【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်ဖြစ်မယ့်လမ်းကိုရွေးလိုက်တဲ့ ရုရှားတောင်းဆိုချက်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်ဖြစ်မယ့်လမ်းကိုရွေးလိုက်တဲ့ ရုရှားတောင်းဆိုချက်

ယခုရက်သတ္တပတ်အတွင်း သတင်းတွေထဲ ထိပ်ဆုံးကအာရုံစိုက်ခဲ့ကြတာ ယူကရိန်းပြဿနာနဲ့ပတ်သက်ပြီး ရုရှားဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ သတင်းတွေပါပဲ။ဒီသတင်းက နိုင်ငံတကာရေးရာမှာ အာရုံစိုက်စရာဖြစ်ခဲ့လို့ ဖိလစ်ပိုင်မှာ စူပါတိုင်ဖွန်းမုန်တိုင်း ‘ရိုင်’ ဝင်တိုက်လို့ လူသေဆုံးမှုတွေ ရာဂဏန်းအထိရှိခဲ့တာ၊ ပါကစ္စတန်မှာ မိလ္လာဓာတ်ငွေ့ပေါက်ကွဲလို့ လူ ၁၀ ဦးသေဆုံးခဲ့တာ၊ ကင်တပ်ကီပြည်နယ်မှာ လေဆင်နှာမောင်းဝင်တိုက်လို့ လူ ၈၀ နီးပါး သေဆုံးခဲ့တာ၊ ဗြိတိန် ဘရီဇစ်ဝန်ကြီး ရာထူးကနုတ်ထွက်တာ၊ ဖိလစ်ပိုင်မှာ အာဏာရှင်ဟောင်း မားကို့စ်ရဲ့သား ရွေးကောက်ပွဲဝင်တာကို လက်မခံဖို့ တောင်းဆိုနေကြတာ၊ အမေရိကန်က တရုတ်ထိပ်တန်းဒရုန်းထုတ်လုပ်တဲ့ကုမ္ပဏီကို ကုန်သွယ်ရေးထိန်းချုပ်မှုနဲ့ ပိတ်ဆို့မှုလုပ်ခဲ့တာ စတဲ့ သတင်းတွေလည်းရှိခဲ့ပါတယ်။

ဒီလိုသတင်းပေါင်းစုံထဲမှာ သတိထားစောင့်ကြည့်ရတဲ့ သတင်းတချို့တော့ရှိပါတယ်။ဒါက အခုထိ ကမ္ဘာကိုဒုက္ခပေးနေတဲ့ ကိုဗစ်ဗိုင်းရပ်စ် သတင်းတွေပါပဲ။ကူးစက်မှုတွေမြင့်တက်နေတဲ့ ကိုဗစ်မျိုးကွဲ အိုမီခရွန်သတင်းတွေနဲ့ တရုတ်နဲ့ အမေရိကန် အားပြိုင်မှုထဲကနေ ဖောက်ထွက်လာတဲ့ ယူကရိန်းကို အခြေပြုနေတဲ့ ဥရောပကို ရုရှားကခြိမ်းခြောက်နေတဲ့ သတင်းတွေပါပဲ။
ဒီသတင်းတွေက ယခုရက်သတ္တပတ်မှာ ကမ္ဘာ့မီဒီယာတွေထက် နေရာယူခဲ့တဲ့ သတင်းတွေဖြစ်ခဲ့သလို ကမ္ဘာ့အခြေအနေကို ရုတ်ခြည်းပြောင်းလဲနိုင်လောက်အောင် သက်ရောက်နိုင်တဲ့ သတင်းတွေမို့ ဒီသတင်းတွေကို ယခုတစ်ပတ်မှာ အစုံအလင်ဖော်ပြချင်ပါတယ်။  

အိုမီခရွန်လှိုင်း အစပျိုးလာနေပြီလား

ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့တဲ့ လန်ဒန် တော်ဝင်ကောလိပ်ရဲ့ စစ်တမ်းတစ်ခုမှာ ကိုဗစ်မျိုးကွဲဖြစ်တဲ့ အိုမီခရွန်ဟာ ယခင်ပြင်းထန်တဲ့ ဒယ်လ်တာမျိုးကွဲထက် ပြင်းထန်မှုမလျော့နည်းဘဲ ကူးစက်မှုက ၅ ဆကျော် ပိုမိုမြင့်မားနေတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ဒီသုတေသနစစ်တမ်းဟာ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံရသူများကို နိုဝင်ဘာ၂၉ ရက်ကနေ ဒီဇင်ဘာ ၁၁ ရက်အကြား ဆယ်ရက်ကျော်ကြာ သုတေသနပြုလုပ်ပြီးမှ ထုတ်ပြန်ခဲ့တာဖြစ်လို့ အတော်လေးခိုင်မာသလို သုတေသနလုပ်တဲ့အဖွဲ့ကလည်း ဗြိတိန် တော်ဝင်ဆေးကောလိပ်ဖြစ်လို့ သတိထားရတော့မယ့် အချက်တစ်ခုဖြစ်လာပါတယ်။

လောလောဆယ်မှာ ဒီတွေ့ရှိချက်က အတော်လေးကို ပြည့်စုံနေသလို ကိုဗစ်အတွက် ဆေးတိုးမှုနဲ့ပတ်သက်ပြီး ဖော်ပြခဲ့ရာမှာလည်း ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားတဲ့သူတွေက အိုမီခရွန်မှာ ထိရောက်မှု သုညမှ ၂၀ ရာခိုင်နှုန်း၊ တတိယအကြိမ် အားဖြည့်ကာကွယ်ဆေးထိုးထားသူတွေက ၅၅ မှ ၈၀ ရာခိုင်နှုန်းသာ ထိရောက်တယ်လို့ဆိုတဲ့အတွက် ကာကွယ်ဆေးနဲ့ အိုမီခရွန်ကိုတားဖို့ဆိုရင် အတော်လေးကိုလုပ်ဆောင်ရဦးမှာကို သတိပေးခဲ့ပါတယ်။အိုမီခရွန်ကြောင့် ဒယ်လ်တာတုန်းကလို အသက်ရှုပြဿနာတွေနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို မတွေ့ရပေမယ့် ကူးစက်ခံရသူ လူနာမှာရှိနေတဲ့ နဂိုအခံရောဂါတွေကြောင့် သေဆုံံးမှုရှိသလို ကူးစက်မှုများတဲ့အတွက် ဆေးရုံတွေမှာ လူနာကုတင်မလုံလောက်မှု စတဲ့ ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာစနစ်တွေကို ပျက်ပြားနိုင်တဲ့အထိ ဖြစ်စေနိုင်တယ် ဆိုပါတယ်။

ဒါဟာ ဒယ်လ်တာမျိုးကွဲ ပြင်းထန်စဉ်မှာ ကျန်းမာရေးစောင့်ရှောက်မှုမရလို့  တစ်ကမ္ဘာလုံးမှာ မသေသင့်ဘဲ လူနာသိန်းချီသေခဲ့ရတဲ့အဖြစ်တွေကို ပြန်အမှတ်ရစရာပါ။လက်ရှိမှာ အိုမီခရွန်ကြောင့် ကူးစက်မှုမြင့်တက်နေတဲ နိုင်ငံတွေက ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေ၊ အမေရိကန်နဲ့ အာရှနိုင်ငံတွေမှာပါ။ဒီရက်သတ္တပတ်တွေမှာ ခရစ္စမတ်လို လူစူလူဝေးနဲ့ဆင်နွှဲကြတဲ့ပွဲတွေ၊ နှစ်ကူးပွဲတော်တွေ တသီချည်းရှိမှာဖြစ်လို့ အိုမီခရွန်ကြောင့် လော့ခ်ဒေါင်းချမှာ၊ ကန့်သတ်မှာကို စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသွားတွေက စိုးရိမ်နေကြပါတယ်။လက်ရှိမှာပဲ ဗြိတိန်မှာ ကိုဗစ်သတိပေးချက်ကို အဆင့် ၄ အထိ မြှင့်တင်လိုက်ပြီဖြစ်သလို နယ်သာလန်မှာ လော့ခ်ဒေါင်းချလိုက်တာကြောင့် ဆန္ဒပြမှုတွေဖြစ်နေတာကို တွေ့လာရပြီဖြစ်ပါတယ်။

ဗြိန်တိန်မှာဆိုရင် ကူးစက်ခံရသူအရေအတွက်က တစ်ရက်ကို ကိုးသောင်းကျော် သုံးရက်ဆက်တိုက်ဖြစ်ခဲ့တာပါ။ဒါပေမယ့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ကိုဗစ်ကူးစက်မှုကြောင့် ခရစ္စမတ်အားလပ်ရက်ပွဲတွေ ဖျက်သိမ်းမှာမဟုတ်ဘူးလို့ ပြောခဲ့သလို စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ အရက်ဆိုင်တွေကို ပိတ်သိမ်းမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒီလိုပြောနေပေမယ့် ဗြိတိန်မှာ အခြေအနေတွေက သိပ်မကောင်းပါဘူး။ကိုဗစ် ၁၉ အတွက် သတိပေးချက်ကို ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၄ အထိတောင် သတ်မှတ်ထားရသလို ဗြိတိန်ကလာတဲ့ ခရီးသည်တွေကို ပြင်သစ်က ပိတ်ပင်မှုတွေလုပ်နေပါပြီ။

အိုမီခရွန်ဟာ လက်ရှိအခြေအနေမှာ ပျော့သလိုလိုနဲ့ ဒယ်လ်တာထက် ၅ ဆကျော် ကူးစက်မှုပိုမြန်ဆန်သလို ပြီးခဲ့တဲ့ စနေနေ့အထိ နိုင်ငံပေါင်း ၈၉ နိုင်ငံမှာ အိုမီခရွန်မျိုးကွဲ ကူးစက်ထားတာတွေကို တွေ့ရှိနေရပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ခဲ့ပါတယ်။ယခုမျိုးကွဲဟာ တစ်ရက် နှစ်ရက်အတွင်း  နှစ်ဆလောက်အထိ ခုန်ကူးနေလို့ ထိန်းချုပ်ဖို့ ခက်နေပါတယ်။ကျန်းမာရေးပညာရှင်တွေကတော့ ပြည်တွင်းကူးစက်မှုတွေမှာ အိုမီခရွန်ကို များများစားစားတွေ့နေရလို့ ဒီမျိုးကွဲဟာ ရောဂါအမည်မတပ်ခင်ကတည်းက ပြန့်နှံ့နေတာလားလို့ သံသယဝင်နေပါတယ်။ပညာရှင်တွေအတွက် အခက်တွေ့နေတာက လက်ရှိ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေက အိုမီခရွန်မျိုးကွဲအတွက် ထိရောက်မှု ရှိ/မရှိ အသေအချာမသိရသေးတာနဲ့ အိုမီခရွန်မျိုးကွဲနဲ့ပတ်သက်ပြီး ရောဂါစရိုက်လက္ခဏာတွေကို ရှင်းရှင်းလင်းလင်းမသိရသေးတဲ့ အချက်ပါပဲ။ဒါဟာ အိုမီခရွန်ကို တားဆီးကာကွယ်ဖို့ဖြစ်နေတဲ့ အခက်အခဲတွေပါပဲ။

ကိုဗစ်ကပ်ဘေး ဘယ်အချိန်မှာ အဆုံးသတ်မလဲဆိုတာ အားလုံးသိချင် လိုချင်နေတဲ့ အဖြေပါ။ကိုဗစ်ကာကွယ်ဆေးထုတ်တဲ့ ကုမ္ပဏီထဲမှာ နာမည်ကြီးဖြစ်တဲ့ Pfizer ရဲ့ တာဝန်ရှိသူကတော့ လာမယ့် တစ်နှစ် နှစ်နှစ်လောက်အထိ ကိုဗစ်ရှိနိုင်သေးပြီး နောက်ပိုင်းကျရင် ရောဂါပိုးဟာ ပုံမှန်အသားကျလာတဲ့သဘောနဲ့ ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့အဆင့်မျိုးရှိနေမယ်ဆိုပြီး ခန့်မှန်းခဲ့တာကို တွေ့ရပါတယ်။ဒါဟာ ကိုဗစ်ဟာ ကမ္ဘာမြေကနေ လုံးလုံးလျားလျား ပျောက်ကွယ်သွားမယ်လို့ မယူဆထားကြတဲ့သဘောပါ။အိုမီခရွန်မျိုးကွဲ မတွေ့ခင်တုန်းကတော့ ၂၀၂၂ ခုနှစ်မှာ ကိုဗစ်ကပ်ဘေးကို အမေရိကန်မှာ အဆုံးသတ်နိုင်မယ်ဆိုပြီး အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ပညာရှင် ဖော်စီ က ပြောခဲ့တာရှိပါတယ်။လက်ရှိအ‌ခြေအနေမှာ အိုမီခရွန်ကိုကာကွယ်ဖို့ ကာကွယ်ဆေးနှစ်ကျော့ထိုးပြီးတဲ့သူတွေကို နောက်တစ်ကြိမ် တစ်ကျော့ထပ်ထိုးပေးရတာနဲ့ အိုမီခရွန်ကိုကာကွယ်နေရတဲ့ အခြေအနေပါ။ဒီထက်အခြေအနေမဆိုးလာဖို့ ဒီနည်းလမ်းကို  ဥရောပနဲ့ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းကနိုင်ငံတွေသုံးပြီး သူတို့နိုင်ငံတွေမှာလုပ်နေကြတာကို တွေ့ရသလို ကာကွယ်ဆေးမထိုးမနေရ သတ်မှတ်ချက်တွေကိုပြဋ္ဌာန်းလို့ လူမှုရေးပဋိပက္ခတွေဖြစ်နေတာကိုလည်း တွေ့နေရပါတယ်။တောင်ကိုရီးယားဆိုရင် ကာကွယ်ဆေးထပ်တိုးထိုးတာ (ဆေး ၃ လုံး) ထိုးထားတဲ့ အရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ ၂၁ ရာခိုင်နှုန်းတောင်ကျော်နေပါပြီ။

ဒီလို တတိယအကြိမ်အထိ ကာကွယ်ဆေးထိုးတာကို ချမ်းသာတဲ့နိုင်ငံတွေမှာ လုပ်နေကြပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးတဲ့အရေအတွက်က သန်းရာနဲ့ချီပြီး ရှိနေဆဲပါ။ဒယ်လ်တာ၊ အိုမီခရွန်၊ ဘီတာ စတဲ့ ကိုဗစ်မျိုးကွဲတွေဟာ ကာကွယ်ဆေးထိုးဖို့ လိုအပ်ချက်ရှိတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးလူတိုင်းမထိုးသရွေ့ ဆက်ဖြစ်နေမယ်လို့ WHO ညွှန်ချုပ်က သတိပေးထားပါတယ်။ကာကွယ်ဆေးမညီမျှမှုဟာ ကိုဗစ်မျိုးကွဲတွေကို ဆက်ဖြစ်စေတာမို့ လူ ၈ သိန်းကျော်သေဆုံးပြီး ကမ္ဘာ့စီးပွားရေးကို ကပ်သင့်စေခဲ့တဲ့ ကိုဗစ်လှိုင်းတွေထဲမှာ ကူးစက်မှုအမြန်ဆုံး အိုမီခရွန်လှိုင်းကို ဒီတစ်ခါ ဘယ်လိုထိန်းချုပ်မလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဆိုးရွားတဲ့ ရုရှားတောင်းဆိုချက်ကို နေတိုး ဘယ်လိုတုန့်ပြန်မလဲ

ယူကရိန်းပြဿနာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ဥရောပပါလီမန်မှာ ယူကရိန်းနယ်စပ်ကနေ ရုရှားတပ်တွေ ရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒီဆွေးနွေးမှုနဲ့အပြိုင် ဥရောပသမဂ္ဂ အရှေ့ပိုင်းမိတ်ဆွေများ ထိပ်သီးဆွေးနွေးပွဲကို ရုရှားရဲ့ ဩဇာခံ ဘီလာရုစ် မတက်ခဲ့သလို ရုရှား အဓိကလိုချင်နေတဲ့ Nord Stream -2 ပိုက်လိုင်း လည်ပတ်မှုအတွက် မဆွေးနွေးခဲ့ဘူး ဆိုပါတယ်။ရုရှားအတွက် ယူကရိန်းကို မကျူးကျော်ဘူးလို့ အကြိမ်ကြိမ်ပြောပေမယ့် ရုရှား ဒု-နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံရေးနဲ့ သံတမန်ရေးအရ တိုးတက်မှုမရှိရင် စစ်ရေးနဲ့တုံ့ပြန်မယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။

ရုရှားအတွက် ယူကရိန်းနယ်စပ်မှာ စစ်တပ်ချထားပြီး အကျပ်အတည်းဖြစ်အောင်လုပ်နေတာဟာ ဘာကိုဖြစ်စေချင်တာလဲဆိုတာ နိုင်ငံတကာအကဲခတ်သူတွေ သိနိုင်တဲ့ကိစ္စ ဖြစ်လာခဲ့ပါတယ်။နိုင်ငံတကာမှာ အနောက်အုပ်စုက ရေရှည် ဥရောပကို စွမ်းအင်ထောက်ပံ့တာနဲ့ပတ်သက်ပြီး အကျပ်ကိုင်လာနိုင်တဲ့ Nord Stream -2 ပိုက်လိုင်း လည်ပတ်ခွင့်ကို ခွင့်မပြုခဲ့တာဟာ ရုရှားကို အထိနာစေလို့ ယူကရိန်းလုပ်ရပ်နဲ့ ရုရှားက လက်တုံ့ပြန်တာဆိုတဲ့ ယူဆချက်က ရှိနေခဲ့ပါတယ်။

ဒီအကြောင်းကိစ္စနဲ့ ယူကရိန်းပြဿနာကို နေတိုးနဲ့ အီးယူက ဆွဲမကပ်သလို ဆွေးနွေးဖို့လမ်းစထဲ မထည့်တဲ့အတွက် ရုရှားရဲ့ သံတမန်ရေးရာလှုပ်ရှားမှုတွေက မိုက်ကြေးခွဲတဲ့ပုံစံတွေဖြစ်လာတာကို တွေ့ရပါတယ်။ဒီလိုလုပ်ရပ်တွေက ဆိုဗီယက်ခေတ်မှာ သမ္မတ ခရှုးရှက်ဖ် ကိုယ်တိုင် ကုလစင်မြင့်မှာ ဖိနပ်ချွတ်ပြီး ခုံခေါက်တဲ့အထိဖြစ်ခဲ့ဖူးလို့ ရုရှား ဒု-ဝန်ကြီးရဲ့ သံတမန်ရေးအရ တိုးတက်မှုမရှိရင် စစ်ရေးနဲ့တုံ့ပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုက အလုပ်မဖြစ်ခဲ့ပါဘူး။

G-7 လို့ ခေါ်တဲ့ စက်မှုထိပ်သီးခုနှစ်နိုင်ငံကလည်း ယူကရိန်းကို ဘယ်လိုအကြောင်းပြချက်နဲ့ပဲ ကျူးကျော်ကျူးကျော် ကြီးမားတဲ့အကျိုးဆက်နဲ့ ရင်ဆိုင်ရမယ်ဆိုပြီး သတိပေးခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ  ရုရှားသမ္မတ ပူတင် က အမေရိကန်၊ နေတိုးမဟာမိတ်အဖွဲ့နှင့် ဆွေးနွေးမှုများကို ချက်ချင်းပြုလုပ်လိုတယ်ဆိုပြီး တောင်းဆိုခဲ့တာ ရှိခဲ့ပါတယ်။ဒါဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ နှစ်နာရီကြာဆွေးနွေးမှုနောက်မှာပါ။ပူတင်အတွက် နေတိုးနဲ့ ထိပ်တိုက်တွေ့နေတဲ့အတွက် ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေကို ရောက်သွားခဲ့တဲ့ အနေအထားပါ။ဒီနောက်မှာ ရုရှားဘက်က တောင်းဆိုချက်တွေ ထွက်လာခဲ့ပါတယ်။ဒီတောင်းဆိုချက်တွေကို ရုရှားဘက်က သောကြာနေ့က တောင်းဆိုခဲ့တာပါ။

ဒီတောင်းဆိုချက်ထဲမှာ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO အနေဖြင့် အရှေ့ဥရောပနှင့် ယူကရိန်းမှ စစ်ရေးလှုပ်ရှားမှုတွေကို စွန့်လွှတ်မယ်ဆိုတဲ့ ဥပဒေကြောင်းအရ လိုက်နာရန်လိုတဲ့ အာမခံချက်တောင်းခဲ့သလို ယူကရိန်း NATO အဖွဲ့ဝင်ဖြစ်ရေးကို ရုရှားက ကန့်ကွက်နိုင်တဲ့ တောင်းဆိုချက်ကိုလည်း ထည့်ထားခဲ့ပါတယ်။အခြားအချက်တွေအဖြစ် ဥရောပကနေ အမေရိကန် နျူကလီးယားလက်နက်တွေ ရုတ်သိမ်းပေးရေး၊ ပိုလန်နဲ့ တစ်ချိန်က ဆိုဗီယက်ယူနီယံအစိတ်အပိုင်းဖြစ်သော အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူရေးနီးယားမှ နေတိုးတပ်တွေဆုတ်ခွာရေး ပါဝင်ခဲ့ပါတယ်။

ဒီအချက်တွေက ကြည့်တာနဲ့တင် မဖြစ်နိုင်တဲ့အချက်တွေ ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ရုရှားရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ရာမှာတော့ အမေရိကန်ဟာ မဟာမိတ်အားလုံးနှင့် ဆွေးနွေးမယ်ဆိုပြီး ပြောခဲ့သလို ဥရောပလုံခြုံရေးအတွက် တည်ဆောက်ထားတဲ့ ဘယ်အခြေခံမူကိုမှ အပေးအယူမလုပ်ဘူးလို့ ယတိပြတ်ပြောခဲ့တာကို တွေ့ရပါတယ်။ရုရှား နိုင်ငံခြားရေးဒုဝန်ကြီး ဆာဂေး ရွိုက်ကော့ဗ် က ဒီလိုတောင်းဆိုချက်ထုတ်ပြန်ပြီး နောက်တစ်ရက်ဖြစ်တဲ့ စနေနေ့မှာ ရုရှားရဲ့ တောင်းဆိုချက်များကို မလိုက်လျောရင် နိုင်ငံလုံခြုံရေးအတွက်ကာကွယ်ဖို့ လိုအပ်တဲ့နည်းလမ်းနဲ့ ဖြေရှင်းချက်အားလုံးကို လုပ်ဆောင်သွားမယ်ဆိုပြီး ထပ်ပြောခဲ့တာကို တွေ့ရပါတယ်။

ရုရုားရဲ့ အရဲကိုးလွန်းတဲ့ သံတမန်ရေးရာ တောင်းဆိုချက်တွေဟာ မဖြစ်နိုင်တာတွေကို တောင်းဆိုနေတာဖြစ်နေသလို ယူကရိန်းပြဿနာကို ပြေလည်စေလိုတဲ့ အခြေအနေမဟုတ်ဘဲ နောက်ဆုံးလိုတာမရရင် စစ်မက်အဆင့်ဆိုတဲ့ နောက်ဆုံးအဆင့်ထိတောင် ရုရှားဘက်က စိတ်ပိုင်းဖြတ်ထားနေပြီလားဆိုတာ စိုးရိမ်စရာပါ။နေတိုးလို အဖွဲ့ဝင်နိုင်ငံ ၃၀ ကျော်ပါဝင်ပြီး ကမ္ဘာ့အကြီးဆုံးစစ်ရေးအုပ်စုကို ဒီလိုတောင်းဆိုရဲရအောင် ရုရှားရဲ့ စစ်အင်အားက ထင်ထားတာထက် ပိုအားကောင်းနေပြီလားဆိုတာ တွက်ချက်စရာပါ။

ဒီရက်ပိုင်း ရုရှားသမ္မတ ပူတင်ရဲ့ သံတမန်ရေးရာတွေကိုကြည့်မယ်ဆိုရင် တရုတ်သမ္မတနဲ့တွေ့ခဲ့တာရှိသလို လာမယ့် ၂၀၂၂ ဖေဖေါ်ဝါရီမှာ လူချင်းတွေ့ဖို့ စီစဉ်ထားတယ်ဆိုပြီးလည်း ပြောခဲ့တာကို တွေ့ရပါတယ်။နှစ်နိုင်ငံလုံးက အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ ထိပ်တိုက်တွေ့နေတာဖြစ်ပြီး နှစ်နိုင်ငံလုံးက အနောက်အုပ်စုကိုယှဉ်ဆိုင်ဖို့ဆို နောက်ဆုံးအဆင့်ဖြစ်တဲ့ စစ်ရေးအထိ စဉ်းစားထားတဲ့ နိုင်ငံတွေဖြစ်လို့ တကယ်ပဲ တရုတ်နဲ့တွေ့ပြီးနောက် မာမာထန်ထန်တောင်းဆိုမှုတွေ လုပ်နေတာလားဆိုတာ ထည့်သွင်းစဉ်းစားချင်စရာပါ။

ရုရှားအနေနဲ့ ဒီတောင်းဆိုချက်ကို အမေရိကန်အနေနဲ့ အီးယူနိုင်ငံတွေနဲ့ မဖြစ်မနေ ညှိုနှိုင်းမှုလုပ်မယ်လို့ တွက်ဆထားပုံရပါတယ်။စစ်မက်ဖြစ်မှာကို ရှောင်ရှားလိုတဲ့ အီးယူအနေနဲ့ ရုရှားရဲ့ ရှေ့တိုးလာနေတဲ့ တောင်းဆိုချက်ကို  လိုက်လျောမယ်လို့ ရုရှားဘက်က အပိုင်တွက်ချက်ထားတဲ့ အနေအထားပါ။ဘာကြောင့်ဆို ရုရှား အောက်လွှတ်တော် စွမ်းအင်ကော်မတီဥက္ကဋ္ဌက Nord Stream -2 ဟာ ဇန်နဝါရီမှာ ပထမဆုံး သဘာဝဓာတ်ငွေ့ သယ်ဆောင်မှု စတင်မယ်ဆိုတာ ရာနှုန်းပြည့် သေချာနေပါတယ်” ဆိုပြီး နေတိုးနဲ့ အနောက်အုပ်စုကို ယူကရိန်းပြဿနာနဲ့ပတ်သက်တဲ့ တောင်းဆိုချက်တွေ ထုတ်ပြန်တဲ့နေ့မှာ ပြောခဲ့ပါတယ်။ဒီစီမံကိန်းကို ဂျာမန်ဘက်က ၂၀၂၂ ခုနှစ် ဇူလိုင်အထိ ခွင့်ပြုပေးဖို့မရှိသေးတာကို ဇန်နဝါရီဆိုပြီး အသေအချာကို ပြောခဲ့တာကိုကြည့်ရင် Nord Stream -2 လည်ပတ်မှုနဲ့ အလျှော့အတင်းလုပ်ဖို့ သေချာတွက်ဆထားတဲ့ အနေအထားပါပဲ။

လက်ရှိ ရုရှားလုပ်နေပုံတွေက ဒုတိယကမ္ဘာစစ်မတိုင်မီက ဟစ်တလာလက်အောက်က ဂျာမနီက နယ်မြေတောင်းပြီး အကျပ်ကိုင်နေတဲ့ပုံစံမျိုး တစ်ထပ်တည်းသွားတူနေတာကို တွေ့ရပါတယ်။လက်ရှိမှာ နိုင်ငံတကာပြဿနာတွေက ကမ္ဘာအနှံ့မှာဖြစ်နေတာဖြစ်ပြီး အာရှမှာ ကပ်ဘေးကြောင့်ဖြစ်တဲ့ ဒေသတွင်းပြဿနာတွေအပြင် အမေရိကန်နဲ့ တရုတ် အားပြိုင်မှုကြောင့်ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေလည်း ဆက်တိုက်တွေ့နေရပါတယ်။

ဒီတစ်ပတ်ထဲမှာ ရုရှားတောင်းဆိုချက်ကို အနောက်အုပ်စုဘက်က ပြန်အကြောင်းပြန်ဖို့ရှိပေမယ် ဘရပ်ဆဲလ်မှာလုပ်ခဲ့တဲ့ အီးယူအစည်းအဝေးမှာ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက ယူကရိန်းပိုင် ခရိုင်းမီးယားကို တိုက်ခိုက်သိမ်းယူခဲ့လို့ ၂၀၁၄ ခုနှစ်တွင် ရုရှားကိုချမှတ်ထားသည့် လက်ရှိစီးပွားရေးပိတ်ဆို့မှုကို နောက်ထပ် ၆ လ သက်တမ်းထပ်တိုးခဲ့သလို ရန်လိုတဲ့ လေလုံးထွားနေတာကိုလျှော့ချရန် အရေးတကြီးလိုအပ်နေပြီလို့ ရုရှားကို တုံ့ပြန်ထားတာရှိပါတယ်။အမေရိကန်သမ္မတ ဘိုင်ဒင်ကလည်း ဥရောပကာကွယ်ရေးမှာ ဥရောပသဘောထားကိုကျော်လွန်ပြီး လုပ်ဖို့မရှိဘူးဆိုတဲ့သဘောမျိုး ပြောခဲ့တဲ့အတွက် ဒီအရေးမှာ ရုရှားကို လျှော့ပေးမယ့်ပုံစံမျိုး မရှိပါဘူး။

ဒီရက်ပိုင်း ဗြိန်တိန်ဘက်ကပြောတာတွေကိုကြည့်ရင်လည်း ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဥရောပခေါင်းဆောင်တွေက သူတို့စစ်တပ်ကို စေလွှတ်ပေးဖို့ စိတ်အားမထက်သန်ဘူးလို့ ပြောခဲ့တာမျိုးလည်း တွေ့ရပါတယ် ဆိုလိုတာက Nord Stream -2 ကို မလွှတ်ဘဲ ယူကရိန်းကို ရုရှားကျူးကျော်ရင် ကျူးကျော်၊ ဖြစ်လာရင် ရုရှားကို ပြောထားတဲ့အတိုင်း စီးပွားရေးကို ပြင်းပြင်းထန်ထန်ထိအောင်လုပ်မယ်ဆိုတဲ့ သဘောမျိုးဖြစ်နေပါတယ်။ Nord Stream -2 လည်ပတ်ခွင့်ရဖို့မှာ အဓိကဖြစ်တဲ့ ဂျာမနီကတော့ ရုရှားကို ယူကရိန်းအား မကျူးကျော်ဖို့ သတိပေးထားသလို  နိုင်ငံတကာအမြင်မှာလည်း ရုရှားဘက်က တစ်ဖက်သတ်ကျူးကျော်နေတာဖြစ်လို့  ဒီလိုအမြင်ခံပြီး ရုရှားက လုပ်ရဲပါ့မလားဆိုတာ စဉ်းစားချင်စရာပါပဲ။

ကမ္ဘာ့သမိုင်းစဉ်တစ်လျှောက်မှာ နိုင်ငံတကာကိုဆန့်ကျင်ပြီး လုပ်ခဲ့တဲ့သူတွေမှန်သမျှ ကျဆုံးခဲ့တာရှိခဲ့တဲ့အတွက် ရုရှားအနေနဲ့ ကိုယ်ကစားနေတဲ့ ကစားကွက်ထဲ ကိုယ်ပြန်ပိတ်မိတော့မယ့်အနေအထား ဖြစ်နေသလို လာမည့်ရက်တွေမှာ စစ်ပွဲတစ်ခုကို မြင်ရမလား၊ Nord Stream -2 ပိုက်လိုင်းကနေ ဥရောပကို ဓာတ်ငွေ့စလွှတ်တာကို မြင်ရမလားဆိုတာ စောင့်ကြည့်ရတော့မယ်အခြေအနေပါ။ဒီအခြေအနေဟာ အခန့်မသင့်ရင် ကမ္ဘာစစ်အထိ ဖြစ်သွားစေနိုင်တယ်ဆိုတာ  ……..။

မင်းထက်
ဒီဇင်ဘာ - ၂၀