【 နိုင်ငံတကာဆောင်းပါး 】နေ့စဉ်ရုန်းကန်နေရသော ကိုဗစ် ကူးစက်ခံ ကလေးများ

【 နိုင်ငံတကာဆောင်းပါး 】နေ့စဉ်ရုန်းကန်နေရသော ကိုဗစ် ကူးစက်ခံ ကလေးများ

ကလေးများအမျိုးသား ဆေးရုံ၏ ခုတင်တစ်ခုပေါ်တွင် သူနာပြုကို စောင့်ဆိုင်းနေသော အသက် ၈ နှစ်အရွယ် ဘရွတ်ခ်လင်း ချေးလ်စ်တစ်ယောက် လူးလိမ့်နေသည်။ ဆေးရုံခန်းကို လှည့်ပတ်ကြည့်နေသော သူမ၏ အောက်က အခင်းမှာ တွန့်ကြေနေပြီဖြစ်သည်။ သူမသည် ကိုရိုနာဗိုင်းရပ်စ်ကို သုံးကြိမ်တိတိ ကူးစက်ခံရပြီး ဘာ ကြောင့်ဆိုသော အဖြေကို မည်သူမျှ မသိရှိခြင်း ဖြစ်သည်။ 
 
ဘရွတ်ခ်လင်းသည် ကံကောင်းပုံတော့ပေါ်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသမျှ အကြိမ်တိုင်း ပြင်းထန်သော လက္ခဏာ မပြပေ။ သို့သော် ပြီးခဲ့သောစက်တင်ဘာလက တစ်ကြိမ်ကူးစက်ခံရချိန်တွင် ဖခင်ဖြစ်သူ ရော့ဒ်နေးပါ ကူးစက်ခံရပြီး ဖခင်မှာ သေဆုံးသွားခဲ့သည်။ 
 
မိခင်ဖြစ်သူ ဒယ်နီအယ်ကလည်း နောက်ထပ် ဘာတွေဖြစ်လာမည်လဲကို ကြောက်ရွံ့နေပြီး သမီးဖြစ်သူ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်မည်ကို စိုးရိမ်နေရသည်။
  
“သမီးနဲ့ ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ အမြဲ စဉ်းစားမိတယ်။ အားလုံးကို ဆုံးရှုံးရမဲ့ အခိုက်အတန့်လားလို့လဲ မေးနေမိတယ်” ဟု သူမက ဆိုသည်။ 
 
၂၀၁၉ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၆ သန်း၏ အသက်ကို ဆုံးရှုံးစေခဲ့သည့် ကိုဗစ်-၁၉ ၏  ပဟေဠိဆန်သော အကျိုးဆက်များအနက် ကလေးများခံစားရသော လက္ခဏာများကလည်း ရှုပ်ထွေးလျက်ရှိသည်။ 
 
အမေရိကန်တစ်နိုင်ငံတည်းတွင်ပင် ကလေးပေါင်း ၁၂.၇ သန်းကျော်သည် ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး ဖြစ်ကြောင်း ကလေးအထူးကု အမေရိကန် အကယ်ဒမီ၏  အချက်အလက်များအရ သိရသည်။ ယေယေယျအားဖြင့် ဗိုင်းရပ်စ်သည် ကလေးများတွင် လူကြီးများလောက် မပြင်းထန်ပေ။သို့သော် အချို့သော လူကြီးများတွင် သိသာသော လက္ခဏာများ တွေ့ရသည်။ ငယ်ရွယ်သူအချို့တွင်မူ ဗိုင်းရပ်စ် ပျောက်ကင်းသွားသည့်တိုင် ရှင်းမပြနိုင်သော လက္ခဏာများ ကြုံတွေ့ရလျက်ရှိသည်။ အချို့သည် ကောင်းမွန်စွာ နလန်ထူလာသော်လည်း နောက်ပိုင်းတွင် ပဟေဠိဆန်ဆန် အခြေအနေတစ်ခု ကြုံရကာ ပြင်းထန်သော ကိုယ်တွင်းအင်္ဂါရောင်ယမ်းခြင်းမျိုးပါ ခံစားရလာသည်။ 
 
ချစ်ခင်ရသူတွေအား ဗိုင်းရပ်စ်ကြောင့် ဆုံးရှုံးလိုက်ရပြီး သာမန်ကလေးဘဝတွင် အနှောင့်အယှက်များ ကြုံတွေ့နေရသည့်အပြင် ထိုရောဂါဆိုးများက ထပ်မံ တိုက်ခိုက်လာပြန်သည်။ 
 
ကလေးများ အမျိုးသားဆေးရုံ နှင့် အမျိုးသားကျန်းမာရေးဌာနမှ ငွေကြေးရရှိနေသော အခြားသော ဆေးရုံများမှ ဆရာဝန်များသည် ကိုဗစ်-၁၉ ၏ ကလေးများအပေါ် ရေရှည်သက်ရောက်မှုကို လေ့လာချက်ရှိသည်။ 
 
အဓိက ပန်းတိုင်မှာ ကလေးများ၏ အလုံးစုံကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအပေါ် သက်ရောက်မှုများအား အကဲဖြတ်ပြီး ဖွံ့ဖြိုးဆဲ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို မည်သို့ တုံ့ပြန်သည်ကို စမ်းသပ်ရန်ဖြစ်သည်။
 
ကလေးများ အမျိုးသားဆေးရုံတွင် လေ့လာချက်အတွက် အသက် ၂၁ နှစ်အထိ ကလေးပေါင်း ၂၀၀ ကျော် စာရင်းသွင်းပြီးဖြစ်ကာ အပတ်စဉ်တိုင်းတွင် လူနာအသစ် ၂ ဦး ထပ်မံလက်ခံလျက်ရှိသည်။ လေ့လာချက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသော ကလေးငယ်များနှင့် ကူးစက်မခံရသေးသော (ကူးစက်ခံရသူ၏ မောင်နှမကဲ့သို့သော) ကလေးများကိုပါ ပါဝင်စေခြင်းဖြစ်သည်။ ရောဂါမပြသော ကလေးများမှ အရေးပေါ်ကုသခန်းတွင် ကုသနေရသော ကလေးများအထိပါ ထည့်သွင်းထားသည်။ ပထမဆုံးအကြိမ်တွင် လေ့လာချက်၌ ပါဝင်သူများအနေဖြင့် တစ်နေကုန် စမ်းသပ်ခြင်းများ ပြုလုပ်ရမည် ဖြစ်ပြီး နှလုံး၊ သွေးလည်ပတ်ပုံနှင့် အဆုတ်တို့ကို အာထရာဆောင်းရိုက်ရမည်ဖြစ်သည်။ 
 
လေ့လာချက်ကို ဦးဆောင်သော ဒေါက်တာ ရောဘတ်တာ ဒီဘိုင်စီက အဓိက ရည်ရွယ်ချက်မှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက်ပိုင်း ကလေးများ ကြုံတွေ့ရမည့် ရှုပ်ထွေးမှုများကို လေ့လာပြီး မည်မျှအထိ ပုံမှန်တွေ့နိုင်ကြောင်း ဆန်းစစ်ရန်ဖြစ်သည်ဟု ဆိုသည်။
 
ဘရွတ်ခ်လင်းသည်လည်း လေ့လာချက်တွင် ပါဝင်သူ တစ်ဦးဖြစ်သည်။ ထို့အပြင် ကိုဗစ်-၁၉ နှစ်ကြိမ် ကူးစက်ခံထားရပြီး မမျှော်လင့်ဘဲ ထူးဆန်းစွာ ဖျားနာတတ်ကာ အခြားသော ပုံမှန်မဟုတ်သည့် လက္ခဏများပါ ခံစားနေရသည့် အလက်ဆာ ကာပန်တာလည်း ပါဝင်သည်။ အလက်ဆာသည် လေ့လာချက်တွင် စတင်ပါဝင်စဉ်၌ အသက် ၂ နှစ်သာ ရှိသေးပြီး မကြာသေးမီကမှ အသက် ၃ နှစ် ပြည့်သွားခြင်း ဖြစ်သည်။ သူမ၏ ခြေထောက်များသည် တစ်ခါတစ်ရံတွင် အနီရောင်သို့ ပြောင်းသွားကာ စူးပြီး နာကျင်နေတတ်သည်။ သို့မဟုတ် လှဲနေကာ လက်ကလေးများနှင့် ရင်ဘတ်ကို ညွှန်ပြပြီး “နာတယ်” ဟု ပြောနေတတ်သည်။  
 
မိဘများဖြစ်သော တာရာနှင့် တိုင်ဆန် ကာပန်တာတို့တွင် သမီးနှစ်ဦးထပ်ရှိပြီး အသက် ၅ နှစ်အရွယ် အော်ဒရီနှင့် အော်တစ်ဆင်ရောဂါ ခံစားနေရသော ၉ နှစ်အရွယ် ဟေလီတို့ ဖြစ်သည်။ မိဘများစွာအတွက် ကပ်ရောဂါသည် ကျောင်းပျက်ရခြင်း၊ အလုပ်နှောင့်နှေးခြင်း၊ ကန့်သတ်ခြင်းနှင့် ရှုပ်ထွေးခြင်းများကြောင့် အိပ်မက်ဆိုးဖြစ်နိုင်သည်။ သို့သော် မိဘများစွာခံစားနေရသော စိုးရိမ်ပူပန်မှုများအနက် အဆိုးဆုံးမှာ ကလေးများအတွက် စိုးရိမ်ရခြင်းဖြစ်သည်။ ကာပန်တာတို့ ဇနီးမောင်နှံသည် သမီးငယ်ကို မည်သို့ ကူညီရမည်မသိ ဖြစ်နေကြသည်။ 
 
“ဒါဟာ တော်တော် စိတ်ကျဉ်းကြပ်ဖို့ ကောင်းပါတယ်။ ကျွန်မတို့ရဲ့ ကလေးအတွက် အဖြေရှာဖို့ ကြိုးစားနေကြပါတယ်။ ဘယ်သူကမှတော့ လာပေးမှာမဟုတ်ဘူး၊ ကိုယ်တိုင်ပဲ ရှာဖွေရပါမယ်။ ဒီအတိုင်းပဲ စိတ်ညစ်စရာကောင်းပါတယ်” ဟု တာရာ ကာပန်တာက ဆိုသည်။ 
 
အလက်ဆာသည် နီရဲနေသော ခြေထောက်ကြောင့် အော်ဟစ်ငိုယိုတတ်သလို တိတ်ဆိတ်စွာလည်း ငြီးတွားနေတတ်သည်။ အခြားလက္ခဏာများ မပြဘဲ အဖျားသာတတ်လာလျှင် ကျောင်းမှ အိမ်ပြန်ပို့ခံရပြီး မိခင်မှာလည်း အလုပ်များ အနှောင့်အယှက်ဖြစ်လာရသည်။ သို့သော် ဘဲလေးသင်တန်းတွင်မူ အလက်ဆာမှာ ပုံမှန်အတိုင်းပင် ဖြစ်နေသည်။  
 
ပြီးခဲ့သော လအနည်းငယ်အတွင်းတွင် လက္ခဏာများသည် လျော့ပါးလာပြီး မိဘများအတွက် စိတ်သက်သာရာရခဲ့သည်။ 
 
လေ့လာချက်တွင် ပါဝင်သော အချို့သော မိသားစုများအတွက် ရေရှည်ကိုဗစ်ကြောင့် ခံစားနေရသော ကလေးများက ထိန်းသိမ်းရန် လွယ်ကူနေတတ်သည်။
 
တစ်ရက်က မိသားစုတစ်စုတွင် ညီမဖြစ်သူ လက်ဆီ၏ သွေးဖောက်ထုတ်မှာကို မကြိုက်သော အစ်မဖြစ်သူ ချာလီက အသည်းအသန် ငိုယိုတော့သည်။ ကိုဗစ်-၁၉ ကြောင့် မိသားစုတွင်းလည်း အရှုပ်အထွေးများ ဖြစ်လာသည်။ နေမကောင်းသော ကလေးများက ပိုမို ဂရုစိုက်ခံရသောကြောင့် ကျန်ကလေးများအတွက် ပြဿနာဖြစ်လာသည်။ မောပန်းနေသော မိဘများသည် ကလေးများကို ညီတူညီမျှ ဂရုစိုက်ရန် လုံးပန်းနေရသည်။ 
 
လေ့လာချက်တွင် ကလေးများကို အပြည့်အဝ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ပြီး ဒေါက်တာ လင်ဒါ ဟာဘတ် ဦးဆောင်သော စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်း ဝန်ဆောင်မှုကိုလည်း ရယူနိုင်သည်။ 
 
ဟာဘတ်က ကလေးများကို မောပန်းနွယ်နယ်ခြင်း၊ အိပ်စက်ခြင်း၊ နာကျင်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဖိစီးခြင်းနှင့် သူငယ်ချင်းများနှင့် ဆက်ဆံခြင်းတို့ကို မေးမြန်းသည်။ မှတ်ဉာဏ်နှင့် ပတ်သက်ပြီး စိုးရိမ်စရာများနှင့် ဦးနှောက်အတွင်း စွဲမြဲမှတ်မိစေရန် အခက်အခဲရှိ၊မရှိ မေးမြန်းသည်။ 
 
“အချို့သော ကလေးတွေဟာ ကိုဗစ် ပြန်အကူးခံရမှာကို အလွန်ကြောက်နေကြတယ်” ဟု သူမက ဆိုသည်။ 
 
စိတ်ပိုင်းဆိုင်ရာ လက္ခဏာများသည် ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကလေးများတွင်တင် မကဘဲ မိဘများနှင့် မောင်နှမများတွင်ပါ တွေ့ရသည်ဟု ဆိုသည်။
 
ဒယ်နီအယ် မစ်ချဲလ်သည်လည်း ဖိစီးမှုကို ခံနေရသည်။ သူမသည် လက်တွဲဖော်ကို ဆုံးရှုံးလိုက်ရပြီးနောက် အချိန်ပြည့်အလုပ်လုပ်နေရသော တစ်ကိုယ်တော် မိခင်တစ်ဦးဖြစ်ကာ သမီးဖြစ်သူအရှေ့တွင် စိတ်ဖိစီးနေကြောင်း မပြသမိစေရန် ကြိုးစားနေရသည်။ ဘရွတ်ခ်လင်းကို လေ့လာချက်တွင် ထည့်သွင်းရန် ဆုံးဖြတ်ရခြင်းမှာ အထူးသဖြင့် လူမည်းအသိုက်အဝန်းတွင် ကာကွယ်ဆေးများလိုအပ်နေကြောင်းကို သတိထားမိစေရန် ရည်ရွယ်သည်ဟု ဆိုသည်။ 
 
“ကလေးက အမြဲကူးစက်ခံနေရတယ်။ ကျွန်မတို့အနားကလူတွေ သမီးကို မကာကွယ်ပေးနိုင်ကြဘူးလား” ဟု ဆိုသည်။ 
 
ဘရွတ်ခ်လင်းတစ်ယောက် သွေးဖောက်ထုတ်ခံရမည်ဟူသော အသံကို ကြားသောအခါ “ဖောက်ထုတ်မှ ဖြစ်မှာလား” ဟု တိုးတိုးလေး မေးသည်။ 
“ဒါပေါ့ သမီးရဲ့။ ဒါမှ ရောဂါအဖြေရှာလို့ ရမှာလေ” ဟု သူနာပြုက ပြန်ဖြေသည်။ 
“သမီးအဖေသာရှိနေရင် ဒါပြီးရင် Dave & Busters စားသောက်ဆိုင်ကို ခေါ်သွားမှာ” ဟု မစ်ချဲလ်က သမီးဖြစ်သူ မကြားစေရန် အသံကို နှိမ့်၍ ပြောသည်။ ခင်ပွန်းဖြစ်သူ ရော့ဒ်နေး ချေးလ်စ်မှာ ကာကွယ်ဆေး မထိုးထားခဲ့ပေ။ 
သူဟာ ကာကွယ်ဆေးထိုးလိုသူဖြစ်ပြီး ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ဒယ်လ်တာ မျိုးကွဲ ့နှံ့စဉ်အတွင်း ဘရွတ်ခ်လင်း ကူးစက်ခံရပြီးနောက် သိပ်မကြာမီတွင် ဖခင်ဖြစ်သူလည်း နေမကောင်းဖြစ်လာကာ ဆိုးဝါးသော အခြေအနေသို့ အလျင်အမြန် ရောက်သွားခဲ့သည်။ ချေးလ်စ်သည် မူလရောဂါအခံများလည်း ရှိသောကြောင့် လျင်မြန်စွာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၄၂ နှစ်သာ ရှိသေးသည်။
 
“တနင်္ဂနွေနေ့မှာ သူ ကျွန်မတို့ကို ဖုန်းခေါ်လာတယ်။ ငါအသက်မရှူနိုင်တော့လို့ ငါ့ကို ပြွန်သွင်းကြတော့မယ်။ ငါမင်းတို့အကုန်လုံးကို ချစ်တယ် ပြီးတော့ ဘရွတ်ခ်လင်း အဖေ့ကို ခွင့်လွှတ်ပါလို့ ပြောခဲ့တယ်” ဟု မစ်ချဲလ်က ဆိုသည်။ ထိုအချိန်သည် နောက်ဆုံးအကြိမ် စကားပြောခွင့်ရခဲ့ခြင်း ဖြစ်သည်။ 
“ကျွန်မပြောပြမယ်။ ကျွန်မ ဒီမှာရှိနေရသေးတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ကျွန်မမှာ ကလေးရှိနေလို့ပဲ” ဟု မစ်ချဲလ်က ပြောသည်။
 
ကျောင်းဖွင့်သော နေ့များတွင် မစ်ချဲလ်သည် ဘရွတ်ခ်လင်းကို ကျောင်းမှသွားကြိုပြီး ကားဆီသို့ လက်ချင်းတွဲလျှောက်ကာ ခဏတာမောင်းပြီး အိမ်ပြန်ရောက်ပြီးနောက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းအတွက် အလုပ်လုပ်နေခြင်းများ ပြန်လည်စတင်ရသည်။ 
မကြာသေးခင်တစ်ရက်က ကျောင်းပြီးချိန်တွင် မစ်ချဲလ်က အိပ်ခန်းအတွင်း၌ Zoom  ဖြင့် အစည်းအဝေးတစ်ခု တက်နေချိန်တွင် ဘရွတ်ခ်လင်းက ပေါက်ပေါက်ဆုပ်ကို စားရင်း ပြီးခဲ့သောနှစ် အမေများနေ့က ဖခင်ဖြစ်သူနှင့် သူမတို့ မစ်ချဲလ်အတွက် တင်းနစ်ဖိနပ်တစ်ရံနှင့် ပူဖောင်းများ ဝယ်ပေးခဲ့ပုံကို ပြန်ပြောပြနေခဲ့သည်။ မိခင်ဖြစ်သူ၏ ဖိနပ်ဆိုဒ်ကို မေ့သွားသောကြောင့် အိမ်ကို ပြန်လာပြီး ပြန်ကြည့်ရသည်ဟု တခစ်ခစ် ရယ်ရင်း ပြောနေသည်။ 
 
ဘရွတ်ခ်လင်း၏ အခန်းတွင် ဖခင်ဖြစ်သူနှင့် အတူရိုက်ထားသော ဓာတ်ပုံအကြီးကြီး ရှိသည်။ အခုအခါတွင်မူ မိခင်ဖြစ်သူနှင့်သာ အတူအိပ်လေ့ရှိသည်။
 
“ကလေးတွေဟာ နေမကောင်းဖြစ်နေတာ မဟုတ်ရင်တော့ ဆုံးရှုံးနေရပါတယ်။ သူတို့ရဲ့ မိဘတွေ၊ လူမှုဘဝတွေနဲ့ နှစ်ပေါင်းများစွာကို ဆုံးရှုံးနေရတယ်။ ကလေးတွေဟာ ခံနိုင်ရည် ရှိတာ မှန်ပေမဲ့ ဒီလိုကြီးတော့ ဆက်မသွား နိုင်ဘူး။ ဘယ်သူမှ ဒီလောက်အထိ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး” ဟု မစ်ချဲလ်က ပြောသည်။  
 
 
Ref:AP:For kids with COVID-19, everyday life can be a struggle
 
ဆွေဇင်