【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီသီယိုးပီးယားက ဖော်ပြနေတဲ့ တော်လှန်ရေး

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီသီယိုးပီးယားက ဖော်ပြနေတဲ့ တော်လှန်ရေး

အာရှမှာရှိနေတဲ့ စစ်ရေးအခင်းအကျင်းကို တောက်လျှောက်အာရုံစိုက်နေတာကနေ ယခုတစ်ပတ်တော့ ဥရောပနဲ့ အာဖရိကဘက်ကို တစ်လှည့်ပြန်ကြည့်ချင်ပါတယ်။ဘာကြောင့်လဲဆိုရင် ဥရောပက ဂျာမနီမှာ လက်ရှိအာဏာရပါတီက ရှုံးနိမ့်ခဲ့လို့ ရှေ့ဆက်ပြီး ဆိုရှယ်လစ်တွေ တာဝန်ယူတော့မှာပါ။ပုံစံအားဖြင့်ကြည့်မယ်ဆိုရင် ဆိုရှယ်လစ်တွေ အာဏာရလာတဲ့အတွက် ရုရှားတို့ တရုတ်တို့နဲ့ ပိုနီးကပ်သွားမယ်လို့ ထင်လို့ရပေမယ့် တကယ့်တကယ်က ဒီလိုဖြစ်လာဖို့နည်းပါတယ်။

ဥရောပရဲ့ အခင်းအကျင်းမှာ ရုရှားဟာ ဘယ်တော့မှပေါင်းစည်းလို့မရတဲ့ ဥရောပနိုင်ငံတစ်ခုအဖြစ်သာ မြင်ထားကြပါတယ်။ရုရှားရဲ့ မဟာဗျူဟာအရ အရေးပါတဲ့ Nord Stream-2 သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း ဥရောပအနောက်ပိုင်းကို တင်ပို့ခွင့်ရဖို့ဆိုတာ ဂျာမနီရဲ့ ခွင့်ပြုချက်အပေါ်မှာ မူတည်နေပါတယ်။အရင်ကတော့ လက်ရှိ ဂျာမနီအဓိပတိ မာကယ်လ် လက်ထက်မှာ ခွင့်ပြုဖို့ အလားအလာများပေမယ် ယခုအချိန်မှာတော့ ဒီပိုက်လိုင်းလည်ပတ်ဖို့က သံတမန်ရေးရာကစားဖို့အတွက် ဖြစ်လာနေပါပြီ။  

ဒီတစ်ပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ထိပ်ဆုံးကနေ သတိထားစရာဖြစ်ခဲ့တဲ့ သတင်းကတော့ ဆူဒန်သတင်းတွေနဲ့ အီသီယိုးပီးယား သတင်းတွေပါပဲ။ဒီနောက်မှာ ဂလပ်စကိုမှာပြုလုပ်တဲ့ ရာသီဥတုညီလာခံကနေထွက်လာတဲ့ သတင်းတွေပါပဲ။ဒါ့အပြင် ထုံးစံအတိုင်း အရှေ့အလယ်ပိုင်းဒေသမှာဖြစ်နေကြ ဗုံးခွဲသတ်ဖြတ်မှုတွေ၊ တိုက်ခိုက်မှုတွေ သတင်းပါပဲ။ဒီထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့တာက အီသီယိုးပီးယားနိုင်ငံက တီဂရေးပြည်သူ့တပ်ဦးရန်ကို စိုးရိမ်လို့ နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကြေညာခဲ့သလို စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်ရတဲ့အထိဖြစ်ခဲ့ရတာ အတော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

အီသီယိုးပီးယား၊ ဆူဒန်နှင့် ပြည်သူလက်မခံမှု

အာဖရိကတိုက်မှာ လက်ရှိဖြစ်နေတဲ့ပြဿနာက နှစ်ခုဖြစ်ပြီး နှစ်ခုစလုံးက ပြည်သူကိုအလေးမထားဘဲ အာဏာကို အဓိကထားပြီးလုပ်ခဲ့တဲ့အတွက် ကောင်းမွန်တဲ့ရေခံမြေခံတွေ ပျက်စီးကာ တိုင်းပြည်တစ်ဝန်း ကသောင်းကနင်းတွေဖြစ်ရတဲ့အထိပါပဲ။အငတ်ဘေးကြုံလို့  ကမ္ဘာ့အငတ်ဘေးနိုင်ငံအဖြစ်တွင်ခဲ့တဲ့ နိုင်ငံကနေ နိုင်ငံတကာထောက်ပံ့မှုနဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ နိုင်ငံတစ်ခုဖြစ်လာတဲ့ အီသီယိုးပီးယားနိုင်ငံမှာ ယခုအခါ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကို ကြေညာထားနေရပါတယ်။

ဒီပြဿနာက ပြီးခဲ့တဲ့နှစ်က စတာပါ။အီသီယိုးပီးယားမြောက်ပိုင်းမှာရှိတဲ့ တီဂရေးပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခကနေ ကြီးထွားလာတာဖြစ်ပြီး TFL လို့ ခေါ်တဲ့ တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦးနဲ့ ဖက်ဒရယ်တပ်ဖွဲ့တို့ကြား တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂ သန်းခန့်ဟာ အိုးအိမ်စွန့်ခွာခဲ့ရပြီး ၅ သိန်းခန့်ဟာ အိမ်နီးချင်း ဆူဒန်နိုင်ငံကို  ထွက်ပြေးခဲ့ကြရပါတယ်။အဲဒီတုန်းက အိမ်နီးချင်း အီရီထရီးယားကတပ်တွေက အီသီယိုးပီးယား ဖယ်ဒရယ်တပ်တွေနဲ့ပေါင်းပြီး တီဂရေးဒေသကို ချေမှုန်းခဲ့လို့ TFL တပ်တွေက ဒေသကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။ဝန်ကြီးချုပ် အဘီဟာ တီဂရေးဒေသက TFL တွေကို ချေမှုန်းဖို့အတွက် အချိန်တစ်ရက်ပေးပြီး အရပ်သားတွေကို ဆုတ်ခွာခိုင်းကာ အဆိုပါဒေသကို အပြင်းအထန်ချေမှုန်းခဲ့တာပါ။

တီဂရေးဒေသ လွတ်မြောက်ရေးအတွက် ဆင်နွှဲနေတဲ့ TFL တွေက အဆိုပါဒေသက ပြည်သူတွေ ထောက်ခံမှုနဲ့အတူ ဇွန်လမှာ တီဂရေးဒေသက မြို့တော် မက်ကယ်လီကို သိမ်းပိုက်နိုင်ခဲ့ကာ အီသီယိုးပီးယား ဖယ်ဒရယ်တပ်တွေက နေရာအနှံ့အပြားမှ ဆုတ်ခွာခဲ့ရပါတယ်။ဒီကနေ ဩဂုတ်လမှာ အိုမိုရိုလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်ဖွဲ့ပြီး အရှေ့ပိုင်း အာဖားဒေသနှင့် တောင်ပိုင်း အမ်ဟာရာဒေသများဆီ တိုက်စစ်များတိုးချဲ့ခဲ့ပြီး နယ်မြေသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာရာမှာ တောင်ပိုင်း အမ်ဟာရာဒေသက အရေးပါတဲ့ မဟာဗျူဟာကျ မြို့ကြီးနှစ်မြို့ကို ယခုရက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့သလို အီသီးယိုးပီးယား အစိုးရတပ်တွေရဲ့ ချေမှုန်းမှုကိုမခံနိုင်တဲ့ အခြားဒေသက ပြည်သူစစ်အဖွဲ့တွေနဲ့ပါ မဟာမိတ်ဖွဲ့ပြီး အဒစ္စအေဘာဘာမြို့အနားထိ ချီတက်လာခဲ့လို့ နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကို ကြေညာခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ယခင်က တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦးကို ချေမှုန်းရာမှာ လေကြောင်းကနေ ထိုးစစ်တွေ ဆင်နွှဲခဲ့တဲ့ ဝန်ကြီးချုပ် အဘီရဲ့ မူဝါဒကြောင့် တီဂရေးဒေသက ပြည်သူတွေနဲ့ အခြားဒေသက ပြည်သူတွေဟာ TFL နဲ့ စည်းလုံးညီညွတ်လာခဲ့တဲ့အတွက် နိုင်ငံတစ်ဝန်းက ပြည်သူတွေကို လက်နက်ဆောင်ထားဖို့နဲ့ စစ်မူထမ်းဟောင်းတွေကို ပြန်ဆင့်ခေါ်ရတဲ့အထိ ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ပါတယ်။တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့  ဒီတစ်ကြိမ် ထိုးစစ်ဆင်မှုက အရမ်းကိုပြင်းထန်တဲ့အတွက် အစိုးရအာဏာပိုင်တွေဟာ ပြင်းထန်လှတဲ့ဖိအားကို ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။တီဂရေးတပ်ဖွဲ့တွေကတော့ အဒစ္စအေဘာဘာမြို့တော်အထိ ချီတက်လာနေပြီး၊ လပိုင်း၊ သီတင်းပတ်ပိုင်းအတွင်းမှာ သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်လာသလို အိုမိုရိုဒေသက သူပုန်တွေဟာလည်း တီဂရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ကြပြီး အစိုးရကို တိုက်ခိုက်နေရာမှာ အောင်မြင်မှုတွေရရှိနေလို့  ဒီလိုပြင်းထန်လာတဲ့ ထိုးစစ်ဟာ အီသီယိုးပီးယားရဲ့ အာဏာအင်အားချိန်ခွင်လျှာကို ပြောင်းလဲသွားနိုင်မလားဆိုတာလဲ စိတ်ဝင်စားစရာပါ။

လက်ရှိမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အီသီယိုးပီးယားနိုင်ငံတွင်း တိုက်ခိုက်မှုများရပ်ဖို့ တောင်းဆိုထားသလို ရေရှည်ခံမယ့် အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းဖို့ ဆော်ဩထားပါတယ်။ဒါပေမယ့် လက်ရှိအာဏာရအစိုးရကို အသာရစေမယ့် ဒီလိုစေ့စပ်မှုကို တီဂရေးလွတ်မြောက်ရေးတပ်တွေဘက်က လက်ခံပါ့မလားဆိုတာ စဉ်းစားချင်စရာပါ။  

ဆူဒန်မှာတော့ ကာလကြာရှည်အုပ်စိုးခဲ့တဲ့ အာဏာရှင်ကိုဖြုတ်ချပြီးနောက် ရွေးကောက်ပွဲမတိုင်မီ အရပ်ဘက်နဲ့ စစ်ဘက် အာဏာခွဲဝေအုပ်ချုပ်မှုဖြစ်တဲ့ ကြားကာလကောင်စီကိုဖွဲ့ပြီး အုပ်ချုပ်ခဲ့ရာမှာ အုပ်ချုပ်မှုကို စစ်ဘက်ကနေ အရပ်ဘက်ကို လွှဲပြောင်းရတော့မယ့်အချိန်မှာ ကြားဖြတ်ကောင်စီရဲ့ ဝန်ကြီးချုပ် ဟမ်းဒွတ်နဲ့ အရပ်သားဝန်ကြီးတွေကိုဖမ်းပြီး အာဏာသိမ်းခဲ့ပါတယ်။
ဆူဒန်ဝန်ကြီးချုပ်ရဲ့ ဒီလုပ်ရပ်ကို နိုင်ငံတကာလက်မခံခဲ့သလို အာဖရိကယူနီယံကလည်း အဖွဲ့ကနေ ထုတ်ပယ်ခဲ့ပါတယ်။ဒီနောက်မှာ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေဖြစ်လာသလို သေဆုံးမှုတွေလည်း ဖြစ်လာခဲ့ပါတယ်။

ဆူဒန် စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘာဟန် က ရှေ့မှာ တိုင်းပြည်က မတည်ငြိမ်တာတွေ၊ စီးပွားရေးကျဆင်းတာတွေကို အကြောင်းပြပြီး အာဏာသိမ်းပေမယ့် နောက်ပိုင်းမှာ လက်မခံတဲ့အတွက် ညှိုနှိုင်းမှုတွေဆီ ပြန်သွားခဲ့ရပါတယ်။အမေရိကန်နဲ့ ဗြိတိန်အပြင် အာဖရိကမှာရှိတဲ့ အစ္စလာမ်နိုင်ငံတွေအပေါ် ဩဇာရှိတဲ့ ဆော်ဒီ၊ ယူအေအီးတို့လို နိုင်ငံတွေက အရပ်သားဦးဆောင်တဲ့ အစိုးရလက်ကို အာဏာပြန်လွှဲပေးဖို့ တောင်းဆိုမှုတွေကြောင့် ဝန်ကြီးချုပ် ဟမ်းဒွတ် ကို ဖမ်းထားတာကနေ အကျယ်ချုပ်ပြန်လွှတ်ပေးသလို အရင်အစိုးရအဖွဲ့ ဝန်ကြီးတွေထဲက ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီအခြေအနေက ယခင်လို ပြန်ကောင်းဖို့လုပ်တဲ့ အခင်းအကျင်းဆိုပေမယ့် အာဏာကိုမက်မောပြီး မကြာခဏအာဏာသိမ်းလေ့ရှိတဲ့ ဒီလိုနိုင်ငံတွေမှာ အရပ်သားလက်ထဲ အာဏာပြန်လွှဲတယ်ဆိုတာ ရေရှည်ခံပါ့မလားဆိုတာ စဉ်းစားချင်စရာပါ။ဒီမိုကရေစီထက် အာဏာကို လက်နက်နဲ့ရယူချင်တဲ့သူတွေများတဲ့ အရှေ့အလယ်ပိုင်းမှာ ယခုရက်တွေထဲ ပြဿနာတွေက ဒုနဲ့ဒေးပါပဲ။အီရတ်မှာလဲ ရွေးကောက်ပွဲလုပ်နေချိန်မှာ ဆန္ဒပြပွဲတွေကနေ အကြမ်းဖက်မှုတွေဖြစ်နေသလို အီရတ်ဝန်ကြီးချုပ်ကိုပါ လုပ်ကြံတဲ့အထိဖြစ်ကုန်တာကို တွေ့ရပါတယ်။

ယခုမြင်နေရတာတွေဟာ ယခင်က နိုင်ငံရေးဆိုတာ ပြည်သူက လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဆန့်ကျင်ဘက်အုပ်စုတွေ ညှိနှိုင်းပြီး ကျင့်သုံးကြတဲ့ ပုံစံကနေ ယခုအခါမှာ ပြည်သူက တိုက်ရိုက်ဝင်ပါပြီး အဆုံးအဖြတ်ပေးနိုင်တဲ့အဆင့်အထိ တက်လာနိုင်ဖို့ ကြိုးပမ်းနေတဲ့ပုံစံတွေကို အီသီယိုးပီးယား၊ အီရတ်နဲ့ တခြားနိုင်ငံအချို့မှာ တွေ့ရပါတယ်။လတ်တလောမှာ အဖြေမထွက်သေးပေမယ့် အာဏာကို ဖြတ်လမ်းကနေရယူလိုတဲ့ ဆူဒန် စစ်ဗိုလ်ချုပ် ဘာဟန်ရဲ့ အာဏာသိမ်းမှု ဘယ်လိုစခန်းသိမ်းမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဥရောပနဲ့ ရုရှား အားပြိုင်မှု

ဥရောပမှာ နောက်ပိုင်းဖြစ်လာနေခဲ့တဲ့ တင်းမာမှုက ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ ရုရှားရဲ့ စစ်ရေးခြိမ်းခြောက်မှုနဲ့ NATO က ဒီနိုင်ငံတွေကို ထောက်ကန်ပေးထားမှုကနေ ပေါ်ပေါက်လာနေတဲ့ တင်းမာမှုတွေကပဲ ယခုရက်သတ္တပတ်မှာ ကမ္ဘာတစ်ဝန်း လောင်စာဆီအကျပ်အတည်း ဖြစ်နေခဲ့ပါတယ်။ဥရောပရဲ့ ပြင်းထန်တဲ့ဆောင်းရာသီ နီးလာချိန်မှာဖြစ်လာတဲ့ လောင်စာဆီအကျပ်အတည်းဟာ ဥရောပကို အကျပ်ရိုက်စေပါတယ်။ထုံးစံအားဖြင့် ဥရောပကို ယူကရိန်းကနေဖြတ်ပြီး လောင်စာဆီတွေ တင်ပို့နေတဲ့ ရုရှားရဲ့ Nord stream-1 ပိုက်လိုင်းကနေ ဥရောပမှာ လိုအပ်နေတဲ့ သဘာ၀ဓာတ်ငွေ့ကို ပိုတင်ပို့လို့ရနိုင်တဲ့ အနေအထားရှိနေတယ်လို့ ဥရောပနိုင်ငံတွေက ဆိုပါတယ်။ဒါပေမယ့် ရုရှားက ဒီလိုမပို့ဘဲ ဘောလ်တစ်ပင်လယ်ကိုဖြတ်ပြီး ဂျာမနီကနေတစ်ဆင့် အနောက်ဥရောပကို ဖြတ်တင်ပို့လို့ရတဲ့ မကြာခင်ကမှပြီးစီးသွားတဲ့ Nord Stream-2 ကနေ တင်ပို့ခွင့်ရဖို့ ဒီလောင်စာဆီအကျပ်အတည်းကို အပေးအယူလုပ်နေတဲ့ သဘောပါပဲ။ဒီထဲမှာ ကမ္ဘာ့ရေးရာတွေကို စွမ်းအင်ထောက်ပံ့မှုကိုကိုင်ပြီး ရုရှားက ကစားဖို့ ခြေလှမ်းပြင်လာတဲ့ သဘောပါပဲ။

အိုပက်မဟုတ်တဲ့ ရေနံအဓိကထုတ်လုပ်တဲ့ နိုင်ငံတွေထဲမှာ ရုရှားတို့ အမေရိကန်တို့ပါပေမယ့် ရုရှားက ပြည်တွင်းသုံးနိုင်တာထက်ကျော်လွန်ပြီး ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်ပြီး ဒီကနေရတဲ့ နိုင်ငံခြားငွေက တိုင်းပြည် GDP မှာ အဓိကနေရာကနေ ရှိနေတာပါ။မကြာခင်က ပြီးစီးသွားတဲ့ Nord Stream-2 သာ လည်ပတ်ပြီဆိုရင် ယခုတင်ပို့မှုကို ဆတိုးတင်ပို့နိုင်မှာဖြစ်သလို ရုရှားနိုင်ငံတစ်ဝန်း ထုတ်လုပ်မှုရဲ့ ထက်ဝက်ကို ဒီပိုက်လိုင်းသစ်ကနေ တင်ပို့နိုင်မှာဖြစ်လို့ ဒါဟာ ရုရှားအတွက် အရေးပါတဲ့ စီမံကိန်းပါပဲ။ဒီစီမံကိန်းကို အမေရိကန်က ကန့်ကွက်ပြီး ပိတ်ဆို့ခဲ့လို့ စီမံကိန်းတန်းလန်းနဲ့ တစ်နှစ်လောက်ရပ်ခဲ့ရသလို နောက်ပိုင်းမှာ ရုရှားအစိုးရက ဝင်လုပ်ခဲ့လို့ ပြီးစီးခဲ့တာပါ။အမေရိကန်နဲ့ အနောက်အုပ်စုက ဒီပိုင်လိုင်းကိုအသုံးပြုပြီး အနာဂတ်မှာ ဥရောပနဲ့ နိုင်ငံတကာအရေးတွေမှာ ရုရှားက ပိုပြီးဩဇာအာဏာရှိလာမှာနဲ့ အနောက်ဥရောပရဲ့ စွမ်းအင်အဓိကအထောက်အပံ့ဖြစ်ခဲ့ရင် အနောက်ဥရောပကို ရုရှားကထိန်းချုပ်သွားမှာကို စိုးရိမ်နေခဲ့တာပါ။

နောက်တစ်ခုက ယူကရိန်းရဲ့ ရုရှားပိုက်လိုင်းကနေရတဲ့ ဖြတ်သန်းခပေါ် မှီတည်နေရတဲ့ နိုင်ငံ့ဝင်ငွေကိစ္စပါ။ဒီအခြေအနေတွေကြောင့် Nord Stream-2 သာ လည်ပတ်ခဲ့ရင် ယူကရိန်းကိုဖြတ်ပြီး ဥရောပကိုတင်ပို့နေတဲ့ ရုရှားပိုက်လိုင်းက ဝင်ငွေဖြစ်တဲ့ ပိုက်လိုင်းဖြတ်သန်းခ ဒေါ်လာဘီလျံနဲ့ချီတဲ့ ဝင်ငွေကို ယူကရိန်း လက်လွတ်ဆုံးရှုံးမယ့် ပြဿနာပါ။ယူကရိန်းနဲ့ ရုရှားအကြားက တင်းမာမှုပြင်းထန်လာနေချိန်မှာ ရုရှားရဲ့ Nord Stream-2 ပြီးစီးပြီး ဂျာမနီက အတည်ပြုချက်ပေးရင် လည်ပတ်လို့ရနေနိုင်တဲ့ အနေအထားမှာ ရုရှားက ဥရောပနဲ့ နိုင်ငံတကာမှာ စစ်ရေးပြန်ထောင်တက်လာတဲ့အနေနဲ့ စစ်ရေးလေ့ကျင်တာတွေ၊ လက်နက်စမ်းသပ်ပြတာတွေကြောင့် ရုရှားရဲ့ ပိုက်လိုင်းသစ်ကို ဂျာမနီဘက်က အတည်ပြုဖို့ နှောင့်နှေးလာနေခဲ့ပါတယ်။ဂျာမနီမှာလည်း နိုင်ငံရေးအပြောင်းအလဲတွေဖြစ်နေပြီး ဆိုရှယ်လစ်တွေ အာဏာရလာနေတဲ့အတွက် မှန်းဆမရတဲ့အနေအထား ဖြစ်လာနေပါတယ်။ဒါတွေက နောက်ခံအကြောင်းအရာတွေပါ။

ဒီတစ်ပတ်ထဲမှာဆိုရင် ရုရှားနယ်စပ်နားမှာ NATO တပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိခဲ့သလို အမေရိကန်ရေတပ် တပ်မဟာ ၆ က လေယာဉ်တင်သင်္ဘော USS မောင့်ထ်ဝှစ်တ်နေပါ NATO တပ်ဖွဲ့တွေနဲ့ လာပူးပေါင်းခဲ့ပါတယ်။ရုရှားရဲ့ ပင်လယ်နက် တပ်မဟာကတော့ နိုဝင်ဘာ ၂ ရက် ထုတ်ပြန်ချက်မှာ အမေရိကန်စစ်သင်္ဘောတွေရောက်လာလို့ လေကြောင်းကာကွယ်ရေးစနစ်တွေကို အသက်သွင်းခဲ့ပြီး ရန်သူပစ်မှတ်တွေကိုဖျက်ဆီးဖို့ လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ပင်လယ်နက်ထဲမှာ အမေရိကန်ဖျက်သင်္ဘော USS Porter အပြင် ယခု လေယာဉ်တင်သင်္ဘော USS မောင့်ထ်ဝှစ်တ်နေပါရှိနေလို့ ဒီနေရာကလည်း အချိန်မရွေး စစ်မီးထတောက်နိုင်တဲ့ အနေအထားပါပဲ။ NATO မဟာမိတ်တွေက ရုရှားနဲ့ နီးကပ်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ လုံခြုံရေးကို အားဖြည့်ဖို့ ဆုံးဖြတ်ထားနေလို့ ရုရှားနဲ့ NATO ကြား တင်းမာမှုက လျော့ကျသွားဖို့မရှိနိုင်ပါဘူး။

ယူကရိန်းနယ်စပ်အနားမှာကပ်ပြီး ရုရှားဘက်က စစ်တပ်တွေ စုရုံးမှုရှိတယ်ဆိုတဲ့ သတင်းတွေတက်လာခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီသတင်းတွေကမှားနေပြီး ရုရှားနဲ့ စစ်ရေးတင်းမာအောင် လှုံ့ဆော်နေတဲ့သူတွေက ထုတ်လွှင့်တာဆိုပြီး သတင်းတွေ ထွက်လာခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် စစ်ရေးအရ ဥရောပမှာ တင်းမာမှုမရှိပေမယ့် ရုရှားလောင်းရိပ်အောက်မှာရှိနေနိုင်တဲ့ တူရကီ၊ နောက် ရုရှားကို မှီခိုနေရတဲ့ ဘီလာရုပ်စ်နဲ့ ရုရှားခြိမ်းခြောက်မှုခံနေရတဲ့ ယူကရိန်းပြဿနာတွေကြောင့် တစ်ချိန်မဟုတ်တစ်ချိန်မှာ စစ်ရေးအရမဟုတ်ရင်တောင် နိုင်ငံရေးအရ ပြဿနာရှိလာနိုင်ပါတယ်။

အထူးသဖြင့် ရုရှား သိပ်လိုလားနေတဲ့ Nord Steam-2 ပိုက်လိုင်းကို ဂျာမနီကို ဒီအတိုင်းပဲ ခပ်ဆိုင်းဆိုင်းလုပ်ထားရင် ရုရှားဘက်က ဘယ်လိုတုံ့ပြန်မလဲ၊ အမေရိကန်တွက်သလို စွမ်းအင်ဆိုင်ရာ အကျပ်ကိုင်မှုတွေမလုပ်ခင် ဒီလိုအပ်ချက်ကို အနောက်ဥရောပနိုင်ငံတွေသာ ရှာခဲ့မယ်ဆိုရင် ရုရှား ဘယ်လောက်ထိအထိနာမလဲဆိုတာ မကြာခင်မြင်ရမှာဖြစ်ပါတယ်။
အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးစစ်နောက်မှာ ရုရှားနဲ့ ဥရောပအကြား စွမ်းအင်စစ်ပွဲတစ်ခုကို ထပ်မြင်ရဦးမလားဆိုတာ ဆက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။     

ဒီလိုသတင်းတွေအပြင် ယခုရက်ထဲမှာဖြစ်ခဲ့တဲ့ တခြားသောသတင်းတွေဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတစ်ရပ်မှာ အမြောက်ပစ်ခတ်မှုတွေ ပါဝင်ခဲ့တဲ့သတင်း၊ အမေရိကန်နိုင်ငံရဲ့ အခြေခံအဆောက်အအုံကဏ္ဍကို အဆင့်မြှင့်တင်နိုင်ဖို့ ဒေါ်လာ ၁ ထရီလီယံ ဘတ်ဂျက်ကို လွှတ်တော်က ခွင့်ပြုလိုက်တဲ့သတင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ ထိပ်သီးညီလာခံကို တရုတ်နဲ့ ရုရှား ခေါင်းဆောင်တွေ မတက်ရောက်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပြစ်တင်ဝေဖန်လိုက်တဲ့သတင်း၊ ရှီကျင့်ဖျင် က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ ထိပ်သီးညီလာခံမတက်လို့ ဝေဖန်တဲ့ ဘိုင်ဒင် ကို စကားတွေပြောနေတာထက် အလုပ်လုပ်ပြဖို့က ပိုမိုအရေးကြီးတယ်လို့ တုံ့ပြန်ခဲ့တဲ့သတင်း၊ COVID-19 ကာကွယ်ဆေးထဲမှ ပထမဆုံးသောက်ဆေးကို ဗြိတိန်က စတင်ခွင့်ပြုလိုက်တဲ့သတင်း၊ နျူကလီးယားဆွေးနွေးပွဲ ပြန်လည်စတင်ဖို့ အီရန်က ရက်သတ်မှတ်လိုက်တဲ့သတင်း၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး သူလျှိုလုပ်ရပ်ကြောင့် တရုတ်သူလျှိုတစ်ဦးကို အမေရိကန်က အရေးယူပြစ်ဒဏ်ချမှတ်ခဲ့တဲ့သတင်း၊ တက္ကဆက်က ဂီတဖျော်ဖြေပွဲမှာ လူအုပ်စုတိုးဝှေ့ရာက ၈ ဦးသေဆုံး၊ ၃၀၀ ဦး ဒဏ်ရာရခဲ့တဲ့သတင်း၊ ဘာလင်မြို့မှာရှိတဲ့ ရုရှားသံရုံးအပြင်ဘက်က လမ်းပေါ်မှာ  ရုရှားသူလျှိုတစ်ဦး သေဆုံးခဲ့တဲ့သတင်း၊ ဗီယက်နမ် ထိပ်တန်းအရာရှိတစ်ဦးဟာ တန်ဖိုးကြီးအရက်နဲ့ အသားကင်ကို စားသောက်နေတဲ့ ရုပ်သံဖိုင်ကြောင့် ဗီယက်နမ်ပြည်သူတွေ အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့သတင်း၊ တရုတ်မှာ ပြည်နယ်ပေါင်း ၂၀ အထိ ကိုဗစ်ကူးစက်မှု ကျယ်ပြန့်လာနေတဲ့သတင်း၊ တောင်တရုတ်ပင်လယ်အတွင်း ရေအောက်တောင်နဲ့တိုက်မိတဲ့ နျူကလီးယားရေငုတ်သင်္ဘောဖြစ်ရပ်ကြောင့် ကွပ်ကဲရေးမှူးအပါအဝင် ထိပ်တန်းအရာရှိ ၃ ဦးကို ရာထူးကဖြုတ်လိုက်တဲ့သတင်းတွေကလည်း သတိထားမိစရာဖြစ်ခဲ့တဲ့ သတင်းတွေထဲ ပါဝင်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာပဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
နိုဝင်ဘာ - ၈