【 နိုင်ငံတကာဆောင်းပါး 】ထိပ်တိုက်တွေ့နေသော ကြီးမားသည့် အင်အားနှစ်ခု

【 နိုင်ငံတကာဆောင်းပါး 】ထိပ်တိုက်တွေ့နေသော ကြီးမားသည့် အင်အားနှစ်ခု

မီဒီယာများတွင် ဖော်ပြကြသည်မှာ ရက်စက်ကြမ်းကြုတ်ပြီး ဆိုးဝါးသော ပူတင်သည် ရိုးသားပြီး ညီညွတ်သော ယူကရိန်းကို ကျူးကျော်ပြီး ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့ထိ ဖြန့်ြက်ပြီး ဆိုဗီယက်ပြည်ထောင်စု ကို ပြန်လည်ထူထောင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ 

ယူကရိန်း ပြဿနာတွင် မြင်တွေ့နိုင်သ်မှာ ကမ္ဘာလုံးဆိုင်ရာ အခြေအနေကို ပုံဖော်လိုသည့် ကြီးမားသည့် အင်အားစုနှစ်ခုဖြစ်သည်။ ပထမတစ်ခုမှာ အမေရိကန်၏ အခြားနိုင်ငံများကို ချုပ်ကိုင်ခြယ်လှယ် လွှမ်းမိုးလိုသော အင်အားစုဖြစ်သည်။ သမ္မတပူတင်နှင့် ရှီတို့အပါအဝင် ခေါင်းဆောင်အချို့သည် ၂၀၀၈ ခုနှစ်မြောက် အတ္တလန္တိတ် ဘဏ္ဍာရေးအကျပ်အတည်း ပြီးချိန်မှ စတင်ပြီး အမေရိကန်၏ အားလျော့လာခြင်းနှင့် ဥရောပ၏ ကျိုးပဲ့လာခြင်းတို့ကို ဖော်ပြပြောဆိုခဲ့ကြသည်။ သို့သော် ရုရှားကျူးကျော်စစ်အပေါ် တုံ့ပြန်ချက်အရ အမေရိကန်သည် ဥရောပနှင့် အနောက်နိုင်ငံများတွင် အင်အားကောင်းမွန်စွာ မဟာမိတ်ဖွဲ့ထားသည်ကို တွေ့နိုင်ပြီး အရေးအကြီးဆုံးမှာ  အနောက်နိုင်ငံများ၏ ဘက်ပေါင်းစုံ ပူးပေါင်းရေးကြောင့် ယခင် G-8 အဖွဲ့ဝင် နိုင်ငံများအား G-20 နိုင်ငံများအဖွဲ့မှ သီးသန့် ခွဲထုတ်ထားနိုင်သည်။ 

အခြားသော ထိပ်တိုက်တွေ့မှုတွင် ပါဝင်လာသည့် အင်အားစုတစ်ခုမှာ ရုရှားက အာရှဥရောပ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတို့၏ ဗဟိုချက်အဖြစ် တည်ဆောက်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်။ ထိုရည်ရွယ်ချက်မှာ ပူတင်၏ ရည်မှန်းချက်နှင့် စိတ်နေစိတ်ထားတို့ကြောင့် လွဲချော်ခဲ့ရသည်။ နယူးယောက်တက္ကသိုလ်တွင် သမိုင်း ကြောင်း၊ ရုရှားနှင့် ဆလားဗစ်ခ် လူမျိုးများဆိုင်ရာ ဂုဏ်ထူးဆောင်ပါမောက္ခ ဂျိမ်း ဘာဘန့်ခ်က “၁၉၉၀ ခုနှစ်များမှ စတင်ပြီး ယူကရိန်းနှင့် အခြား ဆိုဗီယက်နိုင်ငံများကို တိုက်ကြီးများဖြတ်ကျော် အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များမှာ ရုရှားတွင် စတင်ကြီးထွားလာခဲ့ပါတယ်။ ဥရောပအာရှ အင်ပါယာ ပြန်လည်အသက်ဝင်လာရေး သီအိုရီဟာ မစ္စတာ ပူတင်ရဲ့ လှုပ်ရှားမှုတိုင်းအတွက် မူဝါဒဖြစ်စေပါတယ်” ဟု ဆိုသည်။ 

၁၉၁၇ ခုနှစ်တွင် ရုရှားအင်ပါယာ ပြိုလဲချိန်မှစပြီး ရုရှားအကြံပေးများသည် ဥရောပအာရှ အယူအဆကို စတင်လာခဲ့ကြသည်။ ဆိုဗီယက်ကာလအတွင်း ဖိနှိပ်ခံခဲ့ရသော ထိုအယူအဆသည် ၁၉၈၀ ခုနှစ်များ နောက်ပိုင်းတွင် ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ ထိုအယူအဆကြောင့် အမေရိကန်ကိုသာ မကဘဲ အတ္တလန္တိတ် ကမ္ဘာတစ်ခုလုံးအား ရုရှား၏ ပြိုင်ဘက်အဖြစ် ပုံဖော်လိုက်ပြီး ပထဝီနိုင်ငံရေးစစ်ပွဲများတွင် ရုရှား၏ သီအိုရီသည် ကော်ကဲ့သို့ ကပ်ပါလာခဲ့သည်။ ပူတင်လက်ထက်တွင် အင်ယာပါ၏ အင်အားနှင့် အနောက်နိုင်ငံများကြား နစ်နာသူဖြစ်ခြင်း ခေါင်းစဉ်တို့သည် နိုင်ငံ၏ ဗဟိုအဆင့် ဖြစ်လာခဲ့သည်။ 

ဘာဘန့်ခ်၏ ရှင်းပြချက်အရ အာရှဥရောပ အယူအဆတွင် ယူကရိန်းသည် အစကတည်းက အတားအဆီး တစ်ခု ဖြစ်ခဲ့သည်။ ၁၉၂၀ ခုနှစ်များမှ အာရှဥရောပဆိုင်ရာ အတွေးအခေါ်သမားများသည် ယူကရိန်းပြဿနာကို ဆွေးနွေးခဲ့ကြပြီး ယူကရိန်းက အစုအဖွဲ့တွင် မပါဝင်နိုင်ဘဲ တစ်ဦးတည်း သီးသန့် ဖြစ်နေသည်ဟု ဆိုသည်။ ၁၉၉၀ ခုနှစ်များမှ ထင်ရှားသော အယူအဆ ပညာရှင်များသည် ယူကရိန်း၏ အချုပ်အခြာအာဏာကို အာရှဥရောပ အားလုံးအတွက် အန္တရာယ်ဟုပင် ဖော်ပြခဲ့ကြသည်။ ရုရှား၏ အာရှဥရောပ စီမံကိန်းသည် ပင်လယ်နက် မြောက်ပိုင်း ကမ်းရိုးတန်းကို လုံးလုံးလျားလျား ထိန်းချုပ်ရန် လိုအပ်သည်။ ယူကရိန်းသည် ရုရှားကို ဗဟိုပြုထားသော နိုင်ငံမှ အပြည့်အဝ ထိန်းချုပ်နိုင်သည့် ဒေသဖြစ်လာရန် လိုအပ်သည်။ 

ပူတင်အတွက် တွန်းအားပေးနေသော ထိုအယူအဆကြောင့် “ရုပ်သေးရုပ် အစိုးရရှိသော ကိုလိုနီနိုင်ငံ” ဟု ဖော်ပြခဲ့သည်။ ထိုအယူအဆသည် ပူတင်၏ မျက်လုံးထဲတွင် ရက်စက်သော စစ်ပွဲကို တရားမျှတမှုအဖြစ် ရှုမြင်စေ ခဲ့သည်။

အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ ၏ မဟာဗျူဟာ 

ပူတင်နှင့် ရုရှား၏ ရည်ရွယ်ချက်ကို အကျဉ်းချုပ်ပြီးနောက်တွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့တို့၏ ယူကရိန်းနှင့် ရုရှားဆိုင်ရာ မဟာဗျူဟာအကြောင်း ဖော်ပြလိုသည်။ ဂျိုးလော်ရီလာ ရေးသားခဲ့သော စာစောင်တွင် ယူကရိန်းပြဿနာ၌ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့တို့၏ လှုံ့ဆောင်မှုမှာ ပူတင်၏ အစိုးရကို အဆုံးသတ်ပြီး အမေရိကန်နှင့် ချစ်ကြည်ပြီး နာခံတတ်သော အစိုးရတစ်ရပ် တည်ဆောက်ရန် ဖြစ်သည်ဟု ဆိုသည်။ 

မော်စကိုတွင် အစိုးရပြောင်းလဲခြင်းဆိုင်ရာ အမေရိကန်မဟာဗျူဟာမှာ အချိန်ကြာမြင့်စွာ ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဒီမိုကရေစီဆိုင်ရာ အမျိုးသားရေး ထောက်ပံ့မှုအဖွဲ့မှ ညွှန်ကြားရေးမှူး ကားလ် ဂါ့ရှ်မန်းက “ယူကရိန်းသည် အကြီးမားဆုံး ဆုလာဘ်ဖြစ်သည်” ဟု ဆိုသည်။ ယူကရိန်းကို ရုရှားထံမှ ဆွဲယူပြီး အနောက်နိုင်ငံများသို့ သိမ်းသွင်းလိုက်လျှင် “ပူတင်သည် ပြည်ပတွင် နစ်နာသူဖြစ်သည်သာမက ရုရှားနိုင်ငံအတွင်း တွင်လည်း နစ်နာသူဖြစ်လာမည်” ဟု ဆိုသည်။ 

ရုရှားကို ထိန်းချုပ်ရေး မဟာဗျူဟာအရ ဘော်လ်တစ်ဒေသများမှ ဘူဂေးရီးယားအထိ ရုရှား၏ နယ်စပ်များတွင် နေတိုးတပ်ဖွဲ့ဝင်အရေအတွက်ကို တိုးချဲ့ခဲ့ပြီး နေတိုးတပ်ဖွဲ့မှ အင်အား ၃ သောင်း ချထားခဲ့သည်။ အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက ရုရှား၏ မဟာမိတ်ဖြစ်သော ဆီးရီးယားအုပ်ချုပ်သူ ဘာရှားအယ်လ်အာဆက်ဒ် အား ဖြုတ်ချခဲ့သည့်အပြင် အမေရိကန်၏ NGO များကို ရုရှားတွင် မငြိမ်မသက်ဖြစ်စေရန် မူဝါဒချမှတ် ခဲ့သည်။

၂၀၁၅ ခုနှစ်မှ စတင်ပြီး CIA သည် အမေရိကန်တွင် အထက်တန်းလွှာ ယူကရိန်း အထူး စစ်ဆင်ရေး အင်အားစုများနှင့် အခြား ထောက်လှမ်းရေးအဖွဲ့များ အတွက် လျှို့ဝှက် ပြင်းထန်သောလေ့ကျင့်ရေးများကို ကြီးကြပ်ခဲ့သည်။ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် CIA က လေ့ကျင့်ပေးထားသော တပ်ဖွဲ့များသည် ကျူးကျော်စစ်ကို ရုရှားက စတင်ရန် တပ်စွဲထားသော ယူကရိန်း အရှေ့ဘက်နယ်စပ်တွင် အရေးပါသော ကဏ္ဍမှ ပါဝင်လာတော့မည်ဖြစ်သည်ဟု သတင်းထွက်ပေါ်လာခဲ့သည်။ CIA အရာရှိဟောင်းတစ်ဦးက “အမေရိကန်ဟာ အုံကြွမှုကို လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။ မော်စကိုအနေဖြင့် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့တို့၏ လုပ်ရပ်များသည် ရန်လိုမှုများ ပြည့်နှက်နေပြီး ရုရှား၏ အစိုးရ အပြောင်းအလဲကို မျှော်မှန်းနေကြောင်း သိရှိပြီးဖြစ်သည်။

အရေးယူပိတ်ဆို့မှု မဟာဗျူဟာ

မြေပြင်တွင် အရေးနိမ့်စေရေး မဟာဗျူဟာကို အားဖြည့်လိုက်သည်မှာ အရေးယူပိတ်ဆို့မှု မဟာဗျူဟာ ဖြစ်သည်။ အမေရိကန်နှင့် ဥရောပတို့သည် မည်သည့်နိုင်ငံအပေါ် မဆို ချမှတ်ခဲ့ဖူးသည်ထက် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများကို ပြုလုပ်ခဲ့သည်။ “အမေရိကန် အင်ပါယာ ပြီးဆုံးပြီ” ဟု ပြောနေကြသော သူများအတွက်ပင် အမေရိကန်က အနောက်နိုင်ငံများကို ပေါင်းစည်းပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံများအနက် တစ်ခု၊ နျူကလီးယားစွမ်းအင်ဆိုင်ရာ အင်အားကြီး နိုင်ငံတစ်ခုနှင့် ဥရောပသို့ စွမ်းအင်အဓိက တင်ပို့နေသော နိုင်ငံတစ်ခုဖြစ်သော ရုရှားကို မြောက်ကိုရီးယားနီးပါးပင် သီးသန့်ခွဲထုတ်နိုင်လိုက်သည်ကို အံ့အားသင့်နေကြခြင်းဖြစ်သည်။ 

အရေးယူသည့် စာရင်းမှာ အထင်ကြီးဖွယ်ဖြစ်သည်။ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုများကို ရုရှား၏ ဗဟိုဘဏ်အပေါ်သို့ သတ်မှတ်ခဲ့ပြီး ရူဘယ်ငွေကြေးကို ကျဆင်းစေခဲ့သည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တစ် ဒေါ်လာလျှင် ၈၅ ရူဘယ်သာ ရှိသော်လည်း မတ်လ ၇ ရက်နေ့တွင် ၁၅၄ ရူဘယ်သို့ မြင့်တက်ခဲ့ပြီး မတ်လ ၂၅ ရက် နေ့တွင် ၁၀၁ ရူဘယ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ 

ရုရှား၏ ငွေကြေးဖလှယ်ခြင်း အများစုကို နိုင်ငံတကာ ငွေပေးချေမှုစနစ် SWIFT မှ တစ်ဆင့် ပြုလုပ်၍ မရသောကြောင့် ရုရှား၏ နိုင်ငံတကာ ငွေလဲလှယ်မှုအများစုမှာ ရပ်တန့်သွားခြင်းဖြစ်သည်။ ရုရှား၏ ဘဏ်ကြီးများမှာ အရေးယူပိတ်ဆို့မှု ခံရသည်။ တည်ဆောက်မှု ပြီးစီးသွားသော ဂျာမနီ-ရုရှား Nord Stream 2 ဓာတ်ငွေ့ ပိုက်လိုင်းကို ပိတ်လိုက်ရုံမက ကုမ္ပဏီသည်လည်း ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ အမေရိကန်သည် ရုရှားထံမှ ရေနံတင်သွင်းမှုကို ပိတ်ပင်ထားသည်။ BP နှင့် Shell ကုမ္ပဏီတို့သည် ရုရှားနှင့် မိတ်ဖက်အဖြစ်မှ နုတ်ထွက်ခဲ့ကြသည်။

ရုရှား၏ ဂျုံနှင့် ဓာတ်မြေဩဇာများ တင်ပို့မှုကို ပိတ်ပင်လိုက်ပြီး အနောက်နိုင်ငံများတွင် အစားအစာ စရိတ်များ မြင့်တက်လာခဲ့သည်။ ဥရောပနှင့် အမေရိကန်ပိုင် လေပိုင်နက်များတွင် ရုရှားလေယာဉ်များအား ပိတ်ပင်ထားသည်။ ပူတင်အပါအဝင် ရုရှားခေါင်းဆောင်များသည်လည်း တစ်ဦးချင်းစီအရ အရေးယူပိတ်ဆို့မှု ခံထားရသည်။ ရုရှားတွင် ရှိနေသော PayPal, Facebook, Twitter, Netflix, McDonalds, နှင့် Coca-Cola တို့သည် လုပ်ငန်းများကို ပိတ်သိမ်းခဲ့ကြသည်။ ထို့အပြင် အမေရိကန်ဆိုင်ရာ ရုရှားတူဒေးသတင်းဌာန RT ကိုလည်း ပိတ်သိမ်းခဲ့သည်။ 

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်-ယိဗ်စ် လက် ဒရီယန်က ရည်ရွယ်ချက်မှာ အနောက်နိုင်ငံများကို ထိခိုက်စေသည့်တိုင် ရုရှား၏ စီးပွားရေးကို နစ်မွမ်းစေရန် ဖြစ်သည်ဟု ဆိုသည်။ မော်စကိုတွင် အစိုးရအပြောင်းအလဲဖြစ်လာပြီး အမေရိကန်ကို လေးစားသည့် ခေါင်းဆောင်များ ပေါ်ထွန်းရေးအတွက် အနောက်နိုင်ငံများ၏ ထိခိုက်မှုမှာ ထိုက်တန်သော တန်ကြေးဖြစ်လာသည်။

 

Ref: blogs.lse: Why the US and Nato have long wanted Russia to attack Ukraine

Linko