【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပဋိပက္ခပြင်းထန်ခဲ့သော ရှန်ဂရီလာ ဒိုင်ယာလော့ဂ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပဋိပက္ခပြင်းထန်ခဲ့သော ရှန်ဂရီလာ ဒိုင်ယာလော့ဂ်

ယခုရက်သတ္တပတ်ကတော့ သတင်းများ ရက်သတ္တပတ်လို့ ပြောရလောက်အောင် အရေးကြီးတဲ့သတင်းတွေ များနေခဲ့ပါတယ်။တရားဝင် မဟုတ်သေးပေမယ့် ရုရှားဘက်က ထုတ်ပြန်မှုတွေအရဆိုရင် နိုင်ငံတကာက စောင့်မျှော်နေတဲ့ ယူကရိန်းတန်ပြန်ထိုးစစ်က ရုရှားသိမ်းယူထားတဲ့ ဒွန်နက်ခ်ဒေသမှာ ဆင်နွှဲနေတယ်လို့ဆိုပြီး စင်ကာပူမှာကျင်းပတဲ့ ကမ္ဘာ့ကာကွယ်ရေးနဲ့ဆိုင်သော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် ဆွေးနွေးပွဲမှာ အမေရိကန်နဲ့ တရုတ်ကြား တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန်သတိပေးမှုတွေနဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။

ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာသတင်းတွေက ဒီသတင်းတွေချည်း မဟုတ်သေးပါဘူး။အိန္ဒိယမှာ လူသုံးရာနီးပါးသေဆုံးကာ တစ်ထောင်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်စွာရခဲ့တဲ့ သောကြာနေ့ညကဖြစ်ခဲ့တဲ့ အမြန်ရထားနှစ်စင်း ရထားလမ်းမှားပြီး တိုက်မိတဲ့ သတင်းလို၊ တောင်တရုတ်ပင်လယ်နဲ့ ထိစပ်နေတဲ့ ပင်လယ်ပြင်က နိုင်ငံတွေကို လှည့်ပတ်တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း မန်ဝါကြောင့် အမေရိကန် ဂူအမ်နဲ့ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဂျပန်မှာ လူအသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှုဖြစ်ခဲ့တာတွေ၊ အကျဉ်းချခံထားရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny အသက် ၄၇ နှစ်ပြည့်ကျရောက်တဲ့ တနင်္ဂနွေနေ့မှာ သူ့ကိုထောက်ခံတဲ့ ဆန္ဒပြသူတချို့ ရုရှားနိုင်ငံ မော်စကိုမြို့လမ်းတွေပေါ် ထွက်လာလို့ ၄၅ ဦးထက်မနည်း ဖမ်းဆီးခံရတာတွေ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံကြားမှာ စစ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး အတိတ်ကဖြစ်ခဲ့တဲ့ အငြင်းပွားမှုတွေကို အမြန်ဆုံးဖြေရှင်းဖို့ သဘောတူလိုက်တာတွေ၊ အမေရိကန်အစိုးရ အသုံးစရိတ်ပြတ်တောက်မယ့်အရေးကို ရှောင်ရှားနိုင်မယ့် ဥပဒေကြမ်း အထက်လွှတ်တော်က အတည်ပြုလိုက်လို့ အကြွေးမဆပ်နိုင်တော့မယ့် အခြေအနေကို ရှောင်ရှားနိုင်ခဲ့တာ၊ ဆူဒန်နိုင်ငံ အာဏာသိမ်းရာမှာပါဝင်တဲ့ ဆူဒန်စစ်တပ်နဲ့ RSF တပ်တွေကြားရထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်သူတွေကို အမေရိကန်က ပိတ်ဆို့အရေးယူခဲ့တာ၊ အမေရိကန် ဒုသမ္မတဟောင်း မိုက်ပန့်စ် ရီပတ်ဗလီကင်ပါတီကနေ  ရွေးကောက်ပွဲဝင်ဖို့ ထုတ်ပြန်ခဲ့တာ စတဲ့ သတင်းတွေရှိခဲ့ပါတယ်။

ဒီသတင်းတွေထဲမှာ ဒီတစ်ပတ် စိတ်ဝင်စားစရာဖြစ်တဲ့ သတင်းက စင်ကာပူမှာ ကျင်းပတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ဂ် သတင်းတွေပါပဲ။

          အပြန်အလှန်တင်းမာမှုတွေနဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ဂ်

အာရှ-ပစိဖိတ်ဒေသတစ်ဝန်း လုံခြုံရေးကို အဓိကထားဆွေးနွေးမယ့် ရှန်ဂရီလာ ဒိုင်ယာလောဂ့်ကို စင်္ကာပူနိုင်ငံမှာ ဇွန် ၂ ရက်ကနေ ၄ ရက်အထိ ကျင်းပခဲ့ပါတယ်။ဒီဆွေးနွေးပွဲမတိုင်ခင်မှာ အခြေအနေတင်းမာနေတဲ့ အမေရိကန်နဲ့ တရုတ် စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးတွေ လူပုဂ္ဂိုလ်ခြင်းတွေ့မှာမို့လို့ ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမတိုင်ခင်မှာ အမေရိကန်ကာကွယ်ရေးတာဝန်ရှိသူတွေက ဆွေးနွေးပွဲဘေးဆွယ်အဖြစ် တရုတ်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံဖို့ ကမ်းလှမ်းပေမယ့် တရုတ်ဘက်က ပယ်ချခဲ့ပါတယ်။ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးဆိုင်ရာ ထိပ်ပိုင်းတာဝန်ရှိသူများ၊ အဆင့်မြင့်စစ်ဘက်အရာရှိကြီးများ၊ သံတမန်များ၊ စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများနှင့် လုံခြုံရေးဆိုင်ရာ အကဲခတ်များကို ဆွဲဆောင်လျက်ရှိသည့် ရှန်ဂရီလာဆွေးနွေးပွဲကို နိုင်ငံပေါင်း ၄၉ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့ပြီး အဆိုပါအစည်းအဝေးကို သြစတြေးလျဝန်ကြီးချုပ် အန်တော်နီ အယ်လ်ဘာနိစ်၏ မိန့်ခွန်းနဲ့ ဖွင့်ခဲ့ပါတယ်။

တရုတ်ဘက် အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဖို့ ငြင်းခဲ့တာနဲ့ပတ်သက်ပြီး ပေကျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ပြောရေးဆိုခွင့်ရှိသူက နှစ်နိုင်ငံစစ်တပ်အကြား အပြန်အလှန်ထိတွေ့ဆက်ဆံတာတွေ အမြဲတစေပြုလုပ်လျက်ရှိပေမယ့် လတ်တလောပြဿနာများမှာ အမေရိကန်၌သာ လုံးလုံးလျားလျား တာဝန်ရှိကြောင်း ပြောခဲ့ပါတယ်။

မေ ၃ ရက်မှာ လုပ်တဲ့ ရှန်ဂရီလာ-ဒိုင်ယာလော့ဂ် ဖိုရမ်မှာတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် ဂျေ အော်စတင်က ဘယ်မဟာမိတ်နိုင်ငံအပေါ်မှ တရုတ်ရဲ့ အနိုင်ကျင့် အကျပ်ကိုင်ခြင်းအပေါ် လက်ပိုက်ကြည့်မနေနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ရှန်ဂရီလာ ဒိုင်ယာလော့ဂ် အစီအစဉ်အရ သက်ဆိုင်ရာနိုင်ငံ ကိုယ်စားပြုသူတွေ မိန့်ခွန်းပြောကြတာဖြစ်တဲ့အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောစကားအပေါ် တရုတ်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။  

အော်စတင်ရဲ့မိန့်ခွန်းက ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို ထင်ဟပ်နေပြီး တရုတ်နဲ့ ဆက်ဆံရေးတင်းမာမှုကို ပိုပြီးအရှိန်မြှင့်သလို ဖြစ်လာစေခဲ့ပါတယ်။တရုတ်ဟာ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး တောင်တရုတ်ပင်လယ်ထဲမှာ သင်္ဘောတွေ၊ လေယာဉ်တွေ ပုံမှန်ဖြတ်သန်းလို့ နယ်မြေစိုးမိုးရေးလုပ်နေမှုအပေါ် တန်ပြန်တဲ့အနေနဲ့ ဒီလိုပြောခဲ့တာဖြစ်ပြီး အမေရိကန်ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက်တိုးမြှင့်သွားမှာဖြစ်ကြောင်းနဲ့ ဒီဒေသဟာ အားလုံးအတွက် လွတ်လပ်၊ ပွင့်လင်း၊ လုံခြုံ စွာသွားလာခွင့်ရှိတဲ့ဇုန် ဖြစ်စေရမယ်လို့ အော်စတင်က ကြုံးဝါးခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာမဟာဗျူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့ IISS စီစဉ်တဲ့ Shangri-La Dialogue နှစ်ပတ်လည် ဆွေးနွေးပွဲကြီးမှာ အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုက ထင်ဟပ်နေပြီး အထူးသဖြင့် တရုတ်ကပိုင်ဆိုင်တယ်လို့ ပြောနေတဲ့ ထိုင်ဝမ်ကျွန်းကိစ္စနဲ့ တောင်တရုတ်ပင်လယ် ရေပြင်နယ်နိမိတ် ကိစ္စတွေကြောင့် အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံးအခြေအနေကို ရောက်နေတာဖြစ်ပါတယ်။

အော်စတင်က “ရန်စကျူးကျော်မှုတွေကို တားဆီးဖို့၊ သာယာဝပြောစေဖို့နဲ့ ပဋိပက္ခတွေကို ကာကွယ်နိုင်မယ့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေ ပိုမိုခိုင်မာအောင်လုပ်ရမယ်ဆိုတဲ့ ဘုံရည်မှန်းချက်တွေရှိထားကြတဲ့အတိုင်း အရှေ့တရုတ်ပင်လယ်ကနေ တောင်တရုတ်ပင်လယ်၊ အိန္ဒိယသမုဒ္ဒရာအထိ အမေရိကန်ရဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အစီအစဉ်တွေ၊ လေ့ကျင့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်” လို့ ပြောခဲ့ပါတယ်။

ဝန်ကြီး အော်စတင် မိန့်ခွန်းထဲမှာ အခုပြောကြားခဲ့တာကို တရုတ်စစ်တပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။တရုတ်-အမေရိကန် စစ်ဘက်ဆက်ဆံရေး တိုးတက်ဖို့ အရေးကြီးတယ်ဆိုတာ တရုတ်ဘက်က အလေးထားကြောင်း လက်ရှိမှာ နှစ်ဘက်စစ်တပ်ကြား ခက်ခဲတဲ့ အခြေအနေတွေကြုံနေပြီး အမေရိကန်ဘက်မှာ လုံးဝတာဝန်ရှိတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး Jing Jianfeng က စင်္ကာပူမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောကြားသွားပါတယ်။

ဒီလို တင်းတင်းမာမာတွေပြောပေမယ့် တရုတ်နဲ့ ဆက်ဆံရေးမှာ ကာကွယ်ရေးဆိုင်ရာကဏ္ဍမှာ တာဝန်ရှိသူတွေ ဆက်ဆံဖို့ လမ်းကြောင်းတစ်ခုဖွင့်ထားသင့်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

အော်စတင်က “နှစ်နိုင်ငံအကြား ပြဿနာရပ်တွေကို စီမံဆောင်ရွက်နိုင်မယ့် ဆက်သွယ်လုပ်ဆောင်ရေးအစီအစဉ်တွေအတွက် အလေးအနက်ထား ဆွေးနွေးဖို့ကို တရုတ်ဘက်က မလိုလားတဲ့အပေါ် အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိတယ်လို့ ဆိုပါတယ်။ပဋိပက္ခတွေဖြစ်သွားစေနိုင်တဲ့ မှားယွင်းတွက်ချက်မှုတွေကို ရှောင်ရှားနိုင်ဖို့ နှစ်နိုင်ငံအကြား ဆက်သွယ်ရေးဟာ အရေးကြီးပါတယ်လို့” ပြောခဲ့ပါတယ်။ဒါပေမဲ့ အမေရိကန်ဘက်က ပြောခဲ့တာတွေကိုကြည့်ရင် လုပ်စရာရှိတာတွေကို ဆက်လုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားတာကို တွေ့ရပါတယ်။

ဇွန် ၄ ရက်မှာ တရုတ်ကာကွယ်ရေးဝန်ကြီး မိန့်ခွန်းပြောတော့ ထင်ထားတဲ့အတိုင်း တုံ့ပြန်မှုဟာ ပြင်းထန်ခဲ့ပါတယ်။အမေရိကန်ရဲ့ ပိတ်ဆို့ခံရမှုစာရင်းထဲပါခဲ့တဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖုက “တရုတ်နဲ့ အမေရိကန်အကြား ပဋိပက္ခ (သို့မဟုတ်) ထိပ်တိုက်တွေ့ခြင်းဟာ ကမ္ဘာအတွက် မခံစားနိုင်လောက်တဲ့ ကပ်ဆိုးဖြစ်မယ်ဆိုတာ အငြင်းပွားစရာမလိုဘူး” လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် အာရှ-ပစိဖိတ်ဒေသမှာ နေတိုးအဖွဲ့လိုမျိုး စစ်ရေးမဟာမိတ်ထူထောင်တာမျိုး မလုပ်ဖို့ရာ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူက သတိပေးပြောကြားလိုက်ပြီး အဲဒီလိုအဖွဲ့တွေက ဒေသတစ်ခုလုံးကို ပဋိပက္ခဝဲဂယက်ထဲ သက်ဆင်းသွားစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။လီရှန်ဖူက ကမ္ဘာစစ်ကြီးနှစ်ခုက နိုင်ငံအားလုံးအပေါ် ကြီးမားတဲ့ ဘေးဒုက္ခတွေဖြစ်စေခဲ့တယ်ဆိုတာကို မမေ့ကြဖို့နဲ့ သမိုင်းတစ်ပတ်ပြန်လည်တာကို မိမိတို့က ခွင့်ပြုလို့မရကြောင်း ပြောခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးအနေနဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ဂ်မှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထားကို ပြောခဲ့ပါတယ်။ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးက ထိုင်ဝမ်ကို မသိမ်းဘူးလို့ တာဝန်မခံကြောင်း ပြောခဲ့ပါတယ်။

လီရှန်ဖူက အနာဂတ်မှာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ၂ နိုင်ငံ ဆက်ဆံရေး တည်ငြိမ်မှုရရှိပြီး ပိုပြီးတော့မဆိုးသွားအောင် ကာကွယ်တဲ့အနေနဲ့ အမေရိကန်အနေနဲ့ ပြောတဲ့အတိုင်း ရိုးရိုးသားသားလုပ်ဖို့၊ တရုတ်နိုင်ငံနဲ့ပေါင်းပြီး ခိုင်မာတဲ့လုပ်ဆောင်ချက်တွေလုပ်ဖို့ လိုပါတယ်။တရုတ်နိုင်ငံနဲ့ အမေရိကန်တို့ကြားမှာ ကွဲပြားခြားနားမှုတွေနဲ့ အခက်အခဲတွေကို သေချာကိုင်တွယ် ဖြေရှင်းပြီးတော့ အဆင်ပြေမယ့်နည်းလမ်းကို ရှာဖွေသင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ တောင်တရုတ်ပင်လယ်ပြင်ပိုက်နက်ကိစ္စ၊ ထိုင်ဝမ်ကျွန်းအရေး၊ ယူကရိန်းပြဿနာတွေနဲ့ လုံးထွေးပတ်လည်လိုက်နေပေမယ့် တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး မိန့်ခွန်းတွေကသာ ဖုံးနေခဲ့ပါတယ်။

လက်ရှိမှာ ယူကရိန်းအခြေအနေက အဆိုးဆုံးဆီ တစစဦးတည်လာနေသလို ကမ္ဘာတစ်ဝန်း တင်းမာမှုတွေက ပိုမြင့်တက်လာနေတဲ့အတွက် မဟာအင်အားကြီးနိုင်ငံနှစ်ခုရဲ့ တင်းမာမှုက ဘယ်အထိရောက်သွားမလဲ၊ ဖြေလျှော့ပြီး ကမ္ဘာ့အခြေအနေအရပ်ရပ်အတွက် လက်တွဲလုပ်ဆောင်ဖို့ ပြင်ကြမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မင်းထက်