【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အကြမ်းဖက်သတ်ဖြတ်မှု ခေါင်းထောင်ချိန်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အကြမ်းဖက်သတ်ဖြတ်မှု ခေါင်းထောင်ချိန်

ယခုရက်ထဲ နိုင်ငံတကာကအာရုံစိုက်နေတဲ့ သတင်းကတော့ ဟေတီသမ္မတလုပ်ကြံခံရတဲ့ သတင်းပါပဲ။နိုင်ငံခြားသား လုပ်ကြံသတ်ဖြတ်ရေးသမားတွေနဲ့လုပ်ကိုင်သွားတဲ့ အောင်မြင်ခဲ့တဲ့ ဒီလုပ်ကြံမှုက ကမ္ဘာကြီးကို တုန်လှုပ်စေပါတယ်။အထူးသဖြင့် စစ်မက်ရေးရာရှုပ်ထွေးနေတဲ့ ယခုအချိန်မှာ ဟေတီကျွန်းနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအချက်အချာကျမှု ဘယ်လောက်ရှိသလဲဆိုတာ မသိရသလို ဒီလုပ်ကြံမှုနောက်ကွယ်မှာ ဘာတွေရှိလဲဆိုတာကို နိုင်ငံတကာကလည်း သိချင်နေပါတယ်။ဒီသတင်းကြောင့် ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ သတိထားမိစရာဖြစ်သင့်တဲ့ သတင်းအတော်များများက သတိမပြုမိစရာဖြစ်ခဲ့ပါတယ်။

ယခုရက်သတ္တပတ်ထဲ ဖိလစ်ပိုင်မှာ စစ်ဘက်ဆိုင်ရာ လေယာဉ်တစ်စင်းပျက်ကျလို့ လူ ၅၀ ခန့် သေဆုံးခဲ့ရမှု၊ ရုရှားမှာ လူ ၂၈ ယောက်ပါတဲ့ လေယာဉ်တစ်စင်း ပျောက်ဆုံးသွားမှု၊ အမေရိကန်နိုင်ငံ မီယာမီမှာ လူနေအဆောက်အဦးတစ်ခြမ်းပြိုကျလို့ လူ ၁၅၀ ကျော် သေဆုံးသွားရမှု၊ ဂျပန်မှာ မြေပြိုလို့ လူ ၁၀ ဦးသေဆုံးကာ ၁၀ ဦးကျော် ပျောက်ဆုံးနေတဲ့သတင်း၊ ကနေဒါမှာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးအပူလှိုင်းကျရောက်လို့ လူ ၁၀၀ သေဆုံးခဲ့တဲ့သတင်း၊ ဆိုက်ပရပ်စ်မှာလည်း စံချိန်တင်တောမီးလောင်ကျွမ်းမှုတွေကြောင့် လူ ၄ ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့တဲ့သတင်း၊ အင်ဒိုနီးရှားမှာ ငလျင်လှုပ်ခတ်လို့ သေဆုံးခဲ့တဲ့သတင်း စတဲ့သတင်းတွေ ယခုရက်သတ္တပတ်ထဲ ဖြစ်ခဲ့တာရှိပါတယ်။

ဒီလိုသဘာဝဘေး၊ လူလုပ်ဘေးတွေအပြင် ကမ္ဘာ့နိုင်ငံရေးမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်မယ့် သတင်းတွေလည်းရှိခဲ့ပါတယ်။ဒီထဲက ဟေတီသမ္မတလုပ်ကြံခံရတဲ့သတင်းက ဖြစ်ပျက်တာရော၊ နောက်ကွယ်က အခြေအနေတွေပါ စိတ်ဝင်စားစရာကောင်းနေပါတယ်။

လွယ်လင့်တကူလုပ်ကြံခံလိုက်ရတဲ့ ‘သမ္မတ’

ဇူလိုင် ၇ ရက် မနက်ပိုင်းမှာ ဟေတီသမ္မတဖြစ်သူ ယိုဗနယ်မော်စီကို ဟေတီရဲ့ လူဂုဏ်တန်တွေနေထိုင်ရာရပ်ကွက်ရှိ ကိုယ်ပိုင်နေအိမ်အတွင်း ကြေးစားစစ်သားတွေက လုပ်ကြံသတ်ဖြတ်ခဲ့လို့ နိုင်ငံတကာကို တုန်လှုပ်စေခဲ့ပါတယ်။ ၁၉၇၀ ဝန်းကျင်လောက်က ပုံစံမျိုး လုပ်ကြံသတ်ဖြတ်မှုတွေက ယနေ့ခေတ်မှာ ပြန်လည်ဖြစ်လာခဲ့တဲ့အတွက် ထိတ်လန့်တုန်လှုပ်စရာ အခင်းအကျင်းပါ။ဒီထက်ပိုပြီး ထိတ်လန့်စရာကောင်းခဲ့တာက သမ္မတလုပ်ကြံသတ်ဖြတ်မှုကို လုပ်ခဲ့သူတွေဟာ နိုင်ငံခြားသားတွေဖြစ်ပြီး အင်္ဂလိပ်စကားနဲ့ စပိန်စကားပြောသူတွေဖြစ်ကာ အသေအချာလေ့ကျင့်ထားတဲ့ သေနတ်သမားတွေဖြစ်နေတာပါ။ဒီလိုစနစ်တကျ စီစဉ်တိုက်ခိုက်ခဲ့လို့ သမ္မတမွိုက်စ် ပွဲချင်းပြီးသေဆုံးကာ ဇနီးဖြစ်သူဒဏ်ရာရခဲ့ပြီး ကလေးဖြစ်သူ လွတ်မြောက်ခဲ့ပါတယ်။ဟေတီနိုင်ငံရဲ့ ရွေးကောက်ပွဲနီးချိန်မှာဖြစ်တဲ့ ဒီလုပ်ကြံသတ်ဖြတ်မှုကြောင့် ကလော်ဒီယာဂျိုးဇက် က ဝန်ကြီးအဖွဲ့နဲ့ အလေးအနက်တိုင်ပင်ဆွေးနွေးပြီး ယာယီဝန်ကြီးချုပ်နေရာယူကာ တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်ကြောင်း လုပ်ကြံသတ်ဖြတ်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။   

ဒါဟာ ဆင်းရဲပြီး အကျပ်အတည်းဆိုက်နေတဲ့ ကာရစ်ဘီယံဒေသနိုင်ငံဖြစ်တဲ့ ဟေတီနိုင်ငံကို ထပ်ပြီးထိုးနှက်တဲ့ ထိုးနှက်ချက်ပါဘဲ။အကြမ်းဖက်ဂိုဏ်းတွေ၊ ခြစားမှုတွေ၊ လာဘ်စားမှုတွေထူပြောနေတဲ့ ဟေတီအတွက် မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲက ဒီလုပ်ကြံသတ်ဖြတ်မှုကြောင့် မရေမရာဖြစ်လာခဲ့ပါတယ်။လုပ်ကြံသတ်ဖြတ်မှုကို ဦးဆောင်သူတွေက နံနက် ၁ နာရီဝန်းကျင်လောက်မှာ ကျူးလွန်ခဲ့တာဖြစ်ပြီး သမ္မတရဲ့ ကိုယ်ပိုင်အိမ် အပြင်ဖက်လမ်းပေါ်မှာ ကျည်ဆံခွံတွေပြန့်ကြဲနေသလို အနီးက ကားတစ်စီးမှာလည်း ကျည်ပေါက်တွေ ဗလပွထိမှန်နေခဲ့တာကိုလည်း ရုပ်သံတွေကပြခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် ဟေတီအာဏာပိုင်တွေက စုံစမ်းဖော်ထုတ်ရာမှာ ၁၂ နာရီအတွင်း သမ္မတအိမ်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့အုပ်စုက အဖွဲ့ဝင် ၄ ယောက်ကို အသေမိပြီး၊ ၆ ယောက်ကို ရဲက အရှင်ဖမ်းမိခဲ့ပါတယ်။နောက်ပိုင်းမှာ  မသင်္ကာစရာ အဆောက်အဦးနှစ်ခုကို ရဲက ဝိုင်းပြီး အပြန်အလှန်ပစ်ခတ်ကြလို့ မသင်္ကာသူ ၇ ယောက်ကို အသေဖမ်းဆီးမိပြီး ၆ ယောက်ကို ဖမ်းဆီးမိကာ  ဓားစာခံအဖြစ်ဖမ်းဆီးခံထားရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ယောက်ကို ပြန်ကယ်နိုင်ခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဟေတီယာယီဝန်ကြီးချုပ်က ကြာသပတေးနေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ဒီပွဲမှာ ဟေတီရဲဌာန ညွှန်ကြားရေးမှူးက သမ္မတကို လုပ်ကြံသတ်ဖြတ်မှုထဲပါဝင်သူ အနည်းဆုံး ၂၈ ဦးရှိပြီး ဒီထဲမှာ ကိုလံဘီယာနိုင်ငံသား ၂၆ ဦးနဲ့  ဟေတီဖွား အမေရိကန်နိုင်ငံသား ၂ ဦး ပါဝင်ကြောင်း၊ ဟေတီရဲတပ်ဖွဲ့က ကိုလံဘီယာနိုင်ငံသား ၁၅ ဦးနဲ့ ဟေတီဖွားအမေရိကန်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိထားပြီး ကျန်သံသယရှိသူ ၈ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ လုပ်ကြံသတ်ဖြတ်သူသုံးဦးကို အပြန်အလှန်ပစ်ခတ်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့ကြောင်း၊ သက်သေအဖြစ် ကားငါးစီးကိုရှာတွေ့ပေမယ့် ကံဆိုးစွာပဲ သုံးစီးကို မီးရှို့ထားကြောင်း ရှင်းလင်းခဲ့ပါတယ်။

သတင်းတွေအရ ဖမ်းဆီးမိတဲ့ အမေရိကန်နိုင်ငံသား ဟေတီဇာတိဖွားနှစ်ဦးမှာ တစ်ဦးက ၂၀၁၀ ဟေတီငလျှင်အတွင်း ဟောလီးဝုဒ်မင်းသား ရှောင်ပန်းနှင့်အတူ လုပ်ကိုင်ခဲ့သူဖြစ်ပြီး လုပ်ကြံသတ်ဖြတ်သူများဟာ နိုင်ငံခြားသံရုံးတစ်ခုတွင်ခိုလှုံသလို မိုင်ယာမီမှ လုံခြုံရေးလုပ်ငန်းတစ်ခုတို့နှင့်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ထိုင်ဝမ်သံရုံးကို ခိုလှုံခွင့်တောင်းတဲ့  လုပ်ကြံသတ်ဖြတ်သူတွေကို ဟေတီရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ရှင်းလင်းဖမ်းဆီးခဲ့ပါတယ်။  

စစ်ဆေးချက်တွေအရ ပေါ်ထွက်လာရာမှာတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။သမ္မတကို လုပ်ကြံသတ်ဖြတ်ဖို့ ကုမ္ပဏီကြီး ၄ ခုလောက်က စည်းရုံးလုပ်ဆောင်ခဲ့တာဖြစ်ပြီး သမ္မတမော်စီဟာ အစိုးရကန်ထရိုက်များမှ အမြတ်ကြီးစွာရနေတဲ့ လုပ်ငန်းရှင်ကြီးများရဲ့ရန်သူဖြစ်နေတယ်လို့ ယာယီဝန်ကြီးချုပ်က ဆိုပါတယ်။  

ဟေတီအခြေအနေက သမ္မတမော်စီ ကို လုပ်ကြံသတ်ဖြတ်မှုမဖြစ်ခင်ကတည်းက လူဆိုးဂိုဏ်းတွေ သြဇာကြီးထွားနေလို့ မတည်မငြိမ်ဖြစ်နေတာပါ။မကြာသေးခင်ကဆို လူဆိုးဂိုဏ်းအချင်းချင်း နယ်လုတာတွေကနေ နေအိမ်မီးရှို့ဖျက်ဆီးခဲ့လို့ လူပေါင်း ၁၄၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။     

နောက်ပိုင်းစစ်ဆေးမှုမှာတော့ လုပ်ကြံမှုမှာပါဝင်တဲ့ ကိုလံဘီယာနိုင်ငံသားတွေဟာ ဟေတီနဲ့တစ်ဆက်တည်း ဒိုမီနီကန်သမ္မတနိုင်ငံဘက်ကနေ နှစ်စုခွဲဝင်လာပြီး အမေရိကန် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဟန်ဆောင်က သမ္မတအိမ်တော် လုံခြုံရေးများနှင့်မတွေ့ဘဲ အိမ်တော်အတွင်းသို့ ရောက်ရှိသွားခဲ့တယ် ဆိုပါတယ်။သမ္မတကတော် မာတင်မော်စီ ပြောတာကတော့ “မျက်တောင်တခတ်အတွင်းမှာပဲ ကြေးစားစစ်သားတွေ ကျွန်မတို့အိမ်ထဲဝင်လာကြပြီး ကျွန်မခင်ပွန်းကို ပစ်သွားကြတယ်၊ စကားတစ်လုံးတောင် ပြောခွင့်မပေးခဲ့ကြဘူး” လို့ ဆိုပါတယ်။ဒီအခြေအနေက အတော်လေးကိုရှုပ်ထွေးပြီး အတွင်းစည်းတွေပါပေါက်ခဲ့တဲ့အတွက် ဟေတီသမ္မတကိုရှင်းပစ်တာ အကျိုးစီးပွားလမ်းကြောင်းမှာ ခလုတ်ကန်သင်းဖြစ်လို့ ရှင်းတာမှန်ပေမယ့်‌ စီးပွားရေးလား နိုင်ငံရေးလားဆိုတာ မကွဲပြားပါဘူး။

ဟေတီရဲတပ်ဖွဲ့ အကြီးအကဲကတော့ သမ္မတလုပ်ကြံခံရမှုနဲ့ဆက်နွယ်ပြီး သံသယရှိသူ ၁ ဒါဇင်ကျော်ကို ဖမ်းဆီးထားပြီး သမ္မတလောင်းနှင့် ကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင် ရီဂျင်နယ် ဘူးလော့နှင့် အထက်လွှတ်တော်ဥက္ကဌဟောင်း ယော်ရီ လက်တော်တူးကိုလည်း ခေါ်မေးခဲ့ပါတယ်။လက်ရှိအချိန်အထိ ၁၇ ဦးကို ဖမ်းဆီးထားပြီး ပါဝင်ပတ်သက်တဲ့လူတစ်ချို့ လွတ်နေဆဲလို့ ဆိုပါတယ်။ယခုထိတော့ လုပ်ကြံမှုနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်တစုံတရာကို ထုတ်ပြန်တာတော့ မတွေ့ပါဘူး။

ဟေတီနိုင်ငံရေးက ရှုပ်ထွေးပါတယ်။ဒီနှစ်ကုန်မှာ သမ္မတနဲ့ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲတွေရှိပြီး လက်ရှိသမ္မတက ထပ်ရွေးကောက်ခံရဖို့များနေတယ် ဆိုပါတယ်။မော်စီ လုပ်ကြံသတ်ဖြတ်ခံရပြီးပြီးချင်းမှာ ဟေတီ အထူးကိုယ်စားလှယ်က ကုလလုံခြုံရေးကောင်စီကို အထူးအစီရင်ခံစာတင်ပြလို့ လုပ်ကြံသတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချပြီး ဟေတီလွှတ်တော် အားချင်းခေါ်ကာ အစိုးရသစ်ဖွဲ့ပေးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ထောက်ခံမှုရထားတဲ့ ကလော်ဒေးဂျိုးဆပ် က ယာယီဝန်ကြီးချုပ်အဖြစ် ကြားဖြတ်အစိုးရ အားချင်းဖွဲ့ကာ နိုင်ငံအာဏာကို ထိန်းလိုက်တာပါ။

ဒီလိုလုပ်လို့ ဟေတီလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ဖျက်သိမ်းလိုက်တဲ့ အထက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ ဂျိုးဆက်လမ်းဘတ် ကို ယာယီသမ္မတအဖြစ်ထောက်ခံကြောင်း သောကြာနေ့မှာကြေညာကာ ကြားဖြတ်အစိုးရကို စိန်ခေါ်ခဲ့ပါတယ်။ဒီနောက်မှာ ယာယီဝန်ကြီးချုပ်က အမေရိကန်ကိုအစိုးရကို ဟေတီမှာ အမရေိကန်တပ်တွေချထားပေးဖို့ တောင်းဆိုခဲ့ပြီး ယာယီသမ္မတခန့်အပ်ပြီး စိန်ခေါ်မှုကို ဟေတီသမ္မတဖြစ်ချင်ရင် ရွေးကောက်ပွဲနည်းလမ်းကနေလာဆိုပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။

ဟေတီသမ္မတ လုပ်ကြံသတ်ဖြတ်မှုက လက်မခံနိုင်ဖွယ်ရာဖြစ်သလို ယာယီဝန်ကြီးချုပ်ရယူထားသူရဲ့စနက်ကော ကင်းရဲ့လားဆိုတာ တွေးစရာဖြစ်လာခဲ့ပါတယ်။ဒီလုပ်ကြံမှုကိုစုံစမ်းဖို့ အမေရိကန်စုံစမ်းစစ်ဆေးရေးဗျုရို (FBI) နဲ့ အမိမြေလုံခြုံရေးဌာနအရာရှိတွေကို စေလွှတ်ထားတဲ့အတွက် နောက်ပိုင်းမှာ တစ်စုံတစ်ရာတော့သိရမယ် ထင်ပါတယ်။နိုင်ငံတကာမှာ ဒီထိပ်ပိုင်းနိုင်ငံ့ခေါင်းဆောင်ကို ကြေးစားနဲ့လုပ်ကြံသတ်ဖြတ်နိုင်တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ထူးဆန်းလွန်းတဲ့အတွက် သတိထားရမယ့်အခင်းအကျင်းပါ။ဒီလုပ်ကြံသတ်ဖြတ်မှုရဲ့ ရည် ရွယ်ရာပေါ်ပေါက်ခဲ့ရင်တောင် နိုင်ငံတကာကိုပေးသိပါမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အာဖဂန်မှာ အစွန်းရောက်ပြန်အားကောင်းချိန်နီးပြီလား

လာမယ့် စက်တင်ဘာကို နောက်ဆုံးထားပြီး အာဖဂန်ကနေ အပြီးရုတ်သိမ်းဖို့ အမေရိကန်နဲ့ NATO အုပ်စုဝင် အနောက်အုပ်စုက တက်သုတ်ရိုက်လုပ်နေချိန်မှာဘဲ အာဖဂန်မှာ တာလီဘန်တွေက ဗုံးဖောက်ခွဲတာတွေ၊ နယ်မြေတွေသိမ်းလာတာတွေ တိုးပြီးလုပ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ တာလီဘန်တွေ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာမှာ အာဖဂန်နစ္စတန်ရဲ့ပိုင်နက် နယ်မြေ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဆိုပြီး ပြောခဲ့ပါတယ်။ဒါဟာ အမေရိကန်တပ်တွေ ရုပ်သိမ်းနေတဲ့ကာလမှာပဲ တာလီဘန်တွေက ထိုးစစ်ဆင်နွှဲနေတာဖြစ်ပြီး အခု သီတင်းပတ်အတွင်းမှာပဲ အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ တာလီဘန်တွေရဲ့ ပြင်းထန်တဲ့ထိုးစစ်ကြောင့် အာဖဂန်တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ထက်မနည်း တာဂျစ်ကစ္စတန်နိုင်ငံထဲ ထွက်ပြေးခဲ့ကြရပါတယ်။

ဒါဟာ ဒေသတွင်းနိုင်ငံတွေအတွက် ကောင်းတဲ့သတင်းတော့ မဟုတ်ပါဘူး။အာဖဂန်နဲ့ထိစပ်နေတဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စုဝင် တာဂျစ်ကစ္စတန်နိုင်ငံမှာ အစ္စလာမ္မစ်တွေ အားကောင်းနေတာဟာ ရုရှားအတွက် သူအထိုင်ချထားတဲ့ စစ်စခန်းတွေရဲ့လုံခြုံရေး စိုးရိမ်နေရသလို ပါကစ္စတန်မှလည်း အိုင်အက်စ်လို အစွန်းရောက်တွေအန္တရာယ်က ပိုကြီးလာနိုင်တဲ့အနေအထားပါဘဲ။အထူးသဖြင့် ပြဿနာတက်လာနိုင်တာက တရုတ်မှာပါဘဲ။ဝီဂါမွတ်စလင်တွေရဲ့ လှုပ်ရှားမှုက ယခုလို အာဖဂန်ကနေ အမေရိကန်ထွက်သွားတဲ့အတွက် ဒေသတွင်းရှိ အစ္စလာမ္မစ်အစွန်းရောက်တွေအခြေချရာ နိုင်ငံအဖြစ် ပေါ်ထွန်းလာဖို့ရာရှိနေတဲ့ အလားအလာပါပဲ။   

အာဖဂန်မှာ ဝီဂါလူမျိုးစုလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အရှေ့တာကစ္စတန်အစ္စလာမစ်အဖွဲ့ (ETIM) ရှိနေပြီး ဒီတပ်ဖွဲ့က ဆီးရီးယားပြည်တွင်းစစ်မှာ ဝင်တိုက်နေသလို အစ်ဒလစ်နှင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိလှုပ်ရှားနေတာပါ။ယခင်ကတော့ ဒီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၀၂ ခုနှစ်မှာ ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။ ၂၀၂၀ နိုဝင်ဘာမှာတော့ ထရမ့် က ခိုင်လုံသည့်အထောက်အထား မရှိဘူးဆိုကာ ETIM ကို အမေရိကန်၏ အကြမ်းဖက်အဖွဲ့အစည်း စာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။ဒီအဖွဲ့က တာလီဘန်တွေအားကောင်းပြီး အစိုးရပုံစံမျိုးဖြစ်လာခဲ့ရင် လူမျိုးစုတူ တရုတ်ရှင်ကျန်းက ဝီဂါလူမျိုးတွေကို သိမ်းသွင်းလာမှာ တရုတ်အတွက် စိုးရိမ်စရာပါ။

အာဖဂန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ ဆိုဗီယက် (ရုရှား) နဲ့ အမေရိကန်နှစ်နိုင်ငံလုံးရဲ့ ကျူးကျော်သိမ်းပိုက်တာကိုခံရပေမယ့် ပျောက်ကြားစစ်ကြောင့် နှစ်နိုင်ငံစလုံးက နောက်ဆုံးမှာ လက်လျှော့ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ဒါဟာ ပတ်ဝန်းကျင်နိုင်ငံတွေက အစွန်းရောက်တွေအပေါ် တာလီဘန်တွေရဲ့ စစ်မက်အတွေ့အကြုံနဲ့ နည်းဗျူဟာက လွှမ်းမိုးစေသလို  ကမ္ဘာ့အစ္စလာမ္မစ်အစွန်းရောက်တွေအတွက်လည်း ဒါဟာအလုပ်ဖြစ်တယ်ဆိုတာကို သွယ်ဝိုက်ပြောသလိုပါပဲ။  

အာဖဂန်မှာ တာလီဘန်တွေ အားကောင်းလာတာ လက်ရှိအာဖဂန်အစိုးရကို အကြပ်ရိုက်စေသလို အမေရိကန်ထွက်သွားပြီးနောက်ဖြစ်လာမယ့် အာဖဂန်အခြေအနေက လက်ရှိမှာ ပြည်တွင်းစစ်အနေအထားကို ဦးတည်နေတာကို တွေ့ရပါတယ်။တင်းကျပ်တဲ့ အစ္စလာမ်ဘာသာရေးစည်းမျည်းစည်းကမ်းအတိုင်း တာလီဘန်တွေက အုပ်ချုပ်မှာဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေမှာ အာဖဂန်ဒုက္ခသည်တွေအလုံးအရင်းနဲ့ ဝင်လာနိုင်သလို ဒီထဲမှာ အစွန်းရောက်တွေပါရောပြီး ဝင်လာနိုင်တဲ့အတွက် ဒါဟာ ပြဿနာကြီးတစ်ခုဖြစ်လာနိုင်တဲ့ အနေအထားပါ။

အိုင်အက်စ်လို့ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားမှာ အကောင်းဆုံးထိန်းချုပ်နိုင်တဲ့အနေအထားအထိရောက်ခဲ့ပြီးမှ ပြန်လည်လက်လွတ်ခဲ့ရတာဖြစ်လို့ တစ်ဖန်ပြန်အားကောင်းဖို့ ယခုလိုနိုင်ငံကြီးတွေ တင်းမာမှုဖြစ်နေချိန်မှာ အခွင့်ကောင်းယူမှာ အသေအချာပါပဲ။အထူးသဖြင့် အာဖရိကလို အစ္စလာမ်ဘာသာဝင်များတဲ့နိုင်ငံတွေအထိ ခြေတံလက်တံဆန့်ထုတ်ထားတဲ့အတွက် မူလနေရာ အာဖဂန်သာ တာလီဘန်တွေ ပြန်အာဏာရသွားရင် ဒေသတွင်းနိုင်ငံတွေအတွက် ပြည်တွင်းတည်ငြိမ်ဖို့ အတော်လေးထိန်းချုပ်ရခက်ဖွယ် ရှိနေပါတယ်။ဒါကိုပဲ တရုတ်နဲ့ ရုရှားက စိုးရိမ်နေတာဖြစ်ပြီး နှစ်နိုင်ငံစလုံးမှာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ လူမျိုးစုတွေရှိတဲ့အတွက် အာဖဂန်အခြေအနေကို အနီးကပ်စောင့်ကြည့်နေသလို အာဖဂန်ကနေ အမေရိကန်နဲ့ NATO ဆုတ်ခွာသွားတဲ့အတွက်လည်း အပြစ်တင်မှုတွေလုပ်နေတာကို တွေ့ရပါတယ်။

လက်ရှိမှာ အစွန်းရောက် ဘိုကိုဟာရမ်တွေက နိုင်ဂျီးရီးယားမှာ ကျောင်းတွေကနေ ကျောင်းသားတွေကို ပြန်ပေးဆွဲပြီး တပ်သားစုဆောင်းနေတာရှိသလို ယီမင်က ဟူသီတွေနဲ့ အီရန်နောက်ခံရှိတဲ့ အစွန်းရောက်တွေက အီရတ်ရှိ အမေရိကန်စစ်စခန်းတွေ၊ အမေရိကန်သံရုံးနဲ့ ဆော်ဒီရှိ စစ်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေပါတယ်။အမေရိကန်အနေနဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်အဖြစ် ရာစုနှစ်တစ်ဝက်လောက် ဖြစ်နေရာကနေ  ဒီလိုပစ်မှတ်ဖြစ်နေတာကို ရုရှားနဲ့ တရုတ်ဆီကို ဦးလှည့်ပေးနေတာလားဆိုတာလည်း  စဉ်းစားစရာပါ။

အစွန်းရောက်အကြမ်းဖက်သမားတွေ ပြန်လည်ခေါင်းထောင်လာတာ သိပ်ကောင်းတဲ့အနေအထား မဟုတ်ပါဘူး။လက်ရှိမှာ အမေရိကန်နဲ့ တရုတ်-ရုရှားအကြား တင်းမာမှုတွေက ပိုဆိုးလာနေတဲ့အတွက် အကြမ်းဖက်မှုအားကောင်းတဲ့နေရာက အမေရိကန်တပ်တွေကိုရုပ်သိမ်းတာ နိုင်ငံရေးအခင်းအကျင်း လှည့်ကွက်တစ်ခုလားဆိုတာ စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

ဆီးရီးယားပြည်တွင်းစစ်ထဲ ရုရှားနဲ့ တူရကီ မြုပ်နေသလို အာဖဂန် ပြည်တွင်းစစ်ထဲ တရုတ်နဲ့ ရုရှားကို ထပ်နစ်စေချင်လို့ အမေရိကန်အခင်းကျင်းတွေ ပြင်ဆင်နေပြီလားဆိုတာ အာဖဂန်ကနေ အမေရိကန်တပ်တွေ ကုန်စင်အောင် မရုပ်သိမ်းမီ မြင်တွေ့ရမယ်ထင်ပါတယ်။

မင်းထက်
ဇူလိုင် - ၁၂