【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရုရှားထိုးစစ် အဆုံးသတ်ချိန်က ပူတင်ရဲ့ နိဂုံးအစလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရုရှားထိုးစစ် အဆုံးသတ်ချိန်က ပူတင်ရဲ့ နိဂုံးအစလား

ယခုရက်သတ္တပတ်အတွင်း နိုင်ငံတကာသတင်းတွေက အချိန်နှင့်အမျှ ပြောင်းလဲနေပါတယ်။အထူးသဖြင့် ယူကရိန်းကို ရုရှား ကျူးကျော်တဲ့ သတင်းတွေက သတင်းအတော်များများကို အုပ်စိုးထားပေမယ့် ဒီသတင်းတွေနဲ့အပြိုင် စီးပွားရေးဆိုင်ရာသတင်းတွေ၊ အာရုပစိဖိတ်ဒေသဆိုင်ရာမှာ ဖြစ်ပေါ်တိုးတက်မှုသတင်းတွေ၊ တခြားသော သတိထားဖို့လိုလာတဲ့ သတင်းအချို့လည်း ရှိခဲ့ပါတယ်။

သတိထားမိသည့် သတင်းအချို့ထဲ မြောက်ကိုရီးယားက အရှေ့ဘက် ပင်လယ်ကမ်းရိုးတန်းကို စနေနေ့က ဒုံးကျည်ပစ်လွှတ်ခဲ့တာရှိပါတယ်။ဒါဟာ တောင်ကိုရီးယားမှာ သမ္မတရွေးကောက်ပွဲလုပ်ဖို့ ၄ ရက်အလိုမှာဖြစ်တာမို့ ဘာအဓိပ္ပါယ်လဲဆိုတာ မသိရပါဘူး။နောက်ပိုင်းမှာ မြောက်ကိုရီးယားဘက်က ဒါဟာ ဂြိုဟ်တုပစ်လွှတ်တာလို့ အကြောင်းပြခဲ့ပါတယ်။ ၂ နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ကိုဗစ်ကပ်ဘေးမှာ နောက်ဆုံးမျိုးကွဲဖြစ်လာတဲ့ အိုမီခရွန်ကြောင့် ပိတ်ဆို့ကန့်သတ်မှုတွေကို ပြန်လည်ဖြေလျှော့မှုတွေကို အာရှနိုင်ငံတွေ ဒီတစ်ပတ်မှာ စတင်ဖြေလျှော့လာတာကို တွေ့ရပါတယ်။ဒါဟာ ကမ္ဘာ့စီးပွားရေးအတွက် ကောင်းမွန်တဲ့လက္ခဏာဖြစ်ပါတယ်။နောက်သတင်းတစ်ခုက အာရှမှာပဲ ရာသီဥတုပြောင်းလဲမှုတွေကြောင့် လူပေါင်းသန်းနဲ့ချီပြီး ပြောင်း‌ရွှေ့နေထိုင်ရဖွယ်ရှိတယ်ဆိုပြီး ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီသတိပေးချက်ထဲမှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၊ ထိုင်းနိုင်ငံ ဘန်ကောက်တို့လို့ မြို့တွေ ပါဝင်နေပါတယ်။နောက်ထပ် ဆင်းရဲမွဲတေမှုနဲ့ဆိုင်တဲ့ သတင်းတစ်ခုကတော့ အာဖဂန်မှာဖြစ်နေတဲ့ သတင်းပါပဲ။ဒါက အာဖဂန်အမျိုးသားတွေဟာ မိသားစုစားဝတ်နေရေးအတွက် ကျောက်ကပ်တွေ ထုတ်ရောင်းချနေရတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ဒီသတင်းက အတော်လေးကို ထိတ်လန့်စရာဖြစ်ပြီး အာဖဂန်ရဲ့ အငတ်ဘေးအကျပ်အတည်းက ထင်တာထက် ပိုဆိုးနေတယ် ပိုနက်ရှိုင်းနေတယ်ဆိုတာကို ညွှန်ပြနေခဲ့တာဖြစ်ပါတယ်။အစွန်းရောက် ဘာသာရေးအားကောင်းနေတဲ့ အာဖဂန်၊ ပါကစ္စတန်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာဖြစ်နေတဲ့ အသေခံဗုံးခွဲမှုတွေဟာ ယခုထိအားကောင်းနေဆဲဆိုတာ ဒီတစ်ပတ်မှာ ပါကစ္စတန်မှာဖြစ်ခဲ့တဲ့ ဗလီတစ်ခုအတွင်း ပေါက်ကွဲမှုက ပြသနေခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၊ ပက်ရှ်ဝါမြို့ရှိ ရှီးအိုက်ဗလီတစ်ခုမှာ မတ် ၄ ရက်ကဖြစ်ခဲ့တဲ့ အသေခံဗုံးခွဲမှုမှာ လူ ၆၀ နီးပါးသေဆုံးပြီး နှစ်ရာနီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။  

ဒီလို အဘက်ဘက်က ဆိုးရွားနေတဲ့ ခေတ်ကာလအချိန်မှာ ယူကရိန်းကို ကျူးကျော်လို့ ဖြစ်လာတဲ့ ရုရှား-ယူကရိန်း စစ်ပွဲသတင်းတွေက အတော်လေးကို စိတ်ပျက်စရာ သတင်းတွေပါပဲ။ဒီတစ်ပတ်မှာ ပြီးခဲ့တဲ့ရက်သတ္တပတ်က စခဲ့တဲ့ ယူကရိန်း ကျူးကျော်စစ်ရဲ့ တစ်ပတ်တာကာလဖြစ်ခဲ့တဲ့ အခင်းအကျင်းတွေ၊ သက်ရောက်မှုတွေကို ပြန်သုံးသပ်ချင်ပါတယ်။နောက်ထပ် အထူးပြုဖော်ပြချင်တာကတော့ ယူကရိန်းကို စစ်ရေးအရ အနိုင်ရခဲ့ပြီးရင် ရုရှား ဘာဆက်လုပ်မှာလဲ၊ ဒါမှမဟုတ် ယူကရိန်းကို ရုရှားတိုက်ခိုက်မှုက အကန့်အသတ်နဲ့သာဆိုရင် ပူတင်အတွက် ရတာနဲ့ ပြန်ပေးရတာ ကာမိပါ့မလား၊ ရုရှားရဲ့ နိုင်ငံတကာသြဇာအာဏာက ဘယ်လိုတွေဖြစ်လာမလဲ၊ ရုရှားနဲ့ အနီးကပ်ဆုံး မိတ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်အတွက် ဘာတွေအကျပ်တွေ့နိုင်မလဲဆိုတာ တွက်ဆချင်စရာတွေကို ဒီတစ်ပတ်မှာ အထူးအနေနဲ့ ဖော်ပြချင်ပါတယ်။

     ၂၄ နာရီ ရည်မှန်းချက်ကနေ သွေဖယ်သွားတဲ့ လနဲ့ချီကြာမယ့် စစ်ရေး

ကိဗ်ကို သိမ်းဖို့ ၂၄ နာရီသာကြာမယ်လို့ အထင်ရှိတဲ့ ရုရှားထိုးစစ်ဟာ ယခုဆိုရင် ၁၀ ရက်ကျော်ကြာခဲ့ပြီဖြစ်ပြီး ယူကရိန်းမြို့တော် ကိဗ်ကို ၀ိုင်းထားတဲ့အဆင့်ထိသာ ရောက်ခဲ့ပါတယ်။ဒီရက်အတွင်းမှာ သေဆုံးမှုတွေက နှစ်ဖက်စလုံးမှာ များပြားခဲ့ပါတယ်။တရားဝင်မဟုတ်တဲ့ စာရင်းတွေအရဆိုရင် ရုရှားဘက်က သေဆုံးသူ စစ်သားတစ်သောင်းကျော်၊ တင့်ကား ၂၈၅ စီး၊ လေယာဉ် ၄၄ စင်း၊ရဟတ်ယာဉ် ၄၈ စင်း ပျက်စီးခဲ့တယ် ဆိုပါတယ်။ယူကရိန်းဘက်က ထုတ်ပြန်ချက်မှာတော့ အရပ်သားတွေ ထိခိုက်မှုများခဲ့ပြီး ကုလစောင့်ကြည့်သူများအဆိုအရဆိုရင် အရပ်သားသေဆုံးမှုက ၃၅၁ ဦးထိရှိပြီး လူပေါင်း ၁.၅ သန်းကျော် ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါဟာ ဥရောပတိုက်အတွက် ဒုတိယကမ္ဘာစစ်အပြီး အဆိုးရွားဆုံး စစ်ဘေးဒုက္ခသည်အရေအတွက်ဖြစ်လို့ ဒီပြဿနာကြောင့် ဥရောပရဲ့ ယိုင်နဲ့နဲ့ စီးပွားရေးကို ထိခိုက်လာဖို့ များနေပါတယ်။စစ်ရေးအရ ရုရှားက ယူကရိန်းထက် သာလွန်တဲ့အတွက် လေကြောင်းကို ပိုင်စိုးထားပေမယ့် မြေပြင်မှာတော့ ယူကရိန်းစစ်တပ်နဲ့ ပြည်သူတွေ ခုခံမှုကြောင့် အတော်လေးကို အထိနာနေသလို မျှော်မှန်းထားသလို ရှေ့မတက်လာနိုင်ဘူးဖြစ်ခဲ့ပါတယ်။အစောပိုင်း ဖေဖော်ဝါရီ ၂၄ ရက်မှ ယူကရိန်းကို စတင်ကျူးကျော်ချိန်မှာ ခန့်မှန်းခဲ့သလို ၂၄ နာရီအတွင်း ကိဗ်ကို သိမ်းနိုင်မယ်ဆိုတဲ့ အထင်ဟာ ယခုချိန်မှာ တက်တက်စင်အောင်လွဲနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ခေတ်သစ်စစ်ပွဲနဲ့ ခေတ်ဟောင်းခုခံမှုမှာ ပြည်သူ့စစ်အခြေခံဟာ ယခုထိ အသုံးဝင်နေဆဲဆိုတာ ယခု ရုရှား-ယူကရိန်း ကျူးကျော်စစ်က သက်သေပြနေပါတယ်။ကိဗ်မြို့ မြောက်ဘက်လမ်းမှ  မိုင် ၄၀ ရှည်လျားတဲ့ ရုရှားစစ်ယာဉ်တန်းဟာ မရွေ့လျှားနိုင်တာ ရက်အနည်းငယ်ရှိနေပြီး ထိုရက်အတွင်းမှာ ကိဗ်မြို့တော်ရဲ့ အနောက်မြောက်ဘက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။ကိဗ်မြို့သိမ်းတိုက်ပွဲအဖြစ် ယူဆကြပေမယ့် တစ်ဖက်မှာ ရုရှားတပ်တွေအဖို့ မြို့တွင်းတိုက်ပွဲတွေမှာ ယူကရိန်းပြည်သူ့စစ်တွေနဲ့ အရပ်သားတပ်တွေရဲ့ အမှည်ခြွေတာကို ခံရဖွယ်များနေလို့ ရုရှားက ဆီးရီးယားက မြို့တွင်းတိုက်ပွဲကျွမ်းကျင်တဲ့ တပ်မှူးတွေကို ခေါ်ထည့်နေတယ်ဆိုတဲ့ အသံတွေလဲ ထွက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်က ရုရှားတပ်တွေ အဝိုင်းခံထားရတဲ့ မာရီအူပူးလ်နဲ့ ဗိုလ်နိုဗါ့ခါဆိုတဲ့ မြို့နှစ်မြို့မှာတော့ အရပ်သားတွေကို ကယ်ထုတ်ရေး အပစ်ရပ်မယ်ဆိုပြီး ရုရှားဘက်က သဘောတူခဲ့ပေမယ့် ရုရှားဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်ပေးတာ နာရီဝက်တောင်မှ မပြည့်လို့ အပစ်ရပ်ဟာ ပျက်ပြယ်ခဲ့ပါတယ်။ဒီအတွက် ထုံးစံအတိုင်း ရုရှားက ယူကရိန်းဘက်ကဆိုပြီး ဦးအောင်အပြစ်တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ရုရှားအနေနဲ့ ယူကရိန်းအပေါ် ထိုးစစ်ကို ပြန်စခဲ့ပြီးနောက် ပြင်သစ်သမ္မတ မက်ခရွန် က ပူတင်နဲ့ ဖုန်းဆက်ဆွေးနွေးပြီးနောက်မှာ တိုက်ပွဲက ပိုဆိုးရွားလာနိုင်တယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။ဒါပေမဲ့ ယူကရိန်းဘက်က မြေပြင်မှာ ပျောက်ကြားစစ်နဲ့ ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်မှုက အလုပ်ဖြစ်နေတဲ့ အနေအထားဖြစ်ပုံရပြီး ရုရှားဘက်က လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာကို အဓိကထားနေရတာကို တွေ့ရပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ တောင်ပိုင်းမြို့ မာရီယူပူးလ်နဲ့ အရှေ့ပိုင်းမြို့ကြီးတွေဖြစ်တဲ့ ခါကိခ်နဲ့ ဆူမိမြို့တွေကိုလည်း ရုရှားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ အရပ်သားတွေ သိန်းချီပြီး ပိတ်မိနေသလို ထိခိုက်သေဆုံး မှုတွေလည်း ရှိခဲ့ပါတယ်။ဒီလို ရုရှားဘက်က တိုက်ခိုက်မှုတွေမှာ ကျန်းမာရေးဆိုင်ရာအဆောက်အဦတွေကိုတောင် မရှောင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ရုရှားတပ်တွေအနေနဲ့ ယူကရိန်းကို ထိုးစစ်ဆင်မှုဟာ ထင်သလောက် မသွက်ခဲ့ပါဘူး။

     ကြားဝင်စေ့စပ်မှုနှင့် အလားအလာ

ယူကရိန်းကို ရုရှားက အကြောင်းမဲ့ပြဿနာရှာနေကတည်းက ဥရောပနိုင်ငံတွေ အထူးသဖြင့် ပြင်သစ်က သံတမန်ရေးရာကို အားစိုက်လုပ်ဆောင်ခဲ့ပြီး ဂျာမနီက ရုရှားစွမ်းအင်ကို မှီခိုနေရတဲ့အတွက် သိပ်ပြီး ရုရှားကို အတိုက်အခံလုပ်ခဲ့တာကို မတွေ့ရပါဘူး။ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကို ကျူးကျော်ချိန်မှာ ဂျာမနီဟာ ရုရှားနဲ့ သံတမန်ရေးရာကို လျှော့ချခဲ့သလို Nord Stream-2 ပိုက်လိုင်းကို ရပ်ဆိုင်းခဲ့ပါတယ်။ဒါ့အပြင် စစ်လက်နက်တွေကိုပါ ထောက်ပံ့ခဲ့ပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်ကတော့ ရုရှားသမ္မတ ပူတင်နဲ့ အဆက်အသွယ်လုပ်နေပြီး ယူကရိန်းပြဿနာကို ပြေလည်အောင် သံတမန်ရေးအရ ကြိုးစားခဲ့ပေမယ့် ပူတင်ရဲ့ တောင်းဆိုမှုတွေကို ပေးနိုင်တဲ့ အခွင့်အာဏာမရှိတဲ့အတွက် ဆွေးနွေးမှုတွေက အရာမရောက်ခဲ့တာကို တွေ့ရပါတယ်။နောက်ပိုင်းမှာ ယူကရိန်းပြဿနာကို ဆွေးနွေးဖို့ တိုက်ရိုက်ဖြစ်လာတဲ့အခါ  တူရကီသမ္မတက သူ့နိုင်ငံထဲမှာ ဆွေးနွေးဖို့ ဖိတ်ခေါ်သလို စစ်ပွဲကိုရပ်ဆိုင်းဖို့ တိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။ဒါပေမဲ့ ပူတင် က မရပ်တဲ့အပြင် ဆက်တိုက်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ဒီလိုကြားဝင်မှုထဲ အစ္စရေးလည်းပါလာပြီး မော်စကိုအထိသွားခဲ့တာကို တွေ့ရပါတယ်။ဒါပေမဲ့ ရုရှားသမ္မတ ပူတင်ဘက်က ပျော့ပြောင်းတဲ့ လိုက်လျောမှုကို မပြခဲ့သလို ယူကရိန်းကို နိုင်ငံတည်ရှိမှု ကွယ်ပျောက်ဆုံးရှုံးသွားနိုင်တယ်ဆိုပြီး ထပ်ခြိမ်းခြောက်ခဲ့တာကို တွေ့ရပါတယ်။  

ရုရှားရဲ့ ထိုးစစ်တွေ တန့်နေမှုဟာ သံတမန်ဆိုင်ရာလုပ်ငန်းစဉ်တွေကြောင့် တန့်နေတာလားဆိုပြီး အကောင်းဘက်က တွေးလို့ရပေမယ့် တကယ်က မြေပြင်မှာ ရုရှားတပ်တွေက ယူကရိန်းမြို့ကြီးတွေကို ဆက်တိုက်သိမ်းနေတာရှိလို့ ပစ်ခတ်ဖျက်ဆီးနေတာလည်း အတော်ကိုများပါတယ်။ကေဂျီဘီလို့ခေါ်တဲ့  ဆိုဗီယက်ခေတ် ထောက်လှမ်းအဖွဲ့မှာ သားသတ်သမားလို့ အမည်ရခဲ့တဲ့ လုပ်ကြံသတ်ဖြတ်ရေးတာဝန်ယူခဲ့တဲ့ ရုရှားသမ္မတ ပူတင်အဖို့ ယူကရိန်းကို အလုံးစုံဖျက်ဆီးဖို့ ရည်မှန်းထားပုံရပြီး ကိဗ်ကို ၀ိုင်းကာ ယူကရိန်း သမ္မတ ဇီလန်စကီး ကို သူလိုချင်တဲ့ အနေအထားရဖို့ ခြိမ်းခြောက်လှန်ယူနေတဲ့ ပုံစံပေါ်နေပါတယ်။ဒါပေမဲ့ ယူကရိန်းပြည်သူတွေ ခုခံမှုက သူထည့်မတွက်ထားတဲ့အထဲပါပြီး နိုင်ငံတကာက ယူကရိန်းကို အုံနဲ့ကျင်းနဲ့ ၀ိုင်းထောက်ခံတာ ထောက်ပံ့တာတွေက ပူတင် ကို အတော်လေး အကျပ်တွေ့စေခဲ့ပါတယ်။

ယူကရိန်းမြို့တော်ကို မြန်မြန်သိမ်း၊ သူ့အလိုကျ သစ္စာခံအစိုးရကိုတင်ပြီး ယူကရိန်းကို သူ့လက်အောက်ခံ နိုင်ငံအဖြစ်ထားပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကို  ထိတ်လန့်စေမယ်ဆိုတဲ့ ရည်ရွယ်ချက် ယခုလိုစစ်ပွဲက တစ်ပတ် ဆယ်ရက်ကျော်လာတဲ့အခါ သူ့အတွက် စစ်ကိုနိုင်အောင်တိုက်မလား၊ ညှိနှိုင်းပြီး ယူကရိန်းကနေ ပြန်ထွက်မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ညှိနှိုင်းတဲ့အနေနဲ့ ယူကရိန်းအစိုးရ ကိုယ်စားပြုတဲ့အဖွဲ့နဲ့ နှစ်ကြိမ်တွေ့ခဲ့ပေမယ့် ကောင်းမွန်တဲ့ရလဒ်မထွက်ခဲ့သလို အရပ်သားတွေ ထွက်ခွင့်ရဖို့အတွက် အပစ်ခတ်ရပ်မှုကလည်း နာရီဝက်တောင် မပြည့်ခဲ့တဲ့အတွက် ရုရှားအနေနဲ့ ဆွေးနွေးညှိနှိုင်းမှုလမ်းကြောင်းကို မစဉ်းစားဘဲ လက်နက်အားကိုးနဲ့ ယူကရိန်းကို မရ ရအောင် သိမ်းဖို့ ဆုံးဖြတ်ထားတာ ပေါ်လွင်လာနေပါတယ်။

ရုရှားအနေနဲ့ ဆွေးနွေးညှိနှိုင်းချင်တာက တခြားနိုင်ငံတွေထက် အမေရိကန်နဲ့ အဓိကဆွေးနွေးချင်နေတာပါ။အမေရိကန်ကတော့ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ကတည်းက ဆွေးနွေးမှုလမ်းကြောင်းကို ဖယ်ချပြီး လုပ်စရာရှိတာတွေကို ဆက်တိုက်လုပ်နေခဲ့လို့ ရုရှားအတွက် မထင်မှတ်တဲ့ အခက်အခဲတွေဖြစ်တဲ့ နိုင်ငံတကာအဝန်းအ၀ိုင်းကနေ ၀ိုင်းကျဉ်ခံရတာ၊ စီးပွားရေးပြိုလဲနိုင်တဲ့ ပိတ်ဆို့မှုတွေကို ကြုံနေရပါတယ်။ဒီအတွက် ဆွေးနွေးဖို့ဆိုရင် အမေရိကန်နဲ့ ဆွေးနွေးဖို့သာ ရုရှားဘက်က အားသန်နေလို့ မကြာမီက အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ရဖို့ နီးလာပြီဆိုတဲ့ အသံကြားတဲ့အခါ ရုရှားဘက်က သူ့အကျိုးစီးပွားကိုပါ လိုက်ထည့်ပြောလို့ အီရန်ဘက်က မဆိုင်ဘူးဆိုတာမျိုး ပြောခဲ့တာကို တွေ့ရပါတယ်။

အမေရိကန်အနေနဲ့ ယူကရိန်းစစ်ပွဲမှာ တိုက်ရိုက်မပါဘဲ ထောက်ပို့စနစ်ကို တာဝန်ယူထားသလို ယူကရိန်း လိုသမျှ စစ်လက်နက်နဲ့ အခြားသော အထောက်အကူတွေကို ရအောင်လုပ်ပေးနေတာဟာ စစ်မက်အားကိုးနဲ့ အနိုင်ကျင့်ချင်တဲ့ ရုရှားအတွက် လုပ်ရကိုင်ရခက်လာစေတာကို တွေ့ရပါတယ်။ရုရှားအနေနဲ့ စစ်ပွဲကြာလေ အခက်တွေ့လေ ဖြစ်လာနိုင်တာကို မြင်နေရပါတယ်။

ဒီအချိန်မှာ ရုရှားရဲ့ အနီးကပ်ဆုံးနိုင်ငံဖြစ်တဲ့ တရုတ်က စနေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ဖုန်းဆက်ကာ လက်ရှိပဋိက္ခကို ဖြေရှင်းနိုင်ဖို့ ရုရှားနဲ့ ယူကရိန်း တိုက်ရိုက်ဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းခဲ့သလို အမေရိကန်၊ ဥရောပ၊ NATO နဲ့ ရုရှားတို့ တွေ့ဆုံဆွေးနွေးသင့်ပြီး ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်အတွင်း ဥရောပအရှေ့ဘက်ကိုတိုးပြီး NATO က ချဲ့ထွင်နေတာကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို အလေးထားသင့်တယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။သံတမန်ရေးရာမှာ ရှေ့မတိုးသာဖြစ်နေတဲ့ ဒီအခြေအနေမှာ တရုတ်ဝင်လာတဲ့အတွက် ဒီသံတမန်ရေးရာညှိနှိုင်းမှုကို ရုရှားဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်စရာဖြစ်လာခဲ့ပါတယ်။

အမေရိကန် ဘယ်လိုလမ်းကို ပုံဖော်နေသလဲ

မကြာမီရက်ပိုင်းအတွင်း ယူကရိန်း သမ္မတ ဇီလန်စကီး က ယူကရိန်းအပေါ် မပျံသန်းရဇုန်သတ်မှတ်ဖို့ နေတိုးနဲ့ အမေရိကန်ကို တောင်းဆိုခဲ့တာကို  အမေရိကန်နဲ့ နေတိုးဘက် ပယ်ချခဲ့တဲ့အတွက် ယူကရိန်းဘက်က အပြစ်တင်ခဲ့ပြီး ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။ဒီလိုပယ်ချခဲ့တဲ့အတွက် အမေရိကန်နဲ့ နေတိုးဘက်က စစ်ကိုတိုက်ရိုက်မပတ်သက်ဘဲ ရုရှားရဲ့ အကျိုးစီးပွားကို တိုက်ခိုက်မှုကိုသာ အလေးထားနေတဲ့ ဗျူဟာက ပိုပြီးပေါ်လွင်လာခဲ့ပါတယ်။ပူတင်ကလည်း မပျံသန်းရဇုန် သတ်မှတ်ခဲ့ရင် စစ်ကကျယ်ပြန့်လာမယ်လို့ပြောခဲ့သလို အနောက်နိုင်ငံတွေက ရုရှားကို အရေးယူပိတ်ဆို့မှုတွေချတာက စစ်ကြေညာတာပဲလို့ ခပ်ရမ်းရမ်းပြောခဲ့တာကို တွေ့ရပါတယ်။

အမေရိကန်အနေနဲ့ ရုရှားကိုတိုက်နေတဲ့ ယူကရိန်းကို စစ်လက်နက်ထောက်ပံ့နေရာမှာ အတော်လေးကို အရှိန်ရနေပြီး ရုရှားလေကြောင်းကြီးစိုးမှုကို တုံ့ပြန်ဖို့အတွက် ပိုလန်မှာရှိတဲ့ ရုရှားလုပ် MIG တိုက်လေယာဉ်တွေ ပံ့ပိုးနိုင်ဖို့ လုပ်နေပါတယ်။ဒီအတွက် ပိုလန်နဲ့ လက်တွဲဆောင်ရွက်နေကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ထုတ်ပြန်ပြီး၊ စစ်ရေးပံ့ပိုးမှုများဆက်လုပ်ပေးမည်ဆိုသော အမေရိကန်လွှတ်တော်နှစ်ရပ်၏ ကတိကဝတ်များ ယူကရိန်း သမ္မတ ရရှိထားပါတယ်။မတ် ၆ ရက် သတင်းတချို့မှာ ယူကရိန်းနယ်စပ်အနီး လျှို့ဝှက်လေယာဉ်ကွင်းကနေ အမေရိကန်က ယူကရိန်းကို စစ်လက်နက်ထောက်ပံ့မှုတွေလုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေသလို အဓိကလိုနေတဲ့ တင့်ကားဖျက်လက်နက်တွေ ယူကရိန်းကိုထောက်ပံ့ခဲ့တဲ့အတွက် ရုရှားတင့်ကားတွေ အထိနာနေတာကိုလည်း တွေ့ရပါတယ်။

ရုရှားအတွက် ဒီလိုထောက်ပံ့လမ်းတွေကို ဖြတ်တောက်မှ ယူကရိန်းကို သိမ်းယူလို့ရမှာဖြစ်ပေမယ် သိမ်းထားတဲ့ မြို့တွေကို ဆက်ထိန်းဖို့ဆိုတာ မလွယ်လှပါဘူး။ဒါ့အပြင် အနောက်အုပ်စုက ထောက်ပံ့နေတဲ့ စတင်ဂါလို ဝေဟင်ပစ်တွေကြောင့် ရေရှည်မှာ ရုရှားလေကြောင်းကြီးစိုးမှုက ပျက်ပြယ်ဖို့ သေချာနေပါတယ်။တကယ်လို့ ဒီထောက်ပံ့မှုလမ်းကြောင်းကိုဖျက်ဖို့ ကြိုးစားမယ်ဆိုရင် နေတိုးအုပ်စုဝင်နိုင်ငံတွေထဲ ဝင်တိုက်ရမှာဖြစ်တဲ့အတွက် နောက်ထပ်စစ်ပွဲကြီးတစ်ခုကို ရုရှားရင်ဆိုင်ရမှာပါ။

တကယ်ပဲ ခက်ခဲတဲ့မေးခွန်းကတော့ ကိဗ်ကို ရုရှားသိမ်းပြီးရင် စစ်ကပြီးပြီလားဆိုတာပါပဲ။နိုင်ငံတကာစစ်ရေးအကဲခတ်တွေနဲ့ သူတေသီတွေကတော့ အဲဒီအချိန်မှစပြီး ရုရှားရဲ့ မဟာအခက်အခဲစမှာလို့ သုံးသပ်ထားပါတယ်။ရုရှားအနေနဲ့ လနဲ့ချီတဲ့ ယူကရိန်းစစ်ကို မပြင်ဆင်ထားတာဖြစ်လို့ ဒီစစ်ပွဲမှာ ရုရှားနိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ  ရုရှားအတွက် စစ်နွံထဲနစ်ဖို့ များနေပါတယ်။အမေရိကန်နဲ့ အနောက်အုပ်စုအဖို့ တစ်ဖက်မှာ ရုရှားကို စီးပွားရေးအရချွတ်ခြုံကျအောင် ပိတ်ဆို့ကန့်သတ်နေသလို တစ်ဖက်မှာလည်း စစ်ရေးအရ ယူကရိန်းကနေ ပြန်ထွက်လို့မရအောင် ယူကရိန်းကို စစ်လက်နက်တွေ ပုံအောထောက်ပံ့နေတဲ့အတွက် ပူတင်အဖို့ ကြာလေဒုက္ခများလေဆိုတဲ့ အနေအထားကို ရောက်နေပါတယ်။ဒီအတွက် ပူတင် ဘယ်လိုရုန်းမလဲ၊ စစ်ဘီလူးတစ်ဦးရဲ့ ကျရှုံးခန်းက ဘယ်ကနေစမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မင်းထက်
မတ် - ၇