【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 ပူတင်ရဲ့ နောက်ဆုံးအားကိုးရာ နာဇီ တစ္ဆေ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 ပူတင်ရဲ့ နောက်ဆုံးအားကိုးရာ နာဇီ တစ္ဆေ

ယခုရက်သတ္တပတ်အတွင်း နိုင်ငံတကာသတင်းတွေကိုဖတ်ရတာ ရင်မောစရာတွေ များနေခဲ့ပါတယ်။ မပြီးနိုင်သေးတဲ့ ယူကရိန်းစစ်က ကြာလာလေ သေဆုံးရတဲ့ အရပ်သားတွေနဲ့ ကလေးငယ်တွေအရေအတွက်က တက်လာနေသလို နှစ်ဖက်အကြား ပြင်းထန်တဲ့ စစ်ကြောင့် စစ်ဘောင်ကျယ်လာမယ့် အခြေအနေတွေကို စိုးရိမ် ဖွယ်ရာတွေ့လာနေရပြီ ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ ယူကရိန်းစစ်ပွဲသတင်းတွေလိုဘဲ သတိထားစရာသတင်းတွေ ရှိခဲ့ပါတယ်။ ဖိလစ်ပိုင်ရွေး ကောက်ပွဲမှာ အာဏာရှင်ဟောင်းမားကိုစ့်ရဲ့သားဖြစ်သူက ရွေးကောက်ပွဲကိုဦးဆောင်နေတာ ၊ COVID-19 ကြောင့် အာရှအားကစားပွဲကို တရုတ်က နောက်ဆုတ်လိုက်ရတာ၊ COVID -19 အန္တရာယ်ကြောင့် ပေကျင်းမြို့ မြေအောက် ရထားပြေးဆွဲမှုများကို ရပ်ဆိုင်းခဲ့ရတာ၊ ဆော်လမွန်ကျွန်းမှာ တရုတ်ဘက်က စစ်အခြေစိုက် စခန်းတည်ဆောက်ဖို့ အရေးကို ဟန့်တားမယ်ဆိုပြီး ဩစတြေးလျဘက်က ပြောခဲ့တာ၊ နာမည်ကျော် အိုင်ယာလန်ရော့ခ်ဂီတအဖွဲ့ U2 က Bono နဲ့ သူ့တွဲဘက် The Edge အဖွဲ့ ယူကရိန်းနိုင်ငံ မြို့တော် Kyiv က ဘူတာရုံ မှာ မိနစ် ၄၀ ကြာ အခမဲ့ တေးဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့တာ၊ အာဖဂန်မှာ အမျိုးသမီးတွေကို လူမြင်ကွင်းမှာ ခြေဆုံးခေါင်းဆုံး ခေါင်းမြီးခြုံဖို့ တာလီဘန်တွေ အမိန့်ထုတ်ပြန်ခဲ့တာ၊ ကျူးဘားနိုင်ငံ မြို့တော်က ထင်ရှားတဲ့ ဟိုတယ်ကြီး တစ်ခုဓာတ်ငွေ့ ပေါက်ကွဲခဲ့လို့ သေဆုံးသူ ၂၀ ကျော်ထိရှိခဲတာ၊ မြောက်ကိုရီးယားက တစ်နှစ်အတွင်း ၁၅ ကြိမ်မြောက်အဖြစ် အဝေးထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့တာ စတဲ့ သတင်းတွေကလည်း သတိထားမိစရာဖြစ်ခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ထုံးစံအတိုင်း ယူကရိန်း-ရုရှားကျူးကျော်စစ်ရဲ့ နောက်ဆုံးအနေအခြေအနေတွေကို သုံးသပ် ဖော်ပြချင်သလို ယူကရိန်းကို ရုရှားအာဏာရှင် ပူတင် ဘာကြောင့် နာဇီဆိုပြီး  ဇွတ်ပုံဖော်နေသလဲဆိုတာကို ဖော်ပြချင်ပါတယ်။

ဆိုဗီယက်ခေတ်က အာဏာရှင်ဘ၀မျိုး ရူးသွပ်နေတဲ့ ပူတင်

ယခုအခါမှာ ပူတင်ကြောင့် ဒုတိယကမ္ဘာစစ်တုန်းက  ဟစ်တလာရဲ့ နာဇီပါတီဟာ ပြန်ပြီး လူစိတ်ဝင် စားမှုများ လာခဲ့ပြီဖြစ်ပါတယ်။ မကြာသေးမီက ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗက်ဗရော့တစ်ယောက် ဟစ်တလာဟာ ဂျူးဘဲဆိုပြီး မဆင်မခြင် သမိုင်းကြောင်းဆိုင်ရာကို လိမ်ပြီးကိုယ်လိုချင်ရာ အတင်းဇွတ်ပုံဖော်ပြောခဲ့တဲ့အတွက် ဟစ်တလာရဲ့ သတ်ဖြတ်နှိပ်စက်မှုကို ခံခဲ့ရတဲ့ အစ္စရေးဘက်က အပြင်းအထန်ကန့်ကွက်တာကို ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ပူတင်ကိုယ်တိုင် သူနိုင်ငံခြားရေးဝန်ကြီးရဲ့ မဆင်မခြင်စကားအတွက် တောင်းပန်ခဲ့ရပါ တယ်။ လာဗက်ဗရော့က ဘာကြောင့် ဟစ်တလာဟာ ဂျူးဘဲလို့ ပြောခဲ့ရတာလဲ။ မသိလို့ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်း ပြချက်တစ်ခုသာဖြစ်ပြီး တကယ်က ပူတင်ထွင်နေတဲ့ ဇာတ်လမ်းတစ်ခုကို စမ်းလိုက်တာပါ။ ဒါက ဟစ်တလာဟာ ကိုယ်တိုင် ဂျူးဖြစ်ပေမယ့် သူလူမျိုးကိုသူကိုယ်တိုင် နှိပ်စက်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သမိုင်းဇာတ်လမ်း အမှားကို ထွင်နေတာ ဖြစ်လို့ပါဘဲ။ ဒီလိုသာ သမိုင်း ကြောင်းကို ထွင်လို့ရရင် လက်ရှိ ယူကရိန်းသမ္မတ ဇီလင်စကီး ဟာလည်း  ဂျူးဖြစ်ပေမယ့် ဟစ်တလာ လက်သစ်၊ နာဇီအကြွင်းအကျန်ဖြစ်ပြီး ယူကရိန်းတွေကို နှိပ်စက်သတ် ဖြတ်နေလို့  ယူကရိန်းကို ရုရှားက ဝင်ကယ်တင်နေရတာအဖြစ် ပုံဖော်ချင်နေတာပါ။ ဒါမှ နိုင်ငံတကာနဲ့ အနောက် အုပ်စုပိတ်ဆို့မှုတွေအတွက် ပြည်တွင်းထောက်ခံမှုနဲ့ နိုင်ငံတကာက ဂျူးတွေရဲ့ ထောက်ခံမှုကို ရချင်တဲ့ ရည်ရွယ်ချက်ပါဘဲ။

ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအဖြစ်က လက်ရှိမှာ အဘက်ဘက်က ဆုံးရှုံးမှုတွေ များလာနေပါပြီ။ ရုရှားနဲ့ ဆန့်ကျင်ဘက် ယူကရိန်းကတော့ နိုင်ငံတကာရဲ့ အုံနဲ့ကျင်းနဲ့တစ်ခဲနက် ထောက်ခံမှုကို ရနေသလို စစ်လက်နက်နဲ့ စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုတွေကိုပါ ရနေလို့ ရုရှားအတွက် ကြာလာလေ ယူကရိန်းကိုနိုင်ဖို့ ခက် လာလေဖြစ်နေပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ယူကရိန်းဆိုင်ရာသတင်းတွေကိုကြည့်ရင် ယူကရိန်းဘက်က ပြန်ပြီး အခြေအနေကောင်းလာနေတာကို တွေ့ရပါတယ်။

စစ်ပွဲရပ်ဖို့ ဆွေးနွေးတာမှာ အခြေခံအနည်းဆုံး လိုအပ်ချက်အဖြစ် ယူကရိန်းသမ္မတ ဇီလင်စကီးက ဖေဖေါ်ဝါရီ ၂၄ ရက်မတိုင်မီက ရုရှားတပ်တွေ ရှိနေတဲ့နေရာမှာ ရှိရမယ်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။ ဒါဟာ ရုရှားသမ္မတပူတင်ရဲ့ စစ်ပွဲရပ်ဖို့ နဲ့ ပတ်သက်ပြီးတောင်းဆိုမှုဖြစ်တဲ့  ခရိုင်းမီးယားဒေသအပေါ် ရုရှားအာဏာ သက်ရောက်မှုကို ယူကရိန်းအစိုးရအသိအမှတ်ပြုဖို့၊ ယူကရိန်းအရှေ့ပိုင်း ခွဲထွက်နယ်မြေတွေကို လက်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး တုံ့ပြန်ခဲ့တာပါ။ ယူကရိန်းအနေနဲ့ ရုရှားရဲ့ အပစ်ခတ် ရပ်စဲရေးဟာ ဘာမှ မခိုင်မြဲ ဘူးဆိုတာ သဘောပေါက်ပြီး ဖြစ်သလို မကြာခဏ သဘောတူညီမှုချိုးဖောက်ပြီး နယ်မြေကျူးကျော်နေတာတွေကြောင့်  ဘယ်လိုအပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုမျိုးမဆို ယူကရိန်းနယ်မြေအတွင်းကို ကျူးကျော်ဝင်ရောက်နေတဲ့ ရုရှားတပ်တွေကို ပြန်မရုပ်သိမ်းပေးဘဲနဲ့ လက်ခံမှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။  

အပစ်ခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး ပူတင်က ပြောနေသော်လည်း  တကယ်လက်တွေ့တွင်မူ  ယူကရိန်းရှိ စာသင်ကျောင်းများ၊ဆေးရုံဆေးခန်းများကဲ့သို့ စစ်ဘေးရှောင်များခိုလှုံရာနေရာများကို ရုရှားတပ်များက ရက်စက် ကြမ်းကြုတ်စွာတိုက်ခိုက်နေခဲ့ပါတယ်။ ရုရှားတပ်တွေ လက်ချက်နဲ့ ယူကရိန်းအရှေ့ပိုင်းက UNICEF က ထောက်ပံ့ထားတဲ့ စာသင်ကျောင်းတွေ ၁၇ ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ဆေးရုံနဲ့ ကျန်းမာရေးဌာနပေါင်း ၄၀၀ နီးပါး ပျက်စီးခဲ့ရလို့ ကုသရေးနဲ့ ခွဲစိတ်မှုတွေ၊ ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်နေသလို  လူ ၉၀ ခန့် မြေအောက်ခန်းထဲ ခိုလှုံနေတဲ့ လူဟန့်စ်ဒေသဘီလိုဟော်ရစ်ကာ ကျေးရွာက စာသင်ကျောင်းကို ယခုတစ်ပတ်မှာရုရှားလေတပ်က ဗုံးကြဲခဲ့လို့ သေဆုံးသူများပြားခဲ့ပါတယ်။ ဒီလိုအရပ်သားတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေပေမယ့် ထုံးစံအတိုင်း ရုရှားဘက်က ဗြောင်ငြင်းနေခဲ့ပါတယ်။

နာဇီအပေါ် အောင်ပွဲခံမှုလား၊ နာဇီအတိုင်း ပူတင်အောင်ပွဲခံနေတာလား

မေ ၈ ရက် ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီရှုံးနိမ့်ခြင်း ၇၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆိုဗီယက် နိုင်ငံဟောင်းများကို ဂုဏ်ပြုသည့်ပွဲမှာ ရုရှားသမ္မတ ပူတင်က “၁၉၄၅ ခုနှစ်ကဲ့သို့ပင် အောင်ပွဲသည် ကျွန်ုပ်တို့ အတွက်”ဆိုပြီး လက်ရှိ ယူကရိန်းမှာ တိုက်နေတဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ဇွတ်အတင်း တရားမျှတသယောင် ပြောခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ပူတင်က နာဇီဝါဒ ပြန်လည်မွေးဖွားလာတာကို တားဆီးဖို့က သူတို့တာဝန်ဆို ပြီး ပြောခဲ့ပါတယ်။ ယူကရိန်းကို ဖက်ဆစ်နာဇီဝါဒက ချုပ်ကိုင်ထားတယ်ဆိုပြီး ဒီဝါဒက ရုရှားစကားပြော ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ဒေသက လူနည်းစုတွေကို ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရုရှား နိုင်ငံသားတွေကို ၁၉၄၅ ခုနှစ်က မျိုးချစ်စစ်ပွဲလို နာဇီဝါဒီတွေကို လက်စားချေဖို့ဆော်ဩခဲ့တာကို လည်းတွေ့ရပါတယ်။

ဒါပေမယ့် လက်တွေ့မှာလည်း ရုရှားတပ်တွေဟာ  မေ ၉ ရက်မတိုင်မီ တိုက်ခိုက်မှုပြင်းထန်နေသလို ယူကရိန်းနိုင်ငံ ဒုတိယအကြီးဆုံးမြို့ခါကိဗ့်ကို တိုက်ခိုက်မှုတွေ ပြင်းထန်နေပါတယ်။ မေ ၉ရက် နာဇီဂျာမနီအပေါ် ရုရှား အောင်ပွဲခံခဲ့မှု ၇၇ နှစ်မြောက် အခမ်းအနားမတိုင်မီ ယူကရိန်းမြို့တစ်မြို့ကို ရအောင်သိမ်းပြီး အောင်ပွဲခံဖို့ ကြိုးစားနေပေမယ့် မြေပြင်မှာ အပြင်းအထန်ခုခံနေတဲ့ ယူကရိန်းနိုင်ငံသားတွေကြောင့် အရပ်သားသေဆုံးမှုတွေက ကြောက်ခမန်းလိလိ တိုးနေပါတယ်။ တိုက်ပွဲတွေကို အဆုံးသတ်ဖို့ သမားရိုးကျလက်နက်တွေနဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားအဖို့ အချိန်တိုအတွင်း လိုချင်တဲ့ ရလဒ်ကို ရဖို့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်ကို အသုံးပြုလာနိုင်ချေရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေ အနောက်နိုင်ငံတွေဘက်မှာ မြင့်တက်လာနေခဲ့ပါတယ်။ နျူ ကလီးယားလက်နက်မသုံးဘူးလို့ ရုရှားဘက်က ပြောပေမယ့် ယုံကြည်ရတဲ့ အခြေအနေမှာ မရှိပါဘူး။

ယူကရိန်းဘက်ကလည်း နောက်ပိုင်းမှာ အနောက်နိုင်ငံတွေ လက်နက်ထောက်ပံ့မှုအားကောင်းနေတာကြောင့် ရုရှားအပေါ်တုံ့ပြန် တိုက်ခိုက်တာတွေက အားကောင်းလာခဲ့ပါတယ်။ စနေနေ့က ဆိုရင် ပင်လယ်နက် ဒေသထဲက ရုရှားထိန်းချုပ်ထားတဲ့ Snake Island မြွေကျွန်းအနီး ရုရှား ကမ်းတက်စစ်ရေယာဉ်တစ်စင်းကို အဝေးထိန်းဒရုန်း Bayraktar TB2 ကိုသုံးပြီး မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ဖျက်ဆီးလိုက်တဲ့ ဗွီဒီယိုကို ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

အနောက်အုပ်စုရဲ့ စစ်လက်နက်ထောက်ပံ့မှုတွေကြောင့် ရုရှားအတွက် အခက်တွေ့လာနေပါတယ်။ ဒီရက်ပိုင်းမှာ ဂျာမနီနဲ့ အမေရိကန်က မိုင် ၂၀ ထိပစ်ခတ်နိုင်တဲ့ ဟောင်၀စ်ဇာတွေ ထောက်ပံ့ခဲ့ပြီး တခြားသော ခေတ်မီလက်နက်တွေကိုလည်း ထောက်ပံ့ခဲ့ပါတယ်။ အမေရိကန်က ယူကရိန်းကို ဒေါ်လာ ၃၃ ဘီလီယံထောက်ပံ့နိုင်ဖို့ စီစဉ်နေသလို ဗြိတိန်ကလည်း ယူကရိန်းကို ဒေါ်လာ ၁.၃ ဘီလီယံကျော် ထောက်ပံ့မယ်ဆိုပြီး ကတိပေးခဲ့တာကို တွေ့ရပါတယ်။

ဒီလိုအခင်းအကျင်းတွေကြောင့် ရုရှားရဲ့ ကျူးကျော်မှုကို အနောက်အုပ်စုနဲ့ နိုင်ငံတကာက ခုခံသူဘက်က ကူညီနေတာဟာ ရေရှည်မှာ ရုရှားဖော်ဆောင်နေတဲ့ ကယ်တင်သူဆိုတဲ့ ပုံဖော်မှုဟာ ဖြစ်လာနိုင်စရာ မရှိပါဘူး။ ဒီလိုဖြစ်မလာနိုင်တဲ့အတွက် မေ ၉ ရက် အခမ်းအနားမှာ ပူတင်ဟာ ယူကရိန်းကို ထောက်ပံ့နေတဲ့ အနောက်အုပ်စု ကို သတိပေးစကားပြောမလား၊နေတိုးကို စစ်ကြေညာမလားဆိုတဲ့ ခန့်မှန်းမှုတွေလည်း ထွက်လာနေခဲ့ပါတယ်။ 

ရုရှားအပေါ် တင်းကျပ်လာစပြုနေတဲ့ ပိတ်ဆို့မှုများ

ဒီတစ်ပတ်ထဲမှာ အီတလီမှာရှိတဲ့ ပူတင်ပိုင် စူပါဇိမ်ခံရွက်လှေတစ်စင်းကို အီတလီအာဏာပိုင်တွေက သိမ်းခဲ့ပါတယ်။ သတင်းတွေအရ ပူတင်ပိုင်ဆိုတာ မသေချာပေမယ့် ရုရှားအတွက်ကတော့ ပြည်ပမှာ ရုရှားထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဘီလျံနာတွေ ပိုင်ဆိုင်တဲ့ ဥစ္စာဓနတွေ ထိန်းသိမ်းခံနေရတာ ပူတင်အတွက် အတော်လေး ထိနေတဲ့ အခြေအနေပါဘဲ။ မကြာသေးမီက ရုရှားအပေါ် တိုးမြှင့်ဒဏ်ခတ် အရေးယူဖို့ ဒီသီတင်းပတ်ထဲ ကမ္ဘာ့ စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာ ထွက်လာတဲ့ သတင်းတွေအရ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ကြေညာထားတဲ့ ရုရှားက ရေနံစိမ်း ဝယ်ယူမှုတွေကို ၆ လအတွင်း ရပ်ဆိုင်းဖို့၊ သန့်စင်ထားတဲ့ စွမ်းအင်ပစ္စည်းတွေကို တင်သွင်းမှုတွေ ၂၀၂၂ ခုနှစ်မှာ ရပ်ဆိုင်းဖို့တွေ ပါဝင်တဲ့ အစီအစဉ်ကို အတည်ပြုနိုင်ဖွယ်ရှိနေတယ်ဆိုခဲ့ပါတယ်။ 

G-7 ဆွေးနွေးပွဲ တကယ်ကျင်းပတဲ့အခါမှာ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံခေါင်းဆောင်တွေဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုအတွက် ရုရှားရဲ့ ပင်မဝင်ငွေရလမ်းကို တိုက်ရိုက်ပစ်မှတ်ထား အရေးယူဖို့အတွက် ရုရှားဆီက ရေနံဆက်မဝယ်ဖို့ ဒါမှမဟုတ် တင်ပို့မှုပိတ်ပင်ဖို့ကို သဘောတူခဲ့ကြပါတယ်။ဒါအပြင် ယူကရိန်းကို ဝင်တိုက်တဲ့ ရုရှားသမ္မတ Putin အောင်ပွဲမခံနိုင်အောင် ဆက်ပြီး တညီတညွတ်ထည်း ရှိနေမှာဖြစ်နေမှာ ဆိုပြီး G-7 ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာပဲ အမေရိကန်က ရုရှားရဲ့ လူကြည့်အများဆုံး ရုပ်သံဌာနတွေ အပေါ် ဒဏ်ခတ်အရေးယူကြောင်း ကြေညာခဲ့သလို ရုရှားစစ်ရေးဆိုင်ရာပံ့ပိုးမှု ပေးနိုင်တဲ့ စက်မှုထွက်ကုန် အများအပြားအတွက် တင်ပို့မှု ထိန်းချုပ်ဖို့တွေကိုပါ လုပ်ဆောင်နေတယ်ဆိုပြီး အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားရဲ့ အသက်သွေးကြောဖြစ်တဲ့ လောင်စာထုတ်လုပ်ရောင်းချနေရတဲ့အပေါ် အနောက်အုပ်စု ရဲ့ထိုးနှက်ချက်က ကြာလာရင်  ရုရှားအပေါ် ဆိုးဆိုးရွားရွားထိခိုက်လာနိုင်ချေရှိနေပါတယ်။ လက်ရှိမှာ ရုရှား စွမ်းအင်အပေါ် လျော့ချနေတာ အီးယူနိုင်ငံတွေသာမကပါဘူး။ ဂျပန်လို အာရှနိုင်ငံတွေတောင်ပါပါတယ်။ နိုင်ငံတိုင်းက ဟိုက်ဒရိုကာဗွန်ဖြစ်တဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့အပေါ် လျော့ချပြီး အစိမ်းရောင်စွမ်းအင်လို့ခေါ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲ ရေ၊လေ၊နေ ကနေစွမ်း အင်ထုတ်ယူမှုဘက်ကို ဇောင်းပေးလာနေသလို လက်ရှိမှာ နျူကလီးယားစွမ်းအင်ကို ပိုထုတ်ပြီး ရုရှားအပေါ် မှီခိုနေရမှုလျော့ချဖို့ ကြိုးစားဖို့ ဗြိတိန်၊ ဂျာမနီ ၊ပြင်သစ်အပြင် ဂျပန်ဝန်ကြီးချုပ် ကိုယ်တိုင်ကပါ ပြောလာခဲ့တာကိုတွေ့ရပါတယ်။

လက်ရှိမှာ တရစ်ရစ်တင်းကျပ်လာတဲ့ ပိတ်ဆို့မှုတွေကြောင့် ရုရှားရဲ့ တုံ့ပြန်မှုတွေက ဗရမ်းဗတာဖြစ်လာသလို ယူကရိန်းမှာ တိုက်ခိုက်မှုတွေကလည်း စစ်ရေးပစ်မှတ်တွေထက် ပိုလွယ်ကူပြီး အန္တရာယ်မရှိတဲ့ အရပ်သား ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ မေ ၉ ရက် နာဇီ ဂျာမနီကို  ၁၉၄၅ ခုနှစ်မှာ အောင်မြင်ကြောင်း အထိမ်းအမှတ် အောင်ပွဲနေ့ မှာ ပူတင်ဘာလုပ်မလဲ၊ဘာဖြစ်မလဲဆိုတာ နိုင်ငံတကာက စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာ ရုရှားစီးပွားရေးက ယိုင်နဲ့နဲ့ဖြစ်နေသလို ပြည်တွင်းမှာလည်း အတိုက်အခံတွေဘက်က အားကောင်းလာသလို ရုရှားထိပ်တန်းအာဏာပိုင်တွေနဲ့ စီးပွားရေးထိပ်သီးတွေက ပူတင်ကိုဖယ်ရှားဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းစကားတွေ ထွက်နေပါတယ်။ ဒီအချိန်မှာ ယူကရိန်းကို နာဇီတွေ အုပ်ချုပ်နေတယ်ဆိုပြီး နိုင်ငံသား တွေကို သတင်းမှားထည့်နေတဲ့ ပူတင် ရုရှားပြည်သူတွေကို သူ့ ဘက်ပါအောင် စည်းရုံးနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မင်းထက်