【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အကြမ်းဖက်ခြိမ်းခြောက်မှု ဘယ်ဆီရောက်မလဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အကြမ်းဖက်ခြိမ်းခြောက်မှု ဘယ်ဆီရောက်မလဲ

ယခုတစ်ပတ်မှာ အမေရိကန် ဒု-သမ္မတ ကာမလာဟားရစ်ရဲ့ အရှေ့တောင်အာရှ နိုင်ငံနှစ်ခုခရီးစဉ်က စိတ်ဝင်စားစရာကောင်းလို့ စောင့်ကြည့်နေချိန်မှာဘဲ ကဘူးလ်မှာ အိုင်အက်စ်တွေရဲ့တိုက်ခိုက်မှုကြောင့် လူတစ်ရာကျော်သေဆုံးခဲ့ရတဲ့အခါ အာဖဂန်အခင်းအကျင်းက ယခင်ကထက် ပိုပြီးရှုပ်ထွေးသွားစေခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေနဲ့ တရုတ်၊ ရုရှားဘက်က လှုပ်ရှားမှုတွေ၊ COVID-19 မူလဇာစ်မြစ်နဲ့ဆိုင်တဲ့ အမေရိကန်ရဲ့ ထောက်လှမ်းရေးအစီရင်ခံစာထွက်လာတာ၊ တခြားသော ကမ္ဘာ့အခင်းအကျင်းတွေ ဆုံချက်ကျလာတာကို ဒါတွေကို ယခုရက်သတ္တပတ်မှာ တွေ့ခဲ့ရပါတယ်။  

ဒီသတင်းတွေအပြင် သတိထားမိတဲ့ တခြားနိုင်ငံတကာသတင်းတွေလည်းရှိခဲ့ပါတယ်။သဘာဝဘေးနဲ့ လူလုပ်ဘေးသတင်းတွေဖြစ်တဲ့ ကိုလံဘီယာမှာ သတ္တုတွင်းထဲ မီသိန်းဓာတ်ငွေ့ယိုစိမ့်လို့ မြေအောက်စင်ပေါက်ကွဲပြီး တွင်းသား ၁၂ ယောက် သေဆုံးခဲ့တဲ့သတင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က  ၃၇ ထပ်တိုက်မှာ မီးလောင်ခဲ့တဲ့သတင်း၊ ဂရေ့စ် ဟာရီကိန်းမုန်တိုင်း မက္ကဆီကိုနိုင်ငံကို ဖြတ်သန်းတိုက်ခတ်လို့ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့သတင်းလို သတင်းတွေနဲ့ လူလုပ်ဘေးသတင်းတွေဖြစ်တဲ့ ထိုင်းမှာ မူးယစ်တရားခံတစ်ယောက်ကို  စခန်းမှူးကိုယ်တိုင်က သေဆုံးတဲ့အထိ စစ်ဆေးငွေညှစ်ခဲ့လို့ စခန်းမှူးကိုဖမ်းတဲ့သတင်း၊ ဂျာမနီနိုင်ငံ ဒါန်းမ်စတဒ် နည်းပညာတက္ကသိုလ်အဖွဲ့ဝင်တွေ အဆိပ်သင့်တဲ့လက္ခဏာပြလို့ လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေတဲ့သတင်း၊ အမေရိကန်နိုင်ငံ ပို့ထ်လန်းမြို့မှာ လက်ယာစွန်းနဲ့ လက်ဝဲစွန်း အုပ်စုတွေကြား ဆန္ဒပြပွဲမှာ သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့သတင်း၊ နာဘလက်စ်မြို့နားက ဒုက္ခသည်စခန်းမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံးခဲ့တဲ့သတင်းတွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံတကာအခင်းအကျင်းသတင်းတွေဆိုရင်လည်း G7 ခေါင်းဆောင်တွေ ကဘူးလ်လေဆိပ်ကနေ အာဖဂန်ပြည်သူတွေကို ဘေးကင်းရာကယ်ထုတ်ရေးအတွက် ညှိနှိုင်းဖို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့သတင်း၊ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် ဆွန်မ်ကင်မ်ဟာ တောင်ကိုရီးယား အထူးသံတမန် နိုကယူးဒတ်ခ်တို့ တွေ့ဆုံခဲ့ကြတဲ့သတင်း၊ မော်စကိုမှာကျင်းပတဲ့ နိုင်ငံတကာ စစ်ဘက်-နည်းပညာ ဖိုရမ်မှာ အိန္ဒိယက ပြည်တွင်းထုတ် LCA Tejas တိုက်လေယာဉ်နှင့် တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည် Arjun Main Battle Tank (MK1A) တို့ကို ရောင်းချဖို့ ပြသခဲ့တဲ့သတင်း၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေး လာမယ့်ရွေးကောက်ပွဲမှာ ဒု-သမ္မတရာထူးနေရာက ရွေးကောက်ခံမယ့်သတင်း စတဲ့သတင်းတွေလည်း သတိထားစရာကောင်းခဲ့ပါတယ်။  

ဒီထဲမှာ အမေရိကန်ဒုသမ္မတ ကာမလာဟားရစ်ရဲ့ အရှေ့တောင်အာရှခရီးစဉ်သတင်းတွေနဲ့ အာဖဂန်မှာ တစ်ကျော့ပြန် ပြည်တွင်းစစ်ဖြစ်ဖို့ အလားအလာများလာချိန်မှာ ကဘူးလ်လေဆိပ် ဗုံးကွဲမှုဖြစ်လာလို့ အမေရိကန်ရဲ့အလားအလာ သတင်းတွေက ယခုရက်သတ္တပတ်ရဲ့ နိုင်ငံတကာစိတ်ဝင်စားမှုအမြင့်ဆုံး သတင်းတွေဘဲဖြစ်ပါတယ်။ဒီထဲက အာဖဂန်မှာ တပ်ရုတ်သိမ်းမှုကြောင့် ဖိအားအောက်ရောက်ခဲ့တဲ့ အမေရိကန်ရဲ့အနေအထားက စိတ်ဝင်စားစရာပါဘဲ။

အာဖဂန်ဖိအားရောက် အမေရိကန်

တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ဖို့ မျှော်လင့်ချက်နဲ့ ကဘူးလ်လေဆိပ်အပြင်မှာ စုရုံးရောက်ရှိနေတဲ့ လူအုပ်ကြီးကို အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ် အသေခံဗုံးခွဲသမားတွေက ကြာသပတေးနေ့မှာ ဗုံးခွဲတိုက်ခိုက်တာကြောင့် ဩဂုတ်လ ၂၇ ရက်က အမေရိကန်စစ်သား ၁၃ ဦး အပါအဝင် လူပေါင်း ၇၈ ဦးသေဆုံးခဲ့ပြီး မီဒီယာတွေမှာတော့ ၂၀၀ နီးပါးထိရှိခဲ့တယ် ဆိုပါတယ်။မြွေပူရာကင်းမှောင့်ဆိုသလို အဲဒီနေ့ ကဘူးလ်လေဆိပ်မြင်ကွင်းဟာ အတော်လေးစိတ်နှလုံးကြေကွဲဖွယ်ဖြစ်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်လာနိုင်မှုဟာ ဖြစ်နိုင်ခြေရှိနေတာကို အာဖဂန်ကို မြန်မြန်ဆန်ဆန်ထိုးစစ်ဆင်လာခဲ့တဲ့ တာလီဘန်တွေကလည်း ရိပ်မိထားလို့ သူအဖွဲ့ဝင်တွေကို သတိပေးထားခဲ့တာပါ။ဒါပေမယ့် ကဘူးလ်လေဆိပ်ဟာ အာဖဂန်မှာ တာလီဘန်တွေလက်က ကင်းလွတ်ပြီး တစ်ခုတည်းသော ပြည်ပတပ်တွေထိန်းချုပ်ထားရာ နေရာဖြစ်နေတဲ့အတွက် အာဖဂန်ကနေ အမေရိကန်နဲ့ မဟာမိတ်တပ်တွေ နောက်ဆုံးမဆုတ်ခွာခင် နိုင်ငံကနေထွက်ခွာခွင့်ရဖို့ ကြိုးစားနေတဲ့ ထောင်နဲ့ချီတဲ့ အာဖဂန်ပြည်သူတွေအတွက် တစ်ခုတည်းသော အားထားရာဖြစ်နေလို့ လုံခြုံရေးက ထင်သလောက်မလွယ်ပါဘူး။

ပေါက်ကွဲမှုမဖြစ်ခင်ကတည်းက ဒီလိုဖြစ်လာနိုင်တာတွေကို အမေရိကန်နဲ့ မဟာမိတ်တွေ၊ တာလီဘန်တွေက ကြိုသတိပေးချက်တွေ ရထားခဲ့ပါတယ်။အစောပိုင်းမှာ ဗြိတိန်အဆင့်မြင့်စစ်ဘက်အရာရှိတွေက ဗြိတိန်နှင့် အမေရိကန်စစ်သားတွေကို အိုင်အက်စ်အဖွဲ့က ပစ်မှတ်ထားလာနိုင်တယ်ဆိုပြီး သတိပေးခဲ့ပါတယ်။အသေခံဗုံးခွဲမှုမဖြစ်ပွားမီ နာရီပိုင်းအလိုမှာ အမေရိကန်နှင့် ပြည်ပနိုင်ငံများက ၎င်းတို့၏နိုင်ငံသားများအားသည် ကဘူးလေဆိပ်တွင် ကြီးမားသည့် အကြမ်းဖက်ခြိမ်းခြောက်မှုရှိနေလို့ လေဆိပ်ကို ညွှန်ကြားချက်မရဘဲ မသွားဖို့ သတိပေးခဲ့တာတွေရှိခဲ့ပါတယ်။

ဒါပေမယ့် အာဖဂန်ပြည်သူတွေအဖို့ အန္တရာယ်ကို သတိမထားရလောက်အောင် အကြောက်တရားက ဖိစီးနေခဲ့ပါတယ်။ကဘူးလ်ကိုသိမ်းပြီး ရက်ပိုင်းအတွင်းမှာ အမေရိကန်တပ်တွေ၊ မဟာမိတ်တပ်တွေနဲ့ တွဲလုပ်ခဲ့တဲ့သူတွေကို တာလီဘန်တွေက ရှာဖမ်းနေတာ၊ သတ်ဖြတ်စပြုလာတာတွေ၊ ကဘူးလ်မြို့တွင်းမှာ အမျိုးသမီးတွေကို မျက်နှာဖုံးမတပ်ရင် လိုက်ရိုက်နှက်တာတွေရှိလာနေတဲ့အတွက် အမေရိကန်တပ်တွေ အပြီးမရုတ်သိမ်းမည် အာဖဂန်ကနေလွတ်ဖို့ အရေးကြီးလာနေခဲ့ပါတယ်။ဒီထက်ပိုစုပြုံလာရတဲ့အကြောင်းက ဩဂုတ် ၃၁ ရက်မှာ ယခင်စီစဉ်ထားတဲ့အတိုင်း အမေရိကန်ဦးဆောင်တဲ့ ကယ်ထုတ်ရေးလုပ်ငန်းတွေကို အဆုံးသတ်မယ်ဆိုပြီး သမ္မတ ဂျိုးဘိုင်ဒင် က အတည်ပြုလိုက်တာပါ။ဒီနောက်မှာတော့ တာလီဘန်တွေ လက်အောက်ကနေ အသက်ရှင်လွတ်မြောက်ရေးအတွက် အာဖဂန်ပြည်သူတွေဟာ စိုးရိမ်တကြီး တက်သုတ်ရိုက်ကြိုးပမ်းလာခဲ့ကြလို့ ကဘူးလ်လေဆိပ်အပြင်ဖက်မှာ လူအုပ်လိုက်ကြီးရှိနေခဲ့တာပါ။

သြဂုတ်လ ၂၇ ရက်မှာ အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ရဲ့ အဖွဲ့ခွဲတစ်ရပ်ဖြစ်တဲ့ အာဖဂန်နစ္စတန်က ဂျီဟတ်အဖွဲ့အားလုံးမှာ အစွန်းရောက်ဆုံးနဲ့ အကြမ်းဖက်ဆုံးအုပ်စုဖြစ်တဲ့ အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန် IS-K အဖွဲ့က အသေခံတိုက်ခိုက်ရေးသမားက လေဆိပ်ရဲ့ အက်ဘ်ဘေးဂိတ်ပေါက်ရှေ့က ကြီးမားတဲ့ လူအုပ်ကြီးအတွင်း ဗုံးတစ်လုံးဖောက်ခွဲခဲ့ပါတယ်။
ဒီဗုံးခွဲမှုနောက်မှာ အသေခံဗုံးခွဲမှုတစ်ခုထပ်ဖြစ်ခဲ့လို့ အသေခံဗုံးခွဲမှုနှစ်ခုအတွင်း အမေရိကန်စစ်သား ၁၃ ဦးအပါအဝင် လူ ၈၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ဒီဖြစ်ရပ်ဟာ အိုင်အက်စ်အုပ်စုက ၎င်းတို့လုပ်ရပ်ဖြစ်ကြောင်း ဝန်ခံခဲ့လို့ အမေရိကန်အတွက် ၂၀၁၁ ခုနှစ်ကစလို့ အာဖဂန်နစ္စတန်မှာ အမေရိကန် စစ်တပ်အတွက် တစ်ရက်တည်း အဆိုးဝါးဆုံး စစ်သားတွေကျဆုံးမှုဖြစ်ခဲ့ရပါတယ်။ဒီဖြစ်ရပ်အပြီး အာဖဂန်အကျပ်အတည်းကြောင့် ဖိစီးမှုတွေနဲ့ရင်ဆိုင်နေရတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က “ကျွန်တော်တို့ ခွင့်လွှတ်မှာမဟုတ်သလို မေ့ပစ်မှာလည်းမဟုတ်ပါဘူး။တိုက်ခိုက်တဲ့သူတွေကို လိုက်လံရှာဖွေပြီး နှိမ်နင်းသွားမှာပါ” လို့ နိုင်ငံကို မိန့်ခွန်းပြောခဲ့ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး ကျွမ်းကျင်သူများကလည်း ဒီဖြစ်ရပ်အပြီးမှာ ကဘူးလ်မှာ နောက်ထပ်တစ်ကြိမ်တိုက်ခိုက်မှု ဖြစ်လာနိုင်တယ်လို့  သတိထပ်ပေးခဲ့ပါတယ်။နိုင်ငံတကာက ဒီလိုတိုက်ခိုက်မှုကို အမေရိကန် ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်နေခဲ့ပါတယ်။

ကဘူးလေဆိပ် အသေခံဗုံးခွဲတိုက်ခိုက်ခံရပြီး နောက်တစ်ရက်မှာ ကဘူးလ်လေဆိပ်မှာ လူအသေအဆုံးများတဲ့ အသေခံဗုံးခွဲမှုကို ဆင်နွှဲနိုင်ခဲ့တယ်ဆိုပြီး ကြွေးကြော်ထားတဲ့ ခိုရာဆန်အုပ်စုရဲ့ ကြိုးကိုင်သူကို ပစ်မှတ်ထားပြီး အာဖဂန်နစ္စတန်အပြင်ဖက်ကနေ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာမှာ ပစ်မှတ်ကိုသုတ်သင်နိုင်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်အနေနဲ့ ဒီလိုလျှင်လျှင်မြန်မြန် လက်တုံ့ပြန်နိုင်ခဲ့တဲ့အတွက် ဒီနောက်ကွယ်မှာ အမေရိကန်ထောက်လှမ်းရေး လက်တံကြောင့်လား၊ အာဖဂန်မှာ အိုင်အက်စ်နဲ့ ပြိုင်ဘက်ဖြစ်နေတဲ့ တာလီဘန်တွေရဲ့ သတင်းပေးပူးပေါင်းမှုကြောင့်လားဆိုတာ သုံးသပ်စရာဖြစ်လာသလို ဒီပစ်မှတ်က တကယ်ကော လေဆိပ်ဗုံးခွဲမှုမှာ တာဝန်ရှိတဲ့သူကို ထိမှန်ခဲ့ရဲ့လားဆိုတာ မေးစရာဖြစ်လာခဲ့ပါတယ်။   

ဘာပဲဖြစ်ဖြစ် အာဖဂန်ကနေ အမေရိကန်တပ်တွေ အလျှင်အမြန်ဆုတ်ခွာမှုကြောင့်ဖြစ်လာတဲ့ အကျိုးဆက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကို ဖိအားတွေကျရောက်လာခဲ့ပါတယ်။အထူးသဖြင့် မကြာခင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ရှိတဲ့ အမေရိကန်မှာရော၊ ပြည်ပမှာ နိုင်ငံတကာဦးဆောင်သူနေရာပြန်ရောက်အောင် ကြိုးစားနေတဲ့ ထရမ့်အလွန် အမေရိကန်ကို ကမ္ဘာ့ဦးဆောင်နိုင်ငံအဖြစ် ပြန်သိမ်သွင်းနေတဲ့ လုပ်ဆောင်နေမှုကိုပါ ထိခိုက်စေခဲ့ပါတယ်။

အာဖဂန်ကနေ ဗြိတိန်တပ်တွေ ဩဂုတ် ၂၈ ရက်က စတင်ဆုတ်ခွာနေသလို အမေရိကန်တပ်တွေလည်း စတင်ဆုတ်ခွာပါပြီ။နိုင်ငံတကာက ထင်ကြေးပေးထားတဲ့ အာဖဂန် ကဘူးလ်လေဆိပ်ဗုံးခွဲမှုကြောင့် အာဖဂန်မှာဖြစ်လာနိုင်တဲ့ ပြည်တွင်းစစ်ထဲ အမေရိကန်ပြန်ပါလာဦးမလားဆိုတဲ့ မေးခွန်းကိုလည်း အမေရိကန်ဘက်က အာဖဂန်ပြင်ပကနေ ခိုရာဆန်အုပ်စုရဲ့ ကြိုးကိုင်သူကို ဒရုန်းနဲ့သတ်ဖြတ်ပြလိုက်တဲ့အတွက် ရှေ့လျှောက် ဒီဒေသမှာ အမေရိကန်အနေနဲ့ နည်းပညာအကူအညီနဲ့ အိုင်အက်စ်နဲ့ အကြမ်းဖက်မှုတွေကို တိုက်ခိုက်ဖို့နည်းလမ်းကို ရွေးထားတယ်ဆိုတာကိုပြလိုက်တဲ့ အနေအထားပါဘဲ။  

ပိုပြီးသေချာတာကတော့ အာဖဂန်မှာ ပြည်တွင်းစစ်ဖြစ်ဖို့ အလားအလာအရမ်းများနေသလို အာဖဂန်ကနေ ထွက်ပြေးလာမယ့် စစ်ပြေးဒုက္ခသည်ပြဿနာကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အီရန်၊ ပါကစ္စတန်၊ တာမနစ္စတန်၊ ဥဇဘက်ကစ္စတန်နဲ့ တာဂျစ်ကစ္စတန်နိုင်ငံတွေဟာ ဒီဒုက္ခသည်တွေနဲ့အတူပါလာမယ့် အကြမ်းဖက်သမားတွေကို လက်ခံရတော့မယ့်အရေးကို ကြုံနေရပါပြီ။အမေရိကန်နဲ့ မဟာမိတ်တွေက အာဖဂန်ကနေ အထိအခိုက်အနည်းဆုံးနဲ့ မဖြစ်ဖြစ်အောင် အပြီးထွက်မှာ သေချာသွားခဲ့ပါပြီ။

ဘိုင်ဒင်အနေနဲ့ ထရမ့်နဲ့မတူဘဲ  အာဖဂန်ကြောင့်ဖြစ်လာတဲ့ ဖိအားကို ကြံ့ကြံ့ခံပြီး ဘယ်သူ ဘာဝေဖန်ဝေဖန် ကမ္ဘာ့အဆိုးရွားဆုံး အကြမ်းဖက်သမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အမေရိကန်ကိုဆွဲထုတ်ပြီး ဒီဒေသရဲ့မတည်ငြိမ်မှုကိုထိန်းရတဲ့ တာဝန်ကို ရုရှားနဲ့ တရုတ်ကို တာဝန်ပိစေအောင် လွှဲတော့မယ်ဆိုတာ သေချာနေပါပြီ။တရုတ်နဲ့ ရုရှားအဖို့ အကြမ်းဖက်သမားတွေကို မဆက်ဆံချင်လဲ ဆက်ဆံရမှာဖြစ်ပြီး အကြမ်းဖက်မှုတွေ အသေခံဗုံးခွဲမှုတွေကို မကြုံချင်လဲ မကြာခင်ကြုံရတော့မှာပါ။

အမေရိကန်အဖို့ သူ့အကျိုးစီးပွားမထိမချင်း အာဖဂန်နဲ့ အာရပ်ကမ္ဘာကို ပြန်လှည့်လာဖို့မရှိသလို လက်ရှိမှာ သူ့နေရာကိုခြိမ်းခြောက်လာတဲ့ တရုတ်နဲ့ ရုရှားကိုလည်း နာတာရှည်ထိခိုက်နေစေမယ့် အစ္စလာမ္မစ် အကြမ်းဖက် အစွန်းရောက်သမားတွေနဲ့ ထိပ်တိုက်တွေ့ဖို့လမ်းကြောင်းကို ဖော်ဆောင် ဖန်တီးပေးခဲ့ပြီဖြစ်လို့ အမေရိကန်နဲ့ အနောက်အုပ်စုခင်းတဲ့ ဒီကစားကွက်ကို တရုတ်နဲ့ ရုရှား ဘယ်လိုရိုက်ချိုးပြောင်းလဲမလဲ၊ အထူးသဖြင့် အကြမ်းဖက်သမားတွေ အားကောင်းလာတဲ့ အာဖဂန်နဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေမှာ တရုတ်ရဲ့ BRI စီမံကိန်းတွေ ဘယ်လိုဖြစ်လာတော့မလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။   

တောင်တရုတ်ပင်လယ်နှင့် အင်ဒို-ပစိဖိတ် ကစားကွက်

ယခုအပတ် စင်္ကာပူနဲ့ ဗီယက်နမ်ကို ပထမဆုံးခရီးစဉ်အဖြစ်လာရောက်တဲ့ အမေရိကန် ဒု-သမ္မတ ကာမလာဟားရစ်ရဲ့ ခရီးစဉ်က အငြင်းပွားမှုတွေ၊ တရုတ်ကိုဝေဖန်တိုက်ခိုက်မှုတွေ၊ ဒေသတွင်း တရုတ်ရဲ့ဩဇာအာဏာလွှမ်းမိုးမှုကို လှုပ်ခတ်သွားတဲ့အထိ ဖြစ်ခဲ့တာကတော့ ငြင်းလို့မရတဲ့အချက်ပါဘဲ။ထူးခြားတဲ့အချက်ကတော့ အမေရိကန်ဒုသမ္မတ ခရီးစဉ်အပြီးမှာ အမေရိကန်ထောက်လှမ်းရေးကနေ ဘိုင်ဒင် ညွှန်ကြားထားတဲ့ COVID-19 စုံစမ်းထောက်လှမ်းမှု အစီရင်ခံစာ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။

အာဖဂန်မှာ မထင်မှတ်ထားဘဲ တာလီဘန်တွေသိမ်းပိုက်မှု မြန်ဆန်လာခဲ့လို့ ကဘူးလ်လေဆိပ်ကိုသာ ထိန်းချုပ်နိုင်တော့တဲ့အထိ‌ဖြစ်ခဲ့ရတဲ့ အမေရိကန်ရဲ့ ဂုဏ်သိက္ခာကျမှုဟာ ယခု အမေရိကန်ဒု-သမ္မတရဲ့ ခရီးစဉ်မှာလည်း ရိုက်ခတ်မှုဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ဟားရစ် က ဘိုင်ဒင်ရဲ့ အာဖဂန်ပေါ်လစီကိုကာကွယ်ခဲ့ပြီး သူမခရီးစဉ်ဦးတည်ချက်အတိုင်း လုပ်ခဲ့တာကို တွေ့ရပါတယ်။ဟားရစ်ရဲ့ ခရီးစဉ်ရည်ရွယ်ချက်ကို မသိရပေမယ့် အဓိကအားဖြင့် တရုတ်ရဲ့ဩဇာအာဏာကို တန်ပြန်ဖို့အတွက် ယုံကြည်မှုပြန်တည်ဆောက်တာက အဓိကဖြစ်ဖို့များပါတယ်။

ဒီရည်ရွယ်ချက်အတိုင်းပဲဆိုရင် ဟားရစ်ရဲ့ ဒီခရီးစဉ်က တရုတ်ကို သံတမန်ရေးရာအရ တိုက်ခိုက်မှုတွေအဓိကလို့ ဆိုရမှာဖြစ်ပါတယ်။စင်ကာပူခရီးစဉ်မှာဆိုရင် “တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းအများစုကို အတင်းအဓမ္မခြိမ်းခြောက် အကျပ်ကိုင်ပြီးရယူဖို့ ကြိုးပမ်းနေတယ်ဆိုတာ ကျွန်မတို့သိပါတယ်” ဆိုပြီး ပြောခဲ့ကာ “တရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေက စည်းမျဉ်းစည်းကမ်း အခြေခံစနစ်ကို ပျက်ပြားစေပြီး နိုင်ငံတွေရဲ့အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

ဗီယက်နမ်ရောက်တဲ့အခါ တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်က အနိုင်ကျင့်နေတာကိုဆန့်ကျင်ဖို့ အမေရိကန်နှင့် ပူးပေါင်းပါဝင်ဖို့ ဗီယက်နမ်အစိုးရကို တိုက်တွန်းခဲ့ပြီး တရုတ်နိုင်ငံအပေါ် ဖိအားများတိုးမြှင့်ရန် နည်းလမ်းအသစ်များ ရှာဖွေသွားမယ်ဆိုပြီးပြောခဲ့တာ တွေ့ရပါတယ်။

ဟားရစ်ရဲ့ ဒီလိုဝေဖန်မှုတွေကို တရုတ်ဘက်က ချက်ခြင်းပြန်လည်တုံ့ပြန်ခဲ့တာကိုလည်း တွေ့ရပါတယ်။စင်ကာပူမှာ ပြောခဲ့တာတွေကို  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝမ်ဘင်း က အာဖဂန်ကနေ အမေရိကန် ဝရုန်သုန်းကားဆုတ်ခွာနေရတာကို  ဦးတည်ပြီး “အမေရိကသာ ပထမဆိုပြီး ခုခံကာကွယ်နိုင်ဖို့အတွက် အမေရိကန်ဟာ သူ့အတွက်အကျိုးမရှိတဲ့ အခြားနိုင်ငံတွေကို တစ်ဖက်သတ်စွပ်စွဲတာတွေ၊ ဖိနှိပ်ညှင်းဆဲပြီး အနိုင်ကျင့်တာတွေ ပြုလုပ်နေပါတယ်။ဒါက အမေရိကန်တွေအလိုရှိနေတဲ့ အရာပါ။သူတို့တွေကို အခုချိန်မှာ ဘယ်သူကယုံကြည်နေသေးလဲ” ဟု မေးခွန်းထုတ်ခဲ့ပါတယ်။ဗီယက်နမ်ခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို နှောင့်ယှက်နေတာရပ်သင့်ပြီလို့ ဩဂုတ် ၂၅ ရက်မှာ ပြောခဲ့ပါတယ်။

ဘိုင်ဒင်လက်ထက်မှာ တရုတ်ကိုဖိအားပေးဖို့ဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေက ပိုပြီးအရေးပါလာခဲ့ပါတယ်။တရုတ်နဲ့ထိစပ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးသာ အမေရိကန်အနေနဲ့ ကောင်းခဲ့မယ်ဆိုရင် တရုတ်အတွက် အတော်လေးခက်ခဲလာမှာဖြစ်သလို အာဆီယံဟာ တရုတ်အတွက် အဓိကကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့အတွက် တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲမပြီးသေးတဲ့ အမေရိကန်အတွက် တရုတ်စီးပွားရေးကိုပါညှစ်ထားနိုင်မယ့် အခင်းအကျင်းလဲရှိနေပါတယ်။

ဒီ‌ဒေသက နိုင်ငံတွေအဖို့လည်း အင်အားကြီးနိုင်ငံနှစ်ခုလွန်ဆွဲမှုထဲ ပထဝီအနေအထားအရပါနေသလို တစ်နှစ်ကို ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံလောက်ရှိတဲ့ ရေကြောင်းသွားလာမှုနဲ့ သယံဇာတပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အငြင်းပွားနေတဲ့အတွက် စစ်ရေးအရ တရုတ်ကိုတန်ပြန်နိုင်ဖို့ အမေရိကန်နဲ့ အနောက်အုပ်စုအားကို လိုနေတဲ့အတွက် တစ်ဖက်ဖက်မှာ ပြတ်ပြတ်သားသားရပ်ရတော့မယ့်အခြေအနေကို နီးကပ်လာနေတဲ့ အနေအထားပါ။

နိုင်ငံတကာကစောင့်ကြည့်နေတဲ့ အမေရိကန်ထောက်လှမ်းရေးရဲ့ COVID-19 ဗိုင်းရပ်စ်ဇာစ်မြစ်ကို ရှာဖွေစုံစမ်းတဲ့ အစီရင်ခံစာက ရက် ၉၀ အတွင်းဖြစ်တဲ့ သြဂုတ်လ ၂၇ ရက်မှာ ထွက်လာခဲ့ပါတယ်။ဒီအစီရင်ခံစာမှာ ဒီဗိုင်းရပ်စ်ဟာ  မျိုးဗီဇအရတီထွင်ထုတ်လုပ်ခဲ့ခြင်းမဟုတ်ဆိုတဲ့ အချက်အပေါ် ယုံကြည်မှုနည်းပါးကြောင်း အကဲဖြတ်ခဲ့ကြတယ်ဆိုပြီး ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရေးကို တရုတ်နိုင်ငံက ဆက်လက်ဟန့်တားနေတာ၊ ကပ်ရောဂါဆိုင်ရာ အချက်အလက်များ မျှဝေခြင်းမရှိဘဲ အမေရိကန်အပါအဝင် အခြားနိုင်ငံများကို ဝေဖန်ပြစ်တင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ဗိုင်းရပ်စ်ရဲ ဇာစ်မြစ်ကို ကောက်ချက်ချဖို့ ဆိုရင် တရုတ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်မယ်ဆိုပြီး ယင်းအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဒါကို တရုတ်ဘက်က ပယ်ချခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ၊ အချက်အလက်တွေမျှဝေခဲ့တာ၊ ပွင့်လင်းမြင်သာမှုမရှိဟူသော ပြောဆိုချက်ဟာ ဒါကို နိုင်ငံရေးအရအသုံးချဖို့နဲ့ တရုတ်နိုင်ငံကို ချိုးနှိမ်ဆက်ဆံရန် အကြောင်းပြချက်လို့ တုံ့ပြန်ခဲ့ပါတယ်။အမေရိကန်အနေနဲ့ တရုတ်နိုင်ငံကို COVID-19 အကြောင်းပြုပြီး နိုင်ငံတကာကဖယ်ကျဉ်အောင် ပုံဖော်နေသလို တရုတ်ဘက်က ခွင့်မပြုနိုင်တဲ့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်မပေးနိုင်တာကိုနင်းပြီး သူ့ယူဆချက်မှန်အောင်လုပ်ဆောင်နေတာ အလေးခရီးရောက်နေတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ဘေးရောက်လာဖို့နီးစပ်နေတာကို တွေ့နေရပါတယ်။

တစ်ဖက်ကလည်း စစ်ရေးအရ တရုတ်နိုင်ငံဝန်းကျင်မှာ အမေရိကန်နဲ့ အနောက်အုပ်စုက လေယာဉ်တင်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေ သွားလာနေသလို ဒီရက်ပိုင်းမှာဘဲ ထိုင်ဝမ်နဲ့ တရုတ်ရေလက်ကြားကို အမေရိကန်ဖျက်သင်္ဘောတွေ ဖြတ်သန်းသွားလာလို့ တရုတ်ဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်တာတွေရှိခဲ့တဲ့အတွက် အမေရိကန်ရဲ့ စစ်မြူနေတဲ့အထဲကို တရုတ်ဘယ်တော့ဝင်သွားမလဲ၊ တရုတ်ကကော ဒီလိုအခင်းအကျင်းကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ ရင်မောစရာပါ။အာရှကို အာရုံစိုက်လာတဲ့ အနောက်အုပ်စုကြောင့် မတည်မငြိမ်ဖြစ်လာနေတဲ့ အာရှအခင်းအကျင်းကနေ ဘယ်နိုင်ငံတွေက အကျိုးအမြတ်ယူနိုင်မလဲ။ဘယ်နိုင်ငံတွေက ညှပ်သွားမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မင်းထက်
သြဂုတ် - ၃၀