【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်ပွဲဆီဦးတည်နေတဲ့ လက်နက်စမ်းသပ်မှုများ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်ပွဲဆီဦးတည်နေတဲ့ လက်နက်စမ်းသပ်မှုများ

ဒီတစ်ပတ်သတင်းတွေမှာ ကမ္ဘာ့ရာသီဥတုညီလာခံကြောင့် နိုင်ငံတကာသတင်းတွေမှာ ရာသီဥတုဆိုင်ရာသတင်းတွေ ဖုံးလွှမ်းနေမယ်လို့ ထင်ခဲ့ပေမယ့် တကယ်က စစ်မက်သတင်းတွေ၊ နိုင်ငံတကာမှ အကြမ်းဖက်မှုသတင်းတွေ၊ နိုင်ငံရေးအရတင်းမာမှုသတင်းတွေအပြင် ကျန်းမာရေးဆိုင်ရာ ကပ်ဘေးမှာ ကန့်သတ်ချက်တွေပြန်ဖွင့်တဲ့ နိုင်ငံတွေနဲ့ ကူးစက်မှုမြင့်တက်လာလို့ ပြန်ပြီး ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်တွေ ပြန်ချနေရတဲ့ နိုင်ငံသတင်းတွေလည်း ကိုဗစ်ကပ်ဘေးအတွက် ဝေခွဲလို့မရတဲ့ သတင်းတွေတက်လာနေတာကို တွေ့ရပါတယ်။

စစ်ရေးဆိုင်ရာတင်းမာမှုတွေကို ပြန်ကြည့်မယ်ဆိုရင် ထုံးစံအတိုင်း တရုတ်ဘက်က အာကာသယာဉ်အတွက် စမ်းသပ်တာလို့ တရားဝင်ပြောခဲ့တဲ့ ဝေဟင်ဆိုင်ရာစမ်းသပ်မှုတစ်ခုအတွက် အမေရိကန်နဲ့ အနောက်အုပ်စုက ဟိုက်ပါဆိုးနစ်လို့ခေါ်တဲ့ အသံထက် ငါးဆ ခြောက်ဆ မြန်တဲ့ ဒုံးကျည်စမ်းသပ်မှုအပေါ် ကောက်ချက်ချမှုတွေက ယခုထိမပြီးနိုင်သေးပါဘူး။
ဒီအကြောင်းကို ဒီတစ်ပတ်မှာ အင်အားကြီးနိုင်ငံတွေ စစ်ရေးပြင်ဆင်မှုနဲ့ တွဲပြီးဖြစ်လာနိုင်တာတွေကို အသေးစိတ်ဖော်ပြချင်ပါတယ်။နောက် စစ်ရေးဆိုင်ရာလေ့ကျင့်မှုတွေမှာ အမေရိကန်နဲ့ ရုရှား၊ အနောက်အုပ်စုအကြား ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနေတာကို တွေ့ရတာတွေ ဖော်ပြချင်ပါတယ်။

စကော့တလန်နိုင်ငံ ဂလပ်စကိုမှာ ကျင်းပနေတဲ့ COP26 လို့ခေါ်တဲ့ ပဲရစ်သဘောတူညီချက်ကနေ ပေါ်ထွက်လာတဲ့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာညီလာခံ ကျင်းပချိန်မှာပဲ ကမ္ဘာတစ်ဝန်း စွမ်းအင်အကျပ်အတည်းတွေဖြစ်လာတာ စိတ်ဝင်စားစရာပါ။ဒီအစည်းအဝေးမှာ ကာဗွန်လောင်စာအသုံးပြုမှုကို သုညအထိလျှော့ချဖို့ ၂၀၆၀ အရောက်မှာ ကြိုးပမ်းဖို့ လုပ်ဆောင်နေကြတာပါ။ဒီလိုလုပ်ဆောင်ချိန်မှာ ကာဗွန်လောင်စာရဲ့ အခန်းကဏ္ဍကို မဖျောက်ဖို့ နောက်ကွယ်ကလုပ်ဆောင်နေတဲ့ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေ စည်းဝါးရိုက်လုပ်ဆောင်မှုလားဆိုတာ တွေးဆစရာပါ။     

ဒီသတင်းတွေထဲမှ စစ်ရေးဆိုင်ရာတည်ဆောက်မှုသတင်းတွေ၊ စွမ်းအင်ဆိုင်ရာအကျပ်အတည်းသတင်းတွေနဲ့ ကိုဗစ်ဆိုင်ရာသတင်းတွေကို ဦးစားပေးဖော်ပြ သုံးသပ်ချင်ပါတယ်။

ဟိုက်ပါဆိုးနစ်နဲ့ စစ်အုပ်စုများ

ဟိုက်ပါဆိုးနစ်ဆိုတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေဟာ နောက်ပိုင်းမှာ အင်အားကြီးနိုင်ငံတွေ အာရုံစိုက်လာတဲ့ ဗျူဟာမြောက်လက်နက်ဖြစ်လာခဲ့ပါတယ်။ဒီလိုအာရုံစိုက်လာရတဲ့ အကြောင်းအရင်းက လေကာစနစ်လို့ အကြမ်းဖျင်းသိကြတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေဟာ ပိုပြီး ပြီးပြည့်စုံလာတဲ့အခါ ဒီကာကွယ်ရေးစနစ်ကိုထိုးဖောက်ဖို့ ကြံဆလာတာကနေ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေဟာ အရေးပါလာခဲ့တာဖြစ်ပါတယ်။လောလောဆယ်မှာ ဟိုက်ပါဆိုးနစ်နဲ့ပတ်သက်ရင် ရုရှားက ရှေ့တန်းရောက်နေသလို သူ့နောက်မှာ တရုတ်တို့ အမေရိကန်တို့ ရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေပေမယ့် အမေရိကန်ရဲ့ ဟိုက်ပါဆိုးနစ်တိုးတက်မှုကို အကဲဖြတ်ဖို့က မလွယ်ပါဘူး။

ပြီးခဲ့တဲ့လပိုင်းမှာ တရုတ်က စမ်းသပ်ပစ်လွှတ်ခဲ့ပုံရတဲ့ လက်နက်တစ်မျိုးနဲ့ပတ်သက်ပြီး အမေရိကန်စစ်တပ်၏ ထိပ်သီးခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီ က ယခုရက်သတ္တပတ်ထဲမှာ ပြောခဲ့ပါတယ်။ဒါက တရုတ်၏ အသံလွန်ဒုံးလက်နက်များ တီထွင်မှုရှိနေတာကို အတည်ပြုခဲ့တာဖြစ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အခြားအစိုးရတာဝန်ရှိသူများလည်း ဒီလိုကြိုးပမ်းနေတဲ့အပေါ် စိုးရိမ်မိကြောင်း ပြောခဲ့ပါတယ်။

ဒီလိုပြောတဲ့အထဲမှာ အာကာသရေးရာမှာ ဆိုဗီယက်ရုရှားကို နောက်ကောက်ကျခဲ့တဲ့ ၁၉၅၇ ခုနှစ်က အမေရိကန်ရဲ့အဖြစ်မျိုး ပြန်ကြုံရဖို့ နီးစပ်နေပြီဆိုတဲ့သဘောနဲ့ စပွတ်နစ် (sputnik) အခိုက်အတန့်လားဆိုပြီး သတိပေးခဲ့ပါတယ်။ဘေကျင်းဘက်ကတော့ ဘယ်လိုဒုံးကျည်စမ်းသပ်မှုမှ မလုပ်ဆောင်ဘူးလို့ ငြင်းခဲ့ပေမယ့် တရုတ်ရဲ့ အဆိုပါစမ်းသပ်မှုဟာ အမေရိကန် စစ်ဘက်ဆိုင်ရာအကြီးအကဲတွေကို အံ့အားသင့်တုန်လှုပ်စေခဲ့တယ်လို့ Financial Times က ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

ဖော်ပြချက်တွေအရဆိုရင် တရုတ်က စမ်းသပ်ခဲ့တယ်လို့ ယူဆနေတဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်ဟာ အသံထက် အမြန်နှုန်း ၅ ဆအထိရှိပြီး သမားရိုးကျဒုံးကျည်တွေထက် ရှောင်လွှဲနိုင်စွမ်းရှိလို့ လေကြောင်းရန်ကာကွယ်ရေးကနေ ကြားဖြတ်ဟန့်တားနိုင်စွမ်းနည်းပါးနိုင်တယ်လို့ မှတ်ချက်ပြုတာတွေရှိပါတယ်။အမေရိကန်က တရုတ်ရဲ့ ဟိုက်ပါဆိုးနစ် စမ်းသပ်မှုကို ဒီလိုပြောခဲ့ပေမယ့် ဗာဂျီးနီးယားမှာရှိတဲ့ နာဆာကနေ အသံထက်မြန်တဲ့ ဒုံးကျည်သုံးစင်း စမ်းသပ်မှုကို ယခုတစ်ပတ်ထဲမှာ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

အမေရိကန်အနေနဲ့ တရုတ်ရဲ့ ဟိုက်ပါဆိုးနစ် စမ်းသပ်မှုတွေကို တကယ်ပဲစိုးရိမ်တာလား၊ ဒါမှမဟုတ် မကြာခင်အတည်ပြုချက်ရတော့မယ့် အမေရိကန်ရဲ့ ကာကွယ်ရေးအတွက် ဘိုင်ဒင်ရဲ့ ထရီလျံနဲ့ချီတဲ့ ဘတ်ဂျက်ကိုမျှော်ပြီး စိုးရိမ်ပြနေတာလားဆိုတာလည်း ထည့်တွက်ဖို့လိုပါတယ်။သေချာတာကတော့ နိုင်ငံကြီးတွေ စစ်လက်နက်တွေ ပိုအစွမ်းထက်အောင်လုပ်နေသလို ရှောင်လွှဲလို့မရတဲ့ စစ်မက်ကိုကြုံလာရင် ခုခံဖို့ထက် တိုက်ခိုက်ဖို့ဘက်ကို ပိုဇောင်းပေးပြင်ဆင်လာနေတာကို တွေ့နေရပြီဖြစ်ပါတယ်။အထူးသဖြင့် AUKUS လို့ခေါ်တဲ့ သုံးနိုင်ငံစစ်ရေးမဟာမိတ်အဖွဲ့ကို စဖွဲ့လိုက်တာဟာ စစ်လက်နက်အပြိုင်အဆိုင်တိုးချဲ့တပ်ဆင်ဖို့ တရားဝင်ဖွင့်ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။ဒီတစ်ပတ်ထဲမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံရာမှာ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့တာကို တွေ့ရပြီး ဒီလိုဆွေးနွေးရာမှာ ဩစတြေးလျှကို ရေငုတ်သင်္ဘောတည်ဆောက်ပေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်တယ်ဆိုပြီး ထုတ်ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ဒီလိုပြောတဲ့အထဲမှာ ရုရှားသမ္မတ ပူတင် က တရုတ်နဲ့ပတ်သက်ပြီး မှီခိုအားထားရတဲ့ မိတ်ဖက်အဖြစ် ပြောခဲ့တာကို တရုတ်အနေနဲ့ တန်ဖိုးထားတယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။ AUKUS အုပ်စုဖွဲ့တာနဲ့ပတ်သက်ပြီးတော့လည်း ဒါဟာ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးလမ်း‌ကြောင်းကို  ဆန့်ကျင်တာဆိုပြီး ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။

စစ်အုပ်စုတွေဖွဲ့တာဟာ ကမ္ဘာ့စစ်ကိုဦးတည်တာ မဟုတ်ရင်တောင် အနည်းဆုံးတော့ စစ်အေးခေတ်ကို သေချာပေါက်ဦးတည်နေပြီး ဘယ်လိုပဲ စစ်အေးခေတ်မရောက်အောင်ထိန်းမယ်ပြောပြော လက်ရှိမှာ စစ်အေးခေတ်ရဲ့ စရိုက်လက္ခဏာတွေကို မြင်တွေ့နေရပြီဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ အမျိုးသားလုံခြုံရေး စိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်အစိုးရပိုင် ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ China Telecomရဲ့ နိုင်ငံအတွင်း ဝန်ဆောင်မှုပေးတာကို အမေရိကန်ဘက်က တားမြစ်ခဲ့ပါတယ်။ဒါ့အပြင် ကုလမှာ ထိုင်ဝမ်ပါဝင်နိုင်ဖို့အရေးမှာ ထိုင်ဝမ်နှင့် အမေရိကန်အရာရှိတွေ ဆွေးနွေးခဲ့တာကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ဒါ့အပြင် ဒီအပတ်ထဲ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ တောင်တရုတ်ပင်လယ် လွတ်လပ်ခွင့်နဲ့ အချိန်တန်ပြိုကွဲမှာလို့ မှတ်ချက်ပေးခံရတဲ့ QUAD အဖွဲ့ထဲက အိန္ဒိယနိုင်ငံကလည်း နျူကလီးယားဒုံးကျည်ထိပ်ဖူးကို ကီလိုမီတာ ၅၀၀၀ (မိုင် ၃၁၀၀) အထိ သယ်ဆောင်နိုင်စွမ်းရှိသည့် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ယခုရက်သတ္တပတ်ထဲမှာ စမ်းသပ်ခဲ့ပါတယ်။ဒါ့အပြင် ယခုလထဲမှာ ရုရှားကနေ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်တွေ ရောက်လာဖို့ရှိနေပြီး ဒါတွေကို အငြင်းပွားနေတဲ့ တရုတ်နယ်စပ်မှာချထားဖို့ရှိနေပါတယ်။တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာရှိတယ်လို့ သတ်မှတ်ထားတဲ့ မြောက်ကိုရီးယားဘက်မှာ လက်နက်စမ်းသပ်မှုတွေရှိနေသလို ရုရှားဩဇာအောက်မှာရှိနေတဲ့ အီရန်ကလဲ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့အထိ ရည်မှန်းချက်ထားနေတဲ့အတွက်  စစ်အေးခေတ်ပုံစံအတိုင်း အနောက်အုပ်စုနဲ့ အရှေ့အုပ်စုဆိုပြီး သီးသီးခြားခြားခွဲထွက်လာနေတာကို တွေ့ရပါတယ်။ဒါပေမယ့် တစ်ဖက်မှာလည်း ဒီစစ်ရေးအုပ်စုနှစ်ခုစလုံးဟာ အကြမ်းဖက်မှုကို ရင်ဆိုင်နိုင်ရဖွယ်ရှိနေတဲ့အတွက် ပြင်ဆင်နေရပါတယ်။

ဆီးရီးယားမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို ဒရုန်းတွေနဲ့ ပြီးခဲ့တဲ့အပတ်က တိုက်ခိုက်တာခံခဲ့ရသလို ဒီတစ်ပတ်ထဲမှာပဲ အေဒင်လေဆိပ် တိုက်ခိုက်ခံရပါတယ်။ဒီဖြစ်စဉ်တွေမှာ အီရန်ရှိနေတယ်ဆိုပြီး အမေရိကန်ရဲ့စွပ်စွဲချက်တွေရှိပါတယ်။ဒါ့အပြင် အာဖဂန်နစ္စတန်မှာရှိနေတဲ့ ISIS တွေကလည်း ၆ လအတွင်း အမေရိကန်ကို တိုက်ခိုက်နိုင်ချေရှိတယ်ဆိုပြီး ထောက်လှမ်းရေးသတင်းတွေအရ ပင်တဂွန်က အစိုးရကို အသိပေးထားတာရှိနေပါတယ်။တရုတ်နဲ့ ရုရှားမှာလည်း အာဖဂန်ကနေ စစ်သွေးကြွတွေဝင်လာနိုင်တဲ့ ဘေးအန္တရာယ်ကို ပြင်ဆင်နေရပါတယ်။တရုတ်က စနေနေ့မှာ တင်းကျပ်တဲ့ နယ်စပ်ဥပဒေတစ်ခု ထုတ်ပြန်ခဲ့တာကို တွေ့ရသလို တရုတ်ပြည် ရှင်ကျန်းဒေသမှာနေထိုင်တဲ့ ဝီဂါမွတ်ဆလင်တွေနဲ့ချိတ်ဆက်ပြီး အာဖဂန်ကနေ ဝင်ရောက်လာနိုင်မယ့် အစ္စလာမ် အစွန်းရောက်တွေရန်ကနေ ကာကွယ်ဖို့လည်း သတိထားစောင့်ကြည့်နေတာကို တွေ့နေရပါတယ်။

တရုတ်ရဲ့ နယ်စပ်ဥပဒေမှာ နယ်စပ်လုံခြုံရေးအတွက် ထိရောက်စွာလုပ်ဆောင်သွားဖို့ တရုတ်စစ်တပ်၊ တော်လှန်ရေးရဲတပ်ဖွဲ့နဲ့ ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့တွေကို တာဝန်ပေးထားသလို နယ်စပ်အနီးနား ပစ်ခတ်မှုတွေ၊ စစ်ပွဲတွေဖြစ်ပွားပြီး နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်လာရင် နယ်စပ်ကိုပိတ်ပစ်ဖို့ သဘောတူညီချက်လည်း ပါဝင်ပါတယ်။လက်ရှိမှာ တရုတ်အနေနဲ့ အာဖဂန်၊ ပါကစ္စတန်နဲ့ မြန်မာ နယ်စပ်တွေမှာ မတည်ငြိမ်ဖြစ်နေသလို အိန္ဒိယနဲ့လည်း နယ်စပ်အငြင်းပွားပြဿနာတွေရှိနေတဲ့အပြင် တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်အရေးတွေကြောင့် အချိန်မရွေး အနောက်အုပ်စုနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့အတွက် စစ်ရေးဆိုင်ရာပြင်ဆင်မှုတွေ၊ စစ်လက်နက်ဆိုင်ရာ စမ်းသပ်မှုတွေနဲ့ ရှေ့လျှောက်တိုးမြင်ရဖို့သာရှိပါတယ်။တရုတ်နဲ့အပြိုင် တခြားသောဒေသတွင်းနိုင်ငံတွေမှာလည်း ဒီလိုအခင်းအကျင်းကို မြင်ရနိုင်တာမို့  စစ်ရေးဆိုင်ရာ လွန်ဆွဲအားစမ်းမှုတွေ ဟိုက်ပါဆိုးနစ်လို လက်နက်စမ်းတာလောက်နဲ့ စခန်းဆုံးဖို့ မျှော်လင့်ရမှာဖြစ်ပါတယ်။     

ရုရှားလက်ကွက်လား၊ အိုပက်လက်ကွက်လား

ယခုရက်သတ္တပတ်မှာ စကော့တလန် ဂလပ်စကိုမှာ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးတစ်ခု ကျင်းပမှာဖြစ်ပါတယ်။ COP26 လို့ခေါ်တဲ့ အစည်းအဝေးမှာ နိုင်ငံကြီးတွေက ၂၀၆၀ ခုနှစ်မှာ ကာဗွန်ရုပ်ကြွင်းအသုံးပြုမှုကို သုညအထိလျှော့ချဖို့ ရည်ရွယ်ထားတာကို ဆွေးနွေးဖို့ရှိနေပါတယ်။ဒီလိုဆွေးနွေးကြဖို့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာတစ်ဝန်း ရေနံစိမ်းစျေးတွေနဲ့ သဘာ၀ဓာတ်ငွေ့စျေးတွေ မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။

ဒီအခင်းအကျင်းက နည်းနည်းရှုပ်ထွေးပါတယ်။ပြီးခဲ့တဲ့ ကုလအထွေထွေညီလာခံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် က  ကာဗွန်ရုပ်ကြွင်းကတိကဝတ်ကိုပြောခဲ့သလို ကျောက်မီးသွေးသုံးစက်ရုံတွေကို အားမပေးတဲ့ ဗျူဟာကို ထုတ်ပြောခဲ့တဲ့အတွက် နောက်ပိုင်းမှာ ကျောက်မီးသွေးတွေ တရုတ်ဆိပ်ကမ်းမှာပုံခဲ့လို အိန္ဒိယဘက်က လက်လွှဲယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ဒါ့အပြင် ယခုနွေရာသီမှာ တရုတ်ဆည်တွေ လျှပ်စစ်ထုတ်လွှတ်မှုကျဆင်းတာကြောင့် တရုတ်မြို့အချို့ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကြီးကြီးမားမားဖြစ်ခဲ့ရလို့ လာအို၊ မြန်မာလို နိုင်ငံတွေကတောင် လျှပ်စစ်ဓာတ်အားပိုဝယ်ခဲ့ရတဲ့အထိပါပဲ။ဒီအကျိုးဆက်က ကမ္ဘာ့ဓာတ်ငွေ့စျေးကွက်နဲ့ ရေနံစျေးကွက်မှာ ဝယ်လိုအားထိုးတက်ခဲ့တာကို ဖြစ်စေခဲ့ပါတယ်။ဒါက နောက်ခံအကြောင်းအချင်းပါ။

ဒီအခြေအနေကို အကောင်းဆုံးအသုံးချခဲ့တာက အိုပက်လို့ခေါ်တဲ့ ရေနံရောင်းချတဲ့ နိုင်ငံတွေနဲ့ ရုရှားလို နိုင်ငံတွေက ရေနံကို ဝယ်လိုအားတက်နေချိန်မှာ တိုးမထုတ်ဘဲ လက်ရှိထုတ်လုပ်မှုအတိုင်း ထိန်းထားလိုက်သလို မကြာခဏအကြမ်းဖက်မှုတွေကို အကြောင်းပြပြီး ထုတ်လုပ်မှုတွေ လျှော့ချတာတွေအထိ ဖြစ်ခဲ့တဲ့အတွက် ရေနံစျေးက ၅ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ကိုဗစ်ကြောင့် ရေနံစျေးကျတုန်းက ဆုံးရှုံးခဲ့တဲ့ ဆုံးရှုံးမှုကိုရှာတယ်လို့ ပြောလို့ရပေမယ့် ဒါဟာ အိုပက်အတွက်သာ မှန်ပါလိမ်မယ်။ရုရှားကတော့ ဒီစွမ်းအင်အကျပ်အတည်းကနေ အနောက်ဥရောပကို နိုင်ငံရေးအရကစားနိုင်မယ့် Nord stream-2 လို့ခေါ်တဲ့ ဘော်လတစ်ပင်လယ်ကို ဖြတ်သွယ်ထားတဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းကို ဂျာမနီဘက်ကနေ အတည်ပြုပေးဖို့ ရည်ရွယ်ချက်လည်းပါနေပါတယ်။

ဒီသဘာ၀ဓာတ်ငွေ့လိုင်းကနေ တင်ပို့နိုင်မှုဟာ ရုရှားထုတ်လုပ်မှု တစ်ဝက်နီးပါးလောက်ရှိနေလို့ ဂျာမနီကသာခွင့်ပြုခဲ့ရင် အနောက်ဥရောပရဲ့ အဓိကစွမ်းအင်ထောက်ပံ့ရေးလိုင်းတစ်ခု ဖြစ်လာနိုင်စရာရှိသလို ဒါကိုကိုင်ပြီး နိုင်ငံတကာအရေးတွေမှာ အနောက်ဥရောပကို သူ့အလိုပါဖို့ ကစားလာနိုင်ပါတယ်။ရုရှားဘက်ကတော့ ဥရောပပြင်ပကိုသာ တောင်းဆိုမယ်ဆိုပေမယ့် အမေရိကန်နဲ့ ရုရှားနယ်စပ်ကပ်နေတဲ့ နိုင်ငံတွေက ဒီပိုက်လိုင်းကို စသွယ်ကတည်းက ကန့်ကွက်နေခဲ့တာပါ။

လက်ရှိကျင်းပနေတဲ့ G-20 အစည်းအဝေးမှာ ဘိုင်ဒင်က ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေကို တိုးထုတ်ဖို့ တိုက်တွန်းမယ်ဆိုသလို မကြာမီမှာကျရောက်လာတော့မယ့် ဥရောပဆောင်းရာသီအမီ ရုရှားက သူ့ရဲ့ ယူကရိန်းကိုဖြတ်ပြီး တင်ပို့နေတဲ့ သဘာ၀ဓာတ်ငွေ့လိုင်းကနေ အနောက်ဥရောပကို ဓာတ်ငွေ့တင်ပို့တာကို တိုးပို့ပေးမလားဆိုတာလည်း စောင့်ကြည့်ရဦးမှာပါ။
အစိမ်းရောင်စွမ်းအင်လို့ခေါ်တဲ့ ရေအား၊ လေအားနဲ့ ဆိုလာစွမ်းအင်တွေကို ကာဗွန်ရုပ်ကြွင်းလောင်စာဖြစ်တဲ့ ရေနံ၊ ကျောက်မီးသွေးနေရာကို အစားမထိုးမီ လောင်စာအကျပ်အတည်းက ဖြစ်လာနေတဲ့အတွက် ဒါဟာ ရေနံကရတဲ့ဝင်ငွေကို မှီခိုနေရတဲ့ အိုပက်နဲ့ ရုရှားရဲ့ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တဲ့ လုပ်ဆောင်ချက်လားဆိုတာ ထည့်သွင်းစဉ်းစားစရာပါ။အိုပက် + အဖွဲ့ဝင်နိုင်ငံတွေဟာ သူတို့နဲ့ နိုင်ငံရေးအရ ဆက်နွယ်ပတ်သက်မှုရှိတဲ့ နိုင်ငံတွေဆီကို အထူးအခွင့်အရေးတွေပေးအပ်ကာ ရေနံစိမ်းတင်ပို့ရောင်းချတာတွေရှိနေလို့ ရေနံစိမ်းဈေးကွက်တစ်ခုလုံး ကမောက်ကမအခြေအနေ ဖြစ်နေပါတယ်။

ကိုဗစ်ကပ်ဘေးအလွန်ကာလမှာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ရေနံစိမ်းဝယ်လိုအားနဲ့ သိုလှောင်အားက တရှိန်ထိုးမြင့်တက်လာနေသလို တရုတ်ရဲ့ရေနံစိမ်းဝယ်လိုအားနဲ့ သိုလှောင်အား မြင့်တက်လာနေလို့ အမေရိကန်နဲ့ ဥရောပနိုင်ငံကြီးတွေအတွက် ကြီးမားလှတဲ့ စိန်ခေါ်မှုသဖွယ်ဖြစ်လာနေလို့ နောင်မှာ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့က လက်နက်သဖွယ် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အရေးပါလာဖွယ်ရှိနေပါတယ်။ဒါကြောင့်လည်း နိုင်ငံကြီးတွေက ကာဗွန်ရုပ်ကြွင်းသုံးစွဲမှုကိုလျှော့ချဖို့ အစိမ်းရောင်ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်ဘက်ကိုလှည့်ဖို့ တွန်းအားပေးလာနေကြတာပါ။

လက်ရှိမှာ ကမ္ဘာ့ရာသီဥတုက ကာဗွန်ရုပ်ကြွင်းတွေကြောင့် အတော်လေးကို ရာသီဥတုဖောက်ပြန်မှုတွေကို ရင်ဆိုင်နေရသလို တစ်ချိန်က ရေခဲနေတဲ့ အာတိတ်နဲ့ အန္တာတိကတိုက်တွေမှာ ရေခဲအရည်ပျော်လို့ ကုန်းမြေတွေပေါ်လာတဲ့အထိကို ဖြစ်နေပါတယ်။ဒါဟာ ကမ္ဘာ့ကြီးပူနွေးလာမှုကြောင့်‌ဖြစ်တယ်ဆိုတာကို တိတိကျကျဖော်ပြနေတဲ့ သက်သေပါပဲ။ဒီရက်ပိုင်းမှာပဲ ကုလသမဂ္ဂက ကမ္ဘာ့အပူချိန်မြင့်တက်လာနေကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်ပြီး ကမ္ဘာကြီးရဲ့အပူချိန်ဟာ ၂ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်လာနေတယ်လို့ ပြောခဲ့ပါတယ်။ဒါဟာ  ကာဗွန်ညစ်ညမ်းမှုကို လျှော့ချဖို့ သတိပေးချက်တွေ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့တာကို လိုက်နာဖို့ပျက်ကွက်တာတွေ များလွန်းခဲ့လို့ဆိုပြီး ကုလ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မှတ်ချက်ပြုခဲ့ပါတယ်။

ကမ္ဘာကြီးပူနွေးလာတဲ့အတွက် ကမ္ဘာအရပ်ရပ်မှာ ယခင်ကထက် သဘာ၀ဘေးတွေကိုကြုံရသလို ရာသီဥတုဖောက်ပြန်မှုတွေကြောင့်  မိုးခေါင်တာတွေ ရေကြီးတာတွေ၊ ငလျင်လှုပ်တာတွေ၊ မြေပြိုတာတွေ၊ မုန်တိုင်းတွေ ပိုဖြစ်လာတာတွေ ကြုံနေရသလို ပင်လယ်ရေမြင့်တက်လာမှုကြောင့် ရေအောက်ရောက်မယ့်အခြေအနေကိုလည်း ကြုံနေရပါတယ်။မြောက်ကိုရီးယားဆိုရင် ဒီတစ်ပတ်ထဲမှာ ကင်ဂျုံအမ် က နိုင်ငံတွင်း စားနပ်ရိက္ခာရှားပါးမှုပြဿနာ ပြေလည်ဖို့အတွက် အစားလျှော့စားကြဖို့ပြောခဲ့တာကို တွေ့ရပါတယ်။

ဂလပ်စကိုညီလာခံမှာ စွမ်းအင်အကျပ်အတည်းကြောင့်‌ ကာဗွန်ထုတ်လွှင့်မှု သုညဖြစ်ရေးက အဓိကဦးစားပေးဆွေးနွေးမလား၊ လက်ရှိစွမ်းအင်အကျပ်အတည်းကြောင့် ပြန်သုံးသပ်ကြမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီလိုသတင်းတွေအပြင် အီသီယိုးပီးယားက တီဂရေးမှာ ခွဲထွက် တီဂရေးအဖွဲ့တွေက အရေးပါတဲ့ မြို့ကြီးတစ်မြို့ကို တက်သိမ်းလိုက်တဲ့သတင်း၊ စစ်အာဏာသိမ်းမှုတွေ မကြာခဏဖြစ်နေတဲ့ ဆူဒန်မှာ နောက်ဆုံးဖြစ်တဲ့ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာက ပိတ်ဆို့မှုတွေ စလုပ်လာတဲ့အပြင် အာဖရိကသမဂ္ဂကပါ အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တဲ့သတင်း၊ ဆူဒန်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာနေလို့ အသေအပျောက်တွေရှိလာနေတဲ့သတင်း၊ Fcaebook က ၎င်းကုမ္ပဏီကို Meta လို့ အမည်ပြောင်းလဲလိုက်တဲ့သတင်း၊ ပျောက်ကွယ်နေတဲ့ တာလီဘန် ထိပ်တန်းခေါင်းဆောင် လူမြင်ကွင်းကို ပထမဆုံးထွက်ပေါ်လာတဲ့သတင်း၊ အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ်မှာ ခြောက်နှစ်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ သေဒဏ်စီရင်မှုလုပ်ငန်းစဉ်ကို ပြန်လည်စတင်လိုက်တဲ့သတင်း၊  ဂျပန်နိုင်ငံမှာ ရွေးကောက်ပွဲတွေ စတင်ကျင်းပခဲ့တဲ့သတင်း၊ သမ္မတဂျိုးဘိုင်ဒင်ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ပိုင်ခွင့်ကို ပိတ်ပင်ပေးဖို့အတွက် ပြည်နယ် ၁၉ ခုက တရားစွဲဆိုမှုတွေကို တင်သွင်းလိုက်တဲ့သတင်း၊ အမေရိကန် ဆေးဝါးနဲ့ အစားအသောက်ကွပ်ကဲရေးဌာနက Pfizer ကာကွယ်ဆေးကို အသက် ၅ နှစ်ကနေ ၁၁ နှစ်အရွယ် ကလေးငယ်တွေဆီမှာ ထိုးနှံဖို့အတွက် ခွင့်ပြုလိုက်တဲ့သတင်းတွေကလည်း ထပ်စောင့်ကြည့်ရဦးမယ့် သတင်းတွေဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို အဆုံးသတ်လိုက်ချင်ပါတယ်။

မင်းထက်
နိုဝင်ဘာ - ၁