【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တာလီဘန်ရဲ့ လက်စားချေဝါဒ ပြန်လာနေပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တာလီဘန်ရဲ့ လက်စားချေဝါဒ ပြန်လာနေပြီလား

ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းတွေထဲမှာ အာဖဂန်ကနေ အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ဆုတ်သွားပြီးနောက်ဖြစ်လာတဲ့ ကဘူးလ်မြို့အခြေအနေသတင်းတွေ၊ အမေရိကန်နဲ့ တရုတ် နိုင်ငံရေးတင်းမာမှုသတင်းတွေ၊ ကိုဗစ်ကာကွယ်ဆေး တတိယမြောက်ထိုးဆေး ထိုးဖို့အတွက် အမေရိကန်ဘက်က ခွင့်ပြုလိုက်တဲ့သတင်းတွေက အခြားသတင်းတွေထက် သတိထားစောင့်ကြည့်စရာကောင်းနေပါတယ်။

ဒီသတင်းတွေလိုဘဲ တခြားသတင်းအချို့လည်း ဒီတစ်ပတ်မှာဖြစ်ခဲ့ပါတယ်။

အော်တိုပိုင်းလော့စနစ် ချို့ယွင်းချက်ကြောင့် Tesla ကုမ္ပဏီကို အမေရိကန်အစိုးရက စုံစမ်းနေတာ၊ ငလျင်လှုပ်ခတ်ပြီး လူပေါင်း ၁၃၀၀ ကျော် သေဆုံးစေခဲ့တဲ့ ဟေတီနိုင်ငံကို  အပူပိုင်းမုန်တိုင်းငယ်ဝင်ရောက်ခဲ့တဲ့သတင်း၊ အီရန်ရဲ့ ယူရေနီယံသန့်စင်မှုအခြေအနေက နျူကလီးယားလက်နက်ထုတ်နိုင်တဲ့အဆင့်နား အရမ်းနီးကပ်နေပြီလို့ ဂျာမဏီက သတိပေးလိုက်တဲ့သတင်း၊ မလေးရှားမှာ လက်ရှိဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့တစ်ခုလုံးနှုတ်ထွက်ပြီး ညီညွတ်သော မလေးရှားအမျိုးသားအဖွဲ့အစည်းပါတီက အစ္စမေးလ် ဆာဘရီယာကော့ဘ် ဝန်ကြီးချုပ်ဖြစ်လာတဲ့သတင်း၊ အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားမှာ ပစ်ခတ်မှုတစ်ခုဖြစ်ရာမှာ ပါကစ္စတန်အကြမ်းဖက်သမားတစ်ဦး သေဆုံးခဲ့တဲ့သတင်းတွေကလည်း စိတ်ဝင်စားဖွယ်ကောင်းခဲ့ပါတယ်။

အာဖဂန်မှာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ် စမြင်တွေ့ရတော့မလား

အာဖဂန်အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆီတင်သွင်းတဲ့ ထောက်လှမ်းရေးမှတ်တမ်းတွေ ဩဂုတ် ၂၀ ရက်က ထွက်လာခဲ့ပါတယ်။ဒီထဲမှာ တာလီဘန်တွေဟာ သူတို့ကိုဆန်ကျင်ခဲ့တဲ့သူတွေအပါအဝင် ၎င်းတို့ရဲ့မိသားစုတွေကိုပါ တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေနေတယ်ဆိုပြီး ထည့်သွင်းဖော်ပြလာခဲ့တဲ့အတွက် အာဖဂန်ပြည်သူလူထုအကြား စိုးရိမ်ကြောက်လန့်မှုတွေ ပိုလို့နက်ရှိုင်းလာခဲ့ပါတယ်။

ဒီအချက်သာ မှန်ကန်ခဲ့တယ်ဆိုရင် ဩဂုတ် ၁၅ ရက်က မှ ကဘူးလ်ကိုသိမ်းပြီး အာဖဂန်ကို အုပ်ချုပ်မှုစတင်ဖို့ကြိုးစားနေတဲ့ တာလီဘန်တွေပေးထားတဲ့ ကတိကဝတ်က ရေထဲအရုပ်ရေးသလိုဖြစ်သွားတဲ့ အနေအထားပါဘဲ။အစိုးရတပ်တွေကို အပြီးအပိုင်ချေမှုန်းပြီး ကဘူးလ်ကို တနင်္ဂနွေမှာ တာလီဘန်တွေ သိမ်းပိုက်လိုက်လို့ နှစ်နှစ်ဆယ်ကြာစစ်ပွဲ အဆုံးသတ်အပြီးမှာ သဘောထားတင်းမာတဲ့ အဲဒီအုပ်စုရဲ့ခေါင်းဆောင်တွေက ကလဲ့စားမချေပဲ အလုံးစုံလွတ်ငြိမ်းချမ်းသာပေးမယ်လို့ အထပ်ထပ်ကတိပေးနေတာပါ။ဒီထဲမှာ ဖိနှိပ်ခံ အာဖဂန်အမျိုးသမီးတွေကိုလည်း ၎င်းတို့ရဲ့အခွင့်အရေးတွေကို အာမခံကျိန်းသေရရှိစေဖို့ အလေးထားမယ်လို့ဆိုရင်း ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ လူမဆန်စွာအုပ်ချုပ်ခဲ့တာနဲ့ ခြားနားစွာ ‘အပြုသဘောအသွင်သစ်’ ဖြစ်စေရမယ်လို့ တာလီဘန်တွေက ကတိခံထားတာဖြစ်ပါတယ်။ကဘူးလ်ကိုသိမ်းပြီးနောက် ဩဂုတ် ၁၇ ရက်မှာ တာလီဘန်တွေက ကဘူးလ်မြို့တော်မှာ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ တာလီဘန်ပြောခွင့်ရသူက “အတိုက်အခံဖက်က အားလုံးကို သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်၊ ကျွန်တော်တို့ဟာ လက်စားချေဖို့ကြိုးစားမှာ မဟုတ်ဘူး” လို့ ပြောခဲ့သလို ကျောက်ခဲများပစ်ပေါက်ကွပ်မျက်ခြင်း၊ မိန်းကလေးများအား ကျောင်းတက်ခွင့်တားမြစ်ခြင်းနှင့် အမျိုးသားများနဲ့ ထိတွေ့ဆက်ဆံရတဲ့အလုပ်တွေမှာ အမျိုးသမီးတွေဝင်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်တာတွေ လုပ်မှာမဟုတ်ပဲ ယခင်နဲ့ခြားနားစွာ ‘အပြုသဘောအသွင်သစ်’ ဖြစ်ရမယ်ဆိုပြီး ကမ္ဘာ့မီဒီယာတွေကို ပြောခဲ့တာပါ။ဒါပေမယ့် နောက် ၃ ရက်အကြာမှာတော့  ကဘူးလ်မြို့မှာနေထိုင်သူတွေအဖို့ ကိုယ့်အိမ်တံခါးလာခေါက်မှာကို စိုးရိမ်နေရတဲ့အခြေအနေရောက်နေခဲ့ပါတယ်။

ကုလကိုတင်သွင်းတဲ့ ယင်းအစီရင်ခံစာရေးသားတဲ့အဖွဲ့ အကြီးအကဲကတော့ “နေတိုး၊ အမေရိကန်တပ်နဲ့ မဟာမိတ်တပ်တွေမှာ အလုပ်လုပ်ခဲ့ဖူးသူတွေအပြင် မိသားစုဝင်တွေပါ နှိပ်စက်ညှင်းပန်းခံရတာ ကွပ်မျက်ခံရတာတွေ ရှိနေလောက်ပြီလို့ ကျွန်တော်တို့ခန့်မှန်းရတယ်” ဆိုပြီး အေပီသတင်းဌာနကို ထုတ်ပြောခဲ့ပါတယ်။

ရက်စက်ကြမ်းကြုတ်ပြီး လက်နက်အားကိုးတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ တာလီဘန်တွေဆီက ကတိကဝတ်ဟာ ဘာမှယုံကြည်ဖွယ်ရာမရှိဘူးဆိုတာ အာဖဂန်ပြည်သူတွေက အသိဆုံးပါပဲ။ဒါကြောင့်လည်း ဩဂုတ် ၁၅ ရက် ကဘူးလ်ကနေ နိုင်ငံတကာအသိအမှတ်ပြု အာဖဂန်အစိုးရထွက်ပြေးသွားကတည်းက နိုင်ငံတကာလေဆိပ်ဖြစ်တဲ့ ဟာမစ်ကာဇိုင်းလေဆိပ်ကနေ  ဖြစ်တဲ့နည်းနဲ့ အာဖဂန်ကနေလွတ်မြောက်ဖို့အတွက် စုပြုံတိုးနေတာ မြင်မကောင်းအောင်ပါပဲ။

တချို့ဆို ကလေးတွေနဲ့ မိန်းကလေးငယ်တွေကို အမေရိကန်မရိမ်းတပ်တွေနဲ့ နေတိုးတပ်ဖွဲ့တွေထံ ပေးပစ်တဲ့အထိပါပဲ။တာလီဘန်တွေလုပ်လာနိုင်တဲ့ ရက်စက်မှုကို အာဖဂန်နိုင်ငံသားတွေ ၁၅ နှစ်လောက်ခံလာရတဲ့အတွက် နိုင်ငံသားတွေကို လက်နက်အားကိုးနဲ့ ရက်ရက်စက်စက်ဖိနှိပ်ပြီး အကြောက်တရားနဲ့အုပ်ချုပ်မယ့် သဘောတရားကို သိပြီးသားပါ။ဒါကြောင့်လည်း အာဖဂန်ကနေထွက်ခွင့်ရဖို့ အသေအလဲကြိုးစားနေတာပါ။

ကမ္ဘာ့မီဒီယာတွေရှေ့မှာပေးတဲ့ ကတိဆိုတာလည်း တည်မယ့်ကတိမဟုတ်ဘူးဆိုတာ ရက်သတ္တပတ်မပြည့်ခင်မှာပဲ ပြနေပြီဖြစ်ပါတယ်။ကဘူးလ်ကိုသိမ်းပြီး ရက်သတ္တပတ် တစ်ပတ်မပြည့်ခင်မှာဘဲ တာလီဘန်တွေဟာ ဂျာမန်ရုပ်သံ Deutsche က ဝန်ထမ်းသုံးဦးရဲ့ နေအိမ်တွေနဲ့ အာဖဂန်ရှိ မီဒီယာဝန်ထမ်းလေးဦးရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းခဲ့သလို ဂျာလာလာဘက်မြို့မှာ တာလီဘန်တွေကို ဆန့်ကျင်ဆန္ဒပြပွဲကို သတင်းယူတဲ့ ဂျာနယ်လစ်နှစ်ဦးထက်မနည်းကို ရိုက်နှက်ခဲ့ပါတယ်။ဒါ့အပြင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များအတွက် အလုပ်လုပ်ကိုင်ပေးခဲ့တဲ့ အာဖဂန်နိုင်ငံသားတွေကို အရှိန်မြှင့်တင် ရှာဖွေမှုပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေနဲ့ အာဖဂန်စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေးယူနစ်များတွင် အဓိကအခန်းကဏ္ဍက တာဝန်ယူလုပ်ဆောင်ခဲ့သူတွေကို တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေနေတဲ့သတင်းတွေက အာဖဂန်မှာကျန်ခဲ့မယ့်သူတွေအတွက် ဆိုးဝါးတဲ့အခြေအနေကို ကြုံရတော့မယ့်အနေအထားပါ။

တာလီဘန်တွေက ဒီလူတွေ လွတ်မထွက်သွားဖို့ ကဘူးလ်လေဆိပ်သွားရာလမ်းတစ်လျှောက်မှာ ဖြတ်သွားဖြတ်လာတွေကအစ စစ်ဆေးနေသလို ကဘူးလ်နဲ့  ဂျာလာလာဘတ်အပါအဝင် အဓိကမြို့တွေမှာ စစ်ဆေးရေးဂိတ်တွေနဲ့ စစ်ဆေးနေခဲ့ပါတယ်။ဒီအခြေအနေမှာ လွတ်မြောက်ဖို့လမ်းက ကဘူးလ်လေဆိပ်ပဲဖြစ်ပြီး ကဘူးလ်လေဆိပ်ထဲရောက်နေတဲ့ အာဖဂန်ပြည်သူတွေအဖို့ လေဆိပ်ထဲကနေပြန်ထွက်သွားရင် အာဖဂန်ကနေလွတ်မြောက်ဖို့ မသေချာတော့တဲ့အနေအထားပါ။ဒါကြောင်လည်း မလွတ်နိုင်တော့တဲ့ အာဖဂန်ပြည်သူအချို့က သူတို့ကလေးတွေကို အာဖဂန်ကနေလွတ်ဖို့ နေတိုးနဲ့ အမေရိကန်စစ်သားတွေဆီပေးနေတဲ့ ရင်နာဖွယ်ရာမြင်ကွင်းတွေ ဖြစ်လာခဲ့တာပါပဲ။

လက်ရှိမှာ အာဖဂန်လက်ထဲမှာ မကျန်စေရေးက အာဖဂန်ပြည်သူတွေမပြောနဲ့ နိုင်ငံခြားသားတွေနဲ့ သံတမန်တွေ၊ နိုင်ငံတကာမီဒီယာတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း အာဖဂန်ကနေထွက်နိုင်ဖို့ ကြိုးစားနေရသလို တခြားနိုင်ငံသားတွေလည်း အာဖဂန်ကနေထွက်ခွင့်ရဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေပါ။အမေရိကန်ကတော့ ကဘူးလ်လေဆိပ်ကို ထိန်းချုပ်ထားသလို တာလီဘန်တွေက ကဘူးလ်လေဆိပ်ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားလို့ အတော်လေးကိုနီးကပ်နေတဲ့‌အနေအထားဖြစ်ပြီး အချိန်မရွေးထိတွေ့မှုဖြစ်နိုင်တဲ့ အနေအထားပါ။ဒါကြောင့်လည်း အမေရိကန်နိုင်ငံသားတစ်ဦးဦးကိုထိရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်ဆိုပြီး အမေရိကန်သမ္မတက သတိပေးခဲ့တာပါ။ကဘူးလ်လေဆိပ်နဲ့ မြို့တစ်၀ိုက်ကို အမေရိကန်တိုက်လေယာဉ်တွေက စောင့်ကြပ်နေရတဲ့အထိ အတော်လေးသတိထားနေရတဲ့ အနေအထားပါ။

ဒီရက်ပိုင်းတက်လာတဲ့ သတင်းတွေအရဆိုရင် တာလီဘန်တွေက ကဘူးလ်လေဆိပ်ကို ထိန်းချုပ်နိုင်ဖို့အတွက် အမိန့်တွေ ဩဂုတ် ၂၂ ရက်မှာထုတ်ပြန်ခဲ့ပြီး လေဆိပ်ခြံစည်းရိုးမှာ စုပြုံမတိုးဘဲ စနစ်တကျတန်းစီခိုင်းခဲ့ပါတယ်။အမေရိကန်တပ်ဖွဲ့တွေကလည်း ကဘူးလ်လေဆိပ်ထဲ ပြုံဝင်လာတဲ့ အာဖဂန်ဒုက္ခသည်တွေထဲမှာ IS တွေဝင်လာပြီး ဖောက်ခွဲမှာကို စိုးရိမ်နေတဲ့အတွက် ကဘူးလ်လေဆိပ်ရဲ့ လုံခြုံရေးကိုတင်းကျပ်လိုက်ပြီး လေဆိပ်ရောက်လာသူတွေကို လေဆိပ်အပြင်ဘက် ဂိတ်ဝင်ပေါက်မှာသာထားရှိ စုရုံးခွင့်ပေးခဲ့ပါတယ်။

တပ်တွေ အပြီးသတ်ရုပ်သိမ်းဖို့ သီတင်းနှစ်ပတ်ပဲကျန်တော့တဲ့ အမေရိကန်နဲ့ မဟာမိတ်တွေအတွက် အာဖဂန်မှာရှိနေတဲ့ မဟာမိတ်တွေနဲ့တွဲလုပ်တဲ့ အာဖဂန်နိုင်ငံသားတွေနဲ့ တာလီဘန်တွေလက်အောက်မှာ မနေချင်တဲ့ အာဖဂန်ပြည်သူတွေကိုကယ်ထုတ်ဖို့ အချိန်အရမ်းနည်းတဲ့ပြဿနာကို ရင်ဆိုင်နေရသလို အမေရိကန်နိုင်ငံသားတွေကုန်စင်အောင် ခေါ်ထုတ်နိုင်ပါ့မလားဆိုတဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေက သမ္မတဘိုင်ဒင် ကို ယခုလကုန်နောက်ဆုံးရက်ကိုတိုးချဲ့ဖို့ တောင်းဆိုထားပေမယ့် ဘိုင်ဒင် က သတ်မှတ်နောက်ဆုံးရက်မတိုင်ခင်မှာ အမေရိကန်အားလုံးကို ကယ်ထုတ်နိုင်မယ်လို့ပြောခဲ့ပြီး လေကြောင်းကယ်ထုတ်ရေးဟာ သမိုင်းမှာ အကြီးဆုံး အခက်အခဲအများဆုံးဖြစ်လို့ ဘယ်လိုရလဒ်ဖြစ်လာမလဲဆိုတာ အာမ မခံဘူးလို့ပြောခဲ့တဲ့အတွက် အာဖဂန်ပြည်သူတွေအတွက် အာဖဂန်ကလွတ်မြောက်ရေးဟာ သမိုင်းဝင် အိပ်ဇိုးဒပ် နောက်တစ်ခုဖြစ်လာဖို့ ဦးတည်နေပြီဖြစ်ပါတယ်။

ရက်စက်ပြီး လူမဆန်ပဲ တိရစ္ဆာန်တွေလို လက်နက်အားကိုးနဲ့အုပ်ချုပ်မယ့် တာလီဘန်တွေလက်အောက်က လွတ်မြောက်ဖို့ အာဖဂန်ပြည်သူတွေရဲ့ စွန့်စွန့်စားစား ပြည်တော်ထွက်ခွာခန်းက သူတို့လိုအင်ဆန္ဒအတိုင်း ပြည့်ပါမလားဆိုတာ နောက်ထပ်ရက်သတ္တပတ်မတိုင်ခင်အထိ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဖို့ ချမ်းသာတဲ့နိုင်ငံများရဲ့တတိယထိုးဆေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာမှာ အမေရိကန်၊ အီရန်နှင့် ရုရှားနိုင်ငံတို့မှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း COVID-19 ဖြစ်ပွားမှု အသီးသီးမြင့်တက်ခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ဒါဟာ COVID-19 နဲ့ပတ်သက်ပြီး ပေါ့ဆလာမှု‌တွေက မပြီးဆုံးသေးတဲ့ ကိုဗစ်ကူးစက်မှုတွေကို ပြသနေခဲ့ပါတယ်။အီရန်မှာဆိုရင်  COVID-19 ကြောင့် သေဆုံးသူ တစ်သိန်းကျော်နေပြီး မိနစ်တိုင်း COVID-19 ကူးစက်ခံရသူရှိနေကာ နှစ်မိနစ်ကို တစ်ယောက်နှုန်း သေဆုံးနေတဲ့အထိပါ။ယခုထိမထိန်းချုပ်နိုင်သေးပါဘူး။နယူးဇီလန်ဆိုရင် ဖေဖေါ်ဝါရီနောက်ပိုင်း ပထမဆုံး COVID-19 ပြည်တွင်းကူးစက်မှုအသစ်တစ်ခု တွေ့ရှိလို့ ဒယ်လ်တာမျိုးကွဲလို့ ယူဆတဲ့အတွက် တစ်နိုင်ငံလုံး ၃ ရက် လော့ခ်ဒေါင်းချခဲ့တဲ့အထိပါပဲ။  

နယူးဇီလန်နဲ့ အိမ်နီးနားချင်း ဩစတြေးလျှဆိုရင်လည်း ပြီးခဲ့တဲ့ဇွန်လကစပြီး လော့ခ်ဒေါင်းချခဲ့တာဖြစ်လို့ လူပေါင်း ၁၅ သန်းခန့် လော့ခ်ဒေါင်းအောက်မှာရှိနေပြီး လော့ခ်ဒေါင်းကာလကြာရှည်နေလို့ ဩစတေးလျှရဲ့ အကြီးဆုံးမြို့နှစ်မြို့မှာ ဒီတစ်ပတ်အတွင်း ဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။ COVID-19 စဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံဆိုရင်လည်း ဒယ်လ်တာမျိုးကွဲ ပြည်တွင်းမှာကူးစက်တာတွေ တွေ့နေရတဲ့အတွက် လောခ့်ဒေါင်းချတာ‌တွေ ကူးစက်ခံရမှု ရှိ/မရှိကို တစ်မြို့လုံးစစ်ဆေးနေတာတွေနဲ့ အပြင်းအထန်သတိထားလုပ်ဆောင်နေရတဲ့ အနေအထားပါ။

ပြီးခဲ့သည့် တစ်ပတ်အတွင်း ကမ္ဘာတလွှားမှာ ကူးစက်မှုထိုးတက်လာတဲ့ ဒေသတွေရှိသလို လျော့ကျခဲ့တဲ့ ဒေသတွေလည်းရှိခဲ့ပါတယ်။အနောက်ပစိဖိတ်ဒေသ၊ အမေရိကန်ဒေသနဲ့ ဥရောပဒေသတွေမှာ ဖြစ်ပွားမှုတက်ခဲ့ပြီး အရှေ့မြေထဲပင်လယ်ဒေသ၊ အရှေ့တောင်အာရှဒေသနဲ့ အာဖရိကမှာ ကူးစက်နှုန်းကျခဲ့တာကို တွေ့ရပါတယ်။

လက်ရှိ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်ခံရသူပေါင်း ၂၁၂ သန်းကျော်ရှိပြီး သေဆုံးသူအရေအတွက်က ၄.၄ သန်းအထိရှိနေတာဖြစ်လို့ ကာကွယ်ဆေးက အရေးကြီးတဲ့အနေအထားမှာ ရှိနေပါတယ်။တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးဖို့ လိုအပ်နေချိန် တစ်ကြိမ်မှမထိုးရသေးတဲ့ လူသန်းပေါင်းများစွာရှိနေချိန်မှာ ချမ်းသာတဲ့နိုင်ငံတွေမှာတော့ ကိုဗစ်ကာကွယ်ဆေး တတိယမြောက် ထပ်ဆောင်းထိုး (booster) တစ်ကြိမ် ထပ်ထိုးဖို့ အလောတကြီးလုပ်ဆောင်နေတဲ့အတွက် WHO က တရားဝင်ဆိုင်းငံ့ထားဖို့ ပန်ကြားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဆေးပညာနဲ့ပတ်သက်ရင် ရှေ့တန်းရောက်တဲ့ အမေရိကန်က လက်ရှိကာကွယ်ဆေးရဲ့ ထိရောက်နိုင်စွမ်းက အချိန်ကြာလာတာနဲ့အမျှ လျော့ကျသွားနေလို့ဆိုပြီး လာမယ့် စက်တင်ဘာလကစပြီး နောက်ထပ်တစ်ကြိမ် ထပ်ဆောင်းကာကွယ်ဆေး တစ်ကြိမ်ထပ်ထိုးပေးဖို့ ခွင့်ပြုပေးလိုက်ပါတယ်။အမေရိကန်လိုပဲ တခြားနိုင်ငံအချို့ကလည်း ကူးစက်မြန် ဒယ်လ်တာမျိုးကွဲကို ထိန်းချုပ်တိုက်ဖျက်ဖို့အတွက်  WHO ပန်ကြားချက်ကို လျစ်လျူရှုပြီး ကာကွယ်ဆေး တတိယမြောက် ထပ်ဆောင်းထိုးတစ်ကြိမ်ထပ်ထိုးဖို့ အစီအစဉ်တွေကို ရှေ့ဆက်တိုးလုပ်ဆောင်နေခဲ့ကြပါတယ်။ဒီလိုအခြေအနေကြောင့် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုက ယခုနှစ်ကုန်တဲ့အထိ နိုင်ငံအတော်များများလိုအပ်ချက်ကို ပြည့်မီအောင်ပေးဖို့ ခက်ခဲလာနေပြီဖြစ်ပါတယ်။

COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားတဲ့သူတွေအနေနဲ့ နောက်တစ်ကြိမ်ထပ်ထိုးရုံနဲ့ ကိုဗစ်မျိုးကွဲတွေကို ထူးပြီးကာကွယ်နိုင်တဲ့ ခိုင်မာတဲ့သက်သေမရှိဘူးလို့ WHO ပညာရှင်တွေက ပြောကြားပေမယ့် ချမ်းသာတဲ့နိုင်ငံတွေကတော့ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံမှုတွေ ထပ်တိုးလုပ်နေတဲ့အတွက် ပြင်းပြင်းထန်ဝေဖန်မှုတွေကိုခံနေရတာ တွေ့ရပါတယ်။
ဒီအကျိုးဆက်က တတိယကမ္ဘာ့နိုင်ငံတွေနဲ့ အာရှ-အာဖရိကမှာရှိတဲ့ ဖွံဖြိုးတိုးတက်မှုနည်းပါးတဲ့နိုင်ငံတွေ ကာကွယ်ဆေးရရှိဖို့က ပိုပြီးခက်ခဲလာမယ့်အခြေအနေ ဖြစ်လာပါတယ်။ဒီအတွက် ကမ္ဘာ့ကာကွယ်ဆေးအများစုထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ အိန္ဒိယမှာတော့ ပြည်တွင်းမှာ ကူးစက်မှုအမြင့်ဆုံးနဲ့ သေဆုံးမှုက ကမ္ဘာ့ဒုတိယအများဆုံးဖြစ်ခဲ့တဲ့အတွက် ဆေးတွေကို ပြည်ပတင်ပို့ခွင့်မပြုပဲ ထိန်းချုပ်ကာ ပြည်တွင်းမှာ COVID-19 ထိန်းချုပ်ရေးကို အာရုံစိုက်နေရတဲ့ အနေအထားပါပဲ။မကြာသေးမီက အိန္ဒိယဆေးဝါးထိန်းချုပ်ရေးအဖွဲ့ဟာ Cadila Healthcare ဆေးဝါးထုတ်လုပ်ရေးကနေထုတ်တဲ့ ကမ္ဘာ့ပထမဆုံး DNA အသုံးပြု ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးခဲ့လို့ အိန္ဒိယနိုင်ငံမှာ တရားဝင်အသုံးပြုခွင့်ရတဲ့ ကာကွယ်ဆေးအရေအတွက်က  Covishield ၊ Covaxin ၊ Sputnik V နဲ့ ယခု ZyCov-D ပါဆို လေးမျိုးအထိရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် တချို့နိုင်ငံတွေမှာတော့ ရုရှားနဲ့ တရုတ် ကာကွယ်ဆေးတွေကို ခွင့်မပြုသေးပဲ စောင့်ကြည့်နေလို့ အလုံးအရင်းနဲ့ ဆေးထုတ်လုပ်နိုင်တဲ့ တရုတ်ထုတ်ကာကွယ်ဆေးတွေ အပြည့်အ၀မဝင်နိုင်သေးတဲ့အတွက် ကမ္ဘာတစ်ဝန်း ကိုဗစ်ကာကွယ်ဆေး အပြည့်အ၀ထိုးနှံရေးက လက်လှမ်းမီဖို့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။လက်ရှိထုတ်လုပ်နေပြီး ကာကွယ်ရာမှာ ရာခိုင်နှုန်း ၈၀ အထက်ရှိတဲ့ Pfizer ၊ Modena ၊ J&J ၊ Astrazeneca စတဲ့ဆေးတွေက ထုတ်လုပ်သမျှဟာ တတိယအကျော့ထိုးနှံဖို့ ကြံစည်နေတဲ့ ချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့ တစ်ကျော့ပြီး တစ်ကျော့အဝယ်တွေကြောင့် ဆေးရနိုင်ဖို့ခဲယဉ်းနေပြီး တတိယကမ္ဘာ့နိုင်ငံတွေနဲ့ အာရှ-အာဖရိက၊ ပစိဖိတ်ဒေသနဲ့ လက်တင်အမေရိကမှာရှိတဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေအဖို့ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံတွေက ထုတ်လုပ်လာတဲ့ Covishield ၊ Covaxin ၊ Sinovac ၊ Sinopharm ကိုဗစ်ကာကွယ်ဆေးတွေကိုသာစောင့်ရမယ့် အနေအထားဖြစ်နေပါတယ်။

တတိယမြောက် ထိုးဆေးထိုးရဖို့ နိုင်ငံကြီးတွေမှာလုပ်ဆောင်နေချိန် ကမ္ဘာ့တတိယနိုင်ငံတွေမှာ ကိုဗစ်မျိုးဗီဇကွဲတွေကြောင့် ပိုမိုပြင်းထန်လာတဲ့ ကိုဗစ်လှိုင်းတွေမှာ ဘယ်လောက်ထိ အသေအပျောက်ရှိလာဦးမလဲဆိုတာ …… ။

မင်းထက်
သြဂုတ် - ၂၃