【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တရုတ်ကို ခြိမ်းခြောက်လာတဲ့ သုံးနိုင်ငံမဟာမိတ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တရုတ်ကို ခြိမ်းခြောက်လာတဲ့ သုံးနိုင်ငံမဟာမိတ်

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ ဩစတြေးလျှ ရေငုတ်သင်္ဘောဝယ်ယူမှု ကန်ထရိုက်စာချုပ် အငြင်းပွားမှုသတင်းတွေနဲ့ QUAD အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးအပြင် အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျှတို့ရဲ့ စစ်ရေးမဟာမိတ်ဖွဲ့မှု သတင်းတွေက ကမ္ဘာ့သတင်းတွေကို အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။

ဒီသတင်းနှစ်ပုဒ်အကြောင်းကို မဆွေးနွေးခင် နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့ လက်ရှိသတင်းတွေ၊ သတိထားမိခဲ့တဲ့ သတင်းအချို့ကို အရင်ဖော်ပြချင်ပါတယ်။ယခုရက်ထဲမှာ တာလီဘန်တွေအုပ်စိုးမှုအောက်ရောက်သွားတဲ့ အာဖဂန်မှာ ထုံးစံအတိုင်း အမျိုးသမီးတွေအခွင့်အရေးကိုချုပ်ချယ်ကာ ယခင်အာဖဂန်အစိုးရလက်ထက်မှာ လုပ်ကိုင်ခဲ့သူတွေ၊ တက်ကြွသူတွေ၊ အမေရိကန်၊ NATO တပ်ဖွဲ့ဝင်တွေနဲ့ တွဲလုပ်ကိုင်ခဲ့သူတွေကို လိုက်လံရှာဖွေ သတ်ဖြတ်နေတာတွေ၊ ကဘူးလ်လေဆိပ်ကို အီရန်က လေကြောင်းခရီးစဉ် စတင်ပြေးဆွဲတာ၊ အာဖဂန်နဲ့ပတ်သက်ပြီး ဒေသတွင်းလုံခြုံရေးကိစ္စကိုကိုင်တွယ်ဖို့ ရုရှား၊ တရုတ်၊ အီရန်၊ ပါကစ္စတန်တို့ အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့တာ စတဲ့သတင်းတွေရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ပွဲတွေ တင်းမာမှုတွေနဲ့ပတ်သက်ပြီး အီသီယိုးပီးယား တီဂရေးဒေသရှိ  အီရစ်ထရီးယား ဒုက္ခသည်တွေအပေါ် ကျူးလွန်မှုများက စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ က ထုတ်ပြန်ခဲ့တာ၊ အနောက်အာဖရိကခေါင်းဆောင်များက ဂီနီအာဏာသိမ်းခေါင်းဆောင်တွေကို ပိတ်ဆို့မှုပြုလုပ်ပြီး ECOWAS အဖွဲ့ကနေ ရပ်ဆိုင်းလိုက်တာ၊ မြောက်ကိုရီးယားက အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုတွေဟာ ဘက်လိုက်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်နှင့် ဒုံးကျည်စီမံကိန်းများအပေါ် ဆွေးနွေးမှုများပြန်လည်စတင်ရေးကို ဟန့်တားရာရောက်နေတယ်လို့ စွပ်စွဲလိုက်တာ၊ မြောက်ကိုရီးယားက ရထားပေါ်ကနေ ကီလိုမီတာ ၈၀၀ အထိ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တစ်စင်းကို ပစ်လွှတ်စမ်းသပ်ခဲ့တာ၊ မြောက်ကိုရီးယားက ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်လွှတ်ခဲ့ပြီး နာရီပိုင်းအကြာမှာ တောင်ကိုရီးယားနိုင်ငံက ရေငုတ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့တာ၊ ဟားမတ်စ်တို့ဘက်ကနေ တည်ငြိမ်ပေးမယ်ဆိုရင် ဂါဇာဒေသမှာ လူနေမှုတိုးတက်ရေးအတွက် ဖန်တီးပေးမယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းခဲ့တာ စတဲ့သတင်းမျိုးလည်းရှိခဲ့ပါတယ်။

ကမ္ဘာတစ်ခုလုံးကို ဗြောင်းသတ်အောင် မွှေနှောက်ပြီး လူဦးရေလေးသန်းကျော် သေဆုံးစေခဲ့တဲ့ COVID-19 နဲ့ ပတ်သက်တဲ့ သတင်းတွေဆိုရင် ယခုရက်သတ္တပတ်ထဲမှာ ကောင်းတဲ့သတင်းရော မကောင်းတဲ့သတင်းတွေရော ရှိနေပါတယ်။တရုတ်မှာဆိုရင် COVID-19 ကာကွယ်ဆေး အပြည့်အ၀ထိုးပြီးတဲ့သူ လူဦးရေတစ်ဘီလျံထိရှိလာပြီဆိုတဲ့သတင်းတွေ၊ အာဖရိကမှာ COVID-19 ကာကွယ်ဆေး ပြတ်လပ်သွားလို့ ကမ္ဘာတစ်ခုလုံး COVID-19 ကပ်ရောဂါ မူလစတင်ခဲ့တဲ့ အခြေအနေအတိုင်း ပြန်ရောက်သွားနိုင်ဖွယ်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးခဲ့တဲ့ သတင်းတွေ၊ ကမ္ဘာ့နိုင်ငံများမှာ COVID-19 ဖြစ်ပွားမှု ဆက်လက်မြင့်တက်နေပြီး စက်တင်ဘာ ၁၇ ရက်က တစ်ရက်အတွင်း လူနာသစ် ၅၆၀၀၀၀ ကျော်နှင့် သေဆုံးသူ ၈၅၀၀ ကျော်ရှိတဲ့ သတင်းတွေ၊ အိန္ဒိယမှာ ယခုနှစ်ကုန်မတိုင်မီ လူဦးရေ ၁.၁ ဘီလျံကို ကာကွယ်ဆေးထိုးနှံပြီးစီးနိုင်ရန်အတွက် ကာကွယ်ဆေးထိုးဖို့ မြှင့်တင်နေရာမှာ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၇ ရက်က တစ်ရက်အတွင်း COVID-19 ကာကွယ်ဆေး အလုံးရေ ၂၂ သန်းကို စံချိန်တင်ထိုးနှံပေးခဲ့တာ၊ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ သုတေသနလေ့လာတွေ့ရှိချက် အသစ်တစ်ရပ်မှာ Moderna ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် Pfizer ဆေးကုမ္ပဏီထုတ် ဗိုင်းရပ်စ်ကာကွယ်ဆေးထက်ပိုပြီး ကာလကြာရှည်ကာကွယ်နိုင်စွမ်းရှိတာကို တွေ့ရှိခဲ့တဲ့သတင်း စတဲ့သတင်းတွေလည်းရှိခဲ့ပါတယ်။

ဒီထဲကနေ highlight လုပ်ပြီး ဖော်ပြချင်တာက ဩစတြေးလျှ ရေငုတ်သင်္ဘောဝယ်ယူမှု ကန်ထရိုက်စာချုပ် အငြင်းပွားမှုသတင်းနဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျှတို့ရဲ့ စစ်ရေးမဟာမိတ်ဖွဲ့မှု သတင်းပါပဲ။ဒီသတင်းနှစ်ပုဒ်က တရုတ်နိုင်ငံနဲ့ဆက်စပ်နေသလို အနာဂတ်မှာဖြစ်လာနိုင်တဲ့ စစ်တွေမဖြစ်ခင် စစ်လက်နက်တပ်ဆင်ခြင်း၊ စစ်မဟာမိတ်ဖွဲ့ခြင်းဆိုတဲ့ သမာစဉ်အတိုင်းဖြစ်လာနေတဲ့အတွက် ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်းက စောင့်ကြည့်ရတဲ့သတင်းတွေဖြစ်လာသလို ဘာဆက်ဖြစ်လာနိုင်သလဲဆိုတာကိုလည်း တွက်ချက်နေရတဲ့အနေအထားအထိ ဖြစ်လာခဲ့ပါတယ်။

ဘီလျံ ရာချီတန် ရေငုတ်သင်္ဘောစီမံကိန်းဂယက်

စက်တင်ဘာ ၁၅ ရက်မှာ သမ္မတ ဂျိုးဘိုင်ဒင်၊  သြစတြေးလျှ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်နဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ အွန်လိုင်းမှာတွေ့ဆုံဆွေးနွေးပြီးတဲ့နောက် သြစတေးလျှမှာ နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောဆောက်နိုင်အောင် အမေရိကန်နဲ့ ဗြိတိန်က ကူညီမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန် ချက်က ဩစတြေးလျှနဲ့ ၂၀၁၆ ခုနှစ်ကတည်းက သမာရိုးကျ ဒီဇယ်ရေငုတ်သင်္ဘောတွေတည်ဆောက်ဖို့ သဘောတူထားတဲ့ ပြင်သစ်အတွက် အရှိုက်ကိုထိစေတဲ့ ထုတ်ပြန်ချက်ဖြစ်သလို အကိုင်အတွယ်မတတ်ရင် သမ္မတ မက်ကရွန်အတွက် လာမယ့်ရွေးကောက်ပွဲမှာ ပြုတ်ကျနိုင်တဲ့အထိ ထိခိုက်စေမယ့် စီးပွားရေးဆိုင်ရာထိုးနှက်ချက်ပါပဲ။

ဒီလိုအချိန်ကာလမှာ ဒေါ်လာဘီလျံရာနဲ့ချီတဲ့ ရပြီးသား ကန်ထရိုက်ကြီးတစ်ခုကို လက်လွတ်လိုက်ရတဲ့အတွက် ပြင်သစ်က လုပ်ငန်းရှင်တွေအတွက်လည်း မက်ကရွန်အစိုးရရဲ့ သံတမန်ရေးရာအားနည်းမှုကို နောင်လာမယ့်ရွေးကောက်ပွဲမှာ ထည့်တွက်မှာဖြစ်တဲ့အတွက် ယခု အမေရိကန်နဲ့ ဗြိတိန်၊ ဩစတြေးလျှ သဘောတူညီချက်က လက်ခံစရာမရှိလို့ ပြင်သစ်က သူ့သံအမတ်တွေကို အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျှနိုင်ငံတွေကနေ ပြန်လာဖို့ ချက်ချင်းဆင့်ခေါ်ခဲ့တာပါ။နောက်ပိုင်းမှာ ဗြိတိန်ကိုဖယ်လိုက်ပြီး အမရေိကန်နဲ့ ဩစတြေးလျှ နိုင်ငံနှစ်နိုင်ငံကနေ သံအမတ်တွေကို ခေါ်ယူခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက် ကြေညာချက်မှာတော့ ပြင်သစ်ရေတပ်က သြစတြေးလျှအတွက် သမားရိုးကျ ရေငုတ်သင်္ဘောတည်ဆောက်ပေးဖို့ ၂၀၁၆ ခုနှစ်တုန်းကရထားတဲ့ သဘောတူညီချက်ကို ဖျက်သိမ်းပြီး အမေရိကန်နဲ့ ဗြိတိန်တို့က နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောတည်ဆောက်ပေးမှာကို လက်ခံလိုက်ကြောင်း ထုတ်ပြန်ခဲ့မှုက ပြင်သစ်ကိုသာမကပါဘူး ဒေသတွင်းက တရုတ်ကိုပါ ဒေါသတကြီးတုန့်ပြန်မှုတွေ ဖြစ်ခဲ့ပါတယ်။မလေးရှား နဲ့ အင်ဒိုနီးရှားကလည်း အလားတူ စိုးရိမ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်မှုမှာတော့ သြစတြေးလျှရဲ့ အမေရိကန်နဲ့ချုပ်ဆိုလိုက်တဲ့ သဘောတူညီချက်ဟာ မဟာမိတ်တွေနဲ့ လက်တွဲဖေါ်နိုင်ငံတွေကြား လက်မခံနိုင်စရာ လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သလို အမေရိကန်၊ ဗြိတိန်တို့နဲ့ သဘောတူညီချက်ရယူလိုက်တာဟာ သြစတြေးလျှက သံတမန်ရေးဆိုင်ရာ မဟာအမှားကြီးကို ကျူးလွန်လိုက်တာလို့ ဩစတြေးလျှဆိုင်ရာ ပြင်သစ်သံအမတ်ကြီးကလည်း ကင်ဘာရာကနေ မထွက်ခွာခင်မှာ ပြောခဲ့ပါတယ်။

ဩစတြေးလျှနဲ့ အမေရိကန်၊ ဗြိတိန်တို့ကတော့ ဒီသဘောတူညီချက်ကို  ပြင်သစ်ဘက်က တုံ့ပြန်လာနိုင်မှုတွေကို ထည့်မတွက်ပဲ ရယူခဲ့မှာမဟုတ်ပါဘူး။နောက်ပိုင်းမှာ  သြစတြေးလျှ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင် က ပြင်သစ်နဲ့ သဘောတူညီချက်ဟာ သြစတြေးလျှရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် မပြည့်မီမှာကို စိုးရိမ်နေတယ်လို့ ထုတ်ပြောခဲ့ပါတယ်။သြစတြေးလျှရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားဆိုတာ ဘာလဲဆိုတာ ဒေသတွင်းမှာ တရုတ်ကို တူတူတန်တန်ယှဉ်နိုင်ဖို့ ဖြစ်ဟန်တူပါတယ်။ဒါကြောင့် နျူကလီးယားရေငုတ်သင်္ဘော တည်ဆောက်ပေးဖို့ အမေရိကန်၊ ဗြိတိန် ကမ်းလှမ်းမှုရတဲ့အခါ ပြင်သစ်နဲ့ သဘောတူညီချက်ကို လွယ်လွယ်ကူကူနဲ့ဖျက်ပစ်တာလို့ ယူဆစရာပါ။

ဒေသတွင်းမှာ အင်အားကြီးလာတဲ့ တရုတ်ကို ရင်ဆိုင်နေရတဲ့ ဩစတြေးလျှအတွက် ပြင်သစ်ကိုပေးထားတဲ့ ဘီလျံရာဂဏန်း ကန်ထရိုက်ကို အသုံးချပြီး အမေရိကန်နဲ့ ဗြိတိန်တို့ဆီကနေ လိုချင်တာကော၊ မဟာမိတ်ကော ရလိုက်ပေမယ့်  ပြင်သစ်နဲ့ ဆက်ဆံရေးကော၊ အီးယူနိုင်ငံတွေနဲ့ ဆက်ဆံရေးကော သတိထားရတော့မယ့် အနေအထားပါပဲ။အထူးသဖြင့် ပြင်သစ်ဟာ နှစ်ရှည်လများကြုံခဲ့ရတဲ့ ကိစ္စရပ်အများအပြားအတွက် ဩစတြေးလျှက အရေးအပါဆုံး လက်တွဲဖေါ်နိုင်ငံဖြစ်သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း ပြင်သစ်ဟာ အာရှဒေသအတွက် သိပ်ကိုအရေးပါတဲ့ လက်တွဲဖေါ်နိုင်ငံဖြစ်တယ်လို့ ပြောခဲ့တဲ့အတွက် ယခုသုံးနိုင်ငံအငြင်းပွားမှုဟာ ကြာရှည်ဖြစ်နိုင်ဖွယ်မရှိပဲ မကြာခင်မှာညှိုနိုင်းကြဖွယ်ရှိနေပါတယ်။

ဘာကြောင့်ဆို  အာရှ-ပစိဖိတ်ဒေသမှာ တရုတ်ကိုတန်ပြန်ဖို့ အနောက်အုပ်စုဘက်က နျူကလီးယားလက်နက်ပိုင်ဆိုင်မှုရှိတဲ့ နိုင်ငံတစ်နိုင်ငံရှိနေဖို့ဆိုတာ အနောက်အုပ်စုအတွက် အရေးတကြီးလိုနေတဲ့ လက်ရှိအနေအထားပါ။လက်ရှိဖြစ်နေတာတွေက တရုတ်ကိုဟန့်ဖို့အတွက် သက်သက်လားဆိုတာ စဉ်းစားချင်စရာပါပဲ။ဒီအတွက် ဟုတ်/မဟုတ်က မကြာခင်မှာ ပြင်သစ်နဲ့ AUKUS သုံးနိုင်ငံညှိနှိုင်းပြီး ဘယ်လိုကန်ထရိုက်ကိုခွဲလိုက်ကြသလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

တရုတ်ကို ခြိမ်းခြောက်လာမယ့် သုံးနိုင်ငံမဟာမိတ်

စက်တင်ဘာ ၂၄ ရက်မှာ ဝါရှင်တန်မှာကျင်းပမယ့် QUAD အဖွဲ့  ထိပ်သီးခေါင်းဆောင်အစည်းအဝေးကို အာရှ NATO လို့ တရုတ်ဘက်က စွပ်စွဲပြစ်တင်နေလို့ မပြီးသေးခင်မှာပဲ အမေရိကန်ပြည်ထောင်စုက စက်တင်ဘာ ၁၅ ရက်မှာ သြစတြေးလျှ အဏုမြူစွမ်းအင်သုံး ရေငုတ်သင်္ဘောအုပ်စုနှင့်အတူ အင်ဒို-ပစိဖိတ်တွင် ရေတပ်စွမ်းရည်များအားကောင်းစေရန် ဗြိတိန်၊ သြစတြေးလျှတို့နှင့်အတူ (AUKUS) မဟာမိတ်အသစ်ဖွဲ့လိုက်တယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။သမ္မတ ဂျိုးဘိုင်ဒင်၊ သြစတြေးလျှ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်တို့၏ အွန်လိုင်းအစည်းအဝေးမှ ထုတ်ပြန်ချက်က တရုတ်ကို အငိုက်မိစေသလို အဆိုပါထုတ်ပြန်ချက်မှာပါတဲ့ အဏုမြူစွမ်းအင်သုံး ရေငုတ်သင်္ဘောလို့ သုံးနှုန်းခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ်ကတည်းက ဩစ‌တြေးလျှနဲ့ သမာရိုးကျ ရေငုတ်သင်္ဘောတည်ဆောက်ဖို့အတွက် သဘောတူညီထားတဲ့ ပြင်သစ်အတွက်လည်း ယမ်းပုံမီးကျခဲ့ရပါတယ်။ဒီပြင်သစ်နဲ့ အမေရိကန်၊ ဩစတြေးလျှတင်းမာမှုကို နောက်ပိုင်းမှာ ဖော်ပြမှာဖြစ်ပြီး ယခုရှေ့ပိုင်းမှာတော့ AUKUS ဟု နာမည်ပေးထားသော မဟာမိတ်အဖွဲ့ကြောင့်ဖြစ်လာတဲ့ ရိုက်ခတ်မှုတွေကို ဖော်ပြမှာဖြစ်ပါတယ်။

တရုတ်ကို ရည်ညွှန်းခြင်းမရှိတဲ့ AUKUS လို့ အမည်ပေးထားတဲ့ ဒီသုံးနိုင်ငံမဟာမိတ်အဖွဲ့ဟာ ဒေသတွင်းမှာ အင်အားကြီးပြီး ဩဇာအာဏာလွှမ်းမိုးလာတဲ့ တရုတ်ကို တန်ပြန်ဖို့ဆိုတာ အားလုံးက နားလည်ထားကြပါတယ်။ယခုရက်သတ္တပတ်အတွင်း အင်ဒို-ပစိဖိတ် ဒေသတွင်းနဲ့ အာရှအရှေ့ဖျားဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားရှိရာဘက်မှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရှိနေပါတယ်။ဒါ့အပြင် အာဖဂန်နယ်စပ် တာဂျစ်ကစ္စတန်မှာ ရုရှားကလည်း အကြီးစားစစ်ရေးလေ့ကျင့်မှုလုပ်ဖို့ ပြင်ဆင်နေတာကိုလည်း တွေ့ရပါတယ်။ဒါဟာ အမေရိကန်ထွက်သွားတဲ့ အာဖဂန်ပါတဲ့ ဒေသတွင်းက လုံခြုံရေးအခင်းအကျင်းမှာ တရုတ်နဲ့အပြိုင် ရုရှားက သူ့အခန်းကဏ္ဍကို ပိုခိုင်မာအောင်လုပ်တဲ့ အနေအထားပါပဲ။ဒါက အာရှဗဟိုဒေသနဲ့ အနောက်ပိုင်းက အခြေအနေပါ။

အရှေ့ဖျားလို့ခေါ်တဲ့ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်ဘက်မှာလည်း ယခုရက်ပိုင်း စစ်ရေးလှုပ်ရှားမှုတွေက အတော်လေးစိပ်နေပါတယ်။ပထမဆုံး မြောက်ကိုရီးယားက တာဝေးပစ် ခရုဇ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ဒီဒုံးကျည်က ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်တွေကို ရှောင်ထွက်နိုင်ဖွယ်ရှိနေပြီး ကီလိုမီတာ ၁၅၀၀ အထိရောက်ခဲ့ကာ ပစ်မှတ်ကိုထိမှန်ခဲ့တယ် ဆိုပါတယ်။စက်တင်ဘာ ၁၅ ရက်မှာ ရထားပေါ်ကနေ ဒုံးကျည်ပစ်လွှတ်ခဲ့ပါတယ်။တောင်ကိုရီးယားကလဲ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ပြီး မရှေးမနှောင်းမှာဘဲ ရေငုတ်သင်္ဘောကနေ ဒုံးကျည်ပစ်လွှတ်ခဲ့ပါတယ်။ဒီလို လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့အချိန်မှာ အင်ဒို-ပစိဖိတ် ဒေသတွင်းမှာ တရုတ်ရေတပ် အင်အားကြီးထွားလာတာကို သွေးတိုးစမ်းတဲ့အနေနဲ့ အမေရိကန်ဖျက်သင်္ဘောက ထိုင်ဝမ်ရေလက်ကြားကနေဖြတ်ခဲ့လို့ တရုတ်ဘက်က ပြဿနာဖန်တီးနေတာလို့ ပြစ်တင်ခဲ့သလို အမြင့်ဆုံးသတိပေးချက်ကို တရုတ်ရေတပ်အကြား ဆက်ထားနေမယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။

ဒီအနေအထားမှာ QUAD ဆိုတဲ့ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျှနဲ့ အမေရိကန်ပါဝင်တဲ့အဖွဲ့ ထိပ်သီးအစည်းအဝေးကျင်းပဖို့နဲ့ AUKUS ဆိုတဲ့ သုံးနိုင်ငံမဟာမိတ်ဖွဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက်ထွက်လာခဲ့တာဖြစ်ပါတယ်။ဩစတြေးလျှ ရေငုတ်သင်္ဘောအုပ်စုကို ဗြုန်းစားကြီး ထဖွဲ့တဲ့အတွက် ဒါဟာကြည့်မယ်ဆိုရင် တရုတ်က ၎င်းပိုင်ဆိုင်ကြောင်းယူဆနေတဲ့ တောင်တရုတ်ပင်လယ်အခင်းအကျင်းဟာ အတော်လေးရှုပ်ထွေးလာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။စက်တင်ဘာလ ၁၆ ရက်မှာ ဩစတြေးလျှက တရုတ်အစိုးရပိုင်ဆိုင်ကြောင်း ကြေညာခဲ့တဲ့ လေပိုင်နက်နဲ့ ရေပြင်နယ်နိမိတ်များမှာ တရားဥပဒေစိုးမိုးရေးကို ကာကွယ်သွားမယ်ဆိုပြီး ထုတ်ပြန်ခဲ့တာကိုကြည့်မယ်ဆိုရင် ဒါဟာ ဒေသတွင်းပဋိပက္ခမှာ တရုတ်နဲ့ ဩစတြေးလျှ တင်းမာမှုက ရှေ့တန်းကိုထိုးထွက်လာနေတာကို တွေ့ရမှာဖြစ်ပါတယ်။တရုတ်ကလဲ ဩစတြေးလျှကို အမေရိကန်လက်ကိုင်တုတ်အဖြစ် စွပ်စွဲသုံးနူန်းခဲ့သလို ဩစတြေးလျှ ဝန်ကြီးချုပ်ကလည်း တရုတ်မှာ နျူကလီးယားရေငုတ်သင်္ဘောတည်ဆောက်မယ့် စီမံကိန်းတွေရှိတဲ့အတွက် နိုင်ငံအားလုံးဟာ သူတို့လိုလုပ်သွားမှာဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။

အမေရိကန်နဲ့ ဗြိတိန် အကူအညီနဲ့တည်ဆောက်မယ့် နျူကလီးယားရေငုတ်သင်္ဘောစီမံကိန်းက နျူကလီးယားလက်နက်တပ်ဆင်ခြင်းမရှိပေမယ့် နျူကလီးယားစွမ်းအင်သုံးတဲ့အတွက် အနောက်အုပ်စု မဟာမိတ်တွေအတွက် လွယ်လင့်တကူ လက်နက်တပ်ဆင်နိုင်မှာဖြစ်သလို ဒေသတွင်းမှာရှိနေတဲ့ တရုတ်ရဲ့ သမာရိုးကျ ရေတပ်သင်္ဘောတွေရဲ့ တိုက်ခိုက်မှုစွမ်းအားကို ကန့်သတ်လိုက်သလိုဖြစ်မှာဖြစ်သလို အချိန်မရွေး နျူကလီးယားလက်နက်သုံးစွဲမှုတွေလည်း ဖြစ်လာနိုင်ခြေရှိနေပါတယ်။ဒါကြောင့်လည်း တရုတ်အစိုးရက ယင်းမဟာမိတ်ဖွဲ့မှုက ဒေသတွင်းတည်ငြိမ်ရေးအတွက် အလွန်တာဝန်မဲ့တဲ့ ခြိမ်းခြောက်မှုအဖြစ် ဖော်ပြခဲ့သလို ဒေသတွင်း နျူကလီယားကင်းစင်ရေးကို ထိခိုက်စေတယ်ဆိုပြီး မလေးရှားလိုနိုင်ငံကပါ ပြောလာခဲ့တာကို တွေ့ရပါတယ်။

ဩစတြေးလျှကတော့ နိုင်ငံတကာဥပဒေ၏အောက်တွင်ရှိသည့် နေရာဒေသများတွင် ဖြတ်သန်းခွင့်မရှိသည့် နေရာဒေသများ မရှိစေရေးအတွက် စိတ်ချသေချာစေရန် သြစတြေးလျှက ဆန္ဒရှိတယ်လို့ ပြောခဲ့သလို တရုတ်ရဲ့ နျူကလီးယား ရေငုတ်သင်္ဘော စွမ်းဆောင်ရည်များနှင့် စစ်ရေးရင်းနှီးမြှုပ်နှံမှု မြင့်တက်နေလို့ အာရှ-ပစိဖိတ်ဒေသမှာ ပြောင်းလဲနေတဲ့အရွေ့များနဲ့ တန်းတူတုံ့ပြန်ဆောင်ရွက်နေတာလို့ ပြောခဲ့ပါတယ်။ပြင်သစ်ရေတပ်အုပ်စုကတော့ အလွန်စိတ်ပျက်ကြောင်း ပြောခဲ့ပါတယ်။  

ဒေသတွင်းမှာ တရုတ်က တကယ်ပဲခြိမ်းခြောက်စရာဖြစ်နေပြီလားဆိုတာ သုံးသပ်စရာပါ။ပြင်သစ်ဆီကနေ သမာရိုးကျ ရေငုတ်သင်္ဘောဝယ်ဖို့ သဘောတူညီချက်ကိုဖျက်ပြီး အမေရိကန်နဲ့ ဗြိတိန်ဆီကနေ နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောတွေဝယ်ရတဲ့အထိ ပြဿနာအတက်ခံပြီး ပြောင်းလဲရတဲ့အထိ ဒေသတွင်းလုံခြုံရေးက အရေးကြီးနေပြီလားဆိုတာ  မေးခွန်းထုတ်စရာပါ။သြစတြေးလျှ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ကတော့ ဒီဆုံးဖြတ်ချက်ဟာ  စိတ်အပြောင်းအလဲကြောင့်မဟုတ်ပဲ လိုအပ်ချက်အရ ပြောင်းလဲခြင်းဖြစ်တယ်ဆိုပြီး ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်ချက်မှာတော့ သင်္ဘောများ၊ စစ်ဘက်သုံးရေယာဉ်များနဲ့ ရေငုတ်သင်္ဘောအရေအတွက်အရ တရုတ်ဟာ ကမ္ဘာပေါ်တွင် ရေတပ်အင်အားအကြီးဆုံးဖြစ်တယ် ဆိုပါတယ်။ ၂၀၂၀ ခု နှစ် နှစ်ကုန်ပိုင်းမှာ တရုတ်ရေတပ်ရဲ့ တိုက်သင်္ဘောအရေအတွက်က ပျမ်းမျှ ၃၆၀ ခန့်ရှိပြီး အမေရိကန်က ၉၇ စင်းသာရှိပါတယ်။ Janes ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တရုတ်ဟာ ရေယာဉ် ၁၃၂ စင်းကို တည်ဆောက်ခဲ့ပြီး အမေရိကန်က ၆၈ စင်း၊ ပြင်သစ်က ၁၇ စင်း၊ ဗြိတန်က လေယာဉ်တင်သင်္ဘောနှစ်စင်းအပါအဝင် ၄ စင်း၊ အိန္ဒိယက ၄၈ စင်း၊ ဂျပန်က ၂၉ စင်း နဲ့  သြစတြေးလျှက ၉ စင်း ဆောက်လုပ်ခဲ့တယ် ဆိုပါတယ်။ဒီလိုအရေအတွက်အရသာဆိုရင် အာရှ-ပစိဖိတ်ဒေသမှာ စစ်လက်နက်တပ်ဆင်မှုက ပိုအားကောင်းနေတာကို လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ထင်ထင်ရှားရှားတွေ့နေရပါတယ်။

ယခုအခင်းအကျင်းတွေကိုကြည့်ရင် အခြေအနေက ပိုပြီးတင်းမာလာဖို့ပဲရှိသလို အထူးသဖြင့် ကျန်းမာရေးကပ်ဘေးကြောင့်ဖြစ်လာတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအကျပ်အတည်းတွေကို နိုင်ငံကြီးတွေက ဘာနဲ့ဖောက်ထွက်ဖို့ ကြံစည်နေကြလဲဆိုတာ ပေါ်လွင်လာနေပြီဖြစ်ပါတယ်။ဆိုဗီယက်စစ်အေးခေတ်နောက်ပိုင်း စစ်ကြီးဖြစ်လုနီးပါးအခြေအနေအထိ မရောက်သေးပေမယ့်‌ တရုတ်နဲ့ အမေရိကန် တင်းမာမှုက ယခုအခါ ဒေသတွင်းမှာရှိနေတဲ့ နိုင်ငံတွေပါ ပါဝင်ပတ်သက်နေပြီဖြစ်လို့ ရှောင်မရတော့တဲ့ အနေအထားကို ဦးတည်လာနေပါတယ်။ QUAD အဖွဲ့ရော၊ AUKUS အဖွဲ့ရော ကြည့်မယ်ဆိုရင် တရုတ်နဲ့ နိုင်ငံရေး၊ စစ်ရေး တင်းမာမှုရှိခဲ့တဲ့ နိုင်ငံတွေချည်းသာ ပါနေတာဖြစ်တဲ့အတွက် တရုတ်အဖို့ ဘုံရန်သူလို ပြင်ဆင်ထားခံနေရတာ သတိထားဖွယ်အနေအထားပါပဲ။တောင်တရုတ်ပင်လယ်ထဲ သွားလာနေတဲ့ ရေငုတ်သင်္ဘောမှာ နျူကလီးယားလက်နက် တပ်ဆင်ထားပြီး အချိန်ပြည့်ရှိနေခဲ့မယ်ဆိုရင်၊ တရားဥပဒေစိုးမိုးရေးအတွက် ခေါင်းစဉ်ပြထားပေမယ် ဘယ်လောက်ထိစွက်ဖက်မယ်ဆိုတာ မှန်းဆလို့မရတဲ့အတွက် အင်အားကြီးလာတဲ့ တရုတ်ရေတပ် တစ်ချိန်မဟုတ် တစ်ချိန် ထပ်တိုက်တွေ့လာဖို့က သေချာနေပါတယ်။

ဒီအတွက် နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ ဩစတြေးလျှ ရေငုတ်သင်္ဘောတည်ဆောက်မှုနဲ့ စစ်ရေးမဟာမိတ်ဖွဲ့တဲ့ AUKUS သုံးနိုင်ငံမဟာမိတ်အဖွဲ့က ဒေသတွင်းကို စစ်မက်ဇုန်ဖြစ်အောင် လုပ်တော့မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မင်းထက်
စက်တင်ဘာ - ၂၀