【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရုရှားခြိမ်းခြောက်မှု တစ်ကျော့ပြန်နှင့် အားစုမှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရုရှားခြိမ်းခြောက်မှု တစ်ကျော့ပြန်နှင့် အားစုမှု

ယခုတစ်ပတ် သတင်းတွေထဲမှာ စိတ်ဝင်စားစရာသတင်းတွေ တောက်လျှောက်ဖြစ်ခဲ့ပါတယ်။

ပါကစ္စတန်မှာ မွတ်ဆလင်အစွန်းရောက်ဝါဒီတွေက ဟိန္ဒူဘုရားကျောင်းကို ဖျက်ဆီးခဲ့တာ၊ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တဲ့သူတွေကို အမေရိကန်စစ်တပ်က ထုတ်ပယ်တော့မယ်လို့ ထုတ်ပြန်ခဲ့တာ၊ အာဖဂန်နစ္စတန်နိုင်ငံဘဏ်ရှိ ကုလသမဂ္ဂပိုင်ငွေ ကန်ဒေါ်လာ ၁၃၅ သန်းကို တာလီဘန်တို့ ထိန်းချုပ်ထားလို့ သုံးလိုမရဖြစ်နေတာ၊ ဂီနီဘစ်ဆောနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့တာ၊ တူနီးရှားနိုင်ငံမှာ သမ္မတက တရားလွှတ်တော်ချုပ်ကို တနင်္ဂနွေနေ့က ဖျက်သိမ်းလိုက်တာ၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်သမ္မတနဲ့ ကုလအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့တာ စတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဧ၀ရတ်တောင်ရှိ အမြင့်ဆုံးရေခဲမြစ်တွင် လျင်မြန်စွာရေခဲပျော်ကျနေတာ၊ ကွန်ဂိုအရှေ့ပိုင်း ဘီနီရှိ လူစည်ကားရာစျေးတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ၊ အင်္ဂလန်ဘဏ်က ဒုတိယအကြိမ်ဆက်တိုက် အတိုးနှုန်းမြှင့်တင်ခဲ့တာ၊ အတ္တလန္တိတ်သမုဒ္ဒရာထဲ ငါးအရေအတွက် တစ်သိန်းကျော် အစုလိုက်အပုံလိုက် စွန့်ပစ်ထားခဲ့တာ၊ အမေရိကန်၏ အစိုးရကြွေးမြီ ပထမဆုံးအကြိမ် ကန်ဒေါ်လာ ၃၀ ထရီလီယံ ကျော်သွားခဲ့တာ၊ အီကွေဒေါမှာ စံချိန်တင် မိုးရွာသွန်းခဲ့လို့ မြို့တော် ကွီတိုမှာ အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့တာ၊ မော်ရိုကိုမှာ တွင်းနက်တစ်ခုထဲ ကလေးငယ်တစ်ဦးပြုတ်ကျလို့ ကပ်ဆယ်ရေးတွေလုပ်ပေမယ့် ၄ ရက်အကြာမှာ သေဆုံးသွားခဲ့တာ၊ ကုလလုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယားအရေးကို တံခါးပိတ်ဆွေးနွေးခဲ့ကြတာ စတဲ့ သတင်းတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ဒီသတင်းတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့တာက ယူကရိန်းသတင်းနဲ့ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ မြင့်တက်လာနေတဲ့ သတင်းတွေပါပဲ။

     ပြင်းထန်သည့် စစ်ရေးခြိမ်းခြောက်မှု

ယူကရိန်းနယ်စပ်အနီး ရုရှားတပ်များစုဖွဲ့နေရာချထားမှုက အလုံးစုံကျူးကျော်မှုအတွက် လိုအပ်သည့် အင်အားစုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ခန့်ထိရှိနေပြီဆိုသည့် သတင်းက ယူကရိန်းအရေးနှင့်ပတ်သက်ပြီး အကောင်းမြင်မျှော်လင့်မှုတွေကို ရိုက်ချိုးလိုက်သလိုဖြစ်ခဲ့ပါတယ်။ထိုသတင်းတိကျသေချာမှုအတွက် လက်ဆုပ်လက်ကိုင်မပြနိုင်ပေမယ့် ယူကရိန်းနှင့် ဆက်စပ်နေတဲ့ ဘီလာရုစ်ကို ရုရှားက နျူကလီးယားဗုံးကြဲလေယာဉ်တွေ စေလွှတ်နေတာ၊ စစ်ဖြစ်လာပါက လိုအပ်တဲ့ စစ်မြေပြင်အရေးပေါ်သုံး သွေးနှင့် အခြားဆေးဝါး လိုအပ်ချက်များကို ရုရှားဘက်က ဖြည့်ဆည်းနေတာတွေကိုကြည့်ပြီး အမေရိကန်ထောက်လှမ်းရေးတွေနဲ့ စစ်ရေးကျွမ်းကျင်သူတွေက  ရုရှား ယူကရိန်းကို သိမ်းယူမှုဟာ ဖေဖော်ဝါရီလလယ်ထက် နောက်မကျနိုင်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲမှာ တရုတ်မှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်ပွဲကို ပူတင် တက်ရောက်ခဲ့ပါတယ်။ပူတင်နဲ့ တရုတ်သမ္မတ တွေ့ဆုံအပြီးမှာ NATO စာချုပ်အဖွဲ့က အဖွဲ့ဝင်နိုင်ငံတွေ တိုးချဲ့တာကို လက်မခံတဲ့ ရုရှားသဘောထားအတိုင်း တရုတ်ကလည်းရှိတယ်ဆိုတာကို  ထုတ်ပြောခဲ့ကြပါတယ်။ဒီနေရာမှာ AUKUS လို့ ခေါ်တဲ့ စစ်ရေးမဟာမိတ်အဖွဲ့နဲ့ပတ်သက်ပြီး စိုးရိမ်တယ်ဆိုတာကို ထုတ်ဖော်ပြောခဲ့သလို သြစတြေးလျကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ထောက်ပံ့တာကိုလည်း နှစ်နိုင်ငံစလုံးက ထုတ်ဖော်ပြောခဲ့ပါတယ်။ဒီနောက်မှာ အစောပိုင်းကဖော်ပြခဲ့တဲ့ ယူကရိန်းကို ဖေဖော်ဝါရီလလယ်လောက်မှာ သိမ်းယူနိုင်တဲ့ ခန့်မှန်းချက်တွေ ထွက်လာခဲ့တာဖြစ်ပါတယ်။

အနောက်အုပ်စု စစ်ရေးအကဲခတ်တွေက ပူတင်တစ်ယောက် ပေကျင်းမှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်ပွဲ သွားတက်တာဟာ အနောက်အုပ်စုနိုင်ငံတွေအားလုံးပါတဲ့ NATO အဖွဲ့နဲ့ စစ်ရေးရင်ဆိုင်လာရချိန်မှာ ဒါကိုရင်ဆိုင်နိုင်ဖို့အတွက် တရုတ်ကိုသွားပြီး အားယူတာအဖြစ် မြင်ထားကြပါတယ်။  

ယခုရက်ပိုင်း ဥရောပဆိုင်ရာသတင်းတွေကိုကြည့်ရင် စစ်ပွဲတစ်ခုအတွက် လိုအပ်တဲ့အခင်းအကျင်းကို ပြင်ဆင်နေကြတာ တွေ့ရပါတယ်။အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ သမိုင်းတစ်လျှောက် အားအနည်းဆုံးအနေအထားကိုရောက်နေပြီး ထရမ့်လက်ထက်က ဖျက်ခဲ့တဲ့ အစဉ်အလာမဟာမိတ်တွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ စတဲ့ နိုင်ငံတွေနဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်နေရတာကို တွေ့ရပါတယ်။ဒါက ရုရှားနဲ့ တရုတ်လို အစဉ်အလာ‌ပြိုင်ဘက်တွေရဲ့ အားသာချက်ဖြစ်စေသလို ကိုဗစ်ကပ်ဘေးအပြီးမှာ အိုပက်လို ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေအပေါ်မှာ ရုရှားရဲ့ သက်ရောက်မှုကလည်း ပိုလာခဲ့ပါတယ်။

လက်ရှိမှာ ကမ္ဘာ့စီးပွားရေးနိုင်ငံအများစုရှိတဲ့ ဥရောပနဲ့ အာရှဟာ စွမ်းအင်အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။အထူးသဖြင့် ဆိုးဝါးတဲ့ ဆောင်းရာသီဆိုရင် အိမ်တွေမှာ အပူပေးဖို့အတွက် သဘာ၀ဓာတ်ငွေ့လိုအပ်ချက်မြင့်မားတဲ့ ဥရောပအဖို့ ယခုနှစ်မှာ ရုရှားရဲ့ ဓာတ်ငွေ့ဖြတ်ချမှုကြောင့် အထိနာနေခဲ့ပါတယ်။ရုရှားကလည်း ယူကရိန်းကိုဖြတ်ပြီး အနောက်ဥရောပကို ပို့လွှတ်ရောင်းချနေရတဲ့  သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းကို အစားထိုးရန်အတွက် Nord stream-2 ပိုက်လိုင်းကို ဂျာမနီနှင့် အီးယူထံမှ ခွင့်ပြုချက်ရဖို့ အရေးတကြီးလိုနေပါတယ်။ဒီလိုအရေးတကြီးလိုနေတယ်ဆိုရာမှာ ရုရှားအတွက် နိုင်ငံခြားဝင်ငွေရရှိမှုက ရေနံ၊ သဘာ၀ဓာတ်ငွေ့နဲ့ လက်နက်ရောင်းချခြင်းကိုသာ မှီခိုနေရတဲ့အတွက်ဖြစ်ပါတယ်။ယခုလို တကမ္ဘာလုံးကပ်ဘေးဆိုက်နေတဲ့အချိန်မှာ ကမ္ဘာ့နိုင်ငံများနည်းတူ ရုရှားစီးပွားရေးက ထိုးကျနေတဲ့အပြင် အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့ကန့်သတ်မူတွေကြောင့် ရုရှားစီးပွားရေးကလှုပ်မရ။ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှုကလည်း လက်ရှိမှာ ကိုဗစ်စဖြစ်ကတည်းကနေ မကျသေး။တစ်ဖက်မှာ ကိုဗစ်ကြောင့် သေဆုံးမှုတွေက ရုရှားလူဦးရေထိုးကျမှုကို ပိုဆိုးစေနေပါတယ်။ဒီကြားထဲ အတိုက်အခံခေါင်းဆောင် နာဗယ်လ်ညီ ကို ဥပဒေမဲ့ ဖမ်းဆီးတရားစွဲဆိုထားမှုတွေကြောင့် ရေရှည်မှာ ပြည်တွင်းမကျေမနပ်မှုက ပိုများလာနေပါတယ်။

ဒီလိုအခြေအနေမှာ ပူတင်အတွက်  သူ့အပေါ်ကျလာနိုင်တဲ့ ပြည်တွင်းဖိအားတွေကို တခြားပြောင်းပစ်ဖို့ လိုလာပါတယ်။ဒီအတွက် စစ်တစ်ခုကို ဖန်တီးပြီး ပြည်တွင်းမကျေနပ်မှုကို အာရုံပြောင်းရာမှာ ယခင်ကတည်းက ကျူးကျော်သိမ်းပိုက်ခဲ့ဖူးတဲ့ ယူကရိန်းက ဓားစာခံဖြစ်လာနေရတဲ့ အနေအထားပါ။ဒီလိုလုပ်တာက ယခင် ဒုတိယကမ္ဘာစစ်မဖြစ်ခင် ဂျာမနီက ပိုလန်ကိုခြိမ်းခြောက်ပြီး သိမ်းယူတဲ့ပုံစံမျိုးနဲ့ လာဆင်နေတဲ့အတွက် အနောက်အုပ်စုက ယူကရိန်းအရေးမှာ ရုရှားလှုပ်သမျှကိုသိဖို့ အားထုတ်နေတာကို တွေ့ရပါတယ်။

ရုရှားအနေနဲ့ ယခင်ဆိုဗီယက်သမ္မတနိုင်ငံဟောင်းထဲမှာပါတဲ့ ယူကရိန်းသာ NATO အဖွဲ့ထဲ ဝင်သွားခဲ့ရင် သူ့အတွက် လုံခြုံရေးစိုးရိမ်ရတာထက် မဟာဆိုဗီယက်တည်ထောင်ချင်တဲ့ ပူတင်ရဲ့ ဆန္ဒက လုံး၀ပျက်စီးသွားဖို့ သေချာနေပါတယ်။ယခင်ဆိုဗီယက်နိုင်ငံဟောင်းတွေကို ပြန်စုစည်းဖို့ ရည်မှန်းချက်ထားဟန်ရှိတဲ့ ရုရှားအတွက် မော်စကိုလိုလားတဲ့ အစိုးရကိုဖြုတ်ချခဲ့တဲ့ ယူကရိန်းဟာ ပူတင်အတွက် မျက်စိစပါးမွှေးဆူးစရာပါ။ဒါကြောင့်လည်း ယူကရိန်းကို ၂၀၁၄ မှာ ရုရှားက ကျူးကျော်ပြီး ကရိုင်းမီးယားကို သိမ်းယူခဲ့တာပါ။ဒီလိုလုပ်ခဲ့ဖူးလို့လည်း အနောက်အုပ်စုက ယခုတစ်ခါမှာတော့ ရုရှားလုပ်သမျှ စောင့်ကြည့်နေသလို ကြိုတင်ပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်နေတာကို တွေ့နေရတာဖြစ်ပါတယ်။

လက်ရှိအခင်းအကျင်းကိုကြည့်မယ်ဆိုရင် အမေရိကန်နဲ့ NATO အုပ်စုက မူလပြောတဲ့အတိုင်း ယူကရိန်းကို ရုရှားဝင်တိုက်ရင် တပ်ဖွဲ့တွေမလွှတ်ဘူးလို့ပြောတာ သိပ်မသေချာသလို NATO အဖွဲ့ဝင်နိုင်ငံတွေထဲ ဝင်လာခဲ့ရင် သေချာပေါက် ရုရှားကိုတိုက်ခိုက်ဖို့ များပါတယ်။လက်ရှိမှာ အမေရိကန်က ပိုလန်နဲ့ ရိုမေးနီးယားမှာ တပ်ချထားမယ့် အမေရိကန်တပ်ဖွဲ့ဝင် ၃ ထောင်နီးပါးထဲက အမှတ် ၈၂ လေကြောင်းချီတပ်မက အမေရိကန်စစ်သားတွေ ပိုလန်ကိုရောက်လာနေသလို ယူကရိန်းကို လက်နက်ထောက်ပံ့မှုတွေရှိပါတယ်။

ရုရှားကလည်း ယူကရိန်းနယ်စပ်မှာ တပ်ဖွဲ့ဝင် တစ်သိန်းခွဲနီးပါးအထိချထားဖို့ ပြင်ဆင်နေသလို ဘီလာရုစ်မှာ စစ်ရေးလေ့ကျင့်ဖို့ အကြောင်းပြချက်နဲ့ ထောင်ချီတဲ့တပ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ စစ်လေယာဉ်တွေ၊ နျူကလီးယားဗုံးကြဲလေယာဉ်တွေအထိ ဖြန့်ကျက်နေတာကို တွေ့ရပါတယ်။  

ဖေဖော်ဝါရီ ၅ ရက်က ထွက်လာတဲ့ ခန့်မှန်းချက်တွေအရဆိုရင် ဖေဖော်ဝါရီလလယ်လောက်မှာ ယူကရိန်းကို ကျူးကျော်စစ် အပြည့်ဆင်နိုင်တဲ့ အနေအထားရရှိပြီး သမ္မတ ပူတင် ဆုံးဖြတ်နိုင်အောင် ရုရှားစစ်တပ်က တိုက်ခိုက်ရေးအင်အား ၇၀ ရာခိုင်နှုန်းကို ပြင်ဆင်ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။  

လာမယ့်ရက်သတ္တပတ်တွေမှာ ကျူးကျော်ဖို့ သမ္မတ ပူတင် က ရည်ရွယ်ပုံရတယ်လို့ ဌာနတွင်းမှာ ယူဆသတ်မှတ်ထားတဲ့ ရည်ညွှန်းချက်တွေကို အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေက သတင်းဌာနကိုပြောထားတယ် ဆိုပါတယ်။လက်ရှိမှာ ရုရှားသမ္မတဟာ တရုတ်က အိုလံပစ်ပွဲကိုတက်ရောက်ပြီး တရုတ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတာကို တွေ့ရပါတယ်။ရုရှားဘက်က အစဉ်တစိုက် ယူကရိန်းကို ကျူးကျော်ဖို့ အစီအစဉ်မရှိဘူးလို့ဆိုပေမယ့် အနောက်အုပ်စုကတော့ ရုရှားလိုလားတဲ့ ယူကရိန်းအရှေ့ပိုင်းက ဒွန်ဘတ်စ်လို ဒေသတစ်ခုလုံးကို သိမ်းယူနိုင်တဲ့ အန္တရာယ်မျိုးရှိနေတယ် ဆိုပါတယ်။

ယခုလလယ်မှာ ခန့်မှန်းထားသလို ရုရှားက လုပ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။မလုပ်ခဲ့ဘူးဆိုရင် ရုရှားသမ္မတ ပူတင်ပြောသလို စစ်ပွဲဖြစ်အောင် အမေရိကန်က တွန်းပို့နေတယ်ဆိုတဲ့ ပြောဆိုချက်က အမှန်ဖြစ်ပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ် နိုင်ငံတကာမှာ အင်အားမျှခြေတွေဖြစ်နေပြီး အပြိုင်အဆိုင် အားပြိုင်မှုတွေ ပြင်းထန်လာနေတဲ့အတွက် ကမ္ဘာ့သမိုင်းစဉ်အရ စစ်ကိုကြုံရဖို့များနေပါပြီ။အာဏာရှင်တွေပေါ်ထွန်းနေတဲ့ခေတ်မှာ စစ်ဟာ မလွဲမသွေကြုံရမှာဖြစ်တဲ့အတွက် ယူကရိန်းက စစ်ပွဲကြီးတစ်ခုရဲ့ အစဖြစ်သွာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

     အာရှ-ပစိဖိတ်ဒေသတွင်း တရုတ်အပေါ်ဖိအားပေးမှု

မကြာမီက Asia Times သတင်းတွင် တရုတ်နှင့်ပတ်သက်ပြီး သတင်းတစ်ခုကို ဖော်ပြခဲ့ပါတယ်။ထိုသတင်းဖော်ပြချက်က တောင်တရုတ်ပင်လယ်ရှိ တရုတ်၏ ရေတပ်အင်အားတောင့်တင်းမှုကို စိန်ခေါ်ရန် အမေရိကန်က ဆန္ဒ ပြင်းပြနေသည်ဆိုသည့် အချက်ပင်။

ယခုလအစောပိုင်းက အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson သည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသောကျွန်းစု စပရတ်လေအနီးတွင် ရေပြင်နှင့် ရေပြင် စစ်သင်္ဘောအုပ်စု Essex Amphibious Ready Group (ARG) နှင့် ၅ ရက်ကြာ ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်ဆိုပါတယ်။တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများ မြင့်တက်နေချိန်ဖြစ်တဲ့ ဇန်နဝါရီ ၂၃ ရက်မှာ အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု Carl Vinson နှင့် Abraham Lincoln တို့ဟာ တောင်တရုတ်ပင်လယ်ကို ဝင်ရောက်ခဲ့ပါတယ်။ထိုမတိုင်ခင်က အဆိုပါဒေသတွင်းမှာ ပြုလုပ်တဲ့ အမေရိကန်ရေတပ်လေ့ကျင်မှုထဲမှာ အမေရိကန်လေယာဉ်တင်သင်္ဘော ၂ စီး၊ အမေရိကန် ကုန်းရေနှစ်သွယ်ချေမှုန်းရေး စစ်သင်္ဘော ၂ စီးနဲ့ ဂျပန်ရဟတ်ယာဉ် ဖျက်သင်္ဘော ၁ စီးတို့နဲ့ လေ့ကျင့်ခဲ့ပြီး နောက်ရက်မှာ တောင်တရုတ်ပင်လယ်ရှိ ထိုင်ဝမ်ဝေဟင်ပိုင်နက်ထဲကို တရုတ်ဘက်က တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ ဖြတ်ပျံပြခဲ့ပါတယ်။

ဒေသတွင်းမှာ တရုတ်သြဇာအာဏာလွှမ်းမိုးမှုကို တုံပြန်ဖို့ ဖွဲ့ထားတဲ့ QUAD နဲ့ AUKUS အဖွဲ့တွေရဲ့ လုပ်ဆောင်မှုကို ပေကျင်းမှာ လူချင်းတွေ့ဆုံခဲ့တဲ့ တရုတ်သမ္မတနဲ့ ရုရှားသမ္မတတွေ့ဆုံမှုမှာ ဆွေးနွေးခဲ့ကြပြီး အာရှရဲ့ NATO လို့ ခေါ်တဲ့ စစ်ရေးမဟာမိတ်ဖွဲ့မှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ဒီရက်အတွင်းမှာ တရုတ်နဲ့ အစဉ်အလာရန်ဘက်လိုဖြစ်နေတဲ့ အိန္ဒိယက ပေကျင်းမှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်ကို အနီးကပ်မှ နိုင်ငံရေးအရ သပိတ်မှောက်ခဲ့ပါတယ်။အိန္ဒိယနဲ့ နယ်စပ်တစ်လျှောက် ပြဿနာရှိနေတဲ့ တရုတ်အဖို့ ဒီလို နိုင်ငံရေးအရ အမေရိကန်ဦးဆောင်တဲ့ သပိတ်မှောက်မှုထဲပါနေတာ သိပ်ပြီးကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။အိန္ဒိယနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ ရုရှားက ဒီလပိုင်းမှာပဲ S-400 လို့ခေါ်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အိန္ဒိယကို ပို့ဆောင်ပေးခဲ့ပါတယ်။အိန္ဒိယက ဒီစနစ်ကို တရုတ်နယ်စပ်မှာ ချထားတာကလည်း စစ်ဘက်ဆိုင်ရာတင်းမာနေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

အမေရိကန်ရဲ့ တရုတ်ကို မဟာဗျူဟာပြိုင်ဘက်လို့ သတ်မှတ်ပြီးချိန်ကတည်းကစပြီး ကမ္ဘာ့အခင်းအ =ကျင်းတွေက တောက်လျှောက်ပြောင်းလဲလာခဲ့ရာမှာ အစွန်းရောက်စစ်သွေးကြွဖြစ်တဲ့ တာလီဘန်တွေက အာဖဂန်ကို ပြန်အုပ်ချုပ်ခဲ့ရပေမယ့် ပိတ်ဆို့မှုတွေကြောင့် အနောက်အုပ်စုကို ပြန်ညှိနိူင်းနေရတာကို တွေ့ရပါတယ်။အမေရိကန်အနေနဲ့ အာဖဂန်ကနေ ဘာကြောင့်အလျင်အမြန်ထွက်သွားလဲဆိုတာ ယခုအချိန်မှာ အာဖဂန်မှာ အကြမ်းဖက်သမားတွေ (အထူးသဖြင့် မွတ်ဆလင်အစွန်းရောက်တွေ) အခြေမချအောင် ရုရှားနဲ့ တရုတ် စိုးရိမ်နေရတာကိုကြည့်ရင် သိနိုင်တဲ့အနေအထားပါ။အမေရိကန်အနေနဲ့ ရုရှားနဲ့ တရုတ်အနောက်ပိုင်းတွေ မလုံခြုံအောင်ထားတဲ့သဘောဖြစ်နေတာကို တွေ့ရပါတယ်။

ဒီရက်ပိုင်းမှာ အမေရိကန်ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ အိုင်အက်စ် ထိပ်တန်းခေါင်းဆောင်ကို ဆီးရီးယားမှာ အမေရိကန်က သုတ်သင်ခဲ့နိုင်တာကို တွေ့ရပါတယ်။ဒီလိုသုတ်သင်ခဲ့တဲ့အတွက် အမေရိကန်အနေနဲ့ ဂုဏ်သိက္ခာအပိုင်းရော၊ အကြမ်းဖက်မှုအတွက် ခြိမ်းခြောက်ခံနေရမှုကိုပါ ရှင်းပြီးဖြစ်လို့ အမေရိကန်အနေနဲ့ နောက်ကျောလုံသလိုဖြစ်ခဲ့ပါတယ်။လက်ရှိမှာ တရုတ်ကို မဟာဗျူဟာပြိုင်ဘက်ထားတဲ့ သူ့ရဲ့နည်းဗျူဟာကို တဖြေးဖြေးအရှိန်မြင့် အကောင်အထည်ဖော်လာနေတာကို တွေ့ရပြီး အင်ဒို-ပစိဖိတ်ဒေသမှာရှိနေတဲ့ တရုတ်ရဲ့သြဇာအာဏာကို ကန့်သတ်ဖို့လုပ်ဆောင်လာနေတာကို တွေ့ရပါတယ်။ဒီရက်ပိုင်း  ဖေဖော်ဝါရီ ၂ ရက်မှ ၁၈ ရက်အထိ ဂူအမ်နဲ့ မြောက်မာရီယာနာကျွန်းစုမှာ သြစတြေးလျ၊ ဂျပန်နှင့် အမေရိကန်တို့မှ လေတပ်တို့ Cope North 2022 စစ်ဆင်ရေးဆင်နွှဲဖို့ စီစဉ်ထားတယ်ဆိုပါတယ်။ဒါဟာ နှစ်စဉ်လုပ်နေတာဆိုပေမယ့် ယခုလိုထိပ်တိုက်တွေ့မှုတွေ၊ တင်းမာမှုမြင့်တက်နေစဉ်မှာ လုပ်တာဖြစ်လို့ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ အမေရိကန်အကြား  နောက်ထပ်တင်းမာမှုတွေဖြစ်လာဖို့ရှိနေပါတယ်။

အနောက်အုပ်စုကဦးဆောင်ပြီး ပေကျင်းဆောင်းရာသီအိုလံပစ်ကို နိုင်ငံရေးအရ သပိတ်မှောက်ခဲ့တဲ့အတွက် တရုတ်ဘက်က ဒါကို တန်ရာတန်ကြေးပေးရမယ်ဆိုပြီး အနောက်အုပ်စုကို သတိပေးထားတာရှိချိန်မှာ ယခုလို တောင်တရုတ်ပင်လယ်ထဲ အမေရိကန်လေယာဉ်တင်သင်္ဘောတွေ ဝင်လာတာ၊ မြောက်ကိုရီးယားက နျူကလီးလက်နက်တွေ ပြန်စမ်းသပ်ဖို့လုပ်လာတာ၊ ဂျပန်က ကာကွယ်ရေးအတွက် ဘတ်ဂျက်တွေတိုးမြှင့်လာတာ၊ တခြားသော အာဆီယံဒေသဆိုင်ရာ တင်းမာမှုတွေ နိုင်ငံရေးမတည်ငြိမ်မှုတွေက တရုတ်ကိုဖိအားပေးထားတဲ့ အခြေအနေတွေနဲ့ ဖိအားပေးစေတဲ့ အကြောင်းအချက်တွေပါပဲ။  

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအပြီးမှာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအားပြိုင်ပွဲထဲ တရုတ်ပြန်ဝင်လာဖို့များပါတယ်။ဒီလိုသာဝင်လာခဲ့ရင် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ဘယ်လိုတွေအပြောင်းအလဲရှိဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မင်းထက်
ဖေဖော်ဝါရီ - ၇