【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်လာတဲ့ အမေရိကန်-တရုတ် တင်းမာမှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်လာတဲ့ အမေရိကန်-တရုတ် တင်းမာမှု

ယခုတစ်ပတ် နိုင်ငံတကာမှာ အမေရိကန်နဲ့ တရုတ် တင်းမာမှု သတင်းတွေက ထိပ်ဆုံးမှာရောက်နေသလို မြောက်ကိုရီးယားက အမေရိကန်ကို စိန်ခေါ်နေတာ၊ ယူကရိန်းစစ်ပွဲမှာ နောက်ဆုံးအပြီးသတ်ဖို့ ပြင်ဆင်နေကြတာတွေနဲ့ ဒီတစ်ပတ် နိုင်ငံတကာသတင်းတွေက စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ်။

သတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတွေလည်းရှိပါတယ်။ကိုဗစ် စဖြစ်တဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ဘက်က တာဝန်ရှိသူတွေ ထိုင်ဝမ်က ရိုးရာပွဲတော်တစ်ခုကို သွားရောက်ခဲ့တာ၊ဆီးရီးယား သဲကန္တာရတစ်ခုထဲမှာ မှိုရှာနေတဲ့ အရပ်သား ၅၃ ဦးကို အိုင်အက်စ်တွေက သတ်ဖြတ်ခဲ့တာ၊ အမေရိကန်နိုင်ငံ မစ္စစ္စပီက မြို့လေးတစ်ခုမှာ လူမှုရေးပြဿနာတစ်ခုကြောင့် ပစ်ခတ်မှုဖြစ်ပြီး လူ ၆ ဦးသေဆုံးခဲ့တာ၊ ကနေဒါက အကြမ်းဖက်မှုတွေဖြစ်နေတဲ့ ဟေတီကို စစ်သင်္ဘော စေလွှတ်ခဲ့တာ၊ ရုရှားတိုက်လေယာဉ်တွေကို အလက်စကာအနီးမှာ အမေရိကန်ဂျက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားခဲ့တာ၊ ပြည်သူ့စစ်တွေ သတ်ဖြတ်လို့ ကွန်ဂိုအရှေ့ပိုင်းမှာ အနည်းဆုံး လူ ၂၀ ခန့် သေဆုံးခဲ့တာ စတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။

          ယူကရိန်းစစ်ပွဲ အဆုံးသတ်

ယခုတစ်ပတ်မှာ ယူကရိန်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတွေ ရှိခဲ့ပါတယ်။အထူးသဖြင့် ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ယူကရိန်းကာကွယ်ရေးမိတ်ဖက်အဖွဲ့ အစည်းအဝေးမှာ ယူကရိန်းဘက်က လိုအပ်နေတဲ့ လက်နက်ခဲယမ်းမီးကျောက် လုံလောက်စွာ အမြန်ဆုံးပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ဒီဆွေးနွေးမှုမှာ နေတိုးအဖွဲ့ဝင်အများစုပါဝင်တဲ့ ယူကရိန်းကာကွယ်ရေးမိတ်ဖက်တွေက လက်နက်ခဲယမ်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့ ကတိပေးခဲ့သလို ဆွေးနွေးပြီး ရက်ပိုင်းအတွင်းမှာပဲ ဒေါ်လာတစ်ဘီလီယံဖိုးရှိတဲ့ ၁၅၅ မမ လက်နက်ကျည်တွေ ထုတ်လုပ်ဖို့ လုပ်ငန်းစာချုပ်ကို အမေရိကန်စစ်တပ်က တင်ဒါခေါ်ခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ကာလအတွင်းမှာ ရုရှားက လက်နက်ကြီးပစ်ခတ်ချက် တစ်ရက်ကို နှစ်သောင်းရှိခဲ့ပြီး ယူကရိန်းဘက်က ၆,၀၀၀ နဲ့ ၇,၀၀၀ ကြား ရှိခဲ့ပါတယ်။ယူကရိန်းဘက်က ပစ်ခတ်မှုဟာ အနောက်နိုင်ငံတွေ လက်နက်ကြီးကျည် ထုတ်လုပ်မှုထက် များနေခဲ့တဲ့အတွက် ယခုအခါမှာ ခဲယမ်းမီးကျောက် ပြတ်လပ်မှုက နှစ်ဘက်လုံးမှာ ဆိုးဆိုးဝါးဝါးဖြစ်နေခဲ့ပါတယ်။ရုရှားက ဆိုက်ဘေးရီးယားမှာ ဖွင့်ထားတဲ့ လက်နက်စက်ရုံတွေကို သမ္မတဟောင်း မက်ဗီဒက်က သွားစစ်ဆေးပြီး တိုးမြှင့်ထုတ်ဖို့ တိုက်တွန်းနေသလို အီရန်၊မြောက်ကိုရီးယားဆီကနေ ရယူနေလို့ ဒီတစ်ပတ် အီးယူက ချမှတ်တဲ့ ပိတ်ဆို့မှုအသစ်ထဲမှာ အသေခံဒရုန်းတွေထုတ်တဲ့ အီရန်လက်နက်ကုမ္ပဏီတွေ ပါလာခဲ့ပါတယ်။

ယခုတစ်ပတ် ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ မြူးနစ်လုံခြုံရေးကွန်ဖရန့်မှာ   ရုရှားတို့ ကျူးကျော်တိုက်နေတဲ့ ယူကရိန်းအပေါ် နောက်ထပ် ဘယ်လိုအကူအညီတွေပေးမလဲဆိုတာ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ဒီတစ်ပတ် သောကြာနေ့က စပြီး တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့တဲ့ ၃ ရက်တာ ဆွေးနွေးပွဲမှာ ကမ္ဘာတစ်လွှားက ရာနဲ့ချီတဲ့ နိုင်ငံရေးသမားတွေ၊ စစ်တပ်တာဝန်ရှိသူတွေ၊ သံတမန်တွေ တက်ရောက်ကြပြီး အမေရိကန်က ပါတီကြီးနှစ်ရပ်က ကိုယ်စားလှယ် ၅၀ လောက် တက်ရောက်ကာ ယူကရိန်းကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ပါတီကြီးနှစ်ရပ်စလုံးရဲ့ လွှတ်တော်အမတ်အဖွဲ့က သမ္မတ ဂျိုးဘိုင်ဒင်ကို  F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို တိုက်ရိုက်စေလွှတ်ဖို့ တိုက်တွန်းနေကြပါတယ်။ယူကရိန်းက ဒီလေယာဉ်တွေရရှိရေး ကြိုးပမ်းနေပေမယ့် အမေရိကန်ဘက်ကတော့ အခုအချိန်ထိ သဘောမတူသေးပါဘူး။ဒီခေတ်မီလေယာဉ်တွေဟာ ယူကရိန်းရဲ့ ဝေဟင်ကို ထိန်းချုပ်နိုင်ရေးမှာ သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့  လွှတ်တော်အမတ် ၅ ဦးက သမ္မတ ဘိုင်ဒင်ထံ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲဟာ ယခုအခါ နိုင်ငံတကာစစ်ပွဲကြီးသဘော ဆောင်လာပါတယ်။ရုရှားက အမေရိကန်ဟာ ပဋိပက္ခထဲ အခုအခါ တိုက်ရိုက်ပါဝင်နေတယ်လို့ ဒီတစ်ပတ်မှာ ပြောခဲ့ပါတယ်။ဒါဟာ ယူကရိန်းဆီက သိမ်းထားတဲ့  ခရိုင်မီးယားကို ယူကရိန်းက ပြန်တိုက်ခိုက်နေတာကို အမေရိကန်က ထောက်ခံလိုက်တာကြောင့်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့တာပါ။မြူးနစ်ညီလာခံမှာ ရုရှားဘက်က ကျုးကျော်စစ် တစ်နှစ်ပြည့်တဲ့အချိန် နောက်ထပ်အကြီးအကျယ် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တာကြောင့်လည်း ယူကရိန်းအပေါ် ပံ့ပိုးရေး ဥရောပနိုင်ငံတွေဘက်က ပေးထားတဲ့ ကတိကဝတ်တွေကို အစည်းအဝေးမှာ ထပ်လောင်းအတည်ပြုခဲ့တာကို တွေ့ရပါတယ်။

မဟာမိတ်တွေပေးပို့ဖို့ ကတိပြုခဲ့တဲ့ တင့်ကားတွေကို ကိုင်တွယ်အသုံးပြုဖို့ ယူကရိန်းဘက်က တက်သုတ်ရိုက် သင်တန်းတွေ စေလွှတ်ခဲ့ပြီး ဒီတစ်ပတ်ထဲမှာပဲ  ပိုလန်စစ်အခြေစိုက်စခန်းကို Leopard တင့်ကား ကိုင်တွယ်တာကို သင်ဖို့  ရှေ့တန်းကနေ ယူကရိန်းစစ်သားတွေ တိုက်ရိုက်ရောက်လာခဲ့သလို အသေးစိတ်လည်း သင်ယူနေပါတယ်။ဂျာမနီနှင့် မဟာမိတ်များက  ဧပြီလလောက်တွင် ပထမဆုံးတင့်ကားတပ်ရင်းကို ပို့ပေးရန် ရည်ရွယ်ထားကြောင်း လွန်ခဲ့သောသီတင်းပတ်တွင် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘော်ရစ်ပစ်စတိုးရီးယက်စ်က ပြောကြားခဲ့ပြီး အခြားမဟာမိတ်များကလည်း ယခုနှစ်နှောင်းပိုင်းနဲ့ နောင်နှစ်မှာ တင့်ကားတွေ ပို့ပေးဖို့ ကတိပြုခဲ့တာပါ။

မြူးနစ်ညီလာခံမှာ ရုရှားကို တွန်းလှန်တိုက်ပွဲဝင်နေသည့် ယူကရိန်းကို ထောက်ပံ့မှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ ဥရောပအင်အားကြီးနိုင်ငံတွေ ကတိပြုခဲ့ပါတယ်။ပြင်သစ်သမ္မတကလည်း ဒီအချိန်က ရုရှားနဲ့ ဆွေးနွေးရမယ့် အချိန်အခါမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ဒီပြောဆိုချက်တွေကြောင့် ရုရှားဘက်က ပြင်သစ်သမ္မတကို သံတမန်ရေးရာ လှည့်စားတယ်ဆိုပြီး ပြောခဲ့ပါတယ်။

မြူးနစ်ညီလာခံကို တက်ရောက်လာတဲ့ အမေရိကန်ဒုသမ္မတ ကမလာ ဟားရစ်က ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်တိုက်နေတဲ့ ရုရှားနိုင်ငံရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ အမေရိကန်အစိုးရက တရားဝင်သတ်မှတ်ကြောင်း အဲဒီညီလာခံမှာ ကြေညာခဲ့ပါတယ်။ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့သူတွေ၊ ဒီပြစ်မှုတွေ ကျူးလွန်အောင် အမိန့်ပေးသူတွေအားလုံးအနေနဲ့ သူတို့လုပ်ရပ်အတွက် တာဝန်ခံရမှာဖြစ်တယ်လို့ အမေရိကန်ဒုသမ္မတက ပြောကြားခဲ့ပါတယ်။

အဲဒီညီလာခံမှာ ဥရောပကော်မရှင်ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်က ယူကရိန်းအတွက် အလွန်အမင်းလိုအပ်နေတဲ့ လက်နက်တွေ ပံ့ပိုးနိုင်ဖို့ ဥရောပသမဂ္ဂအနေနဲ့ လက်နက်ထုတ်လုပ်မှုတွေကို အရှိန်မြှင့်တိုးထုတ် လုပ်သင့်ပြီလို့ ပြောခဲ့ပါတယ်။ EU အနေနဲ့ အသင့်ဖြစ်အောင်ပြင်ထားတဲ့ လက်နက်တွေ လျော့မသွားအောင်၊ ဒါမှမဟုတ် ၁၅၅ မမ အမြှောက်ဆံလို လက်နက်တွေကို ယူကရိန်းကို ပို့ဆောင်နိုင်အောင် လတွေ နှစ်တွေနဲ့ချီ စောင့်မနေနိုင်ဘူးဆိုတာကို ဥရောပကော်မရှင်ဥက္ကဋ္ဌက ထောက်ပြပြောသွားပါတယ်။

NATO အဖွဲ့အကြီးအကဲ ဂျန်းန် စတိုလန်ဘချ်ကလည်း NATO အဖွဲ့ကို ချဲ့ထွင်ဖို့ အချိန်ရောက်နေပြီလို့ ညီလာခံမှာ ပြောကြားခဲ့သလို ယူကရိန်းအပေါ် ရုရှားတို့ ဝင်ရောက်စစ်တိုက်တာကို တရုတ်က အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောခဲ့ပြီး ဥရောပမှာ ဒီနေ့ဖြစ်နေတာက အာရှမှာ မနက်ဖြန် ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

သတင်းတွေအရ ရုရှားဘက်မှာ ယူကရိန်းစစ်ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်တွေကို ပြောင်းလဲနေသလို ရုရှားစစ်တပ်ကို ချေချင်းညှာနဲ့ ဝက်ဂနာကြေးစားစစ်အုပ်စုက လွှမ်းမိုးဖို့ ကြိုးစားနေတယ်ဆိုပြီး သတင်းတွေထွက်နေလို့ ငြင်းဆိုတာတွေလည်း ဖြစ်နေပါတယ်။

ရုရှားရဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်ကတော့ အခြားနိုင်ငံတစ်နိုင်ငံက ဘီလာရုစ်ကို လာတိုက်ခိုက်မယ်ဆိုရင် မဟာမိတ်ရုရှားနဲ့အတူ တိုက်ခိုက်ဖို့  မိမိတပ်ဖွဲ့တွေကို ညွှန်ကြားမယ်ဆိုပြီး အကြောင်းမဲ့ ထုတ်ပြောခဲ့ပါတယ်။ရုရှားနဲ့ ကပ်နေတဲ့ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယားတို့ကို အကာအကွယ်ပေးရန် အဆင်သင့်ရှိနေပြီး ဘောလ်တစ်ဒေသမှာ အမေရိကန်စစ်တပ်ကို ဆက်လက်ထားရှိမယ်လို့ အက်စတိုးနီးယားကိုရောက်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ဒီတစ်ပတ်မှာ ပြောခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲဟာ လက်ရှိမှာ ရုရှားဘက်က ဝေဟင်ကနေ ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်ပြီး မြေပြင်မှာ ယူကရိန်းအရှေ့ပိုင်း ဘတ်ခ်မွတ်ကို ဝက်ဂနာအုပ်စုက တိုက်ခိုက်နေတာဖြစ်လို့ ရုရှားဘက်က ကျဆုံးမှုက ကြီးမားနေတယ် ဆိုပါတယ်။ရေရှည်မှာ ရုရှားကျဆုံးဖို့က သေချာနေတာမို့ ဘယ်နိုင်ငံတွေ ရုရှားဘက်က ပါလာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

          ပူဖောင်းကနေ စခဲ့တဲ့ အမေရိကန်-တရုတ် တင်းမာမှု

ဒီတစ်ပတ် သောကြာနေ့က စခဲ့တဲ့ မြူးနစ်လုံခြုံရေးကွန်ဖရန့်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ တရုတ်ထိပ်တန်းသံတမန် ဝမ်ယိတို့ ညီလာခံပြင်ပမှာ တွေ့ခဲ့ပါတယ်။ဒါဟာ အမေရိကန်ဘက်က သူလျှိုပူဖောင်းလို့ စွပ်စွဲပြီး တရုတ်ဘက်က သုတေသန မိုးလေဝသပူဖောင်းလို့ပြောတဲ့ လေပူဖောင်းတစ်လုံး ပစ်ချခံရတဲ့ ဖြစ်ရပ်အပြီးမှာ ပထမဆုံးတွေ့တာဖြစ်ပါတယ်။

အမေရိကန်ဘက်က ထုတ်ပြန်ချက်မှာတော့ ဘလင်ကန်က အမေရိကန်ဝေဟင်ကို တရုတ်က ထောက်လှမ်းရေး မိုးပျံပူဖောင်း လွှတ်တင်တာမျိုး ထပ်မလုပ်ဖို့ ပြောကြားခဲ့တယ်လို့ဆိုပြီး အမေရိကန်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဆိုင်ရာ ဘယ်လိုချိုးဖောက်မှုကိုမှ လက်ခံမှာမဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက တွေ့ဆုံပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။     

တရုတ်မီဒီယာ ဖော်ပြချက်တွေမှာတော့ တရုတ်ထိပ်တန်းသံတမန် ဝမ်ယိက ဘလင်ကန်ကို တရုတ် အရပ်ဘက် မိုးပျံပူဖောင်းတစ်စင်း ပစ်ချတာဟာ အင်အားအလွန်အကျွံသုံးခြင်းဖြစ်ပြီး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာအရပ်ဘက်လေကြောင်းပဋိဉာဉ်တို့နှင့် ဆန့်ကျင်နေတယ်လို့ ပြောခဲ့တယ်ဆိုပြီး တရုတ်လေပိုင်နက်မှာ အမေရိကန်က မိုးပျံပူဖောင်းများ ပျံသန်းခဲ့ဖူးခြင်းရှိသောကြောင့် တရုတ်အား စွပ်စွဲရန် အခွင့်အရေးမရှိဘူးလို့ ပြောခဲ့တယ် ဆိုပါတယ်။

ဝမ်ယိက ယူကရိန်းပြဿနာမှာ အမေရိကန်အနေနဲ့ ယူကရိန်းပဋိပက္ခတွင် မီးလောင်ရာ လေပင့်နေကာ အကျိုးယူနေခြင်းထက် နိုင်ငံရေးအရ အဖြေရှာရန် တိုက်တွန်းသင့်တယ်လို့ ပြောခဲ့ပြီး တရုတ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကောင်အထည်ဖော်ရေးအတွက် အပြုသဘောဆောင်သောကဏ္ဍမှ ပါဝင်နေတယ် ပြောခဲ့ပါတယ်။ထိုင်ဝမ်ရေလက်ကြားအရေးနှင့်ပတ်သက်ပြီး ဝမ်ယိက ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်မည်ဖြစ်ပြီး တရုတ်တစ်ပြည်ထောင်မူဝါဒကို လက်တွေ့ဖော်ဆောင်မယ်လို့ အမေရိကန်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ် ဆိုပါတယ်။

ဝမ်ယိနဲ့ တွေ့ဆုံမှုမှာ တရုတ်ရဲ့ ထောက်လှမ်းရေး မိုးပျံပူဖောင်း အမေရိကန်လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တဲ့ လုပ်ရပ်အတွက် တရုတ်ထိပ်တန်းသံတမန်ကို တောင်းပန်တာမရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောခဲ့သလို နောက်ထပ်မလုပ်ဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယူကရိန်းနဲ့ ရုရှား အပစ်ရပ်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ အဆိုပြုတင်ပြမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့အပြောအပေါ် သံသယရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောခဲ့တယ် ဆိုပါတယ်။

လက်ရှိအနေအထားမှာ အပစ်ရပ်ဖို့ ပြောဆိုနေတာဟာ ရုရှားကို အနားရဖို့ နောက်ထပ် ထိုးစစ်တွေ ဆင်နွှဲဖို့ လက်နက်နဲ့ လူအင်အား ပြန်လည်စုစည်းဖို့ အချိန်ပေးဖို့ပဲဖြစ်မယ်လို့ ဘလင်ကန်က ဆိုပါတယ်။

လောလောဆယ် စစ်မြေပြင်မှာ ရုရှားတွေ အခြေအနေမကောင်းဘူးဆိုတာကို ပူတင်က သိနေသလို ရုရှားတပ်တွေအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းပြင်ဆင်ဖို့ အချိန်လိုတယ်ဆိုတာကိုလည်း ပူတင်က ကောင်းကောင်းသဘောပေါက်နေတယ်လို့ ဘလင်ကန်က ပြောပါတယ်။

အပစ်ရပ်ပြီး ဆွေးနွေးဖို့ ပြောနေပေမယ့် သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေနဲ့ပတ်သက်လို့ ဘယ်တော့မှဆွေးနွေးမှာ မဟုတ်ဘူးဆိုတဲ့ ပူတင်ရဲ့ အပြောကို အားလုံးမမေ့ဖို့ လိုတယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။

သိမ်းပိုက်ခံ နယ်မြေတွေ ပြန်မရသရွေ့ ယူကရိန်းမှာ ရေရှည်ခိုင်မြဲမယ့် ငြိမ်းချမ်းရေးမရနိုင်ဘူးလို့လည်း ဘလင်ကန်က ပြောပါတယ်။

ပူတင်ရဲ့ ရည်ရွယ်ချက်ဟာ အပစ်ရပ်ပြီး အင်အားစု လက်နက်စုပြီး နောက်တစ်ကြိမ် တိုက်ပွဲတွေဖန်တီးဖို့ပဲဖြစ်တာမို့ လက်ရှိအနေအထားမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ပြောတာတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဘလင်ကန်က ပြောသွားပါတယ်။

ဒါ့အပြင် အမေရိကန်ရုပ်သံ NBC ရဲ့ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ မေးမြန်းခန်းမှာ ဘလင်ကန်က တရုတ်နိုင်ငံဟာ ရုရှားကို လက်နက်ခဲယမ်းတွေပေးဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ယူဆထားပြီး ရုရှားနဲ့ စစ်ရေးအရ တရုတ်က ပါဝင်ပတ်သက်လာမယ်ဆိုရင် ပြဿနာအကြီးအကျယ် ဖြစ်လာနိုင်ကြောင်း ပြောခဲ့ပါတယ်။

အမေရိကန်က နီးနီးကပ်ကပ် စောင့်ကြည့်လာခဲ့ရာမှာ တရုတ်နိုင်ငံက ရုရှားကို နိုင်ငံရေး၊ သံတမန်ရေး အားပေးထောက်ခံမှုတွေ တွေ့ရသလို ယူကရိန်းစစ်ပွဲမှာ ရုရှားကို စစ်လက်နက်အကူအညီပေးဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်စရာဖြစ်ရကြောင်း ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ ဒီလိုတင်းတင်းမာမာ သတိပေးမှုကို တရုတ်ဘက်က အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

တရုတ်ရှိရာ အရှေ့အာရှမှာ ဒီရက်ပိုင်း မြောက်ကိုရီးယားက သူ့ရဲ့နာမည်ကျော် ဟွာယောင်းဒုံးကျည်ကို ဂျပန်ပင်လယ်ပြင်ထဲ စမ်းသပ်ပစ်လွှတ်ခဲ့သလို အမေရိကန်ဘက်ကလည်း တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို လုပ်ခဲ့ပါတယ်။

နောက်တစ်ရက်မှာ မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ထပ်ပစ်ပြီး အမေရိကန်ကို မိမိကိုယ်ကိုခုခံဖို့ ပြင်ထားဖို့ ပြောခဲ့ပါတယ်။

နိုင်ငံတကာမှာ စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေက လှန့်လုံးတွေဖြစ်ခဲ့ပေမယ့် ဒီတစ်ခါကတော့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်နေလို့ စိတ်ဝင်စားစရာ အခြေအနေပါပဲ။

အမေရိကန်နဲ့ တရုတ်အကြား၊ အမေရိကန်နဲ့ ရုရှားကြား၊ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မင်းထက်