【 နိုင်ငံတကာဆောင်းပါး 】ဘုံအကျိုးဖော်ဆောင်ခြင်း နှင့် BRICS

【 နိုင်ငံတကာဆောင်းပါး 】ဘုံအကျိုးဖော်ဆောင်ခြင်း နှင့် BRICS

BRICS အဖွဲ့၏ ၁၄ ကြိမ်မြောက်အစည်းအဝေးကို ဇွန် ၂၃ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပေကျင်းတွင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့  ရုရှားနိုင်ငံသမ္မတ ပူတင်၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ၊ ဘရာဇီးနိုင်ငံ သမ္မတ ဘိုဆိုနာရိုနှင့် တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာတို့တက်ရောက်ခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့ စည်းစဉ်က ဘရာဇီး၊ ရုရှား၊အိန္ဒိယနှင့် တရုတ် စသည့်လေးနိုင်ငံသာဖြစ်သဖြင့်  BRIC (Brazil, Russia, India, and China) ဟု အမည်တွင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂၄ရက်တွင် တောင်အာဖရိက ပါဝင်လာသဖြင့် BRICS  (Brazil, Russia, India,China and South Africa ) ဟု အမည်တွင်လာခဲ့သည်။ ယခု ပေကျင်းက ကြီးမှူးကျင်းပသည့် ၁၄ ကြိမ်မြောက်တွင် အီရန်နှင့် အာဂျင်တီးနားကို တရုတ်နိုင်ငံက ဖိတ်ခေါ်ခဲ့သည်။

နှစ်စဉ်ကျင်းပသည့် BRICS  အစည်းအဝေးမှာ ယခုနှစ်တွင်  ယခင်နှစ်များနှင့်မတူ နိုင်ငံတကာ ၏အာရုံစိုက်မှုကို ရရှိခဲ့သည်။ အထူးသဖြင့် ယူကရိန်းအား ကျူးကျော်တိုက်ခိုက်နေသည့် ရုရှားပါဝင်သည့်အပြင်  ရုရှားအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချမှုထဲ မပါသည့် အိန္ဒိယ၊တရုတ်၊ တောင်အာဖရိကနှင့် ဘရာဇီးတို့ ပါဝင်နေ၍ဖြစ်သည်။ ၂၀၀၉ ခုနှစ်က ရုရှားနိုင်ငံ Yekaterinburg  မြို့တွင် ပထမအကြိမ် BRIC ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် BRIC အဖွဲ့၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမှာ ပိုပြီးတိုးတက်လာခဲ့သည်။ ပထမအကြိမ် BRIC ထိပ်သီးအစည်းအဝေးတွင် ထိုစဉ်က ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့၏ခေါင်းဆာင်များတက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးအခြေအနေ မြှင့်တင်ရန်နှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေးအပေါ် အာရုံစိုက်ပြီး လေးနိုင်ငံ အနာဂတ်တွင် ပိုမိုကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ပုံကို ဆွေးနွေးခဲ့ကြ သည်။ထိုအစည်း အဝေး တွင် အမေရိကန် ဒေါ်လာ၏ လွှမ်းမိုးချုပ်ကိုင်မှုကိုဆွေးနွေးခဲ့သည်မှာ ထိုစဉ်က ထင်ရှားသော အကြောင်း အရာဖြစ်ခဲ့သည်။

၂၀၁၀ခုနှစ် BRIC သို့  တောင်အာဖရိက ဝင်ရောက်လာပြီး BRICS ဖြစ်လာပြီးနောက် ၂၀၁၁ခုနှစ် ဘရာစီးလီးယားတွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် BRICS နိုင်ငံများအကြား စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုကို အားပေးသည့် လွတ်လပ်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် BRICS ဖိုရမ်ကို ဖွဲ့ စည်းခဲ့သည်။ 2013 ခုနှစ် မတ်လနှောင်းပိုင်းတွင် တောင်အာဖရိကနိုင်ငံ Durban တွင်ကျင်းပသော ပဉ္စမအကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် အနောက်နိုင်ငံများကြီးစိုးသော IMF နှင့် ကမ္ဘာ့ဘဏ်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားသော ကမ္ဘာ့ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခု နောက်ထပ်ဖန်တီးရန် အဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြသည်။ထို့အတွက် တရုတ်က ဒေါ်လာ ၄၁ ဘီလီယံ ၊ ဘရာဇီး၊ အိန္ဒိယနှင့် ရုရှားတို့က ဒေါ်လာ ၁၈ ဘီလီယံစီ၊ တောင်အာဖရိကဒေါ်လာ ၅ ဘီလီယံ ထည့်ဝင်ကြရန် ကတိပြုခဲ့ကြသည်။ BRICS ၏ဘဏ္ဍာရေး ဆိုင်ရာအဖွဲ့အစည်းအဖြစ် BRICS ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (NDB)ကို ၂၀၁၄ ခုနှစ်တွင် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅  ခုနှစ်တွင် အသက်ဝင်ခဲ့သည်။

ရှန်ဟိုင်းမြို့တွင် ရုံးချုပ်ထားရှိသော New Development Bank (NDB)က  ဘရာဇီးနိုင်ငံတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများမှ အိန္ဒိယနိုင်ငံရှိ ရထားလမ်းကွန်ရက် အဆင့်မြှင့်တင်ခြင်းအစီအစဉ်များနှင့် ရုရှား နိုင်ငံရှိ အသုံးပြုခကောက်ခံသောလမ်းအသစ်များအထိ NDB က ၂၀၂၁ ခုနှစ် မေလအတွင်း အဖွဲ့ဝင်နိုင်ငံများရှိ စီမံကိန်း ၈၀ ကျော်အား ခွင့်ပြုပေးခဲ့ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့် ရှိခဲ့သည်။ ဘဏ်၏အဆိုအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ အဖွဲ့ဝင်နိုင်ငံများအတွက် ငွေကြေးကူညီပံ့ပိုးမှု အမေရိကန်ဒေါ် လာ ဘီလီယံ ၃၀ ပံ့ပိုးပေးနိုင်ခဲ့ပြီး ကမ္ဘာကြီးပူနွေးမှုလျှော့ချရေးအတွက် အသုံးပြုမည့်ရန်ပုံငွေ၏ ၄၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

BRICS နိုင်ငံများကိုကြည့်ပါက ကမ္ဘာ့လူဦးရေအချိုးအစား၊စစ်ရေးနှင့် စီးပွားရေး၊ နည်းပညာတွင် ရှေ့တန်း ရောက်နေသည့် နိုင်ငံများပါဝင်နေသည်ကိုတွေ့ရမည်ဖြစ်ပြီး ဖွံ့ဖြိုးပြီးအနောက်နိုင်ငံများ၏ ကဏ္ဍစုံလွှမ်းမိုးထားမှုမှ လွတ်ကင်းရန်  ဆောင်ရွက်သည်ကို ၎င်းအဖွဲ့၏ ၁၆ နှစ်ကြာသက်တမ်းအတွင်း တွေ့ရသည်။ ယခုနှစ်တွင် ရုရှား-ယူကရိန်းအရေးတွင် BRICS ပါဝင်သည့်  နိုင်ငံလေးနိုင်ငံစလုံးမှာ အဖွဲ့ဝင်ဖြစ်သည့် ရုရှားကိုရှုတ်ချရန် ရှောင်လွဲခဲ့ကြပြီး ထိုပြဿနာမှာ အမေရိကန်ဦးဆောင်သည့် NATO အဖွဲ့၏ အဖွဲ့ဝင်တိုးချဲ့မှုကြောင့်ဖြစ်သည်ဆိုသည့် သဘောတရားအပေါ် ရပ်တည်ခဲ့ကြသည်ကို တွေ့ရသည်။ 

နိုင်ငံရေးနှင့် တခြားသော သက်ရောက်မှုများကိုဖယ်ပြီး ကြည့်မည်ဆိုပါက BRICS အဖွဲ့မှာ ကမ္ဘာတွင် ဥရောပသမဂ္ဂကို ယှဉ်နိုင်သည့် အနောက်အုပ်စုကို အချိန်တိုအတွင်း ရင်ဘောင်တန်းလာသည့် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုအဖြစ်မြင်ရမည် ဖြစ်သည်။ ထို့ကြောင့်လည်း ထွန်းသစ်စ ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စုအဖြစ် BRICS ကိုခေါ်တွင်ကြပြီး အာဂျင်တီးနား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မက္ကဆီကိုနှင့် တူရကီတို့က  BRICS အဖွဲ့ ဝင်အဖြစ် အပြည့်အ၀ပါဝင်ရန် စိတ်ဝင်စားမှုကို စိတ်အားသန်စွာ ဖော်ပြခဲ့ကြပြီး၊ အီဂျစ်၊ အီရန်၊ နိုင်ဂျီးရီးယား၊ ဆူဒန်၊ ဆီးရီးယားနှင့် မကြာသေးမီက ပါကစ္စတန်တို့သည် BRICS တွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ ကြသည်။

၂၀၁၇ခုနှစ်တွင် တရုတ်နိုင်ငံက “ BRICS Plus” ပူးပေါင်ဆောင်ရွက်မှုပုံစံကို အဆိုပြုခဲ့ရာ  BRICS  ၅ နိုင်ငံအပြင် အခြားနိုင်ငံများအတွက်လည်း BRICSနှင့်  ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အရေးရလာနိုင်ခဲ့သည်။ BRICS အဖွဲ့သည် စတင်ထူထောင်စဉ်ကတည်းက နိုင်ငံတကာရေးရာတွင် တည်ငြိမ်စွာဖြင့် အပြုသဘော ဆောင်သည့် အကျိုးဖြစ်ထွန်းမှုများကို တွန်းအားပေးသည့်အဖွဲ့ပုံသဏ္ဍာန်ဆောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ရင်းနှီးမြှုပ်နှံ ကုန်သွယ်မှုကို အားပေးခဲ့သည်။

BRICS နိုင်ငံများ၏ ၂၀၂၁ခုနှစ်အတွင်း ကုန်စည်ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၈.၅၅ ဘီလီယံနီးပါး ရှိခဲ့ပြီး ယမန်နှစ်ကထက် ၃၃.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ BRICS နိုင်ငံများ၏ ကုန်စည်ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ  ကမ္ဘာတစ်ဝန်း ကုန်စည်ကုန်သွယ်မှု၏ ၁၈ ရာခိုင်နှုန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၅ ရာခိုင်နှုန်းရှိခဲ့သည်။

ဇွန် ၂၂ ရက်က ကျင်းပခဲ့သည့် BRICS စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းထားရှိရန်နှင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုကို ချဲ့ထွင်ရန်၊ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် တိုက်တွန်းပြောကြားခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်၊ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာနှင့် တက်ကြွမှုကို ဖော်ထုတ်ရန်ပြောခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ ကွန်ရက်ချိတ်ဆက်မှု မြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှု၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်ထောက်ပို့မှုများနှင့် အခြားသောနယ်ပယ်များရှိ စိန်ခေါ်မှုများကို ပူးတွဲရင်ဆိုင်ရေးအတွက် အဆိုပါ ပလက်ဖောင်းအသစ်များကို အသုံးပြုသင့်ကြောင်း သမ္မတရှီက ဖြည့်စွက်ပြောကြားခဲ့သည်ကိုတွေခဲ့ရသည်။

သမ္မတရှီက  လက်ရှိကမ္ဘာသည် နှစ်တစ်ရာ အပြောင်းအလဲနှင့် ရာစုနှစ်ကပ်ရောဂါ ရောယှက်လျက်ရှိပြီး လုံခြုံရေး ကဏ္ဍစိန်ခေါ်မှုအမျိုးမျိုး မပြတ်ဖြစ်ပေါ်နေရာ ကမ္ဘာ့စီးပွားရေးပြန်လည်ရှင်သန်ရေး ခြေလှမ်းများက ကျပ်တည်းလျက်ရှိသလို ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးသည်လည်း ဆိုးဝါးသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ပြောကြားခဲ့ပြီး  ကမ္ဘာသည် မည်သည့်လားရာကို ဦးတည်ကြမလဲ၊ ငြိမ်းချမ်းရေး (သို့မဟုတ်) စစ်မက် မီးလျှံကိုလား၊ ဖွံ့ဖြိုးရေး(သို့မဟုတ်)ဆုတ်ယုတ်ရေးကိုလား ၊ တံခါးဖွင့်ပွင့်လင်းရေး (သို့မဟုတ်) တံခါးပိတ်သီးခြားရပ်တည်ရေးကိုလား ၊ ပူးပေါင်းဆောင်ရွက်ရေး (သို့မဟုတ်) ထိတ်တိုက်အားပြိုင်ရေးကိုလား ဆိုသည်မှာ မိမိတို့ ယနေ့မျက်နှာမူနေရသည့် ခေတ်ကာလ ၏ မေးခွန်းများ ဖြစ်ကြောင်း ပြောခဲ့သည်။

BRICS နိုင်ငံများသည် တံခါးပိတ်ထားသော ကလပ်တစ်ခု မဟုတ်သလို အခြားသူအားဖယ်ကြဉ်သော “အသိုက်အဝန်းငယ်”မဟုတ်ဘဲ အပြန်အလှန်ဖေးမကူညီသည့် မိသားစုကြီးနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကိုဖော်ဆောင်သော မိတ်ဖက်များ ဖြစ်ကြကြောင်း၊ ထွန်းသစ်စဈေးကွက်သစ်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ၏ကိုယ်စားပြုအနေဖြင့် မိမိတို့သည့် သမိုင်းတိုးတက်ရေးလမ်းဆုံ အချက်အချာတွင် ရွေးချယ်မှုမှန်ကန်ပြီး တာဝန်မှုရှိစွာ ဆောင်ရွက်ရန်မှာ ကမ္ဘာအတွက်အထူးပင်အရေးကြီးလှကြောင်း ၊ မိမိတို့သည် စည်းလုံးညီညွတ်စွာ တစ်စိတ်တစ်ဝမ်းတည်း အားအင်များကို စုစည်း၍ ရဲဝံ့စွာ ရှေ့သို့လှမ်းချီကာ လူသားမျိုးနွယ်အတွက် ကံကြမ္မာ အကျိုးတူအသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေး၍ လူသားတို့၏သာယာလှပသောအနာဂတ်ကို အတူဖန်တီးကြပါစို့ဟူ၍ အလေးထားတိုက်တွန်းပြောကြားခဲ့သည်။ 

ယခုနှစ်ကျင်းပခဲ့သည့် BRICSထိပ်သီးအစည်းအဝေးတွင် ဦးဆောင်ကျင်းပခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မိန့်ခွန်းများ ကိုကြည့်ပါက  BRICS အဖွဲ့မှာ မတည်မငြိမ်မှုများကြောင့် ထိခိုက်နေသည့် ကမ္ဘာ့စီးပွားရေးအတွက် လူသားအကျိုးစီးပွားနှင့် ဖွံ့ဖြိုးရေးကိုသာ အာရုံစိုက်ပြီး လုပ်ဆောင်မည့် ကမ္ဘာ့စီးပွားရေးဆိုင်ရာ အဖွဲ့ အစည်းတစ်ခုဖြစ်ကြောင်းကို အာမခံခဲ့သလိုဟု မြင်မိသည်။ 

လင်းသစ်အောင်