【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်သော ကိုဗစ်မျိုးကွဲနှင့် တောက်လုလု စစ်မီးများ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်သော ကိုဗစ်မျိုးကွဲနှင့် တောက်လုလု စစ်မီးများ

ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းတွေထဲမှာ ဂရိတောမီးသတင်းက ကြောက်စရာလန့်စရာကောင်းအောင် မြင်တွေ့နေရပြီး အာရှတလွှားမှာ ကိုဗစ်ဗီဇပြောင်းမျိုးကွဲတွေ ကူးစက်တိုက်ခိုက်မှုကြောင့် သေဆုံးမှုက ပြင်းပြင်းထန်ထန်ဖြစ်နေသလို မူလစတင်ကူးစက်ရာ ၀ူဟန်မှာပြန်ဖြစ်နေလို့ တက်သုတ်ရိုက်စစ်ဆေးနေတဲ့ သတင်းတွေကိုလည်း ဖတ်နေရပါတယ်။

အာဖဂန်နစ္စတန်မှာ ပြည်နယ်မြို့တော်တစ်ခုကို တာလီဘန်တွေ ပထမဆုံးသိမ်းပိုက်လိုက်ပြီး၊ မြို့တော် ကဘူးလ်မှာလည်း အရေးပါတဲ့ အစိုးရအရာရှိတစ်ဦးကို လုပ်ကြံလိုက်တဲ့သတင်း၊ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်အစီအစဉ်တွေ ဆက်လက်လုပ်ဆောင်နေတာကို  ကုလသမဂ္ဂ လျှို့ဝှက်အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့သတင်း၊ အာဖဂန်နစ္စတန်နိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် သေကြေထိခိုက်မှုနဲ့ ထိခိုက်ပျက်စီးမှုတွေများလာနေလို့ ကုလအထူးသံတမန်က သတိပေးခဲ့တဲ့သတင်း၊ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုကို အစိုးရက ကောင်းကောင်းမကိုင်တွယ်နိုင်လို့ ဆန္ဒပြသူတွေက ထိုင်းဝန်ကြီးချုပ်နုတ်ထွက်ဖို့ တောင်းဆိုနေတဲ့သတင်း၊ ရုရှားအာဏာပိုင်များ၏ ကန့်သတ်ချက်များကြောင့် ရုရှားအထွေထွေရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူတွေ မစေလွှတ်တော့ဘူးလို့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူ (OSCE) တွေက ပြောလိုက်တဲ့သတင်း၊ တရုတ်အတွက် သူလျှိုလုပ်မှုနဲ့ ဂျာမန်အကြံပေးပညာရှင်အဖွဲ့ အကြီးအကဲရဲ့ ဇနီးကို ဂျာမန်အာဏာပိုင်တွေက တရားစွဲဆိုလိုက်တဲ့သတင်း စတဲ့ သတင်းအချို့လည်းရှိခဲ့ပါတယ်။

ဒီသတင်းတွေထဲကနေ ကိုဗစ်ဗီဇပြောင်း ဗိုင်းရပ်စ်တွေသတင်းက စိတ်ဝင်တစားစောင့်ကြည့်ဖို့လိုနေသလို တောင်တရုတ်ပင်လယ်ထဲ အခင်းအကျင်းကလည်း စိတ်ဝင်စားစရာကောင်းနေတဲ့အတွက် ဒီတစ်ပတ်မှာ ဒီသတင်းနှစ်ခုကသာ စောင့်ကြည့်ရမယ့် သတင်းတွေဖြစ်ခဲ့ပါတယ်။

ပြင်းထန်လာတဲ့ ကိုဗစ်မျိုးကွဲများ

တရုတ်သမ္မတက ကာကွယ်ဆေးအလုံးရေ နှစ်ဘီလျံထောက်ပံ့သွားမယ်ဆိုပြီး ကတိကဝတ်ပြုနေချိန်မှာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူအရေအတွက်က ၂၀၃ သန်းကျော်လာပြီး သေဆုံးသူအရေအတွက်က ၄ ဒသမ ၃ သန်းကျော်လာနေခဲ့ပြီဖြစ်ပါတယ်။

အိန္ဒိယမှာ သေဆုံးသူစံချိန်တင်ခဲ့ပြီး အမေရိကန်နောက် ဒုတိယအများဆုံးဖြစ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်း ဒယ်လ်တာမျိုးကွဲဗိုင်းရပ်စ်ကြောင့် အာရှနဲ့ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှုပြန်လည်မြင့်တက်လာပြီး သေဆုံးသူကလည်းတိုးလာနေတဲ့အတွက် ကာကွယ်ဆေးထိုးမှုမှာ ရှေ့တန်းကဦးဆောင်နေတဲ့ နိုင်ငံတွေမှာတောင် ဒယ်လ်တာကို ဟန့်တားနိုင်ဖို့အတွက် အလျင်အမြန်လော့ခ်ဒေါင်းချတာတွေ ပြန်လုပ်နေရပြီဖြစ်ပါတယ်။လက်ရှိ ကာကွယ်ဆေးထိုးနှံမှုခ အများဆုံးဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်မှာ ကူးစက်မှုတွေ ပြန်လည်မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ အခုအခါမှာတော့ ကျန်းမာရေးဝန်ဆောင်မှု၊ ဆေးရုံကုတင်၊ ပစ္စည်းကိရိယာတွေနဲ့ အောက်ဆီဂျင်ပြတ်တောက်မှုတို့ကြောင့် ရုန်းကန်နေရပါတယ်။
အရှေ့တောင်အာရှမှာတော့ ဒယ်လ်တာဗိုင်းရပ်စ်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရကာ ကူးစက်မှုနဲ့ သေဆုံးနှုန်းတွေ လျင်မြန်စွာမြင့်တက်လာနေပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့မှာလည်း ကိုဗစ်ကူးစက်မှုနှုန်း တိုးမြင့်နေလို့  Lockdown ထပ်ချရတာတွေ၊ အရေးပါတဲ့ စင်တာတွေ၊ စက်ရုံတွေ ပိတ်ပစ်ရတာတွေ လုပ်ခဲ့ရပါတယ်။

ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ တစ်ရက်ကို  ၅ သောင်းကျော်အထိ အမြင့်ဆုံးကူးစက်ခဲ့လို့ လက်ရှိမှာ အိန္ဒိယကိုကျော်လွန်ပြီး အာရှရဲ့ ကူးစက်ရောဂါဗဟိုချက် ဖြစ်လာနေပါတယ်။

စပိန်၊ ဗြိတိန်၊ စင်ကာပူတို့လို နိုင်ငံတွေမှာလည်း ကိုဗစ်ဖြစ်ပွားမှုအသစ်တွေရှိနေပြီး အမေရိကန်မှာဆိုရင် ပြီးခဲ့တဲ့ဆောင်းရာသီနောက်ပိုင်း အမြင့်ဆုံးအဖြစ် တစ်ရက်ကို တစ်သိန်းလောက်ထိရှိလာခဲ့ပါတယ်။ကူးစက်မြန် ဒယ်လ်တာကြောင့် သြစတြေးလျှမှာ စံချိန်တင်ကူးစက်ခဲ့လို့ နယူးဆောက်ဝေးပြည်နယ်မှာ ကူးစက်မှုတွေ နောက်ထပ်မပြန့်အောင် လူတွေကို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းနေရပါတယ်။အင်္ဂလန်နိုင်ငံမှာဆိုရင် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူ ရာနဲ့ချီပြီး ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံခဲ့ရကာ ဆေးရုံတင်ခဲ့ရတာတွေရှိခဲ့လို့ ဆေးကို နောက်တစ်ကြိမ်ထပ်ထိုးပေးဖို့အထိ ကျန်းမာရေးအာဏာပိုင်တွေက စဉ်းစားနေရတဲ့အနေအထား ဖြစ်နေပါတယ်။ဒီလိုတတိယအကြိမ်ထိုးဖို့ကြံတာကို WHO ကလည်း ကန့်ကွက်နေပြီး ကာကွယ်ဆေး လုံး၀မထိုးရသေးတဲ့နိုင်ငံတွေက ပြည်သူတွေကိုဦးစားပေးဖို့ ဆော်ဩနေတာကိုလည်း တွေ့နေရပါတယ်။

လက်ရှိမှာ ကိုဗစ်မျိုးကွဲ ဒယ်လ်တာကြောင့် ကူးစက်မှုတွေက ကာကွယ်ဆေးထိုးထားမှု အမြင့်ဆုံးရှိနေတဲ့ နိုင်ငံတွေတောင် ပြန်ပြီးကူးစက်နေလို့ ကိုဗစ်စတင်ကူးစက်မှုတွေ့ရှိခဲ့ရာ ၀ူဟန်မှာဆိုရင် ကူးစက်မှုပြန်လည်တွေ့ရှိမှုကြောင့် အင်္ဂါနေ့ကစပြီး မြို့ကိုပိတ်ကာ မြို့လူဦးရေ ၁၁ သန်းကျော်ကို ကူးစက်မှု ရှိ/မရှိ ပြန်စစ်ဆေးခဲ့ရတဲ့အထိပါဘဲ။လက်ရှိတွေ့ရှိမှုတွေအရ ကိုဗစ်မျိုးဗီဇပြောင်းတွေက ထိုးဖောက်ဝင်ရောက်နိုင်ဖွယ်ရာမရှိဟု ထင်ရတဲ့ တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ အမာခံတံတိုင်းကို ရုတ်တရက်ထိုးဖောက်ပြီး နိုင်ငံအတွင်း အဆိုးရွားဆုံး ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ဇူလိုင်အစောပိုင်းက နန်ယင်းလေဆိပ်မှဝင်ရောက်တဲ့ ရုရှားကလာတဲ့ လေယာဉ်ခရီးစဉ်ကနေ စကူးခဲ့ပြီး နောက်ပိုင်းမှာ မြန်မာနယ်စပ် ယူနန်ကနေဝင်လာတဲ့ တရုတ်နိုင်ငံသား ဒေသခံတွေမှာလဲ ဒယ်လ်တာမျိုးဗီဇကွဲကို တွေ့ခဲ့ရတာဖြစ်ပါတယ်။  

ဒယ်လ်တာမျိုးဗီဇကွဲက ကာကွယ်ဆေးထိုးနှံမှုနှုန်းနည်းပါးတဲ့ အာရှနိုင်ငံတွေနဲ့ လက်တင်အမေရိကနိုင်ငံတွေမှာ ပိုအထိနာခဲ့ပါတယ်။
ဆေးသုတေသနတွေ့ရှိချက်တွေအရဆိုရင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားတဲ့သူတွေဟာ ဒယ်လ်တာကြောင့် ပြင်းထန်တဲ့ရောဂါနဲ့ သေဆုံးမှုတွေကနေ ကောင်းကောင်းကာကွယ်ပေးနိုင်တာကို ပြသခဲ့တယ်လို့ဆိုပြီး ကိုဗစ်ကူးစက်ခံရပြီးမှ ကာကွယ်ဆေးထိုးသူတွေမှာ ပိုကောင်းခဲ့တဲ့ ကိုယ်ခံအားနဲ့ ကာကွယ်မှုကိုရရှိတယ် ဆိုထားတဲ့အတွက် ကာကွယ်ဆေးမဖြစ်မနေထိုးဖို့က ကမ္ဘာနဲ့အဝန်း အရေးကြီးနေပြီဖြစ်ပါတယ်။

လက်ရှိမှာ ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ကာကွယ်ဆေးလိုအပ်ချက်က မမျှမတဖြစ်နေပြီး အတော်လေးကွာဟချက်ကြီးနေတဲ့အတွက် WHO ရဲ့ Covax ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထောက်ပံ့ရေးစီမံချက်က ဆင်းရဲတဲ့နိုင်ငံတွေနဲ့ အလယ်အလတ်နိုင်ငံတွေအတွက် အတော်လေးကို အရေးပါနေတဲ့အနေအထား ဖြစ်နေပါတယ်။ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေးကို တတိယတစ်လုံးထိုးပေးဖို့ စီမံနေတဲ့အတွက် နိုင်ငံတိုင်းမှာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းထိ ကာကွယ်ဆေးထိုးရဖို့အတွက် စက်တင်ဘာလအထိ တတိယမြောက်ကာကွယ်ဆေးထိုးပေးတာကို ဆိုင်းငံထားပေးဖို့ WHO အကြီးအကဲ တက်ဒရို့စ် က တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။  

ကိုဗစ်မျိုးကွဲ ဒယ်လ်တာကြောင့် ကမ္ဘာတစ်ဝန်း ပြန်ပြီးလော့ခ်ဒေါင်းချရတာတွေ သေဆုံးမှုနှုန်းတက်လာတာတွေအထိ ကိုဗစ်ကူးစက်မှုလှိုင်း တစ်လှိုင်းပြီး တစ်လှိုင်း ဖြစ်နေတာက ဘယ်တော့ရပ်တန့်နိုင်မလဲဆိုတာ မျှော်လင့်လို့မရနိုင်သေးခင်မှာဘဲ တောင်အမေရိကမှာ ကိုဗစ်မျိုးကွဲ နောက်တစ်မျိုးဖြစ်တဲ့ Lambda မျိုးကွဲဗိုင်းရပ်စ် ပျံ့နှံ့လာလို့ ကျန်းမာရေးပညာရှင်တွေက အာဏာပိုင်တွေကို သတိပေးနေရပြီဖြစ်ပါတယ်။ဒီမျိုးကွဲဗိုင်းရပ်စ်အသစ် က တရုတ်နိုင်ငံ၊ ဝူဟန်မှာတွေ့ရှိခဲ့တဲ့ မူလဗိုင်းရပ်စ်ထက် ကာကွယ်ဆေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိနေတဲ့အတွက် ထိတ်လန့်စရာပါ။တကယ်လို့ ကိုဗစ်မျိုးကွဲ ဒယ်လ်တာထက် Lambda မျိုးကွဲဗိုင်းရပ်စ်က  သုတေသီတွေ တွေ့ရှိခဲ့တဲ့အတိုင်း ကာကွယ်ဆေးတွေကို ပိုမိုခံနိုင်ရည်ရှိခဲ့မယ်ဆို ကမ္ဘာ့အတွက် ကပ်ဘေးသတင်းဆိုးဖြစ်လာဖို့ရှိနေပါတယ်။

ဒီလိုဆိုးဝါးတဲ့ ကပ်ဆိုးက ထပ်ဖန်တလဲလဲ မပြီးနိုင်မစီးနိုင် ကူးစက်နေတဲ့အခါ ဒီလိုကပ်ဘေးဖြစ်လာအောင် လူတွေက သဘာ၀ဂေဟစနစ်ကိုဖျက်ဆီးလို့ ဖြစ်လာတာလား လူတွေက အကျိုးစီးပွားအတွက် ဖန်တီးတာလားဆိုတာ နှစ်ကာလကြာတဲ့အခါမှ  သိလာရမယ်ထင်ပါတယ်။

တောက်လုလု စစ်မီး

အိုမန်ပင်လယ်ကွေ့မှာ သွားလာနေတဲ့ အစ္စရေးရေနံတင်သင်္ဘောကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ သင်္ဘောပေါ်ပါ ဗြိတိန်လုံခြုံရေးဝန်ထမ်းနဲ့ ရိုမေးနီးယားသင်္ဘောဝန်ထမ်း စုစုပေါင်းနှစ်ဦးသေဆုံးခဲ့လို့ တောင်တရုတ်ပင်လယ်ထဲ ဗြိတိန်၏ နောက်ဆုံးပေါ် လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ဦးဆောင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စု ဝင်လာတဲ့သတင်းက တခဏတာ လူတွေစိတ်ဝင်စားမှုအာရုံကနေ ပျောက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်ခဲ့မှုက အတော်လေးစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ဇူလိုင် ၂၉ ရက်ကဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်ခဲ့မှုမှာ အီရန်ပါဝင်ပတ်သက်တဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေရှိတယ်ဆိုပြီး အစ္စရေးဘက်ကပြောခဲ့ပေမယ့် အီရန်ဘက်ကတော့ ပယ်ချခဲ့ပါတယ်။

အမေရိကန်ဘက်ကလည်း အစ္စရေးနှင့်အတူ ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးမယ်ဆိုပြီး အိမ်ဖြူတော်ကနေ စာထုတ်ခဲ့တာကို တွေ့ရပါတယ်။
အစ္စရေးကုမ္ပဏီပိုင် ရေနံတင်သင်္ဘောကို ဒရုန်းနဲ့တိုက်ခိုက်မှုမှာ အီရန်ကနောက်ကွယ်ကနေရှိနေမယ်ဆိုတာ နိုင်ငံတကာက သိထားပါတယ်။
ဒီဒေသမှာ ဒီလိုပဲ နှစ်ဖက် အရပ်ဖက်သင်္ဘောတွေကို အပြန်အလှန်တိုက်နေကြလို့ သိပ်မထူးဆန်းပေမယ့် ယခုလို လူသေဆုံးတဲ့အထိ တိုက်ခိုက်မှုဖြစ်တဲ့အခါ အီရန်အနေနဲ့ လက်တုံ့ပြန်ခံရမှာကို စိုးရိမ်နေပုံရပါတယ်။ဒါကြောင့်လည်း သူ့လက်ချက်မဟုတ်ဘူးဆိုပြီးငြင်းသလို အီးယူ၊ အမေရိကန်နဲ့ ဗြိတိန်တို့က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကြပါတယ်။ကမ္ဘာတစ်ဝန်းက အီရန်ကို အစ္စရေးဘက်က ဘယ်လိုလက်တုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်နေကြချိန်မှာဘဲ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ငြိမ်သက်နေတဲ့ ဗြိတိန်နဲ့ ဂျာမနီတို့ရဲ့ စစ်သင်္ဘောအုပ်စုကြီး တောင်တရုတ်ပင်လယ်ထဲဝင်လာသလို ဗြိတိန်၊ ဂျာမနီ၊ အမေရိကန်နဲ့ Quad တပ်တွေနဲ့ အင်ဒို-ပစိဖိတ် ဒေသမှာ ကမ္ဘာ့စစ်အင်အားအများဆုံး ရောက်နေခဲ့ပါတယ်။ဗြိတိန်လေယာဥ်တင်သင်္ဘောသစ် HMS Queen Elizabeth တောင်တရုတ်ပင်လယ်ထဲဝင်လာတာကို တရုတ်ဘက်က သတိပေးချက်ထွက်လာချိန်မှာ ဂျာမနီက ဒီဒေသကို စစ်သင်္ဘောတစ်စင်း စေလွှတ်ခဲ့တာပါ။ဒါဟာ ဂျာမနီအတွက် ဆယ်စုနှစ်နှစ်စုစာအတွင်း ပထမဆုံးအကြိမ်ဖြစ်သလို စစ်ရေးအရ ရေတပ်အင်အားကြီးနိုင်ငံတွေလို့ သတ်မှတ်လို့ရတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ ဒီဒေသထဲရောက်နေတာ အတော်လေးစိုးရိမ်စရာ အခြေအနေပါပဲ။

ဒီကြားထဲ မကြာခင်ကမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် လူကိုယ်တိုင်သွားရောက်ခဲ့တဲ့  အိန္ဒိယက သူ့ရဲ့စစ်သင်္ဘော ၄ စင်းကို တောင်တရုတ်ပင်လယ်အပါအဝင်၊ အရှေ့တောင်အာရှနဲ့ အိန္ဒိယသမုဒ္ဒရာမှာ နှစ်လကြာ ရေတပ်ဖြန့်ချထားမယ်ဆိုပြီး ဩဂုတ် ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ ဘလင်ကန်ခရီးစဉ်ရဲ့ သဘောတူညီမှုတစ်ခုအဖြစ် နိုင်ငံတကာက ရှုမြင်ကြပါတယ်။

တကယ်ပဲ ဒီဒေသအတွင်းမှာ စစ်ပွဲတစ်ခုဖြစ်ဖို့ ဦးတည်နေပြီလားဆိုတာ စဉ်းစားချင်စရာပါ။အကုန်လုံးကို ပြန်ခြုံကြည့်မယ်ဆိုရင် အမေရိကန်မှာ ထရမ့်အလွန် ဘိုင်ဒင်လက်ထက်မှာ အာရှ-ပစိဖိတ် ဒေသတွင်း အမေရိကန်ရဲ့ ဒီပလိုမေစီကြောင့်  တရုတ်ဆန့်ကျင်ရေး အရှိန်အဟုန်မြင့်တက်လာသလို ဒီဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေရဲ့ တရုတ်အပေါ် ထားတဲ့ သဘောထားကလည်း ထရမ့်လက်ထက်တုန်းကလိုမဟုတ်ဘဲ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လာနေတာ (ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား) ကို တွေ့ရသလို ဒေသတွင်း စစ်ရေးတည်ဆောက်မှုတွေ မြင့်တက်လာနေတာကိုလည်း  စိုးရိမ်စရာတွေ့ရပါတယ်။

ဂျပန်ဆိုရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်အင်အားပြန်တည်ဆောက်နေတာကိုတွေ့ရသလို တောင်တရုတ်ပင်လယ်ထဲမှာ အစဉ်အလာအရ စစ်ပွဲဖြစ်ရဲတဲ့ ‘ဇ’ ရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ အနောက်အုပ်စုက စစ်သင်္ဘောတွေ အများစုရောက်ရှိနေတာ စိတ်မသက်မသာဖြစ်ဖွယ်ပါပဲ။

လက်ရှိအချိန်အထိ တောင်တရုတ်ပင်လယ်ထဲမှာ အမေရိကန်ရေတပ်အုပ်စု တစ်ခုထက်ပိုပြီးရှိနေသလို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အိန္ဒိယရေတပ်က စစ်သင်္ဘောတွေ၊ နယူးဇီလန်၊ ဩစတြးလျှနဲ့ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေက စစ်သင်္ဘောတွေရှိနေသလို အိန္ဒိယရေတပ်စစ်သင်္ဘောတွေလည်းဝင်ထွက်လာမယ့် မကြာခင် မလက္ကာစစ်ရေးလေ့ကျင်မှုထဲပါဝင်မယ်ဆိုတဲ့အတွက် ဒီတောင်တရုတ်ပင်လယ်အနီးတစ်၀ိုက် စစ်ရေးလေ့ကျင့်တွေက သာမန်ထက်ပိုပြီး ရည်ရွယ်ချက်ရှိနေမှာ အသေအချာပါပဲ။ပြီးခဲ့တဲ့ ဇွန်လမှာ အမေရိကန်လေယာဉ်တင်သင်္ဘော USS Ronald Reagan ဦးဆောင်တဲ့  လေယာဉ်တင်သင်္ဘောအုပ်စုက ပုံမှန်စစ်မစ်ရှင်တစ်စိတ်တစ်ပိုင်းအဖြစ် တောင်တရုတ်ပင်လယ်ထဲဝင်ရောက်ခဲ့သလို ယခုလမှာလည်း စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန်အတွက် ဖိလစ်ပိုင်ပင်လယ်ထဲ ဗြိတိန်လေယာဉ်တင်သင်္ဘောအုပ်စု ဝင်ရောက်မှာဖြစ်ပါတယ်။

စစ်သင်္ဘောများဖြန့်ကျက်ချထားမယ့် အိန္ဒိယစစ်သင်္ဘောတွေကလည်း ဂူအမ်ကမ်းလွန်မှာ နှစ်စဉ် အမေရိကန်၊ ဂျပန်၊ သြစတြေးလျှတို့နှင့် ပူးတွဲပြုလုပ်မယ့်  စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်မယ်ဆိုတဲ့အတွက် ဒီဒေသအခြေအနေက ရှုပ်ထွေးနေပါတယ်။အိန္ဒိယဆိုတာ  တရုတ်နိုင်ငံကို တန်ပြန်ဖို့ အမေရိကန်က နည်းလမ်းတစ်ခုအဖြစ် လုပ်ဆောင်နေတဲ့ Quad အဖွဲ့မှာ အဓိကနေရာက နိုင်ငံပါ။ဒီအဖွဲ့မှာ အိန္ဒိယအပြင် အမေရိကန်၊ ဂျပန်၊ သြစတြေးလျှတို့လည်း ပါနေပါတယ်။ဒါ့အပြင် အရှေ့တောင်အာရှမှာ စစ်ရေးတည်ဆောက်စပြုလာတဲ့ အင်ဒိုနီးရှားနဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ သြဂုတ်လ ၁ ရက်မှ ၁၄ ရက်အထိ အမေရိကန်ဘက်က ထုတ်ပြန်ထားတာရှိပါတယ်။
ယင်းစစ်ရေးလေ့ကျင့်မှုကို ဆူမားတြား၊ ကာလီမန်တန်နှင့် ဆူလာဝေစီကျွန်း စတဲ့ နေရာ ၃ နေရာ ခွဲလုပ်မယ်ဆိုပါတယ်။

Garuda Shield အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ အင်ဒိုနီးရှားစစ်မှုထမ်း ၂,၁၀၀ ကျော်နှင့် အမေရိကန်စစ်မှုထမ်း ၁,၅၀၀ ခန့်ပါဝင်ပြီး အင်ဒိုနီးရှားနှင့် အမေရိကန်အကြား အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုပါပဲ။ဒါဟာလည်း တရုတ်အတွက် ခေါင်းခဲစရာတွေပဲဖြစ်ပြီး ရေပြင် မြေပြင်ကနေ ဝန်းပိတ်ကာ စစ်ရေးလေ့ကျင့်နေတဲ့ အနောက်အုပ်စုနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ရည်ရွယ်ချက်က ဘာကိုဦးတည်နေသလဲဆိုတာ လန့်စရာပါပဲ။သေချာတာကတော့ တရုတ်နဲ့ အမေရိကန်အကြား စစ်ဖြစ်ဖို့ ဦးတည်၊ မတည် မသေချာပေမယ့် တရုတ်နှင့်ယှဉ်ပြိုင်မှုမြင့်တက်နေချိန်တွင် အာရှ-ပစိဖိတ် ဒေသမှာ အမေရိကန်က ၎င်း၏တည်ရှိမှုကို ပိုမိုခိုင်မာစေဖို့ မဟာမိတ်နိုင်ငံများကို စည်းရုံးနေတာကတော့ ငြင်းမရတဲ့အနေအထားပါပဲ။

အမေရိကန်နဲ့ တရုတ်အကြား ညှပ်မယ့်ပုံစံဖြစ်နေတဲ့ အာရှနိုင်ငံများအတွက်ကတော့ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသလို တကယ်လို့ အဆိုးဆုံးအခြေအနေဖြစ်လာခဲ့ရင် အထိနာမယ့်ဒေသလည်းဖြစ်နေတဲ့အတွက် အမေရိကန်နဲ့ တရုတ်တို့ ပြိုင်ဆိုင်မှုကြားထဲမှာ သတိကြီးကြီး သံတမန်ရေးရာ ကစားနေကြတာကိုလည်း တွေ့ရပါတယ်။ယခုလကုန်ပိုင်းမှာ  စင်ကာပူနဲ့ ဗီယက်နမ်ကို အမေရိကန် ဒုတိယသမ္မတ ကာမယ်လာဟားရစ် လာဖို့ရှိတဲ့အတွက် အာရှ-ပစိဖိတ် ဒေသအခြေအနေက ယမ်းအိုးပမာဖြစ်နေပါပြီ။ဒီကြားထဲ ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၇၅၀ တန်သော 155mm M109A6 Medium Self-Propelled Howitzer အလယ်အလတ်ပစ် အမြောက်စနစ် ၄၀ ရောင်းချမည့် အစီအစဉ်ကို အမေရိကန်ဘက်ကကြေညာခဲ့လို့ တင်းမာမှုတွေမြင့်တက်နေပါတယ်။

အခြေအနေက အတော်လေးသတိထားရမယ့် အခြေအနေဖြစ်သလို တရုတ်ငါးဖမ်းသင်္ဘောတွေ သွားလာနေတဲ့ ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်ကြမယ့်အစီအစဉ်မှာ ဘာတွေထိပ်တိုက်တွေ့လာကြဦးမလဲဆိုတာ မသိသေးပါဘူး။သေချာတာကတော့ စစ်ဖြစ်ရင် တစ်ကမ္ဘာလုံးသက်သာဖွယ်မရှိသလို ကန့်သတ်စစ်ဆိုတာ ဒီစစ်အင်အားအခင်းအကျင်းမှာ ဖြစ်လာနိုင်စရာမရှိတဲ့အတွက် ရှေ့လျှောက် တောက်လုဆဲဆဲဖြစ်နေတဲ့ စစ်မီးအရှိန် ပြန်ကျပါစေလို့သာ ဆုတောင်းနေရရုံသာပဲရှိပါတော့တယ်။

မင်းထက်
သြဂုတ် - ၉