【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာကိုဆွဲခေါ်ထည့်နေတဲ့ စစ်ပွဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာကိုဆွဲခေါ်ထည့်နေတဲ့ စစ်ပွဲ

ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းတွေက စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတွေများစွာ ရှိနေခဲ့ပါ တယ်။
 
လတ်တလောမှာ သဘာ၀ဘေးသတင်းတွေဖြစ်တဲ့ အမေရိကန်နိုင်ငံ ကင်တပ်တီကို လေဆင်နှာမောင်းဝင်လို့ အနည်းဆုံး လူ ၁၀၀ နီးပါး သေဆုံးတဲ့ သတင်းတွေ၊ နိုင်ငံရေးဆိုရင်လည်း ဝီကီလိခ် ဖွင့်ချမှုနဲ့ အမေရိကန်က တရားစွဲတာခံထားရတဲ့ ဂျူလိယန်အဆန့်ခ် အမှုမှာ အမေရိကန်ရဲ့ လွှဲပြောင်းရယူဖို့အယူခံ အနိုင်ရသွားတာ၊ အွန် လိုင်းကနေပြုလုပ်တဲ့ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးကို တရုတ်နဲ့ ရုရှားကို မဖိတ်ခဲ့လို့ အငြင်းပွားခဲ့တာတွေ၊ ဥရောပနိုင်ငံအချို့မှာ ကိုဗစ်ကာကွယ်ဆေး မထိုးမနေရ ဥပဒေကြောင့် ဆန္ဒပြပွဲတွေဖြစ်နေတာတွေ၊ အာဖဂန် ဒုက္ခသည် ၄၀,၀၀၀ ကို ခွဲဝေလက်ခံဖို့ အီးယူနိုင်ငံတွေ သဘောတူညီချက်ရသွားတာ၊ အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ရဟတ်ယာဉ်ပျက်ကျလို့ သေဆုံးသွားတာတွေ၊ နယူးဇီလန်မှာ ၂၀၀၈ နောက်ပိုင်း မွေးသူတွေ ရာသက်ပန်ဆေးလိပ်ဝယ်ခွင့်မရတဲ့ ဥပ‌ဒေပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ၊ အမေရိကန်လက်နက်တွေကိုဖျက်ဆီးဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စစ်တပ်ကို အမိန့်ပေးခဲ့တာတွေ စတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။
 
ဒီသတင်းတွေထဲမှာ တစ်ကမ္ဘာလုံးစောင့်ကြည့်နေရတဲ့ ယူကရိန်းပြဿနာသတင်းက ထိပ်တန်းကနေ စောင့်ကြည့်ရတဲ့ သတင်းတစ်ခုပါပဲ။ကျုးကျော်မယ် သိမ်းမယ် တကဲကဲပြင်နေပြီး သံတမန်မျက်နှာစာမှာတော့ မသိမ်းဘူးလို့ ငြင်းဆိုနေတဲ့ ရုရှားရဲ့တပ်တွေ ယူကရိန်းနယ်စပ်ကို သိန်းနဲ့ချီပြီး စေလွှတ်နေတာတွေ၊ တစ်ဖက်မှာ အမေရိကန်နဲ့ တရုတ်အကြား အားပြိုင်မှုက အားကစားနယ်ထဲအထိ ရောက်လာတာတွေ စတဲ့ သတင်းတွေက ယခုရက် သတ္တပတ်မှာ သတိထားစောင့်ကြည့်နေရဦးမယ့် သတင်းတွေဖြစ်ပါတယ်။
 
ဒီထဲကနေ နိုင်ငံတကာက အာရုံစိုက်နေရတဲ့ သတင်းက ယူကရိန်းပြဿနာပါပဲ။
 
စစ်မီးတောက်ဖို့နီးလာတဲ့ ယူကရိန်း
 
ပြီးခဲ့တဲ့ အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ ရုရှားသမ္မတနဲ့ အမေရိကန်သမ္မတ အွန်လိုင်းထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတက ယူကရိန်းကို ရုရှားကျူးကျော်ရင် ရုရှားစီးပွားရေးအပေါ် ကြီးမားစွာ အကျိုးသက်ရောက်မှာဖြစ်သလို ယူကရိန်းနယ်စပ်မှာ နေတိုးတပ်ဖွဲ့တွေ ပြန်လည်တပ်စွဲနိုင်တယ်လို သတိပေးခဲ့ပါတယ်။ဒါ့အပြင် ဥရောပအနောက်ပိုင်းနှင့် ဆက်သွယ်ထားသည့် Nord stream-2 ဓာတ်ငွေ့ပိုက်လိုင်းကို အဆုံးသတ်နိုင်မှာမဟုတ်ဘဲ တစ်ခါမျှမကြုံဖူးသော အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကို ခံစားရမယ်ဆိုပြီး ပြောခဲ့ပါတယ်။
 
ရုရှားသမ္မတ ပူတင် က ရုရှားနိုင်ငံလုံခြုံရေးကို ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ပြောပြီး ရုရှားနယ်စပ်များကို နေတိုးတပ်ဖွဲ့တွေ ခြိမ်းခြောက်နေတာနဲ့ ယူကရိန်းကဲ့သို့ နိုင်ငံများမှာ နေတိုးတပ်ဖွဲ့ ဝင်ရောက်တည်ရှိမှုကို တားဆီးဖို့ အာမခံချက်‌ကို တောင်းခဲ့ပါတယ်။
 
ဒီထိပ်သီးအစည်းအဝေးကို နိုင်ငံတကာကစောင့်ကြည့်ခဲ့ရာမှာ မြင်တွေ့လိုတဲ့ရလဒ်ကို မတွေ့ရဘဲ နှစ်ဖက်စလုံးက တင်းတင်းမာမာ ပြောခဲ့ဆိုခဲ့ကြတာကို တွေ့ရပါတယ်။
 
ရုရှားသမ္မတဘက်ကတော့ ဒီတွေ့ဆုံမှုဟာ အပြုသဘောဆောင်တယ်လောက်ပဲ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ ရုရှားဘက်က ယူကရိန်းကိုသိမ်းဖို့ အကြံအစည်ဟာ ဖြစ်နိုင်လောက်တဲ့ပုံစံ ဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် ရုရှားရဲ့ သံတမန်ရေးရာ ကစားနေတာတွေ၊ မြေပြင်မှာ တပ်တွေ တိုးချနေတာတွေကိုကြည့်ရင် အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ ယူကရိန်းနယ်စပ်မှာရှိနေတဲ့ ရုရှားတပ်တွေ လှုပ်ရှားမှုဟာ သံသယဝင်စရာကောင်းနေပါတယ်။
 
အစောပိုင်းကတော့ ရုရှားဘက်က တောင်းဆိုမှုတွေက နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာနဲ့ နိုင်ငံခြားရေးဝါဒကိုပါ စွက်ဖက်ပြီး တောင်းနေခဲ့တာပါ။ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုဗီယက်အဖွဲ့ဝင်နိုင်ငံဟောင်းများဖြစ်တဲ့ ဂျော်ဂျီယာနဲ့ ယူကရိန်းကို နေတိုးအဖွဲ့ဝင်ဖြစ်လာစေဖို့ တံခါးဖွင့်ကြိုဆိုတဲ့ နေတိုးအဖွဲ့ရဲ့ ၂၀၀၈ ခုနှစ် ကြေညာချက်ကို တရားဝင်ရုပ်သိမ်းပေးသင့်တယ်ဆိုပြီး တောင်းဆိုခဲ့တာပါ။ဂျော်ဂျီယာရဲ့ ခွဲထွက်နယ်မြေနှစ်ခုကို သိမ်းပိုက်ထားသလို ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကိုလည်း သိမ်းယူပြီး အနီးရှိ ဒွန်ဘက်စ်ဒေသက ရုရှားခွဲထွက်ရေး သူပုန်တွေကို ထောက်ပံ့နေတဲ့ ရုရှားရဲ့ ဒီတောင်းဆိုချက်ဟာ အဆိုပါနိုင်ငံ နှစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက် ရုရှားရန်ကနေ အကာအကွယ်ဖြစ်ဖို့ လုပ်ဆောင်ချက်မှန်သမျှကို ဖယ်ရှားနေမှန်း သိသာနေခဲ့ပါတယ်။ဒါကြောင့်လည်း နေတိုး အတွင်းရေးမှူးချုပ်ဂျန်စ် စတိုလ်တန်ဘာ့ဂ် က ဒီဇင်ဘာ ၁၀ ရက်မှာ ရုရှားတောင်းဆိုချက်ကို ပယ်ချပြီး ဒီလိုဆက်ဆံရေးကို မဟာမိတ်အဖွဲ့ဝင်နိုင်ငံ ၃၀ နဲ့ ယူကရိန်းတို့ကလွဲပြီး တခြားဘယ်သူကမှ ဆုံးဖြတ်ခွင့်မရှိဘူးဆိုပြီး ပြတ်ပြတ်သားသား ပြောခဲ့တာပါ။
 
ဘာအကြောင်းပြချက် ကြီးကြီးမားမားမှမရှိဘဲ ယူကရိန်းနယ်စပ်ကို နောက်ထပ်တိုးပြီး နေရာချထားတဲ့ ရုရှားတပ်ဖွဲ့ဝင် တစ်သိန်းခန့်ဟာ စစ်ရေးအရ ဖိအားပေးနေတာဖြစ်ပေမယ့် နေတိုးနဲ့ အနောက်အုပ်စုအတွက် ဒီလို ဖြစ်ရပ်မျိုး ခရိုင်းမီးယားတုန်းကလည်း ကြုံခဲ့ရဖူးပြီမို့ ရုရှားကို ပြင်းပြင်းထန်ထန်သတိပေးပြီး ယူကရိန်းရဲ့ အချုပ်အခြာအာဏာအတွက် အာမခံချက်ပေးခဲ့ပါတယ်။
 
ရုရှားဘက်က ဒီလိုတောင်းဆိုမှုမရရင် နောက်တစ်မျိုးအဖြစ် ဒီဇင်ဘာ ၉ ရက်မှာ ပူတင် က ပြောခဲ့တာ တစ်ခုရှိပါတယ်။ဒါက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားသော ခွဲထွက်ရေးသမားများနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် တူနေတယ်ဆိုပြီး ပြောခဲ့တာပါ။
 
ရုရှားအနေနဲ့ ၂၀၁၄ ခုနှစ်က ရုရှားကိုလိုလားတဲ့ ယူကရိန်းအစိုးရ ပြုတ်ကျပြီးကတည်းက ယူကရိန်းကို ပစ်မှတ်ထားနေတာဖြစ်ပြီး ဒီနောက်ပိုင်းမှာ ခရိုင်းမီးယားကို တိုက်ခိုက်သိမ်းယူခဲ့ကာ ရုရှား ကျောထောက်နောက်ခံပေးထားသော ခွဲထွက်ရေးသမားများက ယူကရိန်း အရှေ့ဘက်ဒေသမှာ တိုက်ခိုက်နေလို့ ယခုအထိ လူ ၁၃,၀၀၀ ခန့် သေဆုံးထားခဲ့ပါတယ်။ရုရှားအနေနဲ့ သူ့နယ်စပ်အနီးထိ နေတိုးအဖွဲ့ရောက်လာတာကို မလိုလားဘူးဆိုပေမယ့် ယခုနှစ်ပိုင်းမှာ ရုရှားရဲ့ စစ်ရေးတည်ဆောက်မှုတွေ၊ စမ်းသပ်မှုတွေကို သိသိသာသာ မြင်သာတာရော၊ မမြင်သာတာရောမှာပါ စိုးရိမ်စရာကောင်းအောင် မြင့်တက်လာနေသလို ကမ္ဘာ့အရေးတွေ မှာလည်း နောက်ကွယ်ကရော၊ ရှေ့တွင်မှာပါ ဝင်ရောက်စွက်ဖက်မှုတွေရှိနေတဲ့အတွက် ရုရှားအနီးက ယခင် ဆိုဗီယက်အုပ်စုဝင်နိုင်ငံတွေအတွက် ရုရှားအင်အားပြန်ကောင်းလာတာ ပြဿနာဖြစ်နေပါပြီ။
 
ဒီအတွက် ရုရှားကို မာမာထန်ထန်ဆက်ဆံဖို့ရာ နေတိုးနဲ့ အနောက်အုပ်စုကနေလွဲပြီး ဘာမှရွေးချယ်စရာမရှိဖြစ်နေတဲ့ အနေအထားပါ။ယခု ရုရှားရဲ့ပုံစံက လက်ရဲဇက်ရဲပုံစံဖြစ်နေပြီး ယခင် ခရိုင်းမီးယားတုန်းကလို ပြောရုံသာပြောပြီး အနောက်အုပ်စုအနေနဲ့ ရုရှားကို ဝင်စွက်ဖက်ဟန့်တားလိမ့်မယ် မထင်ဘူးလို့ ယူဆထားနေပုံရပါတယ်။ဒါကြောင့်လည်း အမေရိကန်နဲ့ အနောက်အုပ်စုက အကြိမ်ကြိမ်သတိပေးနေသလို ယူကရိန်းနယ်စပ်က ရုရှားတပ်တွေ ပြန်မရုတ်သိမ်းရင် ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ စီမံချက်တွေ ပြုလုပ်မယ်ဆိုပြီး G-7 အုပ်စုက ပြောခဲ့ပါတယ်။စက်မှုထိပ်သီးခုနစ်နိုင်ငံ (G-7) မှာပါတဲ့ အမေရိကန်ကတော့  ရုရှားအစိုးရအနေနဲ့ အခုအခြေအနေကိုပြောင်းလဲမယ့် လမ်းစဉ်ကို မရွေးချယ်ခဲ့ဘူးဆိုရင်တော့ ကြီးမားတဲ့အကျိုးဆက်တွေနဲ့ ဆိုးရွားတဲ့ထိခိုက်နစ်နာမှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ပြောခဲ့ပြီး အဲဒီလိုတုံ့ပြန်မှုတွေအတွက် G-7 အုပ်စုဟာ စည်းလုံးညီညွတ်မှုအပြည့်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
 
ရုရှားရဲ့ ခြိမ်းခြောက်မှုနဲ့ တရုတ်ရဲ့ မြင့်တက်လာတဲ့ လွှမ်းမိုးမှုကို တုံ့ပြန်ဖို့ တွေဆုံဆွေးနွေးမှုမှာ ရုရှားကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ကြတာကို တွေ့ရပါတယ်။
 
လက်ရှိတွင် နှစ်ဖက်စလုံးက အလျှော့မပေးသလို ယူကရိန်းအပေါ် ရုရှားကျူးကျော်လာခဲ့ရင် တုံ့ပြန်ဖို့ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဗြိတိန် ခေါင်းဆောင်တွေအကြား ဘုံသဘောတူညီချက်ရနေတဲ့ အတွက် ကြည့်မယ်ဆိုရင် အခြေအနေက ရင်လေးစရာ အခြေအနေပါ။နှစ်ဖက်စလုံးက မလျှော့ရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို တွက်ဆမယ်ဆိုရင် အရင်ဆုံးတွေးရမှာ ရုရှားက ယူကရိန်းရဲ့ နယ်မြေပိုင်ဆိုင်မှုကို အာမခံ ချက်ပေးနေတာလား၊ သူ့ရဲ့အာမခံချက်ကို တောင်းနေတာလားဆိုတာကိုကြည့်ရင် အဖြေကို မြင်နေရပါတယ်။
 
အမေရိကန်ကတော့ ယူကရိန်းနယ်စပ်ကနေ ရုရှားတပ်တွေမရုတ်ရင်၊ ယူကရိန်းကို ရုရှားကသာ ကျူးကျော်ခဲ့ရင် နေတိုးတပ်တွေ တိုးချဲ့ချထားမယ်ဆိုတဲ့စကားနဲ့ နေတိုးကသာ ယူကရိန်းကို အလျင်အမြန် နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ တွက်ဆရခက်စရာပါ။
 
ဗြိတိန် လက်နက်ကိုင်တပ်များ၏ အကြီးအကဲဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး တိုနီရာဒါ ကင် က “ယူကရိန်းကို အပြည့်အ၀ကျူးကျော်လိုက်ရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ မမြင်ဖူးတဲ့ ပဋိပက္ခဖြစ်နိုင်တယ်လို့ ပြောထားခဲ့တဲ့အတွက် စစ်သာဖြစ်လာခဲ့ရင် ယူကရိန်းကနေ ဘယ်လောက်အထိ ပြင်းထန်ကျယ်ပြန့်လာမလဲဆိုတာ မတွေးဝံ့စရာပဲဖြစ်ပါတယ်။
 
တရုတ်နှင့် ဒီမိုကရေစီ
 
ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်မှာ အွန်လိုင်းကနေ အမေရိကန်က ဦးဆောင်ကျင်းပခဲ့တဲ့ ဒီမိုကရေစီညီလာခံအပြီးမှာ ဒီညီလာခံကို တက်ရောက်ခွင့်မရခဲ့တဲ့ တရုတ်က အမေရိကန်ကို “အမေရိကန်ရဲ့ ဒီမိုကရေစီသည် ဖျက်အားပြင်းလက်နက်တစ်ခုဖြစ်တယ်” ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
 
ဒီညီလာခံကို နိုင်ငံပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ခွင့်ရခဲ့ပေမယ့် အမေရိကန် သတ်မှတ်တဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီလို့ တရုတ်၊ ရုရှားအပါအ၀င် အာဆီယံက စင်ကာပူနဲ့ ဒီမိုကရေစနစ်နဲ့ ရွေးကောက်ခံထားရတဲ့ နိုင်ငံအချို့လည်း တက်ရောက်ခွင့်မရခဲ့ပါဘူး။ညီလာခံ မကျင်းပခင်ကတည်းက ပြဿနာမျိုးစုံနဲ့ ရုရှား၊ တရုတ်တို့ရဲ့ အပြန်အလှန်ဝေဖန်မှုတွေကြောင့် ဒီညီလာခံကို နိုင်ငံတကာက စိတ်ဝင်စားနေခဲ့ပါတယ်။
 
ဒီဘက်နှစ်ထဲမှာ တရုတ်နဲ့ အမေရိကန်၊ ရုရှားနဲ့ နေတိုးအုပ်စုအကြား ပဋိပက္ခတွေက ပိုပြီးပြင်းထန်လာနေတာကို တွေ့ရပါတယ်။အထူးသဖြင့် ထရမ့် လက်ထက်က မပြီးခဲ့တဲ့ ကုန်သွယ်ရေးအားပြိုင်မှုတွေဟာ ဘိုင်ဒင် လက်ထက်မှာတော့ နိုင်ငံရေး၊ စစ်ရေးအထိ ကျယ်ပြန့်လာပြီး အခုဆိုရင် ယခင် ဆိုဗီယက်ခေတ်ကလို အား ကစားနယ်ပယ်တွေအထိ ရောက်လာခဲ့ပါတယ်။ဒီထဲမှာ ကမ္ဘာ့နိုင်ငံအားလုံးကို ထိခိုက်စေခဲ့တဲ့ ကိုဗစ်ကျန်းမာရေးကပ်ဘေးအပြီးမှာတော့ စစ်ရေးဆိုင်ရာအုပ်စုတွေ၊ အာဏာသိမ်းမှုတွေ၊ ပဋိပက္ခတွေ၊ ဒေသတွင်းဆိုင်ရာ အားပြိုင်မှုတွေနဲ့ ကသောင်းကနင်းဖြစ်နေတဲ့ ကမ္ဘာကို မြင်လာနေရပါတယ်။ဒီထဲမှာ တရုတ်ကို အမေရိကန်က မဟာဗျူဟာအရ ပြိုင်ဘက်လို့ သတ်မှတ်လိုက်တဲ့နောက် အာရှ-ပစိဖိတ်ဒေသဟာ စစ်ရေးအရ အားပြိုင်တဲ့နေရာဒေသဖြစ်လာသလို ဒေသတွင်း ကိုယ်ကျင့်သုံးတဲ့ အယူဝါဒက အကောင်းဆုံးဆိုတဲ့ ပုံဖော်မှုတွေကလည်း ဖြစ်လာခဲ့ပါတယ်။
 
ဒီဇင်ဘာ ၉ ရက်က ပြုလုပ်တဲ့ ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ တရုတ်က သူ့နိုင်ငံက ကျင့်သုံးနေတဲ့ တရုတ်စံဒီမိုကရေစီ စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သလို ဒီမိုကရေစီအဖြစ် စံနှုန်းပြည့်ပြောနေတဲ့ အမေရိကန်ကိုလည်း ပြည်တွင်းမှာဖြစ်နေတဲ့ သတ်ဖြတ်မှုတွေ၊ကိုဗစ်ဘေးမှာ လူဖြူတွေနဲ့ အသားအရောင်ရှိသူတွေကို ခွဲခြားထားတဲ့ ကျန်းမာရေးစနစ်တွေကို ထောက်ပြပြီး မေးခွန်းထုတ်ခဲ့ကာ တရုတ်နိုင်ငံရဲ့ စားဝတ်နေရေးအာမခံချက်နဲ့ ကိုဗစ်ဘေးမှာ လူအသေအပျောက်နည်းအောင် ကျန်းမာရေးစနစ်တွေကို စီစဉ်နိုင်ပုံကို ဖော်ပြနှိုင်းယှဉ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
 
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ဒီမိုကရေစီစနစ်ဟာ ကမ္ဘာတစ်ဝန်းမှာ စိုးရိမ်ဖွယ်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရတယ်လို့ ပြောခဲ့သလို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကလည်း ကမ္ဘာဒေသအားလုံးနီးပါးလောက်က နိုင်ငံတွေဟာ ဒီမိုကရေစီအခြေအနေကောင်းနေပြီးမှ ဒုံရင်းပြန်ဆိုက်တဲ့အနေအထားကို ကြုံတွေ့နေကြရတာဖြစ်ပါတယ်လို့ ပြောခဲ့သလို ဘိုင်ဒင် က “ကျွန်တော်တို့ဟာ အလှည့်အပြောင်းတစ်ရပ်ကို ရောက်နေကြတာဖြစ်ပါတယ်။လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတားအဆီးမဲ့ ဒုံရင်းအခြေအနေ ပြန်ရောက်နေတာကို ကျွန်တော်တို့က ခွင့်ပြုရမှာလား” ဆိုပြီး ပြောခဲ့ပါတယ်။
 
ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက် မည်မည်ရရမရှိပေမယ့် ဒီမိုကရေစီညီလာခံ တက်ရောက်ခွင့်မရခဲ့တဲ့ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေ၊ တူရကီလိုနိုင်ငံတွေပါ ဘိုင်ဒင်ရဲ့ ခွဲခြား ဖိတ်ကြားမှုကြောင့် ဘယ်လိုတုံ့ပြန်မှုတွေရှိလာနိုင်မလဲဆိုတာ ယခုထိမှန်းဆလို့မရသေးပါဘူး။အထူးသဖြင့် ဘိုင်ဒင် မဖိတ်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ဒေသတွင်း အရေးပါတဲ့ နေရာတွေမှာရှိတဲ့ ထိုက်သင်တဲ့ ဩဇာအာဏာလည်းရှိတဲ့ နိုင်ငံတွေပါနေပါတယ်။ဒီလိုနိုင်ငံတွေက ဘိုင်ဒင်ရဲ့ ခွဲခြားဖိတ်ကြားမှုကြောင့် တရုတ်၊ ရုရှားနဲ့ အားပြိုင်တဲ့အခါ အမေရိကန်ကို စွန့်ခွာသွားမလားဆိုတာလည်း ယူဆနိုင်စရာတွေရှိနေပါတယ်။
 
လက်ရှိမှာ‌တော့ ဘိုင်ဒင်ရဲ့ အမေရိကန်အုပ်ချုပ်ရေးအဖွဲ့က တရုတ်နဲ့ပတ်သက်ရင် ဘက်ပေါင်းစုံကနေ ဖိအားတွေပေးနေသလို ပေကျင်းမှာ ကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်ပွဲကို နိုင်ငံရေးအရ သပိတ်မှောက်ဖို့ ဆော်ဩနေတာကိုလည်း တွေ့နေရပါတယ်။တရုတ်ဘက်ကတော့ သပိတ်မှောက်တဲ့ နိုင်ငံတွေကို လက်တုံ့ပြန်မယ်လို့ ပြောထားတာလည်း တွေ့ရပါတယ်။
 
နိုင်ငံတကာအခင်းအကျင်းက ယခုဆိုရင် တမဟုတ်ချင်း အခြေအနေတွေ ပြောင်းလဲသွားနိုင်တဲ့ အားပြိုင်မှုတွေ တွေ့နေရသလို စစ်ရေးအရလည်း ယခင်ကလို ရှောင်ကြမယ့်ပုံစံကို မတွေ့ရပါဘူး။ဒီအတွက် ဆောင်းရာသီအိုလံပစ်ကို နိုင်ငံရေးအရ သပိတ်မှောက်ဖို့ ဆော်ဩနေတဲ့ အမေရိကန်ကို တရုတ်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
 
မင်းထက်
ဒီဇင်ဘာ - ၁၃