【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပူတင်ကို ဖမ်း၀ရမ်းထုတ်ခြင်းနှင့် အကျပ်အတည်း ဆိုးရွားလာခြင်း

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပူတင်ကို ဖမ်း၀ရမ်းထုတ်ခြင်းနှင့် အကျပ်အတည်း ဆိုးရွားလာခြင်း

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေက ရုရှားသမ္မတ ပူတင် သတင်းနဲ့ တစ်ပတ်လုံး စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။

ပူတင် သတင်းတွေက တခြားသတင်းတွေကို ဖုံးသွားတဲ့အထိတောင် ဖြစ်ခဲ့လို့ တခြားသတိထားမိစရာ သတင်းတွေဘက် သတိပြုမှုနည်းခဲ့ပါတယ်။

ဒီလိုသတင်းတွေထဲမှာ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရမ်ခန်းကို ဖမ်းဖို့ ကြိုးစားရင်း လာဟိုးမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာ၊ အာဖရိကတိုက်က မလာဝီနဲ့ မိုဇမ်ဘစ်မှာ တစ်လအတွင်း တစ်ကျော့ပြန် ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်း ဖရက်ဒီကြောင့် လူအသေအပျောက်များခဲ့တာ၊ ပီရူးနဲ့ အီကွေဒေါမှာ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့လို့ အဆောက်အဦတွေပြိုပြီး လူသေဆုံးခဲ့တာ၊ တရုတ်သမ္မတရဲ့ ရုရှားခရီးစဉ် ထုတ်ပြန်ခဲ့တာ၊ တူးဆက်ရှင်းလို့ခေါ်တဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေး (NPC) နဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အစည်းအဝေး ပြီးဆုံးသွားတာ၊ ပင်လယ်နက်မှာ အမေရိကန်ဒရုန်းတစ်စင်းကို ရုရှားက လေယာဉ်နဲ့တိုက်ပြီး ပျက်ကျအောင် လုပ်ခဲ့တာ စတဲ့ သတင်းတွေ ပါခဲ့ပါတယ်။

ဒီတစ်ပတ်ဟာ ရုရှားသမ္မတ ပူတင်အတွက် ကံမကောင်းတဲ့ ရက်သတ္တပတ်လို့ ခေါ်ရမှာဖြစ်ပါတယ်။

          ပူတင်ကို စစ်ရာဇဝတ်ကောင်အဖြစ် ထုတ်ပြန်မှု

ပြီးခဲ့တဲ့ မတ် ၁၇ ရက်က  သည်ဟိဂ်မှာ ရုံးစိုက်တဲ့ နိုင်ငံတကာရာဇ၀တ်တရားရုံးက ရုရှားသမ္မတ ပူတင်ကို စစ်ရာဇ၀တ်မှုတွေနဲ့ ဖမ်း၀ရမ်းထုတ်ခဲ့ပါတယ်။ဒီလိုဖမ်း၀ရမ်းထုတ်မှုမှာ အဓိကအကြောင်းအရာအဖြစ် ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းမြို့တွေက ကလေးတွေကို နိုင်ငံအတွင်းက နှင်ထုတ်မှုနဲ့ ရုရှားဘက်ကို ပြန်ပေးဆွဲသလို ခေါ်ဆောင်ထားမှုတွေက အဓိကကျပါတယ်။ဒီထဲမှာ စစ်ပွဲအစပိုင်းက မာရီယူပိုးလ်မှာ ကလေးငယ်တွေရှိနေတဲ့ အဆောက်အဦကို ဗုံးကြဲခဲ့တဲ့ ဖြစ်ရပ်လည်း ပါပါတယ်။

ဒီလိုဖမ်း၀ရမ်းထုတ်တဲ့ထဲမှာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မာရီယာ အလက်ဆီယဲ ဗနာလဗိုဗာ ဘယ်လိုဗာ ကိုပါလည်း ပါဝင်ပါတယ်။အဲဒီအမျိုးသမီးကတော့ ယူကရိန်းကလေးငယ်တစ်ဦးကို မွေးစားခဲ့သလို သူတို့ရဲ့လုပ်ရပ်ကို ကာကွယ်တဲ့အနေနဲ့ ပဋိပက္ခဇုန်အတွင်း စွန့်ပစ်ခံရသော မိဘမဲ့ကလေးများနှင့် ကလေးငယ်များကို ကာကွယ်ရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုအဖြစ် နိုင်ငံတကာကို လှည့်စားခဲ့ပါတယ်။ရာထူးလက်ရှိ နိုင်ငံခေါင်းဆောင်တစ်ဦးကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲမှုဟာ ပူတင်နဲ့ဆို တတိယမြောက်လို့ သိရပြီး ရှေ့နှစ်ယောက်မှာ လစ်ဗျားခေါင်းဆောင် ကဒါဖီလည်း ပါဝင်ခဲ့ပါတယ်။

ဒီလို ဖမ်း၀ရမ်းထုတ်တဲ့အပေါ် ရုရှားဘက်က တုံ့ပြန်တာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာက သမ္မတ ပူတင်ကို အိုင်စီစီ နိုင်ငံတကာရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်တာနဲ့ပတ်သက်လို့ စိတ်မဝင်စားသလို အသိအမှတ်လည်းမပြုဘူးလို့ ပြောခဲ့ပါတယ်။

ပူတင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်ကလည်း နိုင်ငံတကာရာဇ၀တ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ တရားဥပဒေနဲ့ မညီသလို ရုရှားနိုင်ငံအတွက် အရေးလည်းမပါဘူးလို့ ပြောခဲ့ပါတယ်။အိုင်စီစီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ခံထားခြင်းမရှိတဲ့အတွက် အိုင်စီစီက ပေးပို့လာမယ့် ဖမ်းဝရမ်းတွေ အသိပေးစာတွေ ဆုံးဖြတ်ချက်တွေဟာ ရုရှားနိုင်ငံအတွက် အရေးပါမယ့်အရာတွေ မဟုတ်ဘူးလို့ နှစ်ဦးစလုံးက ပြောပါတယ်။

ဒီလိုဂရုမစိုက်ဘူးလို့ ပြောပေမယ့် သဘောထားတင်းမာသည်ဟု လူသိများသည့် ရုရှားလေတပ် ဗိုလ်မှူးချုပ်ဟောင်း ဗစ်တာ အီမန်တိုဗစ်ချ်ကတော့ အိုင်စီစီ ဖမ်းဝရမ်းကို ဂရုမစိုက်ဘူးလို့ လစ်ဗျားခေါင်းဆောင် ကဒါဖီလည်း ပြောခဲ့တယ်ဆိုပြီး ပြောခဲ့ပါတယ်။

ပူတင်က သူ့ဘက်က ထောက်ခံရေးသားပေးလို့ သတင်းသမားသူရဲကောင်းဆုပေးခဲ့တဲ့ ရုရှားရုပ်/သံ သတင်းဌာန အယ်ဒီတာချုပ် မာဂရီတာ ဆီမွန်ဉာဏ်ဆိုရင် အိုင်စီစီ ဖမ်းဝရမ်းနဲ့များ သမ္မတ ပူတင်ကို ဖမ်းမယ့်နိုင်ငံရှိရင် ၈ မိနစ်လောက်အတွင်းမှာ အဲဒီနိုင်ငံမြို့တော်ကို ရုရှား နျူကလီးယားဒုံးကျည် ရောက်လာမယ်ဆိုပြီး ပြင်းပြင်းထန်ထန် ခြိမ်းခြောက်တာကို တွေ့ရပါတယ်။

တကယ်ပဲ ပူတင်ကို စစ်ရာဇဝတ်မှုနဲ့ ဖမ်းလို့ရနိုင်မလားဆိုတာ နိုင်ငံတကာမီဒီယာတွေက တွက်ချက်ဖော်ပြမှုတွေရှိပါတယ်။

ဒီလိုဖော်ပြချက်တွေကိုကြည့်ရင် ပထမဆုံးပြောနိုင်တာက ပူတင်ကို ဖမ်းဆီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။မစ္စတာ ပူတင်နဲ့ မစ္စ လဗိုဗာတို့ကို ဖမ်းဝရမ်းထုတ်ပေမယ့် စွပ်စွဲထားသူတွေကို ဖမ်းဆီးနိုင်တဲ့အာဏာ အိုင်စီစီမှာ မရှိပါဘူး။တရားရုံးနဲ့ သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေနဲ့သာ ဒီတရားစီရင်မှုကို ကျင့်သုံးနိုင်မှာဖြစ်လို့ အိုင်စီစီအဖွဲ့ဝင်နိုင်ငံတွေဆီကို ပူတင် သွားမယ်ဆိုရင်တော့ အဆိုပါနိုင်ငံတွေက ဖမ်းဆီးပေးဖို့ တာဝန်ရှိပါတယ်။

အိုင်စီစီ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ သဘောတူထားတဲ့ အဖွဲ့ဝင်နိုင်ငံ ၁၂၃ နိုင်ငံရှိနေလို့ သမ္မတ ပူတင်အနေနဲ့ အိုင်စီစီအဖွဲ့ဝင်နိုင်ငံတွေဆီကို ခရီးထွက်ဦးမလားဆိုတဲ့ မေးခွန်းကိုတော့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူတွေ မဖြေနိုင်ခဲ့ပါဘူး။ဒါဟာ အိုင်စီစီရဲ့ ဖမ်းဝရမ်းကို ရုရှားက အသိအမှတ်မပြုဘူးလို့ဆိုပေမယ့် ပူတင်အနေနဲ့ ပြည်ပခရီးတွေထွက်ဖို့ ခက်ခဲနိုင်တယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်းပြနေတာဖြစ်ပါတယ်။ဒီအချက်ကြောင့် ပူတင်ကို ဖမ်း၀ရမ်းထုတ်မှုနဲ့ ဆက်စပ်ပြီး ချက်နိုင်ငံသမ္မတ ပါဗယ်က အနည်းဆုံးတော့ ပူတင်ဘဝနဲ့ အနာဂတ်အတွက်တော့ ရှုပ်ထွေးသွားစေပါလိမ့်မယ်။အိုင်စီစီ စာချုပ်မှာ ပါဝင်နေတဲ့ နိုင်ငံလေဆိပ်တွေမှာ အစိုးရကိုယ်စားလှယ်တွေက အရင်လို စောင့်ကြိုနေမှာမဟုတ်ဘဲ သည်ဟိတ်ဂ်ကို ဖမ်းဆီးပို့ဆောင်မယ့် လူတွေကပဲ ကြိုဆိုနေတာကို ပူတင် ရင်ဆိုင်ရတော့မယ်” လို့ ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး အိုင်စီစီ ထူထောင်တဲ့ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတာ မဟုတ်တဲ့အတွက် အမှုစစ်ဖို့ တရားခံလွှဲပြောင်းပေးမှု ဖြစ်လာနိုင်ခြေနည်းပါတယ်။အိုင်စီစီအနေနဲ့လည်း ဘယ်သံသယတရားခံကိုမှ ဖမ်းချုပ်ပိုင်ခွင့် အာဏာမရှိတဲ့အပြင် ယေဘုယျအားဖြင့် စစ်ရာဇဝတ်ကစပြီး စစ်ဖြစ်နေတဲ့ တစ်နိုင်ငံအတွင်း ဥပဒေစနစ် အားနည်းတဲ့ အခြေအနေတွေကျမှ အိုင်စီစီက ဝင်ရောက် အမှုစစ်ပေးလေ့ရှိတာဖြစ်ပါတယ်။

အိုင်စီစီဟာ မတရားသော တိုက်ခိုက်မှု ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မဟုတ်ဘဲ စစ်တိုက်မှုဆိုတဲ့ ကြမ်းတမ်းစွာ စစ်ဆင်နွှဲမှုအတွက် နိုင်ငံရေးခေါင်းဆောင် တစ်ဦးတစ်ယောက်ကို တရားစွဲပိုင်ခွင့်ရှိတယ်ဆိုပေမယ့်လည်း ရုရှားက အိုင်စီစီ လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့ အတားအဆီးရှိနေပြန်ပါတယ်။

သဘောတရားအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်တိုင်က အိုင်စီစီကို စုံစမ်းစစ်ဆေးဖို့ ခိုင်းစေနိုင်ပေမယ့် ဒီကောင်စီ အမြဲတမ်းအဖွဲ့ဝင် ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပြန်ပါတယ်။ဒီလို မသေချာမရေရာတဲ့ အခြေအနေမှာ ပူတင်ကို ဘာကြောင့် ဒီလိုဖမ်း၀ရမ်းထုတ်တာလည်းဆိုတာ နိုင်ငံတကာမှ သုံးသပ်ချက်တွေ ထွက်လာပါတယ်။

သေချာတဲ့ ယူဆချက်ကတော့ လက်ရှိ တရားမဲ့ကျူးလွန်နေတဲ့ ပူတင်ရဲ့ ရုရှားစစ်တပ်ရဲ့ လုပ်ရပ်တွေ ကျူးလွန်နေမှုတွေ ရပ်တန်ဖို့နဲ့ ယခု တနင်္လာနေ့မှာ မော်စကိုကိုသွားမယ့် တရုတ်သမ္မတ၏ ခရီးစဉ်အတွင်း ဖြစ်လာနိုင်မှုတွေကို ကန့်သတ်လိုချင်းဖြစ်သည်။သို့သော် ဒုတိယယူဆချက်မှာ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ လိုလားချက်ဖြစ်သဖြင့် မည်သည့်လွှမ်းမိုးမှုများမရှိသည့် အိုင်စီစီအနေဖြင့် ထိုသို့ရည်ရွယ်ချက်ရှိဖို့ မဖြစ်နိုင်ပေ။ထို့ကြောင့် ပထမယူဆချက်ကသာ ဖြစ်ဖို့များပေသည်။သို့သော် ကြိမ်းသေပေါက် တွက်ဆလို့ မရပေ။

ပူတင်ကို အိုင်စီစီက ဖမ်း၀ရမ်းထုတ်ခဲ့သဖြင့် တရုတ်သမ္မတ၏ခရီးစဉ်မှာ စိတ်အနှောင့်အယှက်ဖြစ်လာဖို့ သေချာပေသည်။ထို့ထက်ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်မည်မှာ ကာယကံရှင် ပူတင်သာဖြစ်မည်။

ယူကရိန်းစစ်ပွဲ ထင်သလို ရလဒ်မထွက်မှု၊ ဘတ်ခ်မွတ်တွင် ရုရှားစစ်တပ်ထက် ကြေးစားစစ်တပ် ၀ဂ္ဂနာက အောင်ပွဲခံမှုကြောင့် ရုရှားစစ်တပ်နှင့် ဝဂ္ဂနာအုပ်စုကြား မသင့်တင့်မှု၊ ရုရှားစီးပွားရေး ကျဆင်းလာမှု စသည့်တို့ ကြုံနေရချိန်တွင် ချိန်ကိုက်ဖြစ်လာသည့် အိုင်စီစီ၏ ဖမ်း၀ရမ်းကြောင့် ပြည်တွင်းရှိ ပူတင်၏ ထိုင်ခုံမှာ လှုပ်လာနိုင်ခြေများလာသည်။

ထိုယူဆချက်ကို ပို၍အထောက်အကူဖြစ်စေသည်က ယခုရက်ပိုင်းအတွင်း ရုရှားသတင်းများဖြစ်သည်။ဖမ်း၀ရမ်းထုတ်ခံရပြီး နောက်တစ်ရက်မှာ ခရိုင်းမီးယားနဲ့ ရုရှားသိမ်းပိုက်ထားတဲ့ မာရီယူပိုလ်မြို့တွေကို သွားရောက်ခဲ့သလို ရုရှားအထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ သတင်းတွေ တက်လာခဲ့ပါတယ်။ဒီလိုသွားရောက်မှုတွေကို သက်ဆိုင်ရာအာဏာပိုင်တွေကို အသိပေးခဲ့ပြီး အစိုးရအဖွဲ့နဲ့ စစ်တပ်ကို အသိပေးခဲ့ခြင်းမရှိဘူးလို့ ပက်စကော့ဗ်က ပြောခဲ့ပါတယ်။     

ဒါ့အပြင် ရုရှားအထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ အလက်ဇန်ဒါး ဘေစတီကင်က မတ်လ ၁၉ ရက်နေ့မှာ ယူကရိန်းအစိုးရနဲ့ စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနိုင်မယ့် နိုင်ငံတကာရာဇဝတ်ခုံရုံး အသစ်ကို မိတ်ဆွေနိုင်ငံများနဲ့ပေါင်းပြီး ဖွဲ့စည်းမယ်ဆိုပြီး ပြောခဲ့ပြန်ပါတယ်။သမ္မတ ပူတင်ကို ဖမ်းဝရမ်းထုတ်ဖို့ သဘောတူတဲ့ ရှေ့နေတွေ တရားသူကြီးတွေကို အမြန်စုံစမ်းဖော်ထုတ်ပြီး တုံ့ပြန်အရေးယူမယ်လို့လည်း ပြောခဲ့တာကို တွေ့ရပါတယ်။

ဖမ်း၀ရမ်းထုတ်ခံရတဲ့ ပူတင်က မတ်လ ၁၉ ရက်နေ့ ရုရှားအစိုးရရုပ်သံအစီအစဉ်မှာ ရုရှားစစ်တပ်မှာ ဘယ်နိုင်ငံမှ မရှိသေးတဲ့ လက်နက်တွေရှိနေပေမယ့် အခုအချိန်မှာ ထုတ်သုံးစရာမလိုတဲ့အတွက် မသုံးသေးတာဖြစ်တယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။ဒါတွေကိုကြည့်ရင် အိုင်စီစီကထုတ်တဲ့ ဖမ်း၀ရမ်းက ရုရှားသမ္မတ ပူတင်ကို စိတ်ဖိအားပေးနိုင်ခဲ့တာကို တွေ့ရပြီး တွေဝေစေခဲ့တာကို တွေ့ရပါတယ်။  

ဒီတနင်္လာနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မော်စကိုကို ရောက်ပါတယ်။ထုတ်ပြန်ချက်တွေအရဆိုရင် ရုရှားသမ္မတ ပူတင်နဲ့ နှစ်ဦးသား သီးခြားတွေ့ဆုံရန် စီစဉ်ထားပြီး နောက်တစ်နေ့ကျမှ အစိုးရကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံကြမယ် ဆိုပါတယ်။

တရုတ်အစိုးရကတော့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံကြား ယုံကြည်မှု တိုးမြှင့်ရန်နှင့် မဟာဗျူဟာ ပူးပေါင်းဆက်ဆံရေး မြှင့်တင်ရန်ဖြစ်သည်ဟု  ထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်ကို အမေရိကန်တာဝန်ရှိသူတွေကလည်း အနီးကပ် စိုးရိမ်တကြီး စောင့်ကြည်နေတယ်လို ဆိုထားတဲ့အတွက် စိတ်ဝင်စားစရာပါ။ဖမ်း၀ရမ်းထုတ်ခံရပြီး နိုင်ငံတကာမှာ သိက္ခာကျနေတဲ့ ပူတင်အတွက် ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်က သူ့အတွက် သိက္ခာပြန်ဆယ်နိုင်မလား၊ ဘယ်လို သူပုံရိပ်ဆွဲတင်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်တဲ့အကြောင်း တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာပဲရပ်တန့်လိုက်ချင်ပါတယ်။

မင်းထက်