【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အရှေ့အလယ်ပိုင်း အခင်းအကျင်းနှင့် တရုတ်အခန်းကဏ္ဍ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အရှေ့အလယ်ပိုင်း အခင်းအကျင်းနှင့် တရုတ်အခန်းကဏ္ဍ

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာက အရှေ့အလယ်ပိုင်းမှာ စစ်ရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အီရန်နဲ့ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ ဆော်ဒီ နှစ်နိုင်ငံအကြား သံတမန်ပြန်လည်ဆက်ဆံဖို့ သဘောတူညီမှုရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ ယူကရိန်းအရှေ့ပိုင်းက ဘတ်ခ်မွတ်မြို့ တိုက်ပွဲကလည်း ပြင်းထန်နေပြီး သေဆုံးမှုက နှစ်ဘက်လုံး များပြားခဲ့ပါတယ်။စစ်ပွဲက ရပ်တန့်ဖို့ မဖြစ်နိုင်လောက်အောင် အနောက်နိုင်ငံတွေက ယူကရိန်းလိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးနေသလို ယခု တိုက်လေယာဉ်တွေ ထောက်ပံ့ဖို့ စဉ်းစားလာနေတဲ့အထိကို ဖြစ်နေပါပြီ။

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာတဲ့ တရုတ်နိုင်ငံမှာ ယခုတစ်ပတ် တူးဆပ်ရှင်လို့ခေါ်တဲ့ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးပွဲနဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံညီလာခံကို ကျင်းပခဲ့ပါတယ်။ဒီညီလာခံမှာ တရုတ်ဝန်ကြီးချုပ် လီခချန်နေရာမှာ လီချန်းကို ခန့်အပ်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် အသက် ၆၆ နှစ်အရွယ်  ကျောက်လီဂျီကိုလည်းကောင်း၊ ဒုတိယသမ္မတသစ်အဖြစ် အသက် ၆၈ နှစ်အရွယ် ဟန်ကျန်းကိုလည်းကောင်း ခန့်အပ်ခဲ့ပါတယ်။

ဒီအစည်းအဝေးနှစ်ရပ် မကျင်းပခင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာတဲ့ ချင်ဂန်းက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ထိုင်ဝမ်းအရေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေကို ပြောခဲ့တာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ဒီတစ်ပတ်မှာ အခြားသတိထားမိတဲ့ သတင်းအချို့လည်းရှိပါတယ်။အင်ဒိုနီးရှားမှာ မြေပြိုမှုကြောင့် ဒါဇင်နဲ့ချီပျောက်ဆုံးပြီး အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့တာ၊ ကိုင်ရိုတွင် ရထားလမ်းချော် တိမ်းမှောက်လို့ အနည်းဆုံး နှစ်ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တာ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းက မီရာပီမီးတောင်ပေါက်ကွဲခဲ့တာ၊ အသေခံဗုံးခွဲလို့  ဘယ်လိုချီစ္စတန်မှာ ရဲ ၉ ဦးသေဆုံးခဲ့တာ၊ အမေရိကန်ဆီကနေ နျူကလီးယား ရေငုပ်သင်္ဘောငါးစင်း သြစတြေးလျ ဝယ်ယူဖို့ရှိတာ၊ ပင်စင်စနစ်ပြောင်းလဲလိုက်လို့ ပြင်သစ်မှာ သပိတ်မှောက်မှုတွေ ဆက်ဖြစ်နေတာ၊ အိန္ဒိယမှာ ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတ ပူတင် တက်ရောက်ဖွယ်ရှိနေတာ၊ တူရကီ ဗဟိုဘဏ်မှာ ဆော်ဒီက ကန်ဒေါ်လာ ၅ ဘီလီယံ အပ်နှံဖို့ ပြင်နေတာ၊ ဆော်ဒီရေနံလုပ်ငန်းကြီး Aramco သမိုင်းတွင်တဲ့ အမြတ်ငွေ ဒေါ်လာ ၁၆၁ ဘီလီယံရရှိခဲ့တာ၊ပါလက်စတိုင်းက ဂျီနင်းဒုက္ခသည်စခန်းကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းလို့ အနည်းဆုံးခြောက်ဦး သေဆုံးခဲ့တာ၊ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ခဲ့တာ စတဲ့ သတင်းတွေက ဒီတစ်ပတ်မှာ သတိထားမိဖွယ်ရှိခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ထိပ်တန်းသတင်းဖြစ်ခဲ့တာက အရှေ့အလယ်ပိုင်းက ရန်ဘက်နှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ဆော်ဒီ နှစ်နိုင်ငံအကြား တရုတ်ရဲ့ ကမကထပြုမှုနဲ့ သံတမန်ပြန်ဆက်သွယ်ဖို သဘောတူညီချက်ရခဲ့တာဖြစ်ပါတယ်။

          အရှေ့အလယ်ပိုင်းအပြောင်းအလဲနှင့် တရုတ်အခန်းကဏ္ဍ

ဆော်ဒီအာရေးဗီးယားနှင့် အီရန်တို့၏ သံတမန်ဆက်ဆံရေး ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီချက်ကို ရရှိခဲ့သောကြောင့် ပေကျင်းက သံတမန်ရေးမှာ ကမ္ဘာ့တွင်မြင့်မားသည့် အခန်းကဏ္ဍသို့ ရောက်ရှိလာခဲ့ပါတယ်။

အီရန်နှင့် ဆော်ဒီအာရေဗျတို့မှာ  ၁၉၇၉ ခုနှစ်ကတည်းက ကာလရှည်ကြာ တင်းမာမှုများနှင့်အတူ ခိုင်မာသောဆက်ဆံရေး ရှိခဲ့ပါတယ်။

အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့ကြား သံတမန်ဆက်ဆံရေး ဖြတ်တောက်ခြင်းမှာ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ရပ်များစွာမှ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ယီမင်ပဋိပက္ခတွင် ဒေသတွင်းရှိ ရှီယားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ရန်အတွက် ရီယာ့ဒ်၏ ဝင်ရောက်စွက်ဖက်မှုကို တီဟီရန်က ဆန့်ကျင်ခဲ့ပါတယ်။ဆော်ဒီ ရှီယားပညာရှင်တစ်ဦးကို ကွပ်မျက်ခြင်းနှင့်ပတ်သက်၍ ဆော်ဒီအာရေးဗီးယား၏ ကြေညာချက်ကြောင့် အီရန်ရှိ ရှီယားဘာသာဝင်များကို ဒေါသထွက်စေခဲ့ပါတယ်။အီရန်ဘုရားဖူးများသည် ဆော်ဒီအာရေးဗီးယားတွင် အသေအပျောက်များစွာ ကြုံတွေ့ခဲ့ရပြီးနောက် အီရန်ပြည်သူများက ဒေါသထွက်ခဲ့ကြကာ အီရန်ဆန္ဒပြသူများက ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၂၀၁၆ ခုနှစ်တွင် ပျက်ပြားသွားခဲ့ပါတယ်။

သို့ရာတွင် ဒေသတွင်း အင်အားကြီးနှစ်နိုင်ငံဖြစ်သည့် တီဟီရန်နှင့် ရီယာ့ဒ်တို့အကြား ဆီးရီးယား၊ လက်ဘနွန်နှင့် အီရတ်နိုင်ငံများတွင် ဖြစ်နေသည့် အကျပ်အတည်းများမှာ တစ်နည်းမဟုတ် တစ်နည်း ဆက်နွယ်နေသည့်အတွက် ၂၀၂၀ ခုနှစ်မှစ၍ တီဟီရန်နှင့် ရီယာ့ဒ်တို့ကြား စေ့စပ်ညှိနှိုင်းမှုများ ပေါ်ပေါက်ခဲ့ပါတယ်။နှစ်နိုင်ငံအရေးပါသော သဘောတူညီချက်တစ်ရပ်ကို အီရတ်တွင် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၂ခုနှစ်ကုန်ပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဆော်ဒီခရီးစဉ်နှင့် ၂၀၂၂ ဇန်နဝါရီလပိုင်းက အီရန်သမ္မတ၏ ခရီးစဉ်များမှာ ထိုသဘောတူညီချက်ရရှိရန်အတွက် အရေးပါသော ခရီးစဉ်များဖြစ်ခဲ့ကာ  ၇ နှစ်ကြာ သံတမန်အဆက်အသွယ် ဖြတ်တောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ထိုသဘောတူညီချက်ဟာ အရှေ့အလယ်ပိုင်း သံတမန်ရေးမှာ မကြာသေးမီနှစ်များအတွင်း အကြီးမားဆုံး အပြောင်းအလဲများအနက် တစ်ခုဖြစ်လာကာ ဒေသတွင်း၌ တရုတ်၏ အခန်းကဏ္ဍမှာ ကြီးထွားလာခဲ့တာကို ပြသခဲ့ပါတယ်။

မကြာသေးမီကဖြစ်ခဲ့သည့် နိုင်ငံတကာအရေးများနှင့် လတ်တလော နိုင်ငံတကာအရေးများတွင် တရုတ်နှင့် အနောက်အုပ်စုကြား ထိပ်တိုက်တွေ့မှုနှင့် အမေရိကန်နှင့် တရုတ်အကြား အပြန်အလှန်ပိတ်ဆို့ အရေးယူမှုများဖြစ်ခဲ့ရာ ယခု ကမ္ဘာ့စွမ်းအင်ဗဟိုချက်ဒေသတွင် ဒေသတွင်း သံတမန်ဆက်သွယ်မှုအတွက် အောင်မြင်သည့် ကြားဝင်ဆောင်ရွက်မှုက တရုတ်၏ အခန်းကဏ္ဍကို သွယ်ဝိုက်မြင့်မားစေမှာဖြစ်ပါတယ်။

ယခုဖြစ်ရပ်က အီရန်ကို ဒေသတွင်းတွင် အထီးကျန်အောင်လုပ်ခဲ့သည့် အမေရိကန် ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် ဘာရိန်းနှင့် အာရပ်စော်ဘွားများနိုင်ငံအပါအဝင် အာရပ်နိုင်ငံ ၄ နိုင်ငံနှင့် အစ္စရေး ဆက်ဆံရေး ပြန်လည်ထူထောင်ခြင်းကို ထေမိသလိုဖြစ်မှာ ဖြစ်ပါတယ်။ယခု တရုတ် ကမကထလုပ်သည့် ဆောင်ရွက်မှုကြောင့် အီရန်ကို ဒေသတွင်း အထီးကျန်စေအောင်လုပ်ချင်သည့် အစ္စရေးနှင့် အမေရိကန်၏ ရည်မှန်းချက် အောင်မြင်ရန် ခက်ခဲသွားပြီလည်းဖြစ်ပါတယ်။

ကာလကြာမြင့်စွာ ဒေသတွင်းပြိုင်ဘက်များဖြစ်သော ဆော်ဒီအာရေးဗီးယားနှင့် အီရန်တို့ ပြန်လည်သင့်မြတ်သွားသည့် သတင်းကြောင့် အရှေ့အပိုင်းဒေသတစ်ခုလုံးကို ရိုက်ခတ်သွားပြီး အီရန်ခြိမ်းခြောက်မှုကို ဦးစားပေးဖြေရှင်းမည်ဟု ပြောထားသည့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုအတွက် သင်္ကေတဆန်သည့် ထိုးနှက်ချက်ဖြစ်လာပါတယ်။

ယခုအခြေအနေအရ နျူလက်နက်ရရှိ လက်တစ်ကမ်းသာလိုတော့သည့် အီရန်ကို တားဆီးရန် အစ္စရေး တစ်နိုင်ငံတည်းကသာ စစ်ရေးအရ တိုက်ခိုက်ခြင်းကို ဦးဆောင်ရတော့မည်ဖြစ်ရာ အမေရိကန်အတွက်လည်း ပိုပြီးဘေးကျပ်နံကျပ်ဖြစ်လာတော့မယ့် အနေအထားဆီ ဦးတည်လာနေတာကို တွေ့ရပါတယ်။

မတ် ၈ ရက်ပြုလုပ်တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် အကူတပ်ဖြစ်သော ပြည်သူ့ရဲတပ်ဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ပွဲမှာ သမ္မတ ရှီကျင့်ဖျင်က မိန့်ခွန်းပြောရာမှာ အမေရိကန် ဦးဆောင်သော  ဖိနှိပ်ထိန်းချုပ်မှု အစီအစဉ်နဲ့  တရုတ်ခြိမ်းခြောက်မှုခံနေရတယ်လို့ ပြောခဲ့ပြီး တရုတ်စစ်တပ်ကို ကမ္ဘာ့အဆင့်မီ စစ်တပ်ဖြစ်လာအောင် ပိုမိုလျင်မြန်စွာ အဆင့်မြှင့်တည်ဆောက်သွားဖို့ ပြောခဲ့ပါတယ်။

ဒီမတိုင်ခင် မတ် ၄ ရက်မှာ တရုတ်ပါလီမန်၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ချောင်က တရုတ်ကာကွယ်ရေးအသုံးစရိတ် တိုးတာနဲ့ပတ်သက်ပြီး ရှုပ်ထွေးတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းဖို့အတွက် တရုတ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ခြင်းဟာ ဆီလျော်မှုရှိတယ်ဆိုပြီး ပြောခဲ့ပါတယ်။

မတ်လ ၇ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းရဲ့ ပထမဆုံးပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ ချင်ဂန်းက တရုတ်သည် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို အောင်မြင်အောင် လုပ်ဆောင်ရန်အတွက် လိုအပ်သည့် အစီအမံအားလုံးကို လုပ်ဆောင်ခွင့်ရှိကြောင်း ထပ်ပြောခဲ့သလို ထိုင်ဝမ်အရေးကို ဖြေရှင်းခြင်းသည် တရုတ်ပြည်သူများ၏ အရေးကိစ္စသာဖြစ်ပြီး အခြားမည်သည့်နိုင်ငံကမှ ကြားဝင်စွက်ဖက်ခွင့်မရှိကြောင်း ပြောခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ချင်ဂန်းက အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်အရေးမှာ စည်းမကျော်သင့်သည့် ကိစ္စရပ်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

လက်တွေ့မှာ အခြေအနေတွေက ရှုပ်ထွေးနေသလို များမကြာမီရက်ပိုင်းမှာ ထိုင်ဝမ်ခေါင်းဆောင်ဟာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီနှင့် တွေ့ဆုံဖို့ အမေရိကန်ကို လာဖို့ရှိတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုဖို့ရှိပါတယ်။ဒါ့အပြင် ဒီတစ်ပတ်ထဲမှာ တရုတ်နက်ခ်ဝပ်ကုမ္ပဏီ ၃ ခုကို အီရန်ဒရုန်းတွေကို အစိတ်အပိုင်းထောက်ပံ့မှုနဲ့ ပိတ်ဆို့အရေးယူခဲ့ပါတယ်။

ထိုင်ဝမ်ခေါင်းဆောင်သာ အမေရိကန်ကိုသွားရောက်မယ်ဆိုရင် ဒီခရီးစဉ်အပေါ် တရုတ်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ  တွက်ဆရခက်ပါတယ်။ ၁၉၉၆ ခုနှစ်က ထိုင်ဝမ်ခေါင်းဆောင် လီထန်ဟွေး နယူးယောက်မြို့ရှိ ကွန်နယ်လ်တက္ကသိုလ်သို့ လာရောက်သည့် ခရီးစဉ်ကို ခွင့်ပြုပေးခဲ့လို့ တရုတ်က ထိုင်ဝမ်ကျွန်းအနီး ရေပြင်ထဲသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့သလို အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပယ်လိုစီ လာရောက်ခဲ့စဉ်ကလည်း တရုတ်က အလားတူတုံ့ပြန်ခဲ့တဲ့အတွက် စောင့်ကြည့်ရမယ့် အနေအထားတစ်ခုပါပဲ။   

တရုတ်ဘက်ကတော့ ဒီလို ထိုင်ဝမ်ခေါင်းဆောင်နှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံမည့် သတင်းကြောင့် မိမိတို့အနေဖြင့် အကြီးအကျယ် စိုးရိမ်မိကြောင်းနှင့် အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင်ဆက်ဆံမှုမှန်သမျှကို ပြတ်ပြတ်သားသား ကန့်ကွက်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်က ပြောကြားခဲ့ပါတယ်။

ကျစ်လစ်တဲ့ ဖွဲ့စည်းမှုနဲ့ လာမည့် ၅ နှစ်ခရီးအတွက် ပြင်ဆင်လာတဲ့ တရုတ်အစိုးရအနေနဲ့ ဒီကိစ္စအပေါ် ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။  

မင်းထက်