【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာ့စစ်မီး ဘယ်နေရာကစမလဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာ့စစ်မီး ဘယ်နေရာကစမလဲ

ယူကရိန်း ရဟတ်ယာဉ်တစ်စင်း သူ့နိုင်ငံဝေဟင်ထဲ ဝင်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ဘီလာရုစ်က ယူကရိန်းပဋိပက္ခထဲ ဝင်လာခြင်းအားဖြင့် ရုရှားခင်းကျင်းနေတဲ့ ကမ္ဘာစစ်ဖြစ်ဖို့ ခြိမ်းခြောက်မှုအယူအဆဟာ ဖြစ်လာနိုင်ချေများနေပြီလို့ နိုင်ငံတကာအရေးကျွမ်းကျင်သူတွေက ယူဆလာခဲ့ပြီဖြစ်ပါတယ်။အစောပိုင်းကတော့ လက်ရှိတင်းမာနေတဲ့ နိုင်ငံတကာအရေးတွေကြောင့် အုပ်စုကြီးနှစ်စုအကြား စစ်ရေးအရဖြစ်လာနိုင်တဲ့ နေရာဒေသတွေက တရုတ်နဲ့ အမေရိကန်ဆိုရင် တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်၊ တရုတ်နဲ့ အိန္ဒိယ နယ်စပ်ပြဿနာ၊ ရုရှားနဲ့ အမေရိကန်-နေတိုးဆိုရင် ယူကရိန်းနဲ့ ဘီလာရုစ် ပြဿနာတွေလို့ သတ်မှတ်ထားနေတာရှိပါတယ်။ဒီထဲမှာ သိပ်မပါတာက မြန်မာကိစ္စနဲ့ ဖိလစ်ပိုင်ကိစ္စပါ။ဒီရက်ပိုင်းမှာ တောင်တရုတ်ပင်လယ်ထဲ အင်ဒိုက ရေနံတူးဖော်နေတာကို တရုတ်ဘက်က တားနေတာ ပါဝင်လာတဲ့အခါ တရုတ်က အမေရိကန်နဲ့ စစ်မက်ဖြစ်လာနိုင်မှု အလားအလာလျော့သွားပြီး လတ်တလောမှာ ရုရှားက ပြဿနာဖြစ်လာနေပါတယ်။  

တရုတ်နဲ့ အနောက်အုပ်စုကြားမှာ ပြဿနာက ပြင်းထန်လာနိုင်တာရှိပေမယ့် နှစ်ဖက်လုံးက စစ်မက်ဖြစ်ချင်စိတ်နည်းကြပါတယ်။စစ်မက်ဖြစ်လာခဲ့ရင် နှစ်ဖက်လုံး နောက်ဆုတ်လို့မရတဲ့အတွက် ဒါဟာ အလုံးစုံပျက်သုဉ်းတဲ့ နည်းလမ်းဖြစ်နေလို့ ဒီလမ်းကိုမရောက်အောင် နှစ်ဖက်စလုံးကရှောင်ပြီး စစ်အင်အားပြတာ ခြိမ်းခြောက်တာနဲ့ပဲ လုပ်ပြပြီး ကိစ္စတော်တော်များကို စားပွဲ၀ိုင်းမှာ ဖြေရှင်းသွားကြတာကို တွေ့ရပါတယ်။ရုရှားကတော့ ဒီလိုမဟုတ်ပါဘူး။ယူကရိန်းတို့၊ ဘီလာရုစ်တို့ဆိုတာ ယခင် ဆိုဗီယက်နိုင်ငံဟောင်းတွေဖြစ်တဲ့အပြင် ယူကရိန်းရဲ့ ပင်လယ်နက်ရေတပ်ဆိပ်ကမ်းကိုလည်း လက်ရဲဇက်ရဲ ကျူးကျော်သိမ်းပိုက်ထားခဲ့တဲ့အတွက် ယူကရိန်းအပေါ် ရုရှားအမြင်က အချိန်မရွေးသိမ်းယူတာ သူ့အခွင့်အလမ်းအဖြစ် ရှုမြင်နေတာပါ။

ဒီလိုမြင်ထားတဲ့အတွက် ယူကရိန်းကို ရုရှားက မကျူးကျော်ဘူးဆိုတဲ့ အမြင်ကို ဖယ်ထားရမှာဖြစ်လို့ အမေရိကန်နဲ့ နေတိုးအဖို့လည်း ယူကရိန်းကို ရုရှားကသာ ကျူးကျော်လာရင် ကမ္ဘာ့အင်အားကြီးနိုင်ငံနဲ့ ကမ္ဘာ့အင်အားအကောင်းဆုံး စစ်အုပ်စုဖြစ်နေလို့ မလွှဲမရှောင်သာ ဝင်တိုက်ခိုက်ပေးရတော့မှာပါ။ဒီလိုအခြေခံအကြောင်းတရားတွေရှိနေတဲ့အတွက် ယူကရိန်းကို ရုရှားက ဝင်တိုက်ပြီဆိုတာနဲ့ ကမ္ဘာစစ်ဟာ ဖြစ်ဖို့ ရာခိုင်နှုန်း ၉၀ လောက် သေချာသွားပြီဖြစ်ပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ သဘာ၀ဘေးသတင်းတွေဖြစ်တဲ့ အင်ဒိုနီးရှားက မီးတောင်ပေါက်ကွဲတဲ့သတင်း၊ ကူးစက်ကပ်ဘေးဆိုင်ရာသတင်းတွေဖြစ်တဲ့ အိုမီခရွန်သတင်းတွေနဲ့ လတ်တလော ဒေသတွင်းနဲ့ နိုင်ငံအတွင်း သတင်းတွေဖြစ်တဲ့ ပါကစ္စတန်မှာ သီရိလင်္ကာလူမျိုး စက်ရုံမန်နေဂျာကို မီးရှို့သတ်ဖြတ်တဲ့သတင်း နောက်ဆက်တွဲတွေ စတဲ့ စိတ်ဝင်စားစရာ သတင်းများစွာလည်း ရှိခဲ့ပါသေးတယ်။ဒီထဲကနေ ယူကရိန်းပဋိပက္ခအလားအလာနဲ့ ဗိုင်းရပ်သစ်ရဲ့ ကူးစက်မှုမြန်ဆန်လာတဲ့ သတင်းတွေက ဒီတစ်ပတ်မှာ ဆက်စောင့်ကြည့်ရဦးမယ် သတင်းတွေပဲဖြစ်ပါတယ်။

ယူကရိန်းက ရုရှားရဲ့ စနက်တံလား

ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းက အင်တာဗျူးတစ်ခုမှာ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ရုရှားအနေနဲ့ ယူကရိန်းကိုဝင်သိမ်းဖို့ အစီအစဉ်တွေရှိနေတယ်ဆိုပြီး ပြောခဲ့တာကို နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။အဲဒီအချိန်တုန်းက ဘီလာရုစ်က ပြဿနာရှာပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖဂန်ကဒုက္ခသည်တွေကို သူ့နိုင်ငံထဲခေါ်ထည့်ပြီး ပိုလန်နယ်စပ်မှာ နေရာချကာ ဥရောပကိုဝင်လို့ရအောင်လုပ်ဖို့ ကြိုးစားနေတဲ့အချိန်ဖြစ်နေလို့  ဒီသတင်းက သိပ်ပြီးတော့ စိတ်ဝင်စားမှုမရှိခဲ့ပါဘူး။ဒါပေမယ့် နေတိုးနဲ့ အမေရိကန်အတွက်ကတော့ ရုရှားကို စောင့်ကြည့်နေတာဖြစ်လို့ ရုရှားရဲ့ လက်စလက်နကိုသိထားလို့ ယူကရိန်းကို စစ်ရေးဆိုင်ရာ အကူအညီတွေပေးပြီး ယူကရိန်းနဲ့ပတ်သက်ရင် ရုရှားကို သတိပေးတာတွေ ပြုလုပ်ခဲ့တာတွေရှိခဲ့ပါတယ်။ဒီတစ်ပတ်မှာတော့ ယူကရိန်းပြဿနာဟာ မှန်းဆထားတာထက် ပိုနက်ရှိုင်းနေခဲ့လို့ သမ္မတချင်း ထိပ်တိုက်တွေ့ ဆုံရတဲ့အထိ ဖြစ်လာနေပြီ ဖြစ်ပါတယ်။   

လတ်တလော အကြောင်းပြချက်အဖြစ် ရုရှားဘက်က ယူကရိန်းနိုင်ငံကို နေတိုးလို့ခေါ်တဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ထဲဝင်ဖို့ လျှောက်ထားတဲ့ ကိစ္စပါပဲ။ဒီကိစ္စအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ စတော့ဟုမ်းမှာကျင်းပတဲ့ OSCE ညီလာခံပြင်ပမှာ တွေ့စဉ်မှာ  ရုရှား နိုင်ငံခြားရေးဝန်ကြီး လာရော့ဗ် က ယူကရိန်းပဋိက္ခတွေ ပြေလည်စေဖို့အတွက် နေတိုးရဲ့ အဖွဲ့ဝင်အင်အားတိုးချဲ့တာကိုရပ်ဖို့ အထူးသဖြင့် ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံဖို့ ပြောခဲ့တာပါပဲ။သာမန်အားဖြင့်ဆိုရင် ရုရှားဘက်က တောင်းဆိုချက်က မျှတတယ်ထင်ရပေမယ့် ယူကရိန်းဘက်ကနေကြည့်မယ်ဆိုရင် မကြာခဏဆိုသလို စစ်ရေးအရခြိမ်းခြောက်နေသလို ပင်လယ်နက်နဲ့နီးတဲ့ ဒေသမှာ ခွဲထွက်တွေကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတဲ့ ရုရှားလုပ်ရပ်ကြောင့် နေတိုးထဲဝင်ထားတာက ယူကရိန်းအတွက် သူ့နိုင်ငံအချုပ်အခြာအာဏာခိုင်မြဲဖို့ အာမခံချက်က ရှိပါဦးမယ်။ဒီလိုအခြေအနေတွေရှိနေတဲ့အပြင် ယခုနှစ်ပိုင်းမှာ ပူတင်ရဲ့ အာဏာရှင်ဆန်လာပြီး ဒေသတွင်းမှာ စွက်ဖွက်မှုတွေ၊ ဒေသတွင်း ဩဇာအာဏာထူထောင်နေမှုတွေ၊ လောင်စာနဲ့ အနောက်ဥရောပကို ထိန်းချုပ်ဖို့ ကြံစည်နေတာတွေ၊ စစ်ရေးတည်ဆောက်နေတာတွေကြောင့် ယူကရိန်းအတွက် နယ်မြေချင်းဆက်စပ်နေပြီး ယူကရိန်းပိုင် ပင်လယ်နက်ကို ကျူးကျော်သိမ်းပိုက်ထားတဲ့ ရုရှားကို အာခံဖို့ဆိုရင် နေတိုးအဖွဲ့ထဲဝင်တာက စီးပွားရေးကော၊ စစ်ရေးအရပါ အာမခံချက်ရမယ့်ကိစ္စပါ။

ရုရှားအတွက်ကတော့ ယူကရိန်းသာ နေတိုးအဖွဲ့ဝင်ဖြစ်ခဲ့ရင် သူ့အတွက် လုံခြုံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မလုံခြုံတော့သလို ဒေသတွင်း ဩဇာလွှမ်းမိုးဖို့လုပ်နေတဲ့ ရုရှားအတွက် ဒီလိုအဖြစ်က ကြီးမားတဲ့ဟန့်တားမှုလည်း ဖြစ်လာမှာပါ။အထူးသဖြင့် ရုရှား ဩဇာခံ အစိုးရကိုဖြုတ်ချပြီး လက်ရှိအစိုးရဖြစ်နေတဲ့အတွက်လည်း  ရုရှားအနေနဲ့ ယူကရိန်းကို မဖြစ်မနေထိန်းချုပ်ဖို့ အစီအစဉ်ရေးဆွဲထားပုံရပါတယ်။ယူကရိန်းကတော့ အမြဲတမ်း ရုရှားရန်ကို စိုးရွံ့နေရတဲ့ နိုင်ငံဖြစ်တဲ့အတွက်  ရုရှားတပ်တွေ သူ့နိုင်ငံအနားလာချပြီး တပ်စွဲနေကတည်းက  ရုရှားကသိမ်းဖို့ လုပ်နေပြီဆိုကာ နိုင်ငံတကာကိုဖွင့်ပြောခဲ့တဲ့ အနေအထားပါ။

ဒီဇင်ဘာ ၃ ရက်က ဝါရှင်တန်ပို့စ်သတင်းစာမှာ လာမည့်နှစ်လောက်မှာ ရုရှားကတပ်ဖွဲ့ဝင် အင်အား ၁၇၅,၀၀၀ အထိ ပါဝင်ပြီး စစ်မျက်နှာစုံကနေ ယူကရိန်းကို  ထိုးစစ်ဆင်မှုတစ်ခုလုပ်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ဒီသတင်းကလည်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးရဲ့ စကားကို ထပ်ပြီးအတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ဒီသတင်းထဲမှာ နည်းဗျူဟာစစ်ဆင်မှုအဖွဲ့ ၁၀၀ ခန့် ပါဝင်ပြီး ခန့်မှန်းအင်အား ၁၇၅,၀၀၀ နှင့် သံချပ်ကာယာဉ်များ၊ အမြောက်များနှင့် အခြားလက်နက်ကိရိယာများပါဝင်သည့် ကျယ်ပြန့်သော လှုပ်ရှားစစ်ဆင်မှုကြီးကို လုပ်ဆောင်ရန် စီစဉ်နေတယ်ဆိုတာကို ဖော်ပြခဲ့သလို နယ်စပ်အနီးတွင် ခန့်မှန်းတပ်ဖွဲ့ဝင် အင်အား တစ်သိန်းဝန်းကျင်ကို ရုရှားက တပ်ဖြန့်ချထားတယ်ဆိုတဲ့ ယူကရိန်းဘက်က ပြောခဲ့တာလည်း ရှိပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ယူကရိန်းကို ရုရှားက ကျူးကျော်ဖို့လုပ်နေတယ်ဆိုတာ ဟန်ပြမဟုတ်ဘဲ တစ်ကယ်လုပ်နိုင်တဲ့အနေအထား ရောက်နေတယ်ဆိုတာကို နိုင်ငံတကာက သိလိုက်ရတာဖြစ်ပါတယ်။ယူကရိန်းအရေးမှာ နိုင်ငံတကာရဲ့တုံ့ပြန်မှုက အရေးကြီးလာနေပါတယ်။ဒါကြောင့်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ယူကရိန်းပြဿနာမှာ  နိုင်ငံတကာအစိတ်အပိုင်းတစ်ခုအနေနဲ့သာ အမေရိကန်က ဆောင်ရွက်မယ်လို့ ပြောခဲ့တာဖြစ်ပြီး ရုရှားအပေါ် အမေရိကန်၏ မည်သည့်တုံ့ပြန်မှုမဆိုကို နိုင်ငံတကာအသိုက်အဝန်းနှင့် အတူတကွသာ လုပ်ဆောင်မယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။

ယခင်က ဆိုဗီယက်သမ္မတနိုင်ငံဟောင်းဖြစ်ခဲ့တဲ့ ယူကရိန်းနိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) သို့ ဝင်ရောက်ရန် ရည်မှန်းထားတာဖြစ်လို့ ဒီအကြောင်းကိစ္စက ရုရှားနဲ့ အနောက်နိုင်ငံများအကြား အဓိကပြဿနာဖြစ်နေတာပါ။
နေတိုးဘက်ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဆုံးဖြတ်ခွင့်ကို လေးစားရမယ်ဆိုပြီး  ဘယ်သူမှလာအမိန့်ပေးလို့မရဘူးဆိုတဲ့သဘောကို နေတိုး အတွင်းရေးမှူးက ပြောခဲ့တာကို တွေ့ရပါတယ်။ရုရှားဘက်ကလည်း ယူကရိန်းကို ပြဿနာရှာပြီး သူလိုချင်တာကို ရအောင်ယူဖို့များနေပါတယ်။ဒီလို ဘလင်ကန်နဲ့ လာရော့ဗ် တွေ့ပြီးနောက်မှာ ရုရှားသမ္မတနဲ့ အမေရိကန်သမ္မတ တွေ့ဖို့ဖြစ်လာပါတယ်။အွန်လိုင်းကနေတွေ့ဖို့ လာမယ့် အင်္ဂါနေ့ကို သတ်မှတ်ထားပြီး နှစ်နိုင်ငံအကြား တောင်းဆိုမှုတွေ ညှိနှိုင်းမှုတွေ ရှိလာမှာဖြစ်ပါတယ်။

ထွက်လာတဲ့ သတင်းတွေအရဆိုရင် ပူတင်ဘက်က ယူကရိန်းကို နေတိုးအဖွဲ့မှာ လက်မခံဖို့နဲ့ ရုရှားကို ပစ်မှတ်ထားမယ့် ဒုံးကျည်စနစ်တွေ  ယူကရိန်းမှာ မတပ်ဆင်ဖို့ တောင်းဆိုမယ်လို့ဆိုသလို ဘိုင်ဒင်ဘက်ကလည်း အမေရိကန်ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ယူကရိန်း၏ နယ်မြေဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်ခြင်းအတွက် ခြိမ်းခြောက်ခြင်းမဟုတ်ဘဲ ရုရှား၏ အဆင်အခြင်မဲ့ ရန်လိုသည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ရပ်တည်တာဖြစ်တယ်ဆိုတာ အသိပေးမှာဖြစ်သလို ယူကရိန်းအကြပ်အတည်းအပြင် ဆိုက်ဘာလုံခြုံရေး၊ လက်နက်ပြဿနာ၊ အာဖဂ္ဂန်နစ္စတန်၊ အီရန်၊ လစ်ဗျားနှင့် ဆီးရီးယားအရေးတို့ကိုပါ ထည့်သွင်းဆွေးနွေးသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။   

ဒါပေမယ့် အစောပိုင်းက ရုရှား နိုင်ငံခြားရေးဝန်ကြီးကို ဘလင်ကန် က မော်စကိုအနေဖြင့် ပဋိပက္ခကို အရှိန်မြှင့်တင်ပါက ပြင်းထန်စွာပေးဆပ်ရမယ်ဆိုတာ ပြောခဲ့တာရှိသလို နေတိုး အတွင်းရေးမှူးကလည်း ရုရှားမှာ ဗီတိုအာဏာမရှိ၊ ရုရှားမှာ ပြောစရာမရှိသလို၊ ရုရှားကလည်း သူတို့ရဲ့ အိမ်နီးချင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ သြဇာလွှမ်းမိုးမှုနယ်ပယ်ကို ထူထောင်ပိုင်ခွင့်မရှိပါဘူး” လို့ ပြောခဲ့တာလည်းရှိပါတယ်။

သမ္မတနှစ်ဦးတွေ့ ဆုံမှုက ဖြစ်လာနိုင်စရာရှိတာ တရုတ်သမ္မတနဲ့ ဘိုင်ဒင် တွေ့သလို သိပ်ထူးခြားလာနိုင်စရာမရှိသလို နေတိုးကလည်း သူလုပ်စရာရှိတာ သူလုပ်နေတဲ့အတွက် နောက်ဆုံးမှာ ဖြစ်လာနိုင်တာတွေက စစ်ရေးဆီကို ဦးတည်နေတာမျိုး ဖြစ်နေပါတယ်။

အင်္ဂါနေ့မှာ သမ္မတနှစ်ဦးတွေ့ရာမှာ ဘာတွေဖြစ်လာမလဲဆိုတာ ယူကရိန်းအတွက် သေရေးရှင်ရေး အရေးပါလာနိုင်ဖွယ်ရာဖြစ်နေသလို ဒီဘက်နှစ်နောက်ပိုင်းမှာ နိုင်ငံတကာရေးရာမှာ စစ်ရေးအားကိုးနဲ့ စွာနေတဲ့ ရုရှားကို နေတိုးနဲ့ အမေရိကန်တို့က ဘယ်လိုထိန်းကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။

ထင်တာထက်မြန်လာဖွယ်ရှိနေတဲ့ အိုမီခရွန်ဗိုင်းရပ်စ်

ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်းမှာ လူပေါင်း ၅ သန်းကျော်ကို သေဆုံးစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ သူ့ရဲ့ဒယ်လ်တာမျိုးဆက်ကြောင့် ကမ္ဘာ့တစ်ခွင်လုံး ၃၈ နိုင်ငံအထိ ကူးစက်နေပြီဖြစ်ပါတယ်။အိုမီခရွန်နဲ့ပတ်သက်ပြီး ခန့်မှန်းချက်တွေ ထွက်လာနေပေမယ့် ဘယ်လောက်အတိုင်းအတာအထိဆိုတာ အခုထိမသိရသေးပါဘူး။လက်ရှိအချိန်အထိ အိုမီခရွန်ကူးစက်မှုတွေ ကြားနေရပေမယ့် သေဆုံးတဲ့အထိ မရှိသေးတာက အိုမီခရွန်က ပြင်းအားလျော့နေလို့လားဆိုတဲ့ ထင်မြင်ယူဆချက်တွေ ထွက်လာခဲ့ပါတယ်။
တစ်ဖက်ကကြည့်ရင် ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေ တစတစများလာနေလို့ ခုခံအားအထိုက်အလျှောက်ရှိနေလို့ အသေအပျောက်ထိ မရှိတာလားဆိုတာလည်း ပညာရှင်တွေ ဆွေးနွေးငြင်းခုံနေရဆဲပါ။   

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ဖြစ်ပွားမှုနှုန်းတွေကို ပြန်ကြည့်လိုက်ရင် ကူးစက်မှုတွေ ပြန်တက်နေတာကို ကြောက်လန့်ဖွယ်တွေ့ရမှာဖြစ်ပါတယ်။ဥရောပမှာဆိုရင် ပြင်သစ်မှာ ၆၂ ရာခိုင်နှုန်း၊ ဂျာမနီမှာ ၂၂ ရာခိုင်နှုန်းနဲ့ အခြားဒေသတွေမှာ ကိုဗစ်ဖြစ်ပွားနှုန်းတွေ သေဆုံးမှုနှုန်းတွေ တက်နေခဲ့ပါတယ်။သေဆုံးသူတွေက ဒယ်လ်တာမျိုးကွဲကြောင့်ဖြစ်နေတာလို့ဆိုပေမယ့် နောက်ထပ်ကူးစက်လာတဲ့ အိုမီခရွန်မျိုးကွဲက ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာတောင် ဖြစ်နေတဲ့အတွက်  ကာကွယ်ဆေးရဲ့ ထိရောက်မှုကို ပြန်လည်စောကြောမှုတွေလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။  

ဥရောပရဲ့ဆောင်းရာသီနဲ့ ဒယ်လ်တာကူးစက်မှု မြင့်တက်မှာကို ယခင်ကစိုးရိမ်နေကြတဲ့ ကျန်းမာရေးပညာရှင်တွေအနေနဲ့ ဒယ်လ်တာထက် ကူးစက်မှု နှစ်ဆလောက်မြန်တယ်လို့ အကြမ်းဖျင်းသတ်မှတ်ထားတဲ့ အိုမီခရွန်ကြောင့် လူအသေအပျောက်များမှာ၊ ဆေးရုံတွေမှာ ကုတင်မလုံလောက်တဲ့အထိ ဖြစ်လာမှာကို  စိုးရိမ်နေကြပါပြီ။ရုရှားဆိုရင် အောက်တိုဘာလထဲမှာ ကိုဗစ်ကြောင့်သေဆုံးသူ ခုနှစ်သောင်းခွဲအထိ ရှိခဲ့ပါတယ်။အဆိုးဆုံးက ကူးစက်မှုတွေ မြင့်တက်လာလို့ လော့ခ်ဒေါင်းချတာနဲ့ ကန့်သတ်ချက်တွေချတဲ့အခါ ဆန္ဒပြမှုတွေ ဖြစ်လာတာပါပဲ။ထပ်ခါတလဲလဲချနေရတဲ့ လောခ့်ဒေါင်းတွေကြောင့် စီးပွားရေးတွေပါ ပြိုလဲနေရတဲ့အခါ လူတွေက လော့ခ်ဒေါင်းနဲ့ ကျန်းမာရေးကန့်သတ်ချက်တွေကို ဆန့်ကျင်တာ အပြစ်လို့ပြောလို့မရတဲ့ အခြေအနေပါ။ဒါပေမယ့် ကူးစက်မှုက ပြင်းထန်တဲ့ ဥရောပဆောင်းရာသီနဲ့အတူ ခရစ္စမတ်၊ နှစ်ကူးအားလပ်ရက်တွေကြောင့် လူစုလူဝေးတွေပွဲတော်တွေကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်လာနိုင်တဲ့အခြေအနေ ဖြစ်လာနိုင်လို့  နယ်သာလန်၊ ဩစကြတီးယားနဲ့ နိုင်ငံအချို့က လော့ခ်ဒေါင်းချနေသလို တချို့နိုင်ငံတွေကလည်း စဉ်းစားနေကြတာဖြစ်ပါတယ်။

ဒီလိုကူးစက်မှု ထိန်းမနိုင်သိမ်းမရဖြစ်လာနိုင်တဲ့အထဲမှာ အဓိကကူးစက်မှုဖြစ်လာနိုင်တာက  အိုမီခရွန်ပါပဲ။ကူးစက်မြန်လွန်းတဲ့ အိုမီခရွန်ဟာ စတင်တွေ့တဲ့ တောင်အာဖရိကမှာ ကူးစက်မှု နှစ်ဆအထိ ခုန်တက်လာသလို လူငယ်တွေမှာ အတွေ့များနေတာ  ကြောက်စရာလန့်စရာပါ။တောင်အာဖရိက ကျန်းမာရေးထုတ်ပြန်ချက်အရဆိုရင် သီတင်းပတ်အတွင်း နေ့အလိုက်ကူးစက်ခံရသူ သုံးဆကျော် ပိုမိုမြင့်တက်လာနိုင်နေတယ် ဆိုပါတယ်။တောင်အာဖရိကမှာရှိတဲ့ ဂူတန်ပြည်နယ်မှာဆိုရင် ဒီဇင်ဘာ ၃ ရက် တစ်ရက်တည်း ကူးစက်ခံရသူ အရေအတွက်က တစ်သောင်းတစ်ထောင်ကျော်အထိ ရှိပါတယ်။   

လက်ရှိအချိန်မှာတော့ ဒယ်လ်တာမျိုးကွဲကို ကိုဗစ်ကာကွယ်ဆေးနှစ်ခါထိုးပြီး နောက်ထပ်တစ်ခါ ထပ်ပေါင်းထိုးတဲ့နည်းနဲ့ လောလောဆယ်ဖြေရှင်းနေပေမယ့် အိုမီခရွန်က ဘယ်လိုကာကွယ်ရမလဲဆိုတာ မသိသေးသလို ရောဂါရဲ့ စရိုက်လက္ခဏာအပြည့်အစုံကိုလည်း မသိသေးပါဘူး။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စိုးရိမ်ဖွယ်ကောင်းသည့် မျိုးကွဲအုပ်စုထဲ ထည့်သွင်းသတ်မှတ်ခံခဲ့ရသည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်က လက်ရှိထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေကို ခံနိုင်ရည်ရှိနိုင်တဲ့ အနေအထားဖြစ်နေသလို အခြားမျိုးကွဲဗိုင်းရပ်စ်များထက် ပိုမိုကူးစက်မြန်ပြီး ရောဂါပြင်းထန်နိုင်ခြေ ပိုမိုမြင့်မားနေလို့ ဆေးဝါးကုမ္ပဏီတွေက ကာကွယ်ဆေးထုတ်နိုင်ဖို့ အလျင်အမြန်ကြိုးစားနေတယ်ဆိုပေမယ့် လပေါင်းများစွာကြာနိုင်သေးတဲ့ အနေအထားပါ။

ကိန်းဂဏန်းတွေအရ ကြောက်စရာလန့်စရာ မဖြစ်လာသေးပေမယ့် နိုင်ငံအတော်များများကတော့ အိုမီခရွန်တွေ့တဲ့ နိုင်ငံတွေကို ကူးသန်းသွားလာမှုပိတ်တဲ့နည်းနဲ့ ကြိုတင်ကာကွယ်နေသလို လာရောက်ကူးသန်းမှုကိုလည်း ကန့်သတ်နေပါတယ်။တစ်ကမ္ဘာလုံးစောင့်ကြည့်နေတာက အိုမီခရွန်က ဘယ်လောက်ကြာချိန်မှာ ကမ္ဘာကိုခြိမ်းခြောက်ပြီး ကပ်ဘေးပုံစံဖြစ်လာမလဲဆိုတာပါပဲ။ခန့်မှန်းချက်တွေအရဆိုရင် နောက်ခြောက်လမှာ အိုမီခရွန်က ကမ္ဘာတစ်ဝန်းကို ကူးစက်သွားမယ့်သဘောရှိနေတယ် ဆိုပါတယ်။ဒီကပ်ဘေးကိုကျော်ဖို့ ဆေးဝါးကုမ္ပဏီတွေဘက်က ဆေးဝါးတွေရှာဖွေနေသလို လက်ရှိ ရှိပြီးသားကာကွယ်ဆေးကို လူတိုင်းထိုးနှံပြီးဖြစ်ဖို့ကို တက်သုတ်ရိုက်လုပ်နေကြတာကို တွေ့ရပါတယ်။ဒါပေမယ့် ဝင်ငွေနည်းနိုင်ငံတွေ၊ ဆင်းရဲဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးနှံမှုက ၇ ရာခိုင်နှုန်းသာရှိလို့ နိုင်ငံကြီးတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေအဖို့ ကာကွယ်ဆေး ဘယ်လိုအပြည့်အ၀ထိုးထိုး ဒီနည်းတဲ့နေရာတွေကနေ နောက်ထပ်မျိုးကွဲတွေ ထပ်လာတာကို ခံရဦးမယ့်အခြေအနေဖြစ်နေပါတယ်။

ကိုဗစ်ကာကွယ်ဆေး မမျှတတာက မျိုးကွဲတွေကို ထပ်ဖြစ်စေတာလား၊ ဗိုင်းရပ်စ်ကိုက မျိုးကွဲတွေဆက်တိုက်ဖြစ်နေရတဲ့အထိ ပြင်းထန်နေသလားဆိုတာ ကျန်းမာရေးပညာရှင်တွေ အဖြေထုတ်ရတော့မှာဖြစ်ပါတယ်။

မင်းထက်
ဒီဇင်ဘာ - ၆