【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်ပွဲအသွင်ဆောင်လာတဲ့ ဒယ်လ်တာမျိုးဗီဇကွဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်ပွဲအသွင်ဆောင်လာတဲ့ ဒယ်လ်တာမျိုးဗီဇကွဲ

ယခုရက်သတ္တပတ်အတွင်း သတင်းများစွာထဲမှာ စိတ်ဝင်စားမှုမြင့်တက်လာခဲ့တဲ့ သတင်းကတော့ ကိုဗစ် မျိုးကွဲ ဒယ်လ်တာမျိုးကွဲကူးစက်မှု မြင့်တက်လာတာကြောင့် ကမ္ဘာအနှံ့လော့ခ်ဒေါင်းချထားတာတွေကို ထပ်တိုးကြတာ၊ တချို့နိုင်ငံတွေမှာ လာမယ့် ဥရောပဆောင်းရာသီမတိုင်မီ လောခ့်ဒေါင်းကို ဖြည်ချတာတွေနဲ့ ဒယ်လ်တာမျိုးကွဲကြောင့် ကသုတ်ကရက်ဖြစ်နေရတာတွေလည်းရှိခဲ့ပါတယ်။

ဒီလိုကျန်းမာရေးကပ်ဘေးကို ထပ်‌ကျော့ပြီး ကမ္ဘာက ရင်ဆိုင်နေရချိန်မှာပဲ အာဖဂန်မှာ အမေရိကန်နဲ့ နေတိုးတပ်တွေ ထွက်ခွာမှုနဲ့အတူ အကြမ်းဖက်မှုတွေ ဒေသတွင်းမှာ ခေါင်းထောင်ထလာနေပြီး ပေါက်ကွဲမှုတွေနဲ့ ယခုရက်သတ္တပတ်ဟာ စိတ်မကောင်းစရာ သတ်ဖြတ်မှုတွေကို တွေ့ခဲ့ရပါတယ်။

ကမ္ဘာတစ်ဝန်း နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှု သတင်းတွေ၊ကပ်ဘေးသတင်းတွေကြောင့် မသက်မသာဖြစ်ရတဲ့ ကာလမှာပဲ သဘာ၀ဘေးတွေက ဒီရက်သတ္တပတ်မှာ ဆက်တိုက်ဆိုသလိုဖြစ်လာတာကတော့ ကမ္ဘာအတွက် အဆင်အခြင်မဲ့ နေထိုင်ထုတ်ယူသုံးစွဲမှုတွေကို ပြစ်ဒဏ်ပေးနေသလိုပါပဲ။ဒီလိုသတင်းတွေကြောင့် တခြားသော သတင်းတွေဖြစ်တဲ့ ပါကစ္စတန်မှာ အာဖဂန်နစ္စတန်သံအမတ်၏သမီး ပြန်ပေးဆွဲ ညှင်းပန်းနှိပ်စက်ခံရတာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြားတင်းမာမှုဖြစ်နေတာ၊ ဟေတီနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ်က ရာထူးကနေနုတ်ထွက် မယ့်သတင်း၊ ထိုင်း-မြန်မာ နယ်စပ် ချင်းရိုင်ပြည်နယ်ကနေဝင်ရောက်လာတဲ့ ရွှေတြိဂံထွက် စိတ်ကြွဆေး ၆ သန်းကျော် ဖမ်းမိခဲ့တဲ့သတင်း၊ COVID-19 ရောဂါ ကာကွယ်ဆေးမျှဝေပေးရေးအတွက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ သဘောတူခဲ့ကြတဲ့သတင်း၊ဟေတီမှာရှိတဲ့ အမေရိကန်သံရုံးလုံခြုံရေးအတွက် အမေရိကန်တပ်တွေ စေလွှတ်မယ့်သတင်း၊ ရုရှားနိုင်ငံက မြန်နှုန်းမြင့်တာဝေးပစ်ဒုံးပျံကို အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့တဲ့သတင်း၊ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့်ပတ်သက်ပြီး သံတမန်မဆန်သည့် မှတ်ချက်စကားပြောခဲ့လို့ ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်ခဲ့တဲ့သတင်း၊ ဟောင်ကောင်တွင် ဒီမိုကရေစီလှုပ်ရှားမှုမှာ တရုတ်အစိုးရရဲ့ နှိမ်နှင်းမှုနှင့်ပတ်သက်ပြီး အမေရိကန်က တရုတ်အရာရှိခုနှစ်ဦးကို ပိတ်ဆို့ခဲ့တဲ့ သတင်း၊ သမ္မတမွိုက်စ် ကို ဖမ်းဆီးပြီး အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (DEA) ထံ လွှဲ ပြောင်းပေးရန် ၎င်းတို့အားငှားရမ်းခဲ့ကြောင်း ဖမ်းဆီးခံ ကိုလံဘီယာကြေးစားစစ်သားတွေက ဝန်ခံခဲ့တဲ့သတင်း၊ ပါကစ္စတန်မှာ ခရီးသည်တင် ဘတ်စ်ကားတစ်စီး ပေါက်ကွဲလို့ တရုတ်အင်ဂျင်နီယာကိုးဦးအပါအဝင် လူ ၁၃ ဦးသေဆုံးခဲ့တဲ့သတင်း၊ လက်ဘနွန်နိုင်ငံမှာ ပဋိပက္ခအခြေအနေတွေ ဆိုးရွားလာပြီး နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ဝန်ကြီးချုပ် ဆတ်ဒ်ဟာရီရီ ရာထူးကနုတ်ထွက်သွားခဲ့တဲ့သတင်းတွေက စိတ်ဝင်စားစရာကောင်းပေမယ့် ကိုဗစ်သတင်း၊ အာဖဂန်သတင်းတွေအောက်မှာ မြုပ်နေခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ လက်ရှိဖြစ်နေတဲ့ ကိုဗစ် ဒယ်လ်တာဗီဇကွဲ ဘယ်လောက်ထိ ကမ္ဘာတစ်ဝန်းပတ်ပြီး မွှေနေတယ်ဆိုတဲ့သတင်းနဲ့ အာဖဂန်ပါဝါအချိန်းအပြောင်းကြောင့် ပတ်ဝန်းကျင်ကနိုင်ငံတွေ ဘယ်လောက်ထိ ဘေး များနေခဲ့လဲဆိုတဲ့သတင်းကို ရှေ့လျှောက် ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ သုံးသပ်ဖော်ပြချင်ပါတယ်။

ကိုဗစ်မျိုးကွဲ ဒယ်လ်တာကို စစ်ရေးအသွင် ရင်ဆိုင်နေရပြီလား

ကိုဗစ်ဒုတိယလှိုင်းမှာ အသေအပျောက်များခဲ့တဲ့ နိုင်ငံတချို့အနေနဲ့ အိန္ဒိယမှာ ထပ်ပြီး ဗီဇကွဲအဖြစ်ထွက်လာခဲ့တဲ့ ဒယ်လ်တာမျိုးဆက်ကြောင့် နောက်ထပ် ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်လာနေရပြီဖြစ်ပါတယ်။ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ် က နိုင်ငံတကာခေါင်းဆောင်တွေကို ယခုရက်သတ္တပတ်ထဲမှာ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်ထိုးကြဖို့ အထူးသတိပေးခဲ့ပြီး ကိုဗစ်တတိယလှိုင်းရဲ့ အစပိုင်းအဆင့်ကို ရောက်နေပြီဆိုပြီး သတိပေးခဲ့ပါတယ်။

ဒယ်လ်တာဗီဇကွဲရဲ့ ကူးစက်မှုနှုန်းက ပထမဗိုင်းရပ်စ်ထက်ပိုမြန်ပြီး ကူးစက်မှုကြောင့် အသေအပျောက်နှုန်းကလည်း မြင့်ပါတယ်။ဘယ်လောက်အသေအပျောက်နှုန်းမြင့်သလဲဆိုရင် အိန္ဒိယမှာဖြစ်ခဲ့တာကိုကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။ယခု အိန္ဒိယနဲ့ကပ်နေတဲ့ နိုင်ငံတွေနဲ့ အာရှတစ်ဝန်းမှာ ဒယ်လ်တာရဲ့ဒဏ်ကို အပြင်းအထန်ခံနေရပြီဖြစ်ပါတယ်။လက်ရှိမှာ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့ဟာ ကိုဗစ်တတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို ဆိုးဆိုး ရွားရွားခံစားနေကြရပြီး ကိုဗစ်တတိယမြောက်လှိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် အသည်းအသန် ရုန်းကန်နေကြရပါတယ်။ဗီယက်နမ်၊ ဘရူနိုင်းနဲ့ စင်ကာပူနိုင်ငံတွေကလွဲပြီး ကျန်အရှေ့တောင်အာရှနိုင်ငံတွေမှာ ကူးစက်မှုနှုန်းနဲ့ လူသေဆုံးမှုနှုန်းက ဆက်တိုက်ဆိုသလို မြင့်တက်နေပါတယ်။ကျန်းမာရေးပညာရှင်တွေကတော့ ဒီဒေသမှာ ကာ ကွယ်ဆေးထိုးနှံနိုင်တဲ့နှုန်းကလည်း နိမ့်ကျရုံသာမကဘဲ နှေးကွေးလွန်းနေလို့ တတိယလှိုင်းရိုက်ခတ်မှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲလွန်းနေတာဆိုပြီး ထောက်ပြခဲ့တာတွေရှိပါတယ်။

လက်ရှိမှာ အင်ဒိုနီးရှားရဲ့ ကိုဗစ်ရောဂါပိုးကူးစက်သူ လူနာအရေအတွက်နဲ့ လူသေဆုံးမှုနှုန်းဟာ အိန္ဒိယနဲ့ ဘရာဇီးတို့ကို ကျော်တက်သွားခဲ့လို့ အရှေ့တောင်အာရှရဲ့ကပ်ဘေးဗဟိုချက်ဖြစ်လာနိုင်တယ်ဆိုပြီး ကျန်းမာရေး ပညာရှင်တွေက ခန့်မှန်းထားခဲ့တာတွေရှိခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေက တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေဖြစ်တဲ့ Sinovac ကာကွယ်ဆေးကိုစောစောစီးစီးရခဲ့တာဖြစ်ပေမယ့် ကာကွယ်ဆေးထိုးထားတဲ့ ကျန်းမာရေးဝန်ထမ်းအများအပြား ပိုးကူးခံရလို့ အမေရိကန်နဲ့ ဥရောပက ကာကွယ်ဆေးတွေကို ပြန်မှာယူရတဲ့အထိပါပဲ။မလေးရှားဆိုရင် တရုတ်ထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး အသုံးပြုမှုတွေကို ရပ်ဆိုင်းလိုက်ပြီး လက်ရှိကိုဗစ်ကာကွယ်ဆေးတွေထဲမှာ စိတ်ချရမှုနှုန်း အမြင့်မားဆုံးဖြစ်တဲ့ ဖိုင်ဇာကို အစားထိုးအသုံးပြုခဲ့ပါတယ်။ကာကွယ်ဆေးက လက်ရှိမှာ ကိုဗစ်လှိုင်းတွေကိုတန့်ရပ်ဖို့ တစ်ခုတည်းသောနည်းလမ်းအဖြစ် ကျန်းမာရေးပညာရှင်တွေက လက်ခံထားကြပါတယ်။ကိုဗစ်ပထမလှိုင်းမှာ အသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ အမေရိကန်မှာဆိုရင် ဘိုင်ဒင်တက်လာပြီးနောက် ကာကွယ်ဆေးထိုးမှုကို ဖိဖိစီးစီးလုပ်လာခဲ့တဲ့အတွက် ကူးစက်မှုနှူန်းနဲ့ အသေအပျောက်နှုန်းက ထိုးကျသွားခဲ့ပါတယ်။ဒါပေမယ့် နိုင်ငံလူဦးရေနဲ့စာရင် ကျယ်ကျယ်ပြန့်ပြန့်ထိုးဖို့လိုနေတဲ့အတွက် ကာကွယ်ဆေးထိုးဖို့ စိတ်မဝင်စားတဲ့ လူငယ်တွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့  အနုပညာရှင်တွေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေလုပ်ခဲ့တဲ့အထိပါပဲ။ 

ကိုဗစ်လှိုင်းတွေကို တန့်ရပ်ဖို့ ကာကွယ်ဆေးထိုးတာ တစ်ခုတည်းသောနည်းလမ်းဆိုပေမယ့် လူငယ်တွေနဲ့ တချို့တွေက ဒါကိုလက်မခံကြတာတွေရှိပါတယ်။ဒါကြောင့် ကာကွယ်ဆေးမထိုးမနေရဆိုတဲ့ နိုင်ငံတချို့ရဲ့ သတ်မှတ်ချက်တွေနဲ့ ကာကွယ်ဆေးထိုးပြီးမှ လူအများရှိရာနေရာတွေကို ဝင်ထွက်ခွင့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် ပြဿနာဖြစ်ခဲ့တာကိုလည်း ယခုရက်သတ္တပတ်မှာတွေ့ခဲ့ရပါတယ်။ပြင်သစ်မှာဆိုရင် အစိုးရသတ်မှတ်တဲ့ ဒီလိုစည်းမျဉ်းအသစ်တွေကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ စနေနေ့မှာဖြစ်လာသလို ဂျာမနီမှာလည်း ဒီလို ကာကွယ်ဆေးမထိုးမနေရဖြစ်စေမယ့် ဖိအားပေးမှုတွေ မလုပ်ဘူးဆိုပြီး ဝန်ကြီးချုပ် မာကယ်လ်ကိုယ်တိုင် ပြောခဲ့ရတာတွေရှိခဲ့ပါတယ်။ဒါက ကာကွယ်ဆေး လိုအပ်တာထက်ပိုလျှံနေတဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ ကိုဗစ်ကပေးတဲ့ နိုင်ငံရေးပြဿနာတွေပါ။    

ကာကွယ်ဆေးရဖို့ ရုန်းကန်နေရတဲ့ တတိယကမ္ဘာ့နိုင်ငံတွေလို့ခေါ်တဲ့ ဖွံဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေကတော့ အစောပိုင်းမှာ တရုတ်နိုင်ငံကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ဗိုင်းရပ်စ်ကိုကာကွယ်ဖို့ ပြင်ဆင်ခဲ့ကြပေမယ့် တရုတ်ကာကွယ်ဆေးတွေက ကိုဗစ်ကနေဆင့်ပွားလာတဲ့ ဗီဇကွဲမျိုးကွဲတွေကို ကာကွယ်နိုင်စွမ်းနည်းပါးတဲ့အတွက် အမေရိကန်နဲ့ ဥရောပကထုတ်တဲ့ ဖိုင်ဇာလို၊ မိုဒီနာလို ဆေးတွေကိုပြန်ရဖို့ ကုလကနေ ကမကထလုပ်တဲ့ COVAX အစီအစဉ်ကို စောင့်ခဲ့ရပါတယ်။

အနောက်အုပ်စုထုတ် ဖိုင်ဇာ၊ မိုဒီနာတွေကလည်း ကိုဗစ်မျိုးကွဲတွေကို ကာကွယ်နိုင်စွမ်း ယခုထိ တိတိကျကျမသိရသေးပေမယ့် တရုတ်ထုတ်ကိုဗစ်ဆေးနဲ့ အနောက်ထုတ်ကိုဗစ်ဆေး တွဲထိုးတာတွေ၊ ကုမ္ပဏီနဲ့ နိုင်ငံမတူပဲထုတ်တဲ့ ဆေးတွေ တွဲထိုးတာတွေက အလုပ်ဖြစ်နေတဲ့အတွက် ကာကွယ်ဆေးမှန်သမျှက လိုအပ်မှုမြင့်တက်လာနေခဲ့ပါတယ်။ဒီလိုအပ်မှုကို ဖြည့်ဆည်းဖို့အတွက် ကမ္ဘာ့ဆေးဝါးစက်ရုံလို့ခေါ်တဲ့ အိန္ဒိယရဲ့ထုတ်လုပ်အားကို စောင့်နေရသလို တခြားနိုင်ငံတွေမှာလည်း ခွဲထုတ်နေရတာတွေကို လုပ်နေရတာကို တွေ့ရပါတယ်။ဒါပေမယ့် လက်ရှိမှာ အိန္ဒိယမှာ ကိုဗစ်ကူးစက်မှုပြင်းထန်ခဲ့တဲ့အတွက် လူဦးရေတစ်ဘီလျံကျော်ရှိတဲ့ အိန္ဒိယနိုင်ငံအတွက် ကာကွယ်ဆေးထိုးမှုကနေပိုလာမှ ကမ္ဘာ့ကာကွယ်ဆေးစျေးကွက်ထဲလိုနေတဲ့ အနောက်အုပ်စုထုတ်ဆေးတွေ ထွက်လာမှာပါ။ဒီလိုအခြေအနေကြောင့် ကိုဗစ်ကာကွယ်ဆေး ကမ္ဘာမှာကျယ်ကျယ်ပြန့်ပြန့်ထိုးပြီးဖို့ဆိုတာ အလှမ်းဝေးနေဦးမယ့် အခြေအနေရောက်နေပါတယ်။ 

ကိုဗစ်မျိုးကွဲ ဒယ်လ်တာကူးစက်တာကမြန်ပြီး အသေအပျောက်လည်းများတဲ့အတွက် ကိုဗစ်ကာကွယ် ဆေး အတော်လေးထိုးထားပြီးတဲ့ နိုင်ငံတွေမှာတောင် ကူးစက်မှုနှုန်းကပြန်တက်နေလို့ လောခ့်ဒေါင်းချထား တာတွေ ပြန်ဖြည်ရမလား မဖြည်ရဘူးလားဆိုတာ ဝေခွဲမရတဲ့အခြေအနေတွေ ဖြစ်နေပါတယ်။ဩစတြေးလျှမှာဆိုရင် လော့ခ်ဒေါင်းချထားတာတွေကို ထပ်တိုးခဲ့သလို ဗြိတိန်မှာ‌တော့ စီးပွားရေးအရ ပြန်လည်နာလံထူဖို့ အတွက် ခရီးသွားတွေလက်ခံနိုင်ဖို့အတွက် ပြင်းထန်တဲ့ ဥရောပဆောင်းရာသီမလာမီ လော့ခ်ဒေါင်းဖြည်ချခဲ့လို့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဒီရက်သတ္တပတ်ထဲမှာ ကိုဗစ် ၁၉ ကူးစက်မှုနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ရှိပါတယ်။ဒါက ဆိုရှယ်မီဒီယာတွေကို အမေရိကန်သမ္မတ ဘိုင်ဒင် က အပြစ်တင်ခဲ့တာပါ။ဆိုရှယ်မီဒီယာတွေမှာ ကိုဗစ် ၁၉ ကူးစက်မှုနဲ့ပတ်သက်ပြီး ကာကွယ်ဆေးဆိုင်ရာ အချက်အလက်တွေ၊ ရောဂါကပ်ဘေးဆိုင်ရာ အချက်အလက်တွေကို စိတ်ထင်ရာလျှောက်ရေးသူတွေကို ထိန်းချုပ်ဖို့ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက်စာမျက်နှာထက်က ကိုဗစ်ဆိုင်ရာ သတင်းအချက်အလက်မှားတွေဟာ လူတွေကိုသတ်နေတာလို့ အပြစ်တင်ခဲ့ပါတယ်။အမှန်တကယ်လည်း လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ ကြော်ငြာအတွက်ရည်ရွယ်ပြီး AI နည်းပညာကြောင့် ကိုဗစ်ဆိုင်ရာသတင်းတွေကို အလိုအလျှောက်စုစည်းပေးတဲ့အတွက် သတင်းမှားတွေကို စုစည်းပေးသလိုဖြစ်ကာ စိတ်ဓာတ်မခိုင်မာသူတွေအတွက် သေဆုံးတဲ့အထိ စိတ်ဓာတ်ကျစေတာတွေ ဖြစ်ခဲ့တာရှိခဲ့ပါတယ်။ 

သေချာတာကတော့ ကိုဗစ်ကပ်ဘေးက တစ်လှိုင်းပြီး တစ်လှိုင်း ကျရောက်လာမှာဖြစ်လို့ ကာကွယ်ဆေး အပြင် ဗိုင်းရပ်စ်မူလဇာစ်မြစ်ကိုသိဖို့က ပိုပိုအရေးကြီးလာနေပါတယ်။သဘာ၀အတိုင်းဖြစ်တာနဲ့ ဓာတ်ခွဲခန်းကနေ ယိုစိမ့်လာတာလားဆိုတဲ့ အမေရိကန်နဲ့ တရုတ်အကြား အငြင်းပွားမှုတွေ၊ စွပ်စွဲမှုတွေရှိနေပေမယ့် ကျန်းမာရေး ပညာရှင်တွေကတော့ ဒီကပ်ဘေးကို မြန်မြန်ကျော်လွှားနိုင်ဖို့အတွက် မူလဇာစ်မြစ်ကိုရှာဖွေရာမှာ တခြားအရေးတွေကို ဘေးဖယ်ထားစေချင်ကြပါတယ်။နိုင်ငံရေးနဲ့ပါဆက်နွယ်နေတဲ့ ကိုဗစ်မူလဇာစ်မြစ်ရှာပုံတော်က သိပ် ကောင်းတဲ့အခြေအနေတော့မဟုတ်ပါဘူး။

ဒယ်လ်တာဗိုင်းရပ်စ်နဲ့ပတ်သက်ရင် ယခုထိ ကာကွယ်နိုင်တဲ့သတင်းတွေ ထိန်းချုပ်နိုင်တဲ့သတင်းတွေကို မတွေ့ရသေးပဲ ပထမလှိုင်း ဒုတိယလှိုင်းအတိုင်း အမြင့်ဆုံးကူးစက်ပြီး ပြန်ကျမယ့်အချိန်ကို အသက်တွေရင်းပြီး နိုင်ငံတိုင်းကစောင့်နေတာကိုသာ တွေ့ရတဲ့အတွက် စိတ်မသက်မသာ အနေအထားပါပဲ။ကာကွယ်ဆေးလက်လှမ်းမမီတဲ့ နိုင်ငံတွေအဖို့ ဒီနည်းကလွဲပြီးမရှိလို့ ခပ်ခွာခွာနေ လက်ဆေးဆိုတဲ့နည်းကိုကျင့်သုံးရင် လာတော့မယ် အငတ်ဘေးကို ရင်တမမနဲ့ ရင်ဆိုင်ရရုံမှတပါး မရှိတော့ပါဘူး။

အာဖဂန်ပါဝါအချိန်းမှာ ဘယ်နိုင်ငံတွေအထိနာမလဲ

အမေရိကန်ရဲ့ကစားကွက်ဖြစ်တဲ့ အာဖဂန်နဲ့ အရှေ့အလယ်ပိုင်းက အီရတ်၊ ဆီးရီးယား စတဲ့နေရာတွေက နေ တပ်တွေရုတ်သိမ်းမှုက အခုတော့ အမေရိကန်ရဲ့ ဥရောပနဲ့ အာရှဒေသပြိုင်ဘက်တွေဖြစ်တဲ့ ရုရှား၊ တရုတ်တို့အတွက် ပြဿနာဖြစ်လာနေတာကို တွေ့နေရပါတယ်။ဒါဟာ ယခုအခါမှာ သိသာထင်ရှားစပြုလာတာကို တွေ့ နေရပြီဖြစ်ပါတယ်။အစဉ်အလာအားဖြင့် တရုတ်ရဲ့မဟာမိတ်ဖြစ်သလို အိန္ဒိယနဲ့ သမိုင်းဝင်ရန်ဘက်ဖြစ်တဲ့ ပါကစ္စတန်မှာ အာဖဂန်ပါဝါချိန်းမှုဒဏ်ကို မြင်တွေ့နေရပြီဖြစ်သလို တာလီဘန်တွေက ပါကစ္စတန်နယ်စပ် အာဖဂန်ဘက်အခြမ်းကိုပါ ထိန်းချုပ်လာနိုင်တဲ့အတွက် အာဖဂန်ဒုက္ခသည်တွေ ပါကစ္စတန်ဘက် တာဂျစ်ကစ္စတန်ဘက် စဝင်စပြုလာနေပါပြီ။အာဖဂန်ကနေ အမေရိကန်တပ်တွေ ဩဂုတ်လကုန်မှာ အကုန်ရုတ်သိမ်းမှာဖြစ်ပေမယ့် ယခုအချိန်ကတည်းက တာလီဘန်တွေရဲ့ထိုးစစ်ဆင်မှု အရှိန်မြင့်တက်လာလို့ အာဖဂန်နစ္စတန်နိုင်ငံသား တချို့ နေရပ်စွန့်ခွာပြီး တာဂျစ်ကစ္စတန်ဘက်ကို ထွက်ပြေးခိုလှုံနေကြပါပြီ။

ဒါဟာ အာဖဂန်နစ္စတန်ကနေပြီး အမေရိကန်နဲ့ နေတိုးတပ်တွေ စစ်စခန်းရုပ်သိမ်းတဲ့ မေလ ၁ ရက်နေ့ကစလို့ တာလီဘန်တွေဟာ နယ်မြေသိမ်းတိုက်ပွဲတွေ စတင်ဆင်နွှဲလာခဲ့လို့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နယ်စပ်၊ အာဖဂန်နစ္စတန်နဲ့ တာဂျစ်ကစ္စတန် နယ်စပ်က နေရာတွေအထိ တာလီဘန်တွေက သိမ်းပိုက်အုပ်စိုးလိုက်နိုင်တဲ့ရလဒ်ကနေထွက်လာတဲ့ ဆိုးကျိုးတွေပါပဲ။

ရုရှားအတွက်ကတော့ တာဂျစ်ကစ္စတန်ကနေဝင်လာတဲ့ ဒုက္ခသည်တွေနဲ့အတူ အစွန်းရောက်တွေဝင်လာပြီး ချေချင်းညာလိုဒေသမှာ အစ္စလာမ်အစွန်းရောက်ခွဲထွက်တွေ ပြန်အုံကြွလာမှာကို စိုးရိမ်နေသလို တရုတ်ကလည်း ဆက်စပ်နေတဲ့ နယ်စပ်ကနေ အာဖဂန်က ဝီဂါအစွန်းရောက်တွေဝင်လာပြီး ရှင်ကျန်းမှာ အကြမ်းဖက်မှုတွေ ခေါင်းထောင်လာမှာ အားကောင်းလာမှာကိုစိုးရိမ်နေရတဲ့ အနေအထားပါ။ဒီထက်ဆိုးနေတာက ပါကစ္စတန် ပါ။အာဖဂန်က အစွန်းရောက်တွေက နိုင်ငံကိုဦးဆောင်တဲ့အခြေအနေ ရောက်လာနိုင်တဲ့အနေအထားဖြစ်လာတဲ့ အတွက် ပါကစ္စတန်အစွန်းရောက်တွေ ခေါင်းထောင်လာမှုကိုဟန့်တားဖို့ ပိုခက်ခဲလာနိုင်တဲ့ အနေအထားဖြစ်လာဖို့ များနေပါတယ်။

အာဖဂန်ကနေ အမေရိကန်နဲ့ နေတိုးတပ်တွေ ဆုတ်ခွာခဲ့မှုအပေါ် ရုရှားကဝေဖန်ခဲ့ရာမှာတော့ အမေရိကန်ရဲ့မစ်ရှင်ဟာ ကျဆုံးခဲ့တယ်လို့ဆိုပြီး အာဖဂန်ကနေ စစ်တပ်ရုတ်သိမ်းမှုအပေါ် အကောင်းမြင်တဲ့ဘက်ကနေ အမေရိကန်အစိုးရဘက်ကပြောနိုင်ဖို့ ကြိုးစားနေတယ်ဆိုပြီး ဇူလိုင် ၁၆ ရက်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆယ်ဂေး လက်ဗရော့ဗ် က ဝေဖန်ခဲ့ပါတယ်။ရုရှားက လက်ရှိ အာဖဂန်အစိုးရထက် အာဖဂန်နစ္စတန်၏ နယ်မြေဒေသ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ တာလီဘန်အဖွဲ့က ကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်က လက်ခံခဲ့တာပါ။ရုရှားအနေနဲ့ အာဖဂန်ကနေ အမေရိကန်နဲ့ နေတိုးတပ်တွေ ရုပ်သိမ်းသွားတာကြောင့် ရုရှားစစ်စခန်းများတည်ရှိတဲ့ ဆိုဗီယက်ဗဟို အာရှဒေသဟောင်းနိုင်ငံများမှာ မတည်ငြိမ်မှုများဖြစ်လာနိုင်ခြေရှိမှုနှင့်ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေရသလို မြင့်တက်နေတဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုအခြေအနေကိုလည်း ကြည့်နေရပါ တယ်။ 

အာဖဂန်မှာ အမေရိကန်အလွန်ကာလအတွက် လက်ရှိအာဖဂန်အစိုးရနဲ့ တာလီဘန်တွေ ဆွေးနွေးမှုက မပြီးပြတ်သေးသလို ပါကစ္စတန်နဲ့ တရုတ်က အာဖဂန်နိုင်ငံရေးအခြေအနေတည်ငြိမ်ဖို့ အထူးလိုလားနေတာကို တွေ့ရပါတယ်။ဒီရက်ပိုင်းမှာ အာဖဂန်သံအမတ်ရဲ့သမီးကို ပါကစ္စတန်မှာ ပြန်ပေးဆွဲ အကြမ်းဖက်တာတွေဖြစ်ခဲ့တာရှိလို့ အာဖဂန်က သူ့သံအမတ်ကို ပြန်ခေါ်တာတွေအထိ တင်းမာမှုမြင့်တက်ခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။အမေရိကန်ကတော့ အရှေ့အလယ်ပိုင်းကနေ သူ့တပ်တွေရုတ်သိမ်းခဲ့လို့ ရီပတ်ဘလီကင်တွေရဲ့ မလိုလားမှုတချို့ရှိပေမယ့် ပြည်တွင်းမှာတော့ အာဖဂန်စစ်စရိတ်တွေ၊ အမေရိကန်စစ်သားတွေ ဆုံးရှုံးမှုတွေကနေသက်သာခဲ့လို့ အတော်လေးအကျိုးအမြတ်များခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

အာဖဂန်လို ဘာသာရေးအစွန်းရောက်အားကောင်းတဲ့ နိုင်ငံကို ထိန်းသိမ်းရတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ဝန်ကို ယခု အာဖဂန်ဘေးနိုင်ငံတွေ ထမ်းရတော့မှာဖြစ်သလို ထိစပ်နေတဲ့ ဒေသတွေမှာ မတည်ငြိမ်မှုတွေကိုလည်း ထိန်းရတော့မှာဖြစ်လို့ အာဖဂန်ရဲ့ အပြောင်းအလဲက အဆိုပါဒေသတွင်းမှာ အများကြီးပြောင်းလဲ သက်ရောက်နိုင်သလို ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။

အထူးသဖြင့် တာလီဘန်တွေနဲ့ ဇာတ်လမ်းဟောင်းရှိတဲ့ရုရှားနဲ့ မကြာသေးခင်ကမှ အစွန်းရောက်တွေလက်ချက်နဲ့ ပါကစ္စတန်မှာ ကားဗုံးခွဲခံရပြီး နိုင်ငံသား ၉ ဦးသေဆုံးခဲ့ရတဲ့ တရုတ်အတွက် အာဖဂန်ဟာ ပြဿနာတစ်ခုဖြစ်လာဖို့ များနေပါတယ်။

ဒီအတွက် အမေရိကန်ပါဝါအပြောင်းအလဲ ကစားကွက်မှာ ရုရှားနဲ့ တရုတ် ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မင်းထက်
ဇူလိုင် - ၂၀