【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အားပြိုင်မှုနှင့် ဒေသတွင်းတင်းမာမှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အားပြိုင်မှုနှင့် ဒေသတွင်းတင်းမာမှု 

နိုင်ငံတကာသတင်းတွေ များစွာဖြစ်နေတဲ့ ယခုရက်သတ္တပတ်မှာ အာရုံစိုက်မိခဲ့တဲ့ သတင်းအချို့ရှိပါတယ်။ဒါက ဂျပန်ပင်လယ်ပြင်မှာ တရုတ်နဲ့ ရုရှား စစ်ရေးလေ့ကျင့်ရာမှာ အမေရိကန်ဖျက်သင်္ဘော ဝင်လာလို့ မောင်းထုတ်ခဲ့ရတယ်ဆိုတဲ့ သတင်းနဲ့ တရုတ်က ဟိုက်ပါဆိုးနစ်လို့ ခေါ်တဲ့ အသံထက် အဆများစွာမြန်တဲ့ ဒုံး ကျည်ကို ပစ်လွှတ်စမ်းသပ်တဲ့ သတင်းတွေပါပဲ။
 
ပြီးခဲ့တဲ့ရက်သတ္တပတ်က နိုင်ငံကြီးတွေအကြား တင်းမာမှုပုံစံကနေ ကြားခံဇုန်တစ်ခုခုမှာ အားစမ်းမှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်နဲ့ သုံးသပ်ခဲ့တာရှိပါတယ်။ဒီတစ်ပတ်မှာ အဲဒီအယူအဆက ပိုပြီးခိုင်မာလာနေပါတယ်။တရုတ်နဲ့ အမေရိကန် စစ်ရေးအရ မလွှဲသာမရှောင်သာ ထိပ်တိုက်တွေ့မှုဖြစ်ဖို့ဆို တရုတ်နဲ့ နီးစပ်တဲ့ ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်လို အရေးကိစ္စတွေသာ ရှိပါတယ်။ယခုရက်သတ္တပတ်သတင်းတွေထဲမှာ ထိုင်ဝမ်ကျွန်းရဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားတဲ့ ချူကိုချန် က တရုတ်နဲ့ ဖြစ် ပွားတဲ့စစ်ကို ထိုင်ဝမ်ဘက်က စပြီးကျူးလွန်မှာမဟုတ်ဘူးဆိုတာကို ပြောခဲ့တာ တွေ့ရပါတယ်။ 
 
ဒီလိုအခြေအနေတွေကြောင့် အမေရိကန်နဲ့ ရုရှား အားစမ်းမှုကို ဆီးရီးယားမှာ တွေ့ရသလို အာရှဒေသတွင်းမှာလည်း အမေရိကန်နဲ့ တရုတ် အားစမ်းမှုကို မကြာခင်တွေ့ရဖို့များနေပါတယ်။
 
ယခုရက်ပိုင်းအတွင်း အာရှဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေကို အပြိုင်အဆိုင်တွေ့နေရသလို စစ်ရေးတည်ဆောက်မှုတွေ၊အိန္ဒိယရဲ့ စစ်ရေးနဲ့ သံတမန်ရေးရာ လှုပ်ရှားလာမှုတွေကို ကြည့်မယ်ဆိုရင် အာရှအခင်းအကျင်းက အတော်လေး စိတ်ဝင်စားဖွယ်ရာဖြစ်နေတာကို မြင်ရမှာ ဖြစ်ပါတယ်။ 
 
ဒီတစ်ပတ်ဖြစ်ပျက်ခဲ့တဲ့ သတင်းအချို့ကို ပြန်ကြည့်မယ်ဆိုရင် ဒီလိုတွေ့ရမှာပါ။ဥရောပမှာ နှစ်နိုင်ငံတင်းမာမှုပြဿနာလေးတွေ ရှိပါတယ်။ဂရိနဲ့ တူရကီ၊ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား၊ ပြီးတော့ ရုရှားဓာတ်ငွေ့ပိုက်လိုင်းကိစ္စတွေ။ဒီတစ်ပတ်မှာတော့ ယခင်က တူရကီနဲ့ စစ်ဖြစ်လုနီးပါး ပြဿနာဖြစ်ခဲ့တဲ့ ဂရိကို ပြင်သစ်က နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို အောက်တိုဘာ ၇ ရက်က ချုပ်ခဲ့ပါတယ်။ဒီစာချုပ်အရဆိုရင် အဆိုပါ ၂ နိုင်ငံအနေဖြင့် မဟာမိတ်မဟုတ်သည့် နိုင်ငံများမှ တိုက်ခိုက်လာမှုများကို တိုက်ခိုက်ရာတွင် အပြန်အလှန် ကူညီသွားရမှာဖြစ်ပြီး ပြင်သစ်ထံကနေ စစ်သင်္ဘော ၃ စင်းကို ဂရိက ဝယ်ယူခွင့်ရရှိခဲ့တာကိုတွေ့ရပါတယ်။ဒီအကျိုးဆက်က တူရကီကို ရုရှားဘက် ပိုယိမ်းလာစေမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ 
 
ထရမ့်လက်ထက်မှာ ဥရောပနဲ့ ကုန်သွယ်ရေးကအစ ကာကွယ်ရေးအဆုံး သီးခြားဖြစ်ခဲ့ရတာကို ဘိုင်ဒင်လက်ထက်မှာ အဆုံးသတ်ပြီး ယခင်လို အမေရိကန်ထီးရိပ်အောက်မှာ ပြန်ထားလာတာကို တွေ့ရပါတယ်။ယခုရက်သတ္တပတ်မှာလည်း ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးက အမေရိကန်နဲ့ ဥရောပ ကုန်သွယ်ရေးယှဉ်ပြိုင်မှုများကို အဆုံးသတ်ဖို့ တိုက်တွန်းခဲ့ပြီး တင်းမာမှုတွေ အငြင်းပွားမှုတွေကို အဆုံးသတ်ဖို့ပြောခဲ့တာကို တွေ့ရပါတယ်။
 
ထရမ့်လက်ထက်မှာ ကုန်သွယ်ရေးစစ်ဖြစ်လုနီးပါးဖြစ်ခဲ့ရတဲ့ ဥရောပနဲ့ အမေရိကန်ကုန်သွယ်ရေးတင်းမာမှုတွေကို လက်ရှိအခြေအနေအရ နှစ်ဖက်လုံးက လျှော့ချသုံးသပ်ဖို့ တောက်လျှောက်ကြိုးစားနေကြတာကိုလည်း တွေ့ရပါတယ်။  
 
ဒီလို သတိထားစရာသတင်းတွေအပြင် ကိုဗစ်ကပ်ဘေးကြောင့် တီဘီရောဂါဖြင့်သေဆုံးသူတွေ ဆယ်နှစ်အတွင်း အမြင့်ဆုံးပြန်ဖြစ်လာနေပြီဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့တဲ့သတင်း၊  နိုဝင်ဘာ ၈ ရက်နေ့ကစပြီး ကာကွယ်ဆေးထိုးပြီးသားသူတွေကို နိုင်ငံထဲဝင်ခွင့် အမေရိကန်က ပေးတော့မယ့်သတင်း၊ ရုရှား ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ကိုဗစ်ကာကွယ်ဆေးအသစ် စတင်စမ်းသပ်နေတဲ့သတင်း၊ ထိုင်ဝမ် ခေါင်ရှန်ဆိပ်ကမ်းမြို့က အဆောက်အဦးဟောင်းတစ်ခု မီးလောင်လို့ အနည်းဆုံး ၄၆ ဦးသေဆုံးခဲ့ရတဲ့သတင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အီရန်အပေါ်သံတမန်နည်းလမ်း မအောင်မြင်ရင် အခြားနည်းလမ်းတွေရှိတယ်လို့ သတိ ပေးခဲ့တဲ့သတင်း၊  မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ ဗြိတိန် ကွန်ဆာဗေးတစ် လွှတ်တော်အမတ် David Amess ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရပြီး သေဆုံးခဲ့ရတဲ့သတင်း၊ ဟိန္ဒူတွေအပေါ်  အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့သတင်း၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာ ကုလအတွင်းရေးမှူးချုပ်က ကမ္ဘာတလွှား ငတ်မွတ်မှု တိုက်ဖျက်ရေးမှာ ရှုံးနိမ့်နေပြီလို့ သတိပေးခဲ့တဲ့သတင်း၊ အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့က ရှီယာမွတ်ဆလင်ဗလီတစ်ခုမှာ အသေခံဗုံးခွဲမှုကြောင့်  ၄၇ ဦး ထက်မနည်း သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့တဲ့သတင်း၊ ဘာလီကျွန်းမှာ ငလျင်လှုပ်လို့ ၃ ဦးသေဆုံးခဲ့တဲ့သတင်း၊ စပိန်နိုင်ငံ လက်စ် ပဲလ်မက်စ်ကျွန်းမှာ မီးတောင်ဆက်ပေါက်နေလို့ ဒေသခံတွေကို အလျင်အမြန်‌ရွှေ့ပြောင်းနေရတဲ့သတင်း စတဲ့ သတင်းပေါင်းစုံလည်းဖြစ်ခဲ့တာရှိပါတယ်။ 
 
ဒီလိုဖြစ်ခဲ့တဲ့ သတင်းအများစုကနေ  ဒီတစ်ပတ်မှာတော့ တရုတ်နဲ့ အမေရိကန်အားပြိုင်မှုကနေ ဖြစ်လာနိုင်တဲ့ ဒေသဆိုင်ရာစစ်ပွဲဖြစ်နိုင်တဲ့ အလားအလာနဲ့ တခြားသော အကြောင်းအရာဖြစ်တဲ့ ကိုဗစ်ကပ်ဘေးပြဿနာတွေ၊ စီးပွားရေးဆိုင်ရာပြဿနာတွေကို ချည်းကပ်ဖော်ပြချင်ပါတယ်။ 
 
အားပြိုင်မှုကနေ လွင့်ထွက်လာနိုင်တဲ့ ကြားခံစစ်ပွဲများ
 
ပြီးခဲ့တဲ့ရက်သတ္တပတ်ဟာ နိုင်ငံတကာအတွက် စစ်ဖြစ်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေဖြစ်ခဲ့ရပြီး ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရတဲ့ ရက်သတ္တပတ်ပါပဲ။တစ်ပတ်တွင်းဖြစ်ခဲ့တာတွေက ဆက်တိုက်ဆိုသလို ထိုင်ဝမ်ဘက်ကို တရုတ်က လေကြောင်းကနေ တိုက်လေယာဉ်တွေ စစ်လေယာဉ်တွေ စံချိန်တင်ပျံသန်းပြီး စစ်ရေးလေ့ကျင့်ခဲ့သလို အဲဒီကာလမှာပဲ တောင်တရုတ်ပင်လယ်ပြင်မှာ အမေရိကန် အနုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း ရေ အောက်မှာ အမျိုးအမည်မသိ အရာတစ်ခုကို တိုက်မိခဲ့တာဖြစ်ခဲ့ပါတယ်။ဒီနှစ်ခုကို ဆွဲကပ်ပြီး ဘာတွေဖြစ်လာနိုင်သလဲဆိုတာကိုတွေးပြီး တရုတ်နဲ့ အမေရိကန်အကြား စစ်ပွဲစတော့မလားဆိုတဲ့ သုံးသပ်ချက်တွေ ထွက်လာခဲ့ပါတယ်။ 
 
ထိုင်ဝမ်နဲ့ပတ်သက်ပြီး တင်းမာတဲ့ တရုတ်ဘက်က သဘောထားတွေနဲ့ တရုတ်ဘက်က ဆက်တိုက် စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်မှာ ဘင်္ဂလားပင်လယ်အော်မှာ အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့ ဗြိတိန် စစ်သင်္ဘောတွေပါတဲ့ မလာဘာ-၂ စစ်ရေးလေ့ကျင့်မှုကလည်း အချိန်ကိုက်ဆိုသလို ဖြစ်နေတဲ့အတွက် အာရှမှာ စစ်မီးဟာ အချိန်မရွေးထတောက်နိုင်တဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။  
 
တရုတ်သမ္မတ ရှီကျင့်ဖိန် ပြောခဲ့တဲ့ ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပေါင်းစည်းရေး အဆိုပြုချက်ကိုထောက်ရင် စစ်ရေးထိပ်တိုက်တွေ့ဖို့ ရှိလာတာထက် ဒီလိုပဲ အတိုး အဆုတ် နှစ်ဖက်စလုံးကစားနေမယ့်ပုံစံကို မြင်နေရပါတယ်။ဒါကြောင့်လည်း ရုရှားသမ္မတ ပူတင် က တင်းမာနေသော တရုတ်၊ ထိုင်ဝမ် အခြေအနေနှင့်ပတ်သက်ပြီး တရုတ်က အင်အားသုံးစရာမလိုဘူးထင်တယ်လို့ CNBC သတင်းဌာန မှတ်ချက်ပေးခဲ့ပြီး ထိုင်ဝမ်နဲ့ တရုတ် စစ်ရေးအန္တရာယ်မရှိနိုင်ဘူးဆိုပြီး မှတ်ချက်ပြုခဲ့တာကို တွေ့ရပါတယ်။  
 
အမေရိကန်သမ္မတအဖြစ် ဘိုင်ဒင် တက်လာပြီးကတည်းက အာရှဒေသဟာ အမေရိကန်အတွက် အရေးပါလာသလို အထူးသဖြင့် အင်အားကြီးနိုင်ငံအဖြစ်ပေါ်ထွက်လာတဲ့ တရုတ်နဲ့ တစ်ကျော့ပြန်ခေါင်းထောင်လာတဲ့ ရုရှားကို ထိန်းဖို့အတွက် အာရှဒေသဟာ စစ်ရေးနဲ့ နိုင်ငံရေးကစားကွက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
 
ထရမ့်လက်ထက်မှာ သဘောတူစာချုပ်တစ်ခုအဖြစ်ထက် မပိုခဲ့တဲ့ QUAD အဖွဲ့ဟာ ဘိုင်ဒင်လက်ထက်မှာ အသက်ဝင်လာပြီး စစ်ရေးလေ့ကျင့်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တရုတ်အတွက် သတိထားစရာအနေအထားထက် ပိုလာခဲ့ပါတယ်။ 
 
အမေရိကန်အနေနဲ့ တရုတ်ကို ဒေသတွင်းမှာ ဟန်ချက်ညီညီထိန်းဖို့အတွက် ဒေသတွင်းပြိုင်ဘက်ဖြစ်ပြီး မကြာခဏနယ်စပ်ပြဿနာဖြစ်နေတဲ့ အိန္ဒိယဟာ အရေးပါနေခဲ့ပါတယ်။အိန္ဒိယဟာ QUAD မှာလည်း အဖွဲ့ဝင်ဖြစ်နေသလို တရုတ်နဲ့ လူဦးရေအရလည်း အတူတူလောက်ဖြစ်နေတဲ့အတွက် တရုတ်ကို မဟာဗျူဟာကျကျ တားတဲ့နေရာမှာ အမေရိကန်အတွက် အရေးပါလာပါတယ်။ယခုရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပြုလုပ်နေတဲ့ QUAD အဖွဲ့ရဲ့ မလာဘာစစ်ရေးလေ့ကျင့်မှု စနေတဲ့အချိန်မှာ အမေရိကန် ရေတပ်စစ်ဆင်ရေးများ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကယ် ဂျီလ်ဒေး ၅ ရက်ကြာခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ အလည်အပတ်သွားခဲ့တာကို ကြည့်မယ်ဆိုရင် အိန္ဒိယရဲ့ အရေးပါတဲ့ ပထဝီနိုင်ငံရေးကို မြင်နိုင်မှာဖြစ်ပါတယ်။ 
 
အင်အားကြီးနိုင်ငံအဖြစ် တရုတ်ပေါ်ထွက်လာတာ အိန္ဒိယအတွက် စိတ်မသက်မသာစရာပါ။ယခင်ကတည်းက ရန်ဘက်ဖြစ်တဲ့ ပါကစ္စတန်ကို စစ်ရေးနဲ့ နိုင်ငံရေးအရ ထောက်ပံ့မှုတွေကြောင့် နှစ်နိုင်ငံအကြား နီးကပ်တဲ့ဆက်ဆံရေးမရှိသလို ပြီးခဲ့တဲ့ လပိုင်းတွေက လူအသေအပျောက်ရှိခဲ့တဲ့ နယ်စပ်ပြဿနာတွေကြောင့် အိန္ဒိယပြည်သူတွေထဲမှာ တရုတ်ဆန့်ကျင်ရေးက ပြင်းပြင်းထန်ထန်ဖြစ်နေတာတွေကြောင့်လည်း အိမ်နီးချင်းတရုတ်နဲ့ အိန္ဒိယဆက်ဆံရေးက ကြာလေ ပိုပြီးတင်းမာလေဖြစ်နေပါတယ်။ဒီအခြေအနေမှာ ပါကစ္စတန်နဲ့ အငြင်းပွားနေရတဲ့ ကတ်ရှ်မီးယားပြည်နယ်က အစွန်းရောက်အကြမ်းဖက်သမားတွေရန်နဲ့ အာဖဂန်အခြေစိုက် စစ်သွေးကြွတွေ အားကောင်းလာမှုတွေက အမေရိကန်နဲ့ ဆက်ဆံရေးကို ပိုနီးကပ်လာစေတဲ့ အကြောင်းတွေပါပဲ။ 
 
ဒီရက်ပိုင်းမှာ တောင်တရုတ်ပင်လယ်ပြဿနာနဲ့ ထိုင်ဝမ်ပြဿနာအပြင် အာဖဂန်မှာ မတည်မငြိမ်ဖြစ်နေတဲ့ ပြဿနာတွေဟာ တရုတ်အတွက်သာမက အာရှဒေသတွင်းကိုပါ မတည်မငြိမ်ဖြစ်စေတဲ့ အဓိကပြဿနာတွေပါပဲ။ AUKUS လို စစ်ရေးမဟာမိတ် ဖွဲ့စည်းခြင်းကလည်း ဒေသတွင်း အပြိုင်အဆိုင် စစ်လက်နက်တပ်ဆင်ရေးကို ဦးတည်စေသလို အာရှ-ပစိဖိတ်ဒေသကို မတည်ငြိမ်ဖြစ်စေတယ်ဆိုပြီး ဝေဖန်ချက်တွေ ဒေသတွင်းမှာ အသံကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပါတယ်။ဩစတြေးလျှကို နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ နောက်ဆုံးပေါ် ရေငုတ်သင်္ဘောတွေ ပိုင်ဆိုင်ခွင့်ပေးခဲ့တာဟာ မကြာခင်က တောင်တရုတ်ပင်လယ်ထဲ အမျိုးအမည်မသိအရာတွေနဲ့တိုက်မိတဲ့ အမေရိကန်ရေငုတ်သင်္ဘောလို ကိစ္စတွေ ထပ်ဖြစ်ဖို့ လက်ယပ်ခေါ်လိုက်သလိုပါပဲ။ 
 
ဩစတြေးလျှလို နိုင်ငံတောင် နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောရှိနေခဲ့ရင် ကျန်အာရှဒေသက နိုင်ငံတွေအတွက် နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားမှုကို လမ်းဖွင့်ပေးလိုက်သလို ဖြစ်လာနိုင်သလို နောက်ပိုင်းမှာ နိုင်ငံရေးအရ အငြင်းပွားမှုတွေ၊ နယ်စပ်ပြဿနာတွေမှာ နိုင်ငံရေးနည်းထက် အင်အားသုံးတဲ့ နည်းလမ်းကို စဉ်းစားလာကြမှာ လုပ်လာကြာမှာကို နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေက စိုးရိမ်နေကြတာပါ။
ယခုပဲ တောင်တရုတ်ပင်လယ်နဲ့ အင်ဒို-ပစိဖိတ်ဒေသဟာ စစ်အင်အားခင်းကျင်းမှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ယမ်းအိုးလိုပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ နေရာဖြစ်နေပြီး ရက်သတ္တပတ်တိုင်းမှာ ပြဿနာတစ်ခုမဟုတ်တစ်ခု ဖြစ်နေသလို အနောက်အုပ်စုရဲ့ ရေတပ်စစ်သင်္ဘောတွေ ဝင်ထွက်သွားလာနေသလို တရုတ်ဘက်က တစ်ပြန်တစ်လှန် စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတာကို တွေ့ရပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အမေရိကန်နဲ့ ကနေဒါတို့ က တာဝေးပစ်ဒုံးကျည်တပ် USS Dewey ဖျက်သင်္ဘောနဲ့ HMCS Winnipeg စစ်သင်္ဘောကို ထိုင်ဝမ်ရေလက်ကြားထဲကို စစ်သင်္ဘောတွေ စေလွှတ်ခဲ့သလို တရုတ်ကလည်း ထိုင်ဝမ် ADIZ ဇုန်ထဲ J-16 ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ရေငုတ်သင်္ဘောဖျက် လေယာဉ်တစ်စင်းကို စေလွှတ်ခဲ့ကြပါတယ်။ 
 
တရုတ်ကတော့ ဒီလို ရေလက်ကြားထဲ အမေရိကန် ရေတပ်သင်္ဘောတွေ လစဉ်လိုလိုရောက်နေတာဟာ ဒေသတွင်း တင်းမာမှုတွေဖြစ်အောင် အမေရိကန်က လုပ်ဆောင်နေတာလို့ စွပ်စွဲခဲ့ပေမယ့် အမေရိကန်ဘက်က ဒီအနေအထားကို လျှော့မယ့်ပုံစံ မမြင်ပါဘူး။လက်ရှိမှာ နိုင်ငံတကာပြဿနာများစွာကို နှစ်ဖက်ချည်းကပ်ပြီး အပြိုင်အဆိုင်ဖြစ်နေပေမယ့် ကမ္ဘာ့အမြင်မှာတော့ တရုတ်အပေါ် ဆန့်ကျင်ရေးစိတ်ကို ဖြစ်စေတဲ့အထိ တွန်းပို့သလိုဖြစ်စေတဲ့ အမေရိကန်ရဲ့ သံတမန်နည်းတွေကို တရုတ်ဘက်က ရိပ်မိသွားပုံရပါတယ်။ဒါကြောင့်‌ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်လို ကိစ္စကလွဲရင် အာဖဂန်ပြည်တွင်းရေးနဲ့ နိုင်ငံတကာရေးရာတွေမှာ တရုတ်ဘက်က နှုတ်ဆိတ် လာတာကို တွေ့ရသလို ကမ္ဘာ့အမြင်မှာ တရုတ်ရဲ့ပုံရိပ်ကို ပြန်တည့်မတ်လာဖို့ တရုတ်ဘက်က ကြိုးစားနေဟန် တူပါတယ်။
 
လတ်တလောမှာ တရုတ်၊ ရုရှားက တစ်ဖက် အမေရိကန်နဲ့ အနောက်အုပ်စုက တစ်ဖက်ဆိုသလို ဖြစ်နေတယ်ဆိုပေမယ့် နှစ်ဖက်လုံးက ထိန်းထိန်းသိမ်းသိမ်းလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့ကဆိုရင် ဂျပန်ပင်လယ်ပြင်မှာ တရုတ်နဲ့ ရုရှား စစ်ရေးလေ့ကျင့်နေချိန်မှာ အမေရိကန်ဖျက်သင်္ဘော USS Chafee က ရုရှားရေပိုင်နက်ထဲ ဝင်လာတဲ့အတွက် မောင်းထုတ်ရခဲ့တယ်လို့ ရုရှားဘက်ကဆိုပြီး အမေရိကန်ဘက်က ဒါကိုငြင်းဆိုခဲ့တာတော့ တွေ့ရပါတယ်။
 
လက်ရှိမှာ တရုတ်၊ ရုရှား၊ အမေရိကန်တို့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ စမ်းသပ်နေကြသလို တရုတ်၊ အမေရိကန်အကြားအာကာသပြိုင်ဆိုင်မှုကလည်း မြင့်တက်လာနေတာကို တွေ့ရပါတယ်။ 
 
အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုကြောင့် ဒေသတွင်းတည်ငြိမ်မှုက ပျက်ပြားဖို့ တဖြေးဖြေးနီးလာနေပါတယ်။အာဖဂန်မှာဆိုရင် တာလီဘန်တွေ အုပ်ချုပ်သူအစိုးရဖြစ်လာချိန်မှာ အိုင်အက်စ်တွေရဲ့ အသေခံဗုံးခွဲမှုတွေ‌ကို ကြုံနေရသလို နိုင်ငံတကာအကူအညီသာမရရင် ငတ်မွတ်မှုဘေးကြုံရနိုင်မှုနဲ့ နိုင်ငံတကာက အစွန်းရောက်အဖွဲ့တွေ လာရောက်အခြေချနိုင်တဲ့အန္တရာယ်ကို ကြုံနေရပါတယ်။ရုရှားကဆိုရင် အာဖဂန်မှာ ဒုက္ခသည်တွေနဲ့ရောပြီး နိုင်ငံအတွင်းဝင်လာနိုင်တယ်ဆိုတဲ့ သတိပေးခဲ့တာတွေ ရှိပါတယ်။တောင်တရုတ်ပင်လယ်က ဖိလစ်ပိုင်မှာဆိုရင်လည်း မကြာခင်ကျင်းပမယ် ရွေးကောက်ပွဲမှာ ဒီအားပြိုင်မှုက အထိုက်အလျှောက်သက်ရောက်မှာဖြစ်သလို မကြာခင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း ဒီလိုပြဿနာတွေ ရှိလာနိုင်နေပါတယ်။ဒါဟာ ကောင်းတဲ့အလားအလာမဟုတ်သလို ဒေသတွင်းက အစိုးရတွေထက် ပြည်သူတွေကို ပိုအကျပ်တွေ့စေပါတယ်။ 
 
ကမ္ဘာ့ကျန်းမာရေးကပ်ဘေးက မပြီးသေးသလို တစ်ကျော့ပြန်အားကောင်းလာနိုင်ချေ မြင့်တက်နေချိန်မှာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် စီးပွားရေးကပ်ဆိုက်နိုင်ချေက ပိုပြီးအားကောင်းလာနေပါတယ်။ဒီအခြေအနေမှာ ဒေသတွင်းတင်းမာမှုတွေ၊ စစ်ရေးအရ ပြိုင်ဆိုင်မှုတွေက ထိန်းမနိုင်သိမ်းမရဖြစ်လာနိုင်ခြေ  မြင့်တက်နေတာက ရှောင်လွှဲမရတဲ့အခြေအနေ တောင်းဆိုမှုတွေကြောင့် ဖြစ်နေတာလားဆိုတာ ထည့်တွက်ဖို့လိုနေပြီဖြစ်ပါတယ်။ 
 
မင်းထက်
အောက်တိုဘာ - ၁၈