【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 နောက်ဆုတ်လို့မရတဲ့လမ်းပေါ်ရောက်သွားတဲ့ ရုရှား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 နောက်ဆုတ်လို့မရတဲ့လမ်းပေါ်ရောက်သွားတဲ့ ရုရှား

ယခုရက်သတ္တပတ်သတင်းတွေက အတော်လေးကိုစုံလင်လှတဲ့အတွက် ဘယ်သတင်းကို နိုင်ငံတကာအခြေအနေကို ဂယက်ရိုက်နိုင်သလဲဆိုတာကို သေသေချာချာဝေခွဲမရနိုင်လောက်အောင် သတင်းတွေက အရေးပါနေခဲ့ပါတယ်။ဇန်နဝါရီ ၂၆ ရက်က ယူကရိန်းပြဿနာနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ နေတိုးက တင်းတင်းမာမာ တုံ့ပြန်လိုက်တဲ့အခါ ရုရှားက ဘယ်လိုတုံ့ပြန်မလဲဆိုပြီး နိုင်ငံတကာက စိုးရိမ်စိတ်ပိုခဲ့ပါတယ်။တစ်ခါ တရုတ်က တောင်တရုတ်ပင်လယ်ထဲ အမေရိကန် လေယာဉ်တင်စစ်သင်္ဘောတွေ ဝင်လာသည့်နေ့တွင် ထိုင်ဝမ်သို့ တိုက်လေယာဉ်တွေ လွှတ်ခဲ့သည့်အတွက် ဒီအရေးကလည်း နိုင်ငံတကာအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ထိုနည်းတူ မြောက်ကိုရီးယားက ကုလက တရားဝင်တားမြစ်ထားတဲ့ ခရုဇ်ဒုံးကျည်နှင့် ၂၀၁၇ နောက်ပိုင်း မစမ်းသပ်တော့သည့် တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ပြခဲ့သည့်အတွက် နိုင်ငံတကာလုံခြုံရေးမှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

ယခုရက်သတ္တပတ်တွင် ပါကစ္စတန်မှာ ပထမဆုံး အမျိုးသမီးတရားသူကြီးချုပ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့သတင်း၊ ဘယ်လ်ဂျီယံမှာ ကိုဗစ်ကာကွယ်ဆေးထိုးမှုနဲ့ ကန့်သတ်ချက်တွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြလို့ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲခဲ့တဲ့သတင်း၊ နှာခေါင်းစည်းတပ်ဖို့နဲ့  ကာကွယ်ဆေး မဖြစ်မနေထိုးရမယ်ဆိုသဖြင့် သမ္မတ ဂျိုးဘိုင်ဒန်အစိုးရရဲ့ အမိန့်ကို ဆန့်ကျင်သူတွေ ဝါရှင်တန်မှာ ထောင်နဲ့ချီစုဝေးဆန္ဒပြခဲ့ကြတဲ့သတင်း၊ ဟူသီတွေက အဘူဒါဘီကို ပဲ့ထိန်းတပ် ဒုံးကျည် ၂ စင်းနဲ့ ပစ်ခဲ့လို့ ကြားဖြတ်ပစ်ချခဲ့ရသည့်သတင်း၊ အာဖဂန်အရေးအတွက် နော်ဝေနိုင်ငံ အော်စလိုမြို့မှာ အနောက်နိုင်ငံ အစိုးရအရာရှိတွေ၊ အာဖဂန်အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ၃ ရက်ကြာ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည့် သတင်းတွေဖြင့် စိတ်ဝင်စားစရာ၊ မျှော်လင့်ချက်ပျက်စရာသတင်းတွေနဲ့ ပြည့်နေခဲ့ပါတယ်။ထိုထဲတွင်  ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်ရသည့် အနေအထားမှ ကျော်လွန်ကာ အမေရိကန်နှင့် နေတိုးအဖွဲ့၏ ယတိပြတ်ငြင်းဆန်ပယ်ချမှုကြောင့် အရှက်တကွဲဖြစ်သွားရသည့် ရုရှားသမ္မတ ပူတင် က ယူကရိန်းကို မည်သို့ဆက်လုပ်သွားမည်ဆိုသည်ကို လက်ရှိတွင် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေရသည့် အနေအထားသို့ ရောက်နေပါတယ်။ဒီအခြေအနေတွင်  ရုရှား၏ စစ်ရေးပြင်ဆင်မှုတွေ၊ ရုရှားကျူးကျော်စစ်ကို ခုခံရန် အမေရိကန်ဦးဆောင်သည့် နေတိုးစစ်အုပ်စု၏ စစ်ရေးပြင်ဆင်သည့် သတင်းတွေကလည်း ကမ္ဘာအတွက် စိတ်မသက်မသာဖွယ်ရာ သတင်းများသာဖြစ်ပါတယ်။ထိုအချိန်တွင် ပြန်လည်တင်းမာလာသည့် တောင်တရုတ်ပင်လယ်အရေးက မထင်မှတ်ဘဲ ပိုဆိုးဝါးလာနိုင်သည့် အနေအထားဆီ ချည်းကပ်လာခဲ့ရာ ယခုရက်သတ္တပတ်မှာ စစ်ပွဲရနံ့သင်းနေခဲ့သည့် ရက်သတ္တပတ်ဟုခေါ်ရမည့် အနေအထားဖြစ်လာခဲ့ပါတယ်။

ထင်သလိုမဖြစ်တဲ့ ရုရှားဆင်ထားတဲ့ 'ဂွင်'

နေတိုးအဖွဲ့နှင့် အမေရိကန်၏ ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်လိုက်သည့် တုံ့ပြန်ချက်ကြောင့် ယူကရိန်းကို ရုရှား၏ "သြဇာခံ" အစိတ်အပိုင်း နယ်မြေတစ်ခုအဖြစ် တစ်လျှောက်လုံးရှုမြင်ခဲ့သည့် ရုရှားသမ္မတ ပူတင်အတွက် ဘယ်လိုပြန်လည်တုံ့ပြန်ရမည်လဲဆိုသည်ကို  ဝေခွဲမရဖြစ်သွားနိုင်သည်။အထူးသဖြင့် အနည်းငယ်သော လိုက်လျောမှုကိုတော့ အနောက်အုပ်စုဘက်က ပြုလုပ်လိမ့်မည်ဟု ရုရှားဘက်က တွက်ဆထားဟန်တူလေသည်။သို့သော် ရုရှားတောင်းဆိုချက်တွေကို အနည်းငယ်မျှပင် မလိုက်လျောသည့် အနောက်အုပ်စု၏ ခပ်မာမာတုံ့ပြန်ချက်ကြောင့် ရုရှားအနေဖြင့် အတွက်အချက်တွင် လိုနေပြီဆိုသည်ကို ပြနေခဲ့သလို ဘယ်လိုဆက်လက်လုပ်ဆောင်ရမည်ဆိုသည်မှာ ဝေဝါးသွားဟန်တူသည်။အဘယ်ကြောင့်ဆိုသော် ရုရှားဘက် အဆိုပါနေတိုးနှင့် အမေရိကန်တုံ့ပြန်ချက် ထွက်လာခဲ့ပြီးနောက်  ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗက်ဗော့ ပြောသည်မှာ “တရားဝင်ပြန်ကြားချက်မှာ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို မတွေ့ရပေမယ့် တချိုအချက်အလက်တွေအရ နောက်တစ်ဆင့် အလေးအနက်ဆွေးနွေးမှုတွေ စတင်နိုင်မယ့် အလားအလာတွေရှိတာ တွေ့ရတယ်” ဆိုသည့် စကားက မရောင်းသည့် ပစ္စည်းကို ဝယ်မည့်တကဲကဲသဘောဖြစ်နေသည့် ရုရှား၏ သရုပ်ပျက်နေမှုကို မြင်ရမည်ဖြစ်သည်။

ရုရှားတောင်းဆိုသည့် ယူကရိန်းနိုင်ငံကို မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ဝင်အဖြစ် လက်မခံဖို့၊ ရုရှားနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေက စစ်တပ်တွေနဲ့ လက်နက်တွေကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုချက်တွေကို မဖြစ်နိုင်တဲ့ကိစ္စတွေအဖြစ် အမေရိကန်က ပယ်ချခဲ့ပြီး ဆွေးနွေးမှုများက အကျပ်အတည်းမှ ရုန်းထွက်နိုင်မည့် သံတမန်ရေးလမ်းကြောင်းသစ်ကို ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ထို့ပြင် ရုရှားဘက်က ယူကရိန်းကို ကျူးကျော်ရန် အသင့်ပြင်ဆင်နေသည်ဟုယုံကြည်ကြောင်းပြောခဲ့ပြီး ဖြစ်လာနိုင်သည့် မည်သို့သော နောက်ဆုံးအခြေအနေမျိုးအတွက်မဆို အသင့်ပြင်ဆင်ထားကြောင်းပါ ပြောခဲ့သည်။

ရုရှားအနေဖြင့် ထို ယူကရိန်းပြဿနာတွင် ယခုထိ မည်သည့်အကျိုးအမြတ်မှမရဘဲ သံတမန်ရေးရာနှင့် ကမ္ဘာ့စာမျက်နှာတွင် ကျူးကျော်ဖို့ကြိုးစားသည့် မိစ္ဆာနိုင်ငံတစ်ခုအဖြစ် မြင်သွားခဲ့သလို အမေရိကန်နှင့် အနောက်အုပ်စုက ထိုမိစ္ဆာကို ကာကွယ်သည့်အဖြစ် ပုံဖော်သွားနိုင်ခဲ့သည်ကို တွေ့ရသည်။ထို့အတွက် အရင်းအနှီးမှာ ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဖြစ်ပြီး အနောက်နိုင်ငံများအတွက် စစ်လက်နက်နှင့် ထောက်ပံ့မှုဖြစ်ကာ ရုရှားအတွက်မူ ဂုဏ်သိက္ခာနှင့် စီးပွားရေးပြိုလဲလာနိုင်မှုဖြစ်သည်။ထိုအခင်းအကျင်းက ဘွားကနဲ ရုပ်လုံးမပေါ်သေးသော်လည်း တဖြေးဖြေးမြင်စပြုလာနေရပြီဖြစ်သည်။ယူကရိန်းအရေးတွင် ရုရှားကလွဲပြီး ပါဝင်သော နိုင်ငံများအားလုံး အမြတ်ထွက်ခဲ့သည်ကို မြင်နေရသည်။ထို့ကြောင့် သံတမန်ရေးရာတွင်ကျရှုံးသည့် ရုရှားအတွက် ဘာလုပ်ရမည်လဲဆိုတာ ပူတင် က ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

လက်ရှိတွင် ရုရှားက ယူကရိန်းနယ်စပ်အထိ သွေးနှင့် ဆေးဝါးပစ္စည်းများအထိ ပို့နေသဖြင့် နေတိုးနှင့် အမေရိကန်ဘက်က တပ်ဖွဲ့ဝင် ရှစ်ထောင့်ငါးရာကျော် အရှေ့ဥရောပဒေသကိုစေလွှတ်ဖို့ ပြင်ဆင်နေသလို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက တိုက်လေယာဉ်တွေနဲ့ သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။နေတိုးရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ဒိန်းမတ်၊ စပိန်၊ ပြင်သစ်၊ နယ်သာလန်နဲ့ အမေရိကန်အပါအဝင် အဖွဲ့ဝင်နိုင်ငံအများအပြားက တပ်တွေနဲ့ လက်နက်ပစ္စည်းတွေကို ချထားနေသလို၊ ထပ်တိုးချထားဖို့လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် အမေရိကန်နဲ့ ဗြိတိန်က ယူကရိန်းနိုင်ငံကနေ သံရုံးဝန်ထမ်းမိသားစုတွေကို ပြန်ခေါ်ခဲ့ပါတယ်။အမေရိကန်အနေဖြင့် ရုရှားခြိမ်းခြောက်မှုကို ပေါ့ပေါ့ဆဆမထားဘဲ ပြင်ဆင်နေသည်မှာ ပူတင်သည် ၂၀၁၄ ခုနှစ်က ယူကရိန်း၏ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းယူထားခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ထို့ကြောင့်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နှင့် နေတိုး၏ ယတိပြတ်ပယ်ချသည့် တုံ့ပြန်ချက်ကိုရရှိပြီးသည့်အခါ ဘယ်လိုတုံ့ပြန်မည်လဲဆိုသည်ကို သမ္မတ ပူတင် က ဆုံးဖြတ်လိမ့်မည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းတွင် အမေရိကန်ဦးဆောင်သည့် နေတိုးနှင့် ရုရှားတို့ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကို အပြိုင်အဆိုင် ပြုလုပ်နေကြသည်။ယူကရိန်းနယ်စပ်အနီးတွင် စစ်သားအင်အားအများအပြားဖြင့် ရုရှားစစ်ရေးလေ့ကျင့်မှုအသစ်များ ပြုလုပ်နေချိန်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကို ပုဂ္ဂိုလ်ရေးအရ ပစ်မှတ်ထားသည့် ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု အမေရိကန်က သတိပေးထားခဲ့တာရှိသည်။ထိုအချက်မှာ ပူတင်၏ တဇောက်ကန်းဆုံးဖြတ်လာနိုင်သည့်ချက်ကို ထိန်းလိုက်ခြင်းဖြစ်သည်။ချမ်းသာကြွယ်ဝမှုများကို ဖုံးကွယ်ထားသည် ပူတင် ကို တိုက်ရိုက်ပိတ်ဆို့မှု ထပ်မံထည့်သွင်းရန် စဉ်းစားသွားမည်ဟု သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားခဲ့ခြင်းက ထိုအချက်ကို ဆိုလိုခြင်းဖြစ်သည်။

တစ်ဖက်တွင် ယူကရိန်းနှင့် ရုရှားအကြား တိုက်ရိုက်ဆွေးနွေးပွဲကို စတင်ပြုလုပ်ခဲ့သည်။ပဲရစ်မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအတွင်း ရုရှားနှင့် ယူကရိန်းအစိုးရ သံတမန်များက ယူကရိန်းအရှေ့ပိုင်း၌ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းရန် ကတိကဝတ်ပြုခဲ့ပြီး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန်လည်း သဘောတူညီခဲ့ကြသည်။ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့၏ ကြားဝင်စေ့စပ်မှုဖြင့် ရှစ်နာရီကျော်ကြာ ဆွေးနွေးမှုများတွင် အပြုသဘောဆောင်သည့်လက္ခဏာများရှိခဲ့သည်ဟု ဆိုကြသည်။ရုရှား၏ သံတမန်ရေးရာက မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပုံသဏ္ဍာန်ဖြစ်သည်။ထို့‌ကြောင့် ရုရှားတောင်းဆိုချက်ကို ယတိပြတ်ငြင်းပယ်ပြီးသည့် နောက်တစ်ရက် ဇန်နဝါရီ ၂၇ ရက်တွင် အမေရိကန်နှင့် ဂျာမနီတို့က ယူကရိန်းကို ကျူးကျော်မည်ဆိုပါက အရေးပါသော ဓာတ်ငွေ့ပိုက်လိုင်း Nord Stream-2 ကို ဆုံးရှုံးမည်ဟု တိုက်ရိုက်သတိပေးခဲ့ကြသည်။

သီတင်းပတ်များစွာ ကြာမြင့်နေပြီဖြစ်သည့် ယူကရိန်းအကျပ်အတည်းမှာ ယခုမတိုင်ခင်အထိ သမ္မတ ပူတင်သာမက အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ၏ ခေါင်းဆောင်များက အလျှော့ပေးမည့်လက္ခဏာမျိုး ပြသခဲ့ခြင်းမရှိပေ။သို့ရာတွင် ပြင်သစ်သမ္မတနှင့် တစ်နာရီကျော်ကြာ ဖုန်းပြောဆိုမှုအတွင်း သမ္မတ ပူတင် က ၎င်းတွင် စစ်ပွဲဆင်နွှဲမည့် အစီအစဉ်မရှိကြောင်း ဆိုသည်။သို့သော် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပေါ် ဆက်လက်ဖိအားပေးရန် ကြိုးပမ်းသည့်အနေဖြင့် ဥရောပအရှေ့ပိုင်းသို့ တပ်ဖွဲ့ဝင်အချို့ ဖြန့်ကြက်စေလွှတ်သွားမည်ဟု ဆိုထားသည်။ရုရှားကလည်း ဥရောပသမဂ္ဂ (အီးယူ) တာဝန်ရှိသူများကို ရုရှားနိုင်ငံထဲ ဝင်ရောက်ခွင့်ပိတ်ပင်သည့် စာရင်းထဲ ထည့်ခဲ့သည်။

သံတမန်လုပ်ငန်းများက မပြီးပြတ်သေးဆိုသော်လည်း ရုရှားအတွက် ကစားလို့ရသည့်နယ်က ကျဉ်းသွားခဲ့ပြီဖြစ်သည်။မကြာမီရက်များတွင် ဗြိတိန်ဝန်ကြီးချုပ်ကိုယ်တိုင် ယူကရိန်းသွားရောက်ကာ သွေးချောင်းစီးမည့်ကိစ္စကို တားဆီးရန် သံတမန်ရေးရာအရ ကြိုးစားမှုများ အရှိန်မြှင့်တင်ဖို့ရှိသည်။ထိုခရီးစဉ်အတွင်း ပူတင်နှင့် ဖုန်းဆက်သွယ်ဆွေးနွေးမည် ဆိုထားသည်။

ယခုရက်ပိုင်းအတွင်း ရုရှား၏ လှုပ်ရှားမှုများက ခပ်စိပ်စိပ်ဖြစ်လာသည်။ဘိုင်ဒင် က ဖေဖော်ဝါရီလအတွင်း ယူကရိန်းကို ရုရှားကျူးကျော်နိုင်သည်ဟု ဆိုထားသည်။သတင်းများအရ ရုရှားရေငုပ်သင်္ဘောများ အမေရိကန်ပြည်ထောင်စု ကမ်းခြေအလွန် ရေပြင်ထဲတွင် ရောက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။တောင်းဆိုချက်များကို ပယ်ချမှုနှင့်ပတ်သက်ပြီး အမေရိကန်နှင့် နေတိုးကို ဘဝင်မကျသည့် ရုရှားအနေဖြင့်  ဘယ်လိုတုံ့ပြန်မလဲဆိုတာ ယခုထိအသေအချာပေါ်ထွက်မလာသေး။သို့သော် ရုရှားထုံးစံအတိုင်း ပေါ်ထွက်လာသည့်အချိန်တွင် နောက်ကျသွားမည်ကို စိုးရိမ်နေသည့် နေတိုးအနေဖြင့် အဘက်ဘက်က ပြင်ဆင်ထားသည်။သို့သော် ဒီစစ်ပွဲဖြစ်လာပါက ရုရှားရော ယူကရိန်းပါ အထိနာမည်ဖြစ်သည်။

ရုရှားအနေဖြင့် နေတိုးကိုယ်စားပြုပြီးတိုက်မည့် ယူကရိန်းနှင့် တိုက်ရတော့မည့်အခြေအနေကို ပါးပါးနပ်နပ် ရှောင်တိမ်းသွားမည်လား၊ အာဏာရှင်များ ဓလေ့စရိုက်အတိုင်း မိုက်မိုက်ကန်းကန်း အားလုံးပျက်စီးသည့်နည်းကို ရွေးမလားဆိုသည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။လက်ရှိတွင်ပင် စနေနေ့က ရုရှား ကျောထောက်နောက်ခံပြုထားသည့် ယူကရိန်းခွဲထွက်ရေးသူပုန်များ ထိန်းချုပ်ထားသည့် ဒိုးနက်စ်ဒေသတွင်းက အလက်ဇန်ဒရိုဗိုကာ ရွာကို ယူကရိန်းက အမြှောက်နှင့်ပစ်သည်ဟု စွပ်စွဲမှုက စနေပြီဖြစ်သည်။ဘာတွေဖြစ်လာမည်လဲဆိုတာ မကြာမီမြင်တွေ့ရတော့မည်ဖြစ်လေသည်။  

အမေရိကန်နှင့် တရုတ် စစ်ဖြစ်နိုင်သလား

လတ်တလော အမေရိကန်နှင့် တရုတ်အကြား တိုက်ရိုက်စစ်ဖြစ်နိုင်သည့်အကြောင်းကိစ္စမှာ နှစ်ခုသာရှိသည်။တစ်ခုက ထိုင်ဝမ်အရေးဖြစ်ပြီး တစ်ခုက တောင်တရုတ်ပင်လယ်အရေးဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့က နေရှင်နယ်ပတ်ဗလစ် ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အမေရိကန်ဆိုင်ရာ တရုတ်သံအမတ် ချက်ဂန်း က ထိုင်ဝမ်အာဏာပိုင်တွေက အမေရိကန်ကြောင့် အတင့်ရဲလာပြီး လွတ်လပ်ရေးလမ်းကြောင်းကိုလိုက်ရင် အမေရိကန်နဲ့ တရုတ် နိုင်ငံကြီးနှစ်နိုင်ငံက စစ်ရေးပဋိပက္ခမှာ ပါဝင်ပတ်သက်လာမယ်ဟု ပြောခဲ့သည်။ဆိုလိုသည်က အမေရိကန်အနေဖြင့် အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေးဥပဒေကို လိုက်နာမည်ဆိုပါက စစ်ရေးမှာဖြစ်လာနိုင်သည်ဟု ဆိုသည်။ထိုဆက်ဆံရေးဥပဒေတွင် အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်၏ကာကွယ်ရေးကို ကူညီပေးရမည်ဟု ဆိုထားသည်။

ကာလရှည်ကြာပြီဖြစ်သည့် မူဝါဒအရ အမေရိကန်ပြည်ထောင်စုမှာ တိုင်ပေကို အသိအမှတ်မပြုဘဲ ပေကျင်းကိုသာ အသိအမှတ်ပြုသော်လည်း  တရုတ်နဲ့ အမေရိကန်အကြား အကြီးမားဆုံးပြဿနာမှာ ထိုင်ဝမ်ပြဿနာဖြစ်သည်။မကြာမီက တောင်တရုတ်ပင်လယ်ထဲ အမေရိကန်လေယာဉ်တင်  Carl Vinson နှင့် Abraham Lincoln တို့ ဝင်လာပြီးနောက် ထိုင်ဝမ်ဘက်ကို တရုတ်က ဂျက်တိုက်လေယာဉ် အများစုပါဝင်သည့် တရုတ်တိုက်လေယာဉ် ၃၉ စင်း စေလွှတ်ခဲ့သည်။ထို့နောက် ဇန်နဝါရီ ၂၄ ရက်တွင် နောက်ထပ် ၁၃ စင်း ထပ်စေလွှတ်ခဲ့သည်။ထိုဖြစ်ရပ်မှာ ယူကရိန်းအရေးနှင့် စိတ်ရှုပ်ထွေးနေရသည့် ကမ္ဘာအတွက် နောက်ထပ် စိတ်ရှုပ်ထွေးစရာ အခင်းအကျင်းဖြစ်သည်။

လက်ရှိတင်းမာမှုဖြစ်နေသည့် ယူကရိန်းပြဿနာအတွက် အမေရိကန်က လေယာဉ်တင်သင်္ဘော ထရူးမင်းတစ်စင်းသာ အရှေ့ဥရောပကို စေလွှတ်ခဲ့ချိန်တွင် တရုတ်ရှိရာ တောင်တရုတ်ပင်လယ်ထဲ လေယာဉ်တင်သင်္ဘောနှစ်စင်း စေလွှတ်ခဲ့ခြင်းက တရုတ်အပေါ် အမေရိကန်က ဘယ်လောက်သတိကြီးကြီးထားနေသည်ကို ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ယခုရက်ပိုင်း တောင်တရုတ်ပင်လယ်နှင့် ဂျပန်ပင်လယ်ပြင်ဘက်တွင် စစ်ရေးလေ့ကျင့်မှုများ၊ ဇန်နဝါရီ ၁၅ ရက်က အရှေ့တရုတ်ပင်လယ်ရှိ ရှင်ကာကုကျွန်းစုများတစ်ဝိုက်ရှိ ဂျပန်ရေပိုက်နက်အတွင်း တရုတ်ကမ်းခြေစောင့်သင်္ဘော ၄ စင်း တစ်နာရီကျော်ကြာ ဝင်ရောက်ခဲ့မှုများ၊ ဇန်နဝါရီ ၁၉ ရက်နှင့် ၂၁ ရက်တွင် တရုတ်နှင့် အမေရိကန် အပြန်အလှန် လေကြောင်းခရီးစဉ် ၄၄ ခု ဆိုင်းငံ့ခြင်းများ၊ ဇန်နဝါရီ ၂၁ ရက်က အမေရိကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ အွန်လိုင်းကနေတွေ့ဆုံမှုများ၊ မကြာသေးသည့် ဇန်နဝါရီ ၂၀ ရက်က တရုတ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ရှီးရှားရေပိုင်နက်အတွင်း ဝင်လာခဲ့သည့် အမေရိကန် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Benfold အပေါ် တရုတ်၏သတိပေးချက်များကို ကြည့်မည်ဆိုပါက ဖြစ်လာသည့် တင်းမာမှုမှာ အတိုးအဆုတ်အစား စစ်ဆိုသည့်ဘက်သို့ တစ်ဘက်တည်းသွားနေသည့်သဘောကို တွေ့ရမည်ဖြစ်သည်။

ယခုအချိန်က နိုင်ငံတကာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အင်အားချိန်ခွင်လျှာကို မှန်းဆရခက်သည့်အချိန်ဖြစ်နေပြီး ထိုအတွက် အားပြိုင်မှုများက ခပ်စိပ်စိပ်ဖြစ်လာနေသည်။သမိုင်းစဉ်တစ်လျှောက်ကို ပြန်ကြည့်ပါက ထိုသို့သောကာလများတွင် စစ်မက်ဖြစ်ပွားလေ့ရှိပြီး ကမ္ဘာ့အခင်းအကျင်းကို ပြောင်းလဲစေနိုင်သည့်အထိ အရွေ့များဖြစ်လေ့ရှိသည်ကို တွေ့ရသည်။ထိုသဘောနှင့်ချိန်ထိုးပါက တရုတ်-အမေရိကန်၊ ရုရှား-အမေရိကန် + နေတိုး ဆိုသည့် လတ်တလောတင်းမာမှုများတွင် အမှားမခံသည့်အခြေအနေ စစ်နှင့် လက်တစ်ကမ်းသာကွာဟသည့် အခြေအနေများကို တွေ့ရသည်။ထို့အတွက် စစ်ဖြစ်နိုင်သည်ဆိုသော အကြောင်းအရာမှာ ယခုထိပယ်ချလို့လုံး၀မရသည့် အကြောင်းအရင်းဖြစ်သည်။

မကြာမီ ပေကျင်းတွင် ဆောင်းရာသီအိုလံပစ်ပွဲ ကျင်းပတော့မည်။ထိုအိုလံပစ်ပွဲတွင် ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်၊ ရုရှားသမ္မတ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျိန်တို့ အပါအဝင် နိုင်ငံတကာခေါင်းဆောင်များ တွေ့ကြမည်ဖြစ်သည်။အိုလံပစ်ပွဲများတွင် အစဉ်အလာအရ စစ်ဖြစ်နေလျှင်တောင် ရပ်ထားရလေ့သည်ရှိရာ ယခုလို စစ်မက်ဘေးနီးကပ်နေချိန်တွင်ကျင်းပမည့် အိုလံပစ်ပွဲကာလအတွင်း နိုင်ငံတကာခေါင်းဆောင်များ နိုင်ငံတကာတင်းမာမှုများကို ဘယ်လောက်လျှော့ချပေးနိုင်ကြမည်လဲဆိုသည်ကို နောက်ဆုံးမျှော်လင့်ထားရတော့လေမည်ဖြစ်သည်။

ကမ္ဘာပျက်နိုင်သည့် ယခုအရေးတွေအပြင် ယခုတစ်ပတ်တွင် ဥရောပနှင့် ယူကရိန်းတွင် သဘာ၀ဓာတ်ငွေ့သိုလှောင်မှု စံချိန်တင်လျော့ကျလာနေမှု၊ အပူပိုင်းမုန်တိုင်း အန်နာ(Ana) ဝင်တိုက်ခတ်လို့  မိုဇမ်ဘစ်နဲ့ မာဒါဂါစကာတွင် ၃၇ ဦးသေဆုံးခဲ့မှု၊ ဘူကီနာဖာဆိုတွင် စစ်တပ်က အာဏာသိမ်းပြီး  သမ္မတကို ဖမ်းဆီးထိန်းသိမ်းမှု၊ WHO အကြီးအကဲက ယခုနှစ်ကုန်တွင် COVID-19  အရေးပေါ်အခြေအနေ အဆုံးသတ်နိုင်ကြောင်း ပြောကြားခဲ့မှု၊  တောင်တရုတ်ပင်လယ်တွင် ပျက်ကျသွားခဲ့သည့် ကိုယ်ပျောက်တိုက်လေယာဉ်အား တရုတ်ဘက်က ရှာမတွေ့ခင် အရင်ဆယ်ယူနိုင်ရန် အမေရိကန်ရေတပ် ကြိုးစားနေမှု စသည့် သတင်းတွေကလည်း ယခုရက်သတ္တပတ်အတွက် အာရုံအပြောင်းအလဲအဖြစ် စိတ်ဝင်စားစရာသတင်းအဖြစ် ရှိနေသေးပါကြောင်း ......။

မင်းထက်
ဇန်နဝါရီ - ၃၁