【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 မတည်မငြိမ်ဖြစ်လာတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 မတည်မငြိမ်ဖြစ်လာတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း

ဒီတစ်ပတ် နိုင်ငံတကာသတင်းတွေမှာ စိတ်ဝင်စားစရာ သတင်းတချို့ရှိခဲ့ပါတယ်။အထူးသဖြင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေဖြစ်ပြီး စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ ထိုင်း၊ တူရကီနဲ့ ပါကစ္စတန်နိုင်ငံတွေ၊ ဒီနောက် ကာလကြာရှည် အုပ်စိုးထားပြီး အာဏာရှင်ဆန်လာတဲ့ အိန္ဒိယက ဘီဂျေပီပါတီ ပြည်နယ်ရွေးကောက်ပွဲ အကြိုစစ်တမ်းကောက်ယူမှုတွေမှာ ရှုံးနိမ့်ခဲ့တာတွေ စတဲ့ သတင်းတွေက စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

ကမ္ဘာကို တစ်နှစ်ကျော်တဲ့အထိ စိတ်လှုပ်ရှားမှုပေးနေခဲ့တဲ့ ယူကရိန်းစစ်ပွဲသတင်းတွေကတော့ ဒီတစ်ပတ်မှာ ဘတ်ခ်မွတ်ကနေ ဆုတ်ခွာနေရတယ်လို့ ရုရှားက ဝန်ခံလိုက်တာနဲ့အတူ စိတ်ဝင်စားမှုအမြင့်ဆုံး ရောက်ရှိခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ဒီသတင်းတွေကသာ နိုင်ငံတကာအရေးစိတ်ဝင်စားသူတွေကို အာရုံဖမ်းစားနိုင်တာ မဟုတ်ပါဘူး။အရှေ့အလယ်ပိုင်းက အီရန်နဲ့ အီဂျစ်နိုင်ငံတို့ သံတမန်ဆက်ဆံရေးပြန်ထားဖို့ ဆွေးနွေးနေတဲ့သတင်း၊ ဆူဒန်မှာ တိုက်ပွဲတွေဖြစ်ပြီး အရပ်သားတွေ အကာအကွယ်ပေးဖို့ သဘောတူခဲ့ကြတဲ့သတင်း၊  ပါပူဝါနယူးဂီနီကို အမေရိကန်သမ္မတ ဘိုင်ဒင် သွားရောက်မယ့်သတင်း၊ အိန္ဒိယကာကွယ်ရေးဦးစီးချုပ် အီဂျစ်ကို သွားရောက်မယ့်သတင်း၊ သုံးလအတွင်း အိန္ဒိယရူပီးငွေ တန်ဖိုးကျလာတဲ့သတင်း၊ အစ္စရေးတပ်ဖွဲ့တွေက နပ်ဘလူးမှာ ပါလက်စတိုင်း လူငယ်တစ်ဦးကို ပစ်သတ်ခဲ့တဲ့သတင်း စတဲ့ သတင်းတွေကလည်း သတင်းဖတ်သူတွေကို စိတ်ဝင်စားစေခဲ့ပါတယ်။

သတင်းတွေထဲမှာ စိတ်ဝင်စားဖို့ ကောင်းခဲ့တာက ကမ္ဘာတစ်ဝန်း ရွေးကောက်ပွဲကာလနီးလာတဲ့ နိုင်ငံတွေမှာ လက်ရှိအာဏာရသူတွေ လှုပ်ခတ်လာတဲ့အထိ အတိုက်အခံတွေဘက်က အားကောင်းလာနေတဲ့ သတင်းတွေပါပဲ။ဒီတစ်ပတ်မှာ သတိထားမိလောက်အောင် အပြောင်းအလဲဖြစ်လာနိုင်ချေရှိတဲ့ ရွေးကောက်ပွဲတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ပွားနေတဲ့ နိုင်ငံအချို့ သတင်းတွေကို ဖော်ပြခြင်ပါတယ်။

          အာဏာရှင်တွေ နိမ့်ပါးချိန် စပြီလား

ဒီတစ်ပတ်မှာ ထူးထူးခြားခြားဖြစ်ခဲ့တာက ထိုင်းရွေးကောက်ပွဲ သတင်းတွေပါပဲ။ဒီနှစ် ထိုင်းရွေးကောက်ပွဲဟာ အာဏာသိမ်းပြီး ရေရှည် စစ်တပ်ကချုပ်ကိုင်လို့ရအောင် ဥပဒေပြဋ္ဌာန်းပြီး ဝန်ကြီးချုပ်ရာထူးရယူခဲ့တဲ့ ပရာယွတ်အတွက် ရာထူးလက်လွှတ်ရဖို့များတဲ့ ရွေးကောက်ပွဲအဖြစ် အစောပိုင်းကတည်းက ခန့်မှန်းထားခဲ့တာဖြစ်ပါတယ်။

အစောပိုင်း စစ်တမ်းကောက်ယူကတည်းက ပရာယွတ် ဦးဆောင်တဲ့ ပါတီဟာ ဘုရင်စနစ်ကို ဖယ်ရှားဖို့အထိ ရည်ရွယ်ထားတဲ့ လူငယ်တွေ ဦးဆောင်တဲ့ ကလောက်ကိုင်ပါတီ (Move Forward) ပါတီရယ်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ သမီးဦးဆောင်တဲ့ ဖွေ့ထိုင်းပါတီ နှစ်ပါတီကို ယှဉ်နိုင်မယ် မထင်ဘူးလို့ အဖြေထွက်ခဲ့ပြီးသားဖြစ်ပါတယ်။

မေ ၁၄ ရက်ကပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အစောပိုင်း စစ်တမ်းကောက်ယူခဲ့တဲ့အတိုင်း အဖြေထွက်ခဲ့ပါတယ်။

မဲအရေအတွက်အားလုံး ရေတွက်လို့ မပြီးသေးသလို တရားဝင်လည်း မကြေညာသေးပေမယ့် ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲ မဲရလဒ် ၉၇ ရာခိုင်နှုန်းကို ရေတွက်အပြီးမှာ လူငယ်တွေဦးဆောင်တဲ့ ကလောက်ကိုင်ပါတီ (Move Forward Party) က လွှတ်တော်အမတ်နေရာ ၁၁၃ နေရာ အနိုင်ရပြီး ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ဖဲထောင်းထန်း (ခ) အုန်အင် ခေါင်းဆောင်တဲ့ ဖွေ့ထိုင်းပါတီက ၁၁၂ နေရာနဲ့ ဒုတိယနေရာမှာရှိနေပြီး၊ ဘမ်ဂျိုင်ထိုင်းပါတီက ၆၇ နေရာနဲ့ တတိယနေရာမှာရှိနေကာ လက်ရှိ အာဏာရစစ်တပ်ပါတီ ဖရန်းပချားရတ်ပါတီကတော့ ၃၉ နေရာပဲ ရရှိပါတယ်။

အခုရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာနေထိုင်တဲ့ မဲဆန္ဒရှင်ပြည်သူ ၇၄ ရာခိုင်နှုန်းကျော်က စံချိန်တင် လာရောက်မဲပေးခဲ့ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်ထံက သိရပြီး (Move Forward Party) ဟာ ဘန်ကောက်မှာရှိတဲ့ မဲဆန္ဒနယ် ၃၃ နေရာမှာ ၃၂ နေရာ အနိုင်ရပြီး ဖွေ့ထိုင်းပါတီကတော့ ၁ နေရာပဲ အနိုင်ရတာဖြစ်ပါတယ်။

အစိုးရအဖွဲ့သစ် ဖွဲ့နိုင်ခြေရှိတဲ့ ကလောက်ကိုင်ပါတီ (MFP) ပါတီအနေနဲ့ မေလ ၁၅ ရက် ဒီနေ့လယ်ပိုင်းမှာ ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာပြီး မြို့လယ်ရှိ ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်ဆီကို အောင်ပွဲခံချီတက်ကြမယ်လို့ ပါတီခေါင်းဆောင် သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။

ဒီလို လူငယ်တွေ ဦးဆောင်တဲ့ ပါတီနှစ်ရပ်က အစိုးရဖွဲ့နိုင်ခြေ မြင့်မားလာချိန်မှာ ထိုင်းစစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းနိုင်ခြေ မြင့်မားလာလို့ ထိုင်းနိုင်ငံတွင်းမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ထိုင်း ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး နာရွန်ပန် ဂျစ်ကေအူတေကတော့ ရွေးကောက်ပွဲအပြီးနောက်ပိုင်း အာဏာသိမ်းတာမျိုးလုပ်မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲမတိုင်ခင် မေ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။တကယ်လို့ ပရာယွန် ချန်အိုချာအနေနဲ့ အာဏာလက်လွှတ်ခဲ့ရမယ်ဆိုရင် အာဏာသိမ်းနိုင်ခြေရှိပြီး လက်ရှိမှာ ဒီမိုကရက်တစ် နှစ်ပါတီပေါင်းပြီး ညွှန့်ပေါင်းဖွဲ့ဖို့ ကလောက်ကိုင်ပါတီ (MFP) က ပြောနေတာမို့ ထိုင်းနိုင်ငံရေးအခြေအနေက အချိန်မရွေးပြောင်းလဲသွားဖွယ်ရှိနေပါတယ်။     

ထိုင်းလိုပဲ ဖြစ်နေတဲ့ နောက်နိုင်ငံတစ်ခုက စစ်တပ်က အာဏာသိမ်းတာကို မအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တူရကီမှာပါ။လက်ရှိသမ္မတ အာဒိုဂန်ဟာ စစ်တပ်အာဏာသိမ်းတာကို တားဆီးနိုင်ခဲ့ပေမယ့် အခု သက်တမ်း ၃ ဆက်အဖြစ် တာဝန်ယူဖို့ စိုင်းပြင်းနေတဲ့ ရီဆစ် အာဒိုဂန်အနေနဲ့ အတိုက်အခံပါတီ ၆ ခုပူးပေါင်းပြီး ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲဟာ သူအတွက် ခက်ခဲဖို့ သေချာနေခဲ့ပါတယ်။

တူရကီနိုင်ငံဟာ သမ္မတ အာဒိုဂမ် လက်အောက်မှာ တစ်ပါတီအာဏာရှင်အဖြစ် တဖြည်းဖြည်းပြောင်းလဲခဲ့တဲ့အတွက် ဒါကို အတိုက်အခံတွေက ဒီမိုကရေစီစနစ်ကို ပြန်ရောက်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ပြင်းထန်တဲ့ ငလျင် ၂ ကြိမ် လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၅၀၀၀၀ ကျော် သေဆုံးခဲ့ရသလို ငွေကြေးဖောင်းပွမှု မြင့်မားလာတာကြောင့် သမ္မတ အာဒိုဂန်ကို လူကြိုက်များမှုကလည်း ကျဆင်းနေပါတယ်။မေလ ၁၄ ရက်နေ့မှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ အာဒိုဂန်က မဲရရှိမှု ၄၉ ဒဿမ ၃၉ ရာခိုင်နှုန်းရရှိပြီး ၆ ပါတီ ပူးပေါင်းထားတဲ့ ပြိုင်ဘက် ကာမဲလ် ကလီဒါရိုဂလူက ၄၄ ဒဿမ ၉၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။

ဒါဟာ မဲပေးမှုရဲ့ ၉၁ ရာခိုင်နှုန်းကျော်ကို ရေတွက်ထားတာဖြစ်ပြီး နှစ်ယောက်လုံး မဲထက်ဝက်ကျော် မရခဲ့လို့ စည်းမျည်းအရ မဲထက်ဝက်ကျော်ရရှိမှ သမ္မတအဖြစ် ရွေးချယ်ခံရမှာဖြစ်တဲ့အတွက် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ ထပ်ယှဉ်ပြိုင်ရဖို များနေပါတယ်။

တူရကီမှာ ထင်သလိုလုပ်ပြီး အာဏာရှင်ဆန်လာတဲ့ အာဒိုဂန်အဖို့ ဒီရွေးကောက်ပွဲမှာသာ မနိုင်ခဲ့ရင် နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်တော့လို့ အာဒိုဂန်သာ အနိုင်မရခဲ့ရင် ဥရောပ နိုင်ငံရေးအပြောင်းအလဲကို မြင်ရဖို့ များနေပါတယ်။

အာရှက နိုင်ငံတစ်ခုဖြစ်တဲ့  ပါကစ္စတန်မှာတော့ ယခင်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ပရဟိတထိန်းသိမ်းရေးအဖွဲ့ကတစ်ဆင့် အိမ်ခြံမြေသူဌေးကြီးတစ်ယောက်ဆီကနေ ဒေါ်လာသန်းများစွာ တန်ဖိုးရှိတဲ့ မြေကွက်ကို ရယူခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားတာခံခဲ့ရပြီးတဲ့နောက် သတ်မှတ်အချိန်ကာလထက် ပိုစောပြီး ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေ ဆင်းနေခဲ့တဲ့ အီမရန်ခန်းအတွက် ဒါဟာ နိုင်ငံရေးပါတဲ့ ထိုးနှက်ချက်ပါပဲ။သူ့ကို ဖမ်းဆီးခဲ့လို့ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ အကြမ်းဖက်မှုတွေဖြစ်ပြီး သေဆုံးသူတွေ ဖမ်းဆီးခံရသူတွေ ရှိနေခဲ့ပါတယ်။အဂတိအမှုနဲ့ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့် နှစ်ရက်အကြာမှာ သူ့ကိုဖမ်းဆီးတာဟာ တရားမဝင်လို့ ချက်ချင်းပြန်လွှတ်ဖို့ တရားရုံးချုပ်က အမိန့်ထုတ်ခဲ့ပါတယ်။

နိုင်ငံတစ်လွှားမှာ မငြိမ်မသက်ဖြစ်နေပေမယ့် အီမရန်ခန်းဟာ လူဦးရေ သန်း ၂၃၀ ရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ အလွန်ထင်ရှား ကျော်ကြားနေဆဲပါ။သူ အခုရင်ဆိုင်နေရတဲ့ ဥပဒေကြောင်း အခက်အခဲတွေကြောင့် သူ့ကိုထောက်ခံသူတွေကြားမှာ သူဟာ ပိုပြီး‌တော့တောင် ကျော်ကြားနေပြီး တနင်္ဂနွေနေ့မှာ ခန်းက နိုင်ငံတစ်ဝန်း “လွတ်မြောက်ရေး” ဆန္ဒပြပွဲတွေ ပြုလုပ်ကြဖို့ တနင်္ဂနွေနေ့က တောင်းဆိုလိုက်ပြီး၊ နိုင်ငံအနှံ့ လမ်းမတွေ၊ ကျေးရွာတွေအထိ သူ့ကိုထောက်ခံသူတွေအနေနဲ့ ဆန္ဒပြပွဲတွေပြုလုပ်ကြဖို့နဲ့ ချက်ခြင်းရွေးကောက်ပွဲလုပ်ဖို့ တောင်းဆိုခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ မဲဆွယ်စည်းရုံးမှုတွေလည်း ပြန်လည်လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။

စစ်တပ်က ချုပ်ကိုင်ထားတဲ့ ပါကစ္စတန်မှာ စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ အီမရန်ခန်းကို ဖမ်းဆီးဖို့ဆိုတာ ပေါ်ထွက်လာဖွယ်ရှိပြီး လာမည့်နှစ်မှ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာပဲ ပါကစ္စတန်နိုင်ငံရေးဟာ အဖြေတစ်ခုထွက်လာဖွယ်ရာ ရှိနေပါတယ်။

မင်းထက်