ့ခဲ့ပါတယ်။ ပူတင်နဲ့ တွေ့ဆုံမှု အသေးစိတ်ကို ထုတ်ပြန်ခဲ့တာမရှိပေမယ့် မာရီယူပိုးလ်က ပိတ်မိနေတဲ့ အရပ်သားတွေ ကိစ္စကို ဆွေးနွေးခဲ့တာ ရှိခဲ့ပါတယ်။ ပူတင်နဲ့ တွေ့ဆုံမှုမှာ ဘာတွေ ဆွေးနွေးခဲ့တာကို မသိရပေမယ့်  ရုရှားနဲ့ တစ်ဆက်တည်း သွားခဲ့တဲ့ ယူကရိန်းခရီးစဉ်မှာ သမ္မတဇီလင်စကီးနဲ့ တွေ့စဉ် ပြောခဲ့တဲ့ ယူကရိန်းကို ရုရှားရဲ့ ကျုးကျော် တိုက်ခိုက်မှုကို ဟန့်တားဖို့နဲ့ အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စကားကို တွက်ဆရင် ကုလရဲ့ အခန်းကဏ္ဍဟာ  ရုရှားအတွက် ဘာမှ မဟုတ်ခဲ့တဲ့အနေအထားကို ကုလအတွင်းရေးမှူးချုပ် စိတ်ပျက်ခဲ့တဲ့ ပုံစံပါဘဲ။

ကိယက်ဗ်မှာ ယူကရိန်းသမ္မတဇီလင်စကီးနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလအတွင်းရေးမှူးချုပ်က ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ကုလသမဂ္ဂရဲ့ပဋိညာ ဉ်ကို ချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂရဲ့ သဘောထားအပြောင်းအလဲ မရှိကြောင်းနဲ့ ဒီရပ်တည်ချက်ကိုလည်း ယူကရိန်းနိုင်ငံမတိုင်ခင် သွားခဲ့တဲ့ ရုရှားခရီးစဉ်မှာ ရှင်းရှင်း လင်းလင်း အသိပေးခဲ့ကြောင်း ပြောခဲ့ တာကိုတွေ့ရပါတယ်။ ဒီလို ပူတင်ကိုပြောခဲ့လို့ ရုရှားဘက် ကုလကို ဘယ်လိုတုံပြန်သလဲဆိုတာ မသိရပေ မယ့် အဲဒီနေ့မှာဘဲ ဂူတာရက်စ်တည်းခိုတဲ့ ဟိုတယ်နားကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခဲ့လို့ ကံသီပြီး မသေခဲ့တဲ့ အနေအထားပါ။ အဲဒီအချိန်မှာ ဂူတာရက်စ်က ယူကရိန်းဝန်ကြီးချုပ်နဲ့တွေ့ဆုံနေခဲ့လို ပစ်ခတ်မှုနဲ့ တိုက်ရိုက်မြင့်တွေရခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီဖြစ်ရပ်ဟာ ကုလကို ရုရှားက လက်ခလယ်ထောင်ပြတာလို့ ယူကရိန်းသမ္မတက ပြောခဲ့ပါတယ်။ တကယ်ဘဲ ရုရှားရဲ့လုပ်ရပ်က နိုင်ငံတကာကို လက်နက်အားကိုးနဲ့ ပမာမခန့်လုပ်တာတွေ၊ မထီလေးစားလုပ်တာတွေ စတဲ့ နိုင်ငံတကာ စည်းမျည်းစည်းကမ်းတွေ ထုံးတမ်းဓလေ့တွေကို အလေးမထားဘဲ လုပ်ချင်သလို လုပ်နေခဲ့တာ ထင်ရှားလာခဲ့ပါတယ်။

အမေရိကန်နှင့် နေတိုး၏ ရပ်တည်မှု ပြတ်သားလာ

ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားကို စစ်ရေးအရ ဝင်မပါပေမယ့် စစ်ရေးအရထောက်ပံ့မှုနဲ့ နိုင်ငံရေး အရ ထောက်ပံ့မှုပမာဏာဟာ ရုရှားအတွက် အခံရခက်စရာဖြစ်အောင် အမေရိကန်တစ်နိုင်ငံတည်း ဒေါ်လာ ၁၃ ဘီလျံကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ ယူကရိန်းတစ်နိုင်ငံလုံး ရုရှားကိုခုခံတိုက်ခိုက်နေချိန်တွင် လိုအပ်သည့် ထောက်ပံ့မှုကို အမေရိကန်နှင့် နေတိုးက ပြည့်စုံအောင်လုပ်ပေးနေသဖြင့် ရုရှားတပ်များမှာ အနောက်နိုင်ငံ များ ခေတ်မီလက်နက်များကြောင့် အထိနာနေခဲ့သည်။ ပေါက်ကြားလာသော သတင်းများအရ ရုရှားစစ်သည် နှစ်သောင်းခွဲနီးပါး ယူကရိန်းကျူးကျော်စစ်အတွင်း ကျဆုံးခဲ့ပြီး စီးပွားရေးအရ အတော်ကိုအထိနာနေသလို ထိပ်ပိုင်းခေါင်းဆောင်များအတွင်း အက်ကြောင်းများရှိနေခဲ့ပြီဆိုသည်။ သို့သော် ရုရှားဘက်က ဘယ်လို ဖြစ်ဖြစ် ယခုစစ်ပွဲမှ ထွက်လို့ မရသလို အနောက်နိုင်ငံများကလည်း ရုရှားကို ယူကရိန်းစစ်နွံထဲမှ ထွက်ခွင့်မရအောင် သံတမန်နှင့် စစ်ရေးနည်းဗျူဟာများအရ တုပ်နှောင်ထားမည့် ပုံစံရှိနေခဲ့သည်။

ယခုရက်သတ္တပတ်တွင်း အမေရိကန်ဘက်က ယူကရိန်းကိုထောက်ပံ့ရန် နောက်ထပ်အကူအညီအဖြစ် ဒေါ်လာ ၃၃ ဘီလီယံ ပေးအပ်မယ့် အစီအစဉ်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးဖို့ အမေရိကန်သမ္မတက တောင်းခံခဲ့သည်။ ရှေ့လာမယ့် ၅ လအတွင်းအသုံးပြုမည့် ယင်းအစီအစဉ်တွင် ယူကရိန်း အတွက် လက်နက်သစ်တွေနဲ့ စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ဘီလီယံ ၂၀ ကျော်၊ စီးပွားရေး အကူအညီအဖြစ် ၈ ဘီလီယံခွဲနဲ့ စာနာမှု အကူအညီအဖြစ် ၃ ဘီလီယံ ပေးအပ်ဖို့ စီစဉ်ထားသည်ဟု ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။ အစောပိုင်းက ရုရှားကိုရည်ညွှန်းပြီး ယူကရိန်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေ အောင်မြင်မှုရနိုင်မှာ မဟုတ်ဘိုင်ဒင်ပြောကြားချက်မှာ အကြောင်းမဲ့ပြောခြင်းမဟုတ်မှန်း ယခုတောင်းခံမှု ကိုကြည့်ပါက သိနိုင်သည်။

ယူကရိန်းဘက်မှ အမေရိကန်တစ်နိုင်ငံတည်းရပ်တည်နေသည်မဟုတ်။ နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် အီးယူအဖွဲ့ဝင်နိုင်ငံများကလည်း ရပ်တည်နေသလို နောက်ပိုင်းတွင် ဂျပန်လို တောင်ကိုရီးယားလို့ နိုင်ငံတွေကပါ ယူကရိန်းကို စစ်ရေးအကူအညီပေးသလို စီးပွားရေးအရ ပိတ်ဆို့မှုကဲ့သို့ ထိရောက်သည့် ကန့်သတ်မှု များကိုပါ ပေးခဲ့သည်။ ရုရှားအနေဖြင့် အမေရိကန်ဦးဆောင်သည့် အနောက် နိုင်ငံများ၏ ပိတ်ဆို့မှုကို တန်ပြန် ရာတွင် စွမ်းအင်ကို ကိုင်စွဲကာ အနောက်ဥရောပကို အကျပ်ကိုင်ခဲ့သည်ကိုတွေ့ရသည်။ ယခုရက်သတ္တပတ်ထဲ  ပိုလန်နှင့် ဘူလ်ဂေးရီးယားကို သဘာ၀ဓာတ်ငွေ့တင်ပို့မှု ဖြတ်တောက်ခဲ့သည်ကိုတွေ့ရသလို ရုရှားအပေါ် ရန်လိုသည့်နိုင်ငံများ၏ လုပ်ငန်းများ ရုရှားတွင် လည်ပတ်နေပါက သိမ်းယူရန်အထိ ဥပဒေပြဋ္ဌာန်းရန် လုပ်ဆောင်ခဲ့သည်။

သို့သော် ရုရှားအနေဖြင့် အမေရိကန်၊နေတိုးစစ်အုပ်စုနှင့် ကြားခံစစ်ပွဲကို  ယူကရိန်းကို ကျူးကျော်ခဲ့ ခြင်းဖြင့် ဖြစ်သွားခဲ့ပြီဆိုသည်ကို လွန်သွားမှ သိခဲ့ပုံရသည်။ ရုရှားနှင့်တိုက်မည့် ယူကရိန်းတပ်ဖွဲ့များကို လက်နက်များ ပုံအောထောက်ပံ့မှုနှင့် လိုအပ်သည့်ဘဏ္ဍာရေးထောက်ပံ့မှု၊နိုင်ငံရေးထောက်ပံ့မှုများကြောင့် အချိန်တိုအတွင်း ပြီးပြတ်မည်ထင်သည့် ယူကရိန်းစစ်ပွဲမှာ ယခုအခါ ၃ လအတွင်း ဝင်ရောက်လာခဲ့ပြီ ဖြစ် သည်။ ရုရှားအနေဖြင့် ယူကရိန်းကို စစ်ရေးအရ အောင်နိုင်ဖို့ ဆိုသည်မှာ လတ်တလော စစ်ရေးအ ခြေအနေ ကိုကြည့်ပါက ဒွန်ဘတ်စ်ကဲ့သို့ ခွဲထွက်ဒေသများရှိနေသည့် ဒေသတွင်ပင် အသာစီးရဖို့ မနည်းလုပ်နေရသည်။ ထိုအခြေအနေက ယူကရိန်းကို နိုင်ခဲ့သည်ဆိုပါက အပြင်းအထန်ခုခံနေသည့် ယူကရိန်းတပ်ဖွဲ့များ ကြောင့် အလုံးစုံပျက်စီးနေသည့် ယူကရိန်းကိုသာ ရနိုင်ဖို့ ရှိနေပေသည်။

သံတမန်ရေးကျရှုံးမှု

ဒီအပိုင်းတွင် ရုရှား၏ သင်းကွဲဖြစ်မှုမှာ အတော်ကို သိသာထင်ရှားသည်။ ရုရှား၏စစ်ရေးကျူးကျော်မှု အပေါ် ထောက်ခံသည့်နိုင်ငံများကို ကြည့်ပါက စစ်အာဏာရှင်များနှင့် အနောက်အုပ်စု၏ပိတ်ဆို့မှုကို အလူးအလဲခံနေရသည့် နိုင်ငံများသာပါဝင်နေလေသည်။ ယခုရက်အတွင်းထွက်ပေါ်လာသည့် သတင်းများအရ ဘာလီတွင် ကျင်းပသည့် G-20 အစည်းအဝေးကို ရုရှားသမ္မတ ပူတင်ကိုအင်ဒိုသမ္မတက ဖိတ်ကြားခဲ့သဖြင့် အမေရိကန်ဘက်က တက်ရောက်ဖွယ်မရှိနိုင်သည့် လေသံများထွက်လာခဲ့သည်။ အမေရိကန်သာမတက်ခဲ့ပါက အမေရိကန်နှင့် ဆက်စပ်သည့် အီးယူနိုင်ငံများနှင့် လတ်တလော ရုရှားနှင့် တင်းမာနေသည့် ဂျပန်လို၊ တောင်ကိုရီးယားလို့ နိုင်ငံတွေပါ တက်ရောက်ဖွယ်မမြင်ပေ။ ထိုအလားအလာကိုကြည့်ပါက နိုင်ငံတကာတွင် လည်း ရုရှားကိုဖယ်ကြဉ်နေသည်ကိုတွေ့မြင်ရမည်ဖြစ်ပြီး ရုရှားနှင့် ထိစပ်ဆက်ဆံသည့်နိုင်ငံများကိုပါ ပိတ်ဆို့မှုက သက်ရောက်လာမည့် အနေအထားရှိနေလေသည်။

 ယခုရက်ထဲတွင် ယူကရိန်းသို့ ကုလအတွင်းရေမှူးချုပ်သွားရောက်ခဲ့သလို အမေရိကန်ဘက်မှ ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးလည်းသွားရောက်ခဲ့သည်။ အထူးသဖြင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပယ်လိုစီ ကိုယ်တိုင်သွားရောက်ခဲ့ကာ ယူကရိန်းဘက်မှ တိုက်ပွဲပြီးသည်အထိ ရပ်တည်သွားမည်ဟု ပြောခဲ့သည်။ ဒါအပြင် ယူကရိန်းနှင့် အတူ အမေရိကန်က ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ကမ္ဘာကို ပြသလိုက်တာ ဖြစ်တယ်ဟု ပြောခဲ့သည်။ ထိုကဲ့သို့ ပြောဆိုသွားလာထောက်ပံ့မှုများက ရုရှားသမ္မတပူတင်၏ ယူကရိန်းကိုထောက်ပံ့ပါက လျှပ်ပြက်သလို ချေမှုန်းခံရမည်ဆိုသော စကားကို ဂရုမစိုက်ကြောင်း ပြခဲ့ခြင်းဖြစ်သဖြင့် ယူကရိန်းသို့သွားရောက်သည့် သံတမန်ခရီးစဉ်များက ပိုများလာဖွယ်ရှိနေသည်။  

လက်ရှိ အခင်းအကျင်းနှင့် ဖြစ်ပျက်နေသည်များကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြည့်ပါက ရုရှားအနေ ဖြင့် သမားရိုးကျလက်နက်သုံးပြီး တိုက်ခိုက်ခြင်းဖြင့် ယူကရိန်းဘက်က ကူညီပံ့ပိုးပေးနေသည့် အနောက်အုပ်စုကို ခြိမ်းခြောက်မှုက အသုံးမဝင်ဖြစ်နေပြီး နျူကလီးယားသုံးပါကလည်း သူ့ နိုင်ငံပါပြန်ထိမည့် အခြေအနေ ဖြစ်နေသဖြင့် စစ်ပွဲကို သေးငယ်သည့် နိုင်ပွဲဖြင့် အဆုံးသတ်ရန် မေ ၉ ရက် ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း မတိုင်မီ ကြိုးစားမှ ရမည့် အနေအထားဖြစ်သည်။ မေ ၉ ရက် ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်းနေ့ကို ရုရှားတွင် အကြီးအကျယ် ကျင်းပလေ့ရှိရာ ယခုနှစ်တွင်တော့ ထိုထက် ကြီးမားစွာခင်းကျင်း ပြသဖို့ ရှိနိုင်သော်လည်း လက်ရှိတွင် ယူကရိန်းဘက်က နယ်မြေတစ်ခုမှ မပေးရအောင် ခုခံနေသဖြင့် ထိုပွဲမှာ ပူတင်အတွက် ပြည်တွင်း၌ သိက္ခာကျစရာ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။ထိုအချိန်တွင် ပူတင်တစ်ယောက် ကင်ဆာ ကုသရန် ယာယီအာဏာလွှဲထားခဲ့မည် ဆိုသော အသံတွေ ထွက်လာခြင်းဖြစ်သည်။

မည်သိုပင် စစ်ရေးအရ ပြောင်းလဲမှုတွေရှိပါစေ မေ ၉ ရက်တွင် ပူတင်ပေါ်ထွက်လာမှုရှိ/မရှိကို နိုင်ငံတကာက စောင့်ကြည့်ရမည်ဖြစ်သည်။ အခြားနိုင်ငံအပေါ် ကျူးကျော်ခဲ့သည့် ရုရှား၏ နိုင်ငံရေးဂုဏ် သိက္ခာမှာ လုံး၀မရှိတော့သလောက်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။စီးပွားရေးမှာ အသံသာရှိတော့သည်။ လည်ပတ် ရန် မနည်းဖြစ်နေသည်။ စစ်ရေးကို စောင့်ကြည့်ရတော့မည်။ ပူတင်အနေဖြင့် အမေရိကန်နှင့် အနောက်အုပ်စု နည်းဗျူဟာထဲမှ ရုရှားကို ဆွဲထုတ်နိုင်ပါ့မလား၊ အမေရိကန်နှင့် အနောက်အုပ်စုက ပူတင်လို ရက်စက်ကြမ်း ကြုတ်သော အာဏာရှင်တစ်ယောက်ကို ကြားခံစစ်မှ ဆွဲထုတ်ခံပါမလား၊ ဘိုင်ဒင်၏နည်းဗျူဟာ ရည်မှန်းချက်က ဘာလဲဆိုတာ မကြာမီရက်များအတွင်း သဲသဲကွဲကွဲ မြင်နေရပြီ ဖြစ်သည်။ ယခုတွင်ပင် ရုရှားကြောင့်‌ ညီညွတ်သော ဥရောပကို အမေရိကန်ရသွားခဲ့ပြီ ဖြစ်သည်။

မင်းထက်