【 နိုင်ငံတကာဆောင်းပါး 】ရှီ၏တတိယသက်တမ်းနှင့် သံတမန်ရေးကဏ္ဍသစ်

【 နိုင်ငံတကာဆောင်းပါး 】ရှီ၏တတိယသက်တမ်းနှင့် သံတမန်ရေးကဏ္ဍသစ်

တရုတ်နိုင်ငံ၏ လတ်တလော သံတမန်ရေးရာ ဆောင်ရွက်မှုများနှင့်အတူ တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်အတွက် ၎င်း၏အခန်းကဏ္ဍကို အစွမ်းကုန်ထုတ်သုံးရန် အားထုတ်နေပြီဆိုသည်ကို အပြောင်းအလဲများနှင့် တုန်လှုပ်ချောက်ချားနေသော ကမ္ဘာကြီးကို ပြသနေသည်။

ယခုနှစ်မတ်လတွင် ကျင်းပခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ အစည်းအဝေးနှစ်ရပ်က  သမ္မတရှီကျင့်ဖျင်ကို လာမည့်၂၀၂၃-၂၀၂၇ ခုနှစ် ၅ နှစ်သက်တမ်းအတွက် တရုတ်နိုင်ငံကိုဆက်လက်ဦးဆောင်ရန် ရွေးချယ်ခဲ့ပြီး နောက် ယနေ့ကမ္ဘာကို သံတမန်ရေးရာဖြင့် တည်ငြိမ်အောင် တရုတ်က ဦးဆောင်ကြိုးပမ်းမှုမှာ ခပ်သွက်သွက် ဖြစ်လာသလို ထင်သာမြင်သာသည့် တိုးတက်မှုများ တွေ့လာရသည်။

ရှီ၏တတိယသက်တမ်းအစဖြစ်သည့် မတ်လတွင် အကျပ်အတည်းဖြစ်နေသည့် ယူကရိန်းပြဿနာ ကို ဖြေရှင်းရန် အချက် ၁၂ ချက်ပါ စာတမ်းကို တရုတ်ဘက်က ထုတ်ပြန်ခဲ့ပြီးနောက် တတိယသက်တမ်း၏ ပထမဆုံး ခရီးစဉ်အဖြစ် ရုရှားသို့  သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်မှာ နိုင်ငံတကာက အာရုံစိုက်ခံရသည့် ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပြီး ရုရှားဘက်က တရုတ်တင်ပြသည့် အချက် ၁၂ချက်ကို အပြုသဘောဖြင့် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သလို ယူကရိန်းဘက်ကလည်း တရုတ်နှင့်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။

ယခုမတ်လကုန်တွင် တရုတ်နိုင်ငံ ဘိုအောတွင် ပို့အော်အာရှဖိုရမ် ၂၀၂၃ ခုနှစ်ကို ကျင်းပခဲ့ရာ အာရှနှင့် ကမ္ဘာ့ရင်ဆိုင်နေရသော အရေးကြီးသောကိစ္စရပ်များကို ဆွေးနွေးရန် နယ်ပယ်အသီးသီးမှ အစိုးရခေါင်းဆောင် များ၊ စီးပွားရေးအမှုဆောင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။ ထိုညီလာခံသို့ တက်ရောက်လာသည့် စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်း၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နဝါအီဘရာဟင်၊ စပိန်နိုင်ငံ ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်တို့မှာ အစည်းအဝေးကာလနှင့် အစည်းအဝေးအပြီး တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ ဒေသတွင်းနှင့် ကမ္ဘာ့အရေးများကိုဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာအရေးတွင် တရုတ် ၏ အခန်းကဏ္ဍကို ပိုမိုပါဝင်ရန်တောင်းဆိုခဲ့ကြသည်။ 

ဧပြီလဆန်း ၅ ရက်တွင် ပြင်သစ်နိုင်ငံသမ္မတ အီမန်နူရယ်လ်မက်ခရွန် တရုတ်သို့ ၃ ရက်တာခရီး လာရောက်ခဲ့ပြီး ထို့နောက် ဥရောပသမဂ္ဂကော်မတီဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်တို့လာရောက်ခဲ့သည်။ ဧပြီ ၁၂ ရက်တွင် ဘရာဇီးသမ္မတလူလာ တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည်။ ထိုခရီးစဉ်များအပြီးတွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေး အဆင့်မြင့်ကိုယ်စားလှယ်ဂျိုးဇက်ဘော်ရယ်လ်၊  အီတလီနိုင်ငံဝန်ကြီးချုပ် ဂျော်ဂျီရာ မယ်လိုနီ တို့လည်း လာရောက်ဖို့ရှိသည်ဆိုရာ တရုတ်နိုင်ငံ၏ သံတမန်ရေး လှုပ်ရှားမှုမှာ စောင့်ကြည့်ချင်စရာကောင်းလာခဲ့သည်။

မတ် ၃၁ ရက်ပေကျင်း၌ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်၊ မလေးရှားဝန်ကြီးချုပ် ဒါတွက်ဆရီအန်နဝါ အီဘရာဟင်နှင့် စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းတို့နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် သီးခြားစီတွေ့ဆုံခဲ့သည်။ ထိုသို့ တွေဆုံရာတွင် မလေးရှားဝန်ကြီးချုပ်အန်ဝါနှင့် မျှဝေထားသော အနာဂတ်နှင့်အတူ တရုတ်-မလေးရှား အသိုက်အဝန်းကို တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းတွင် စာမျက်နှာသစ် ဖွင့်လှစ်နိုင်မည်ဟု သမ္မတ ရှီက ပြောကြားခဲ့သည်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အရည်အသွေးမြင့် အနာဂတ်ကို ဦးတည်သည့် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့ကြောင်း၊တရုတ်နှင့် စင်ကာပူတို့သည် ပူးပေါင်း ဆောင်ရွက်မှု၏ အရေးပါသော မိတ်ဖက်များအဖြစ် ချီးကျူးဂုဏ်ပြုပြီး နှစ်နိုင်ငံဆက်ဆံရေးသည် ရှေ့ရှု၊ ဗျူဟာမြောက်ပြီး လက်တွေ့ကျကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် စင်ကာပူနိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ခိုင်မာစေရန်၊ မဟာဗျူဟာမြောက် ဆက်ဆံရေးကို နက်ရှိုင်းစေကာ တရုတ်-စင်္ကာပူ ပူးပေါင်းဆောင်ရွက်မှု၏ အထူးခြားဆုံးသော အရည်အသွေးကို “အရည်အသွေးမြင့်” ဖြစ်လာစေရန် အဆင်သင့်ရှိကြောင်း ရှီက ထောက်ပြခဲ့သည်။

လီရှန်လွန်းက တရုတ်စီးပွားရေး၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုအပေါ် ခိုင်ခိုင်မာမာယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး စီးပွားရေးသည် ခိုင်မာသောနည်းလမ်းဖြင့် ဆက်လက်တိုးတက်နေမည်ဟု ယုံကြည်ကြောင်း၊ စင်ကာပူနှင့် အခြားအိမ်နီးချင်းနိုင်ငံများသည် တရုတ်နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာစေရန် မျှော်လင့်ကြောင်း လီက ပြောကြားခဲ့သည်ကိုတွေ့ရသည်။

စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်နှင့် တွေ့ဆုံစဉ် ရှီက တရုတ်နှင့် အီးယူကြား ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် စပိန်သည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။စပိန်ဝန်ကြီးချုပ်ပက်ဒရိုဆန်းချက်ဇ်က စပိန်နိုင်ငံအနေနဲ့ ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းရာမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် စာတမ်းကို အပြုသဘောနဲ့ ပြောဆိုခဲ့ပြီး အကျပ်အတည်း နိုင်ငံရေး ဖြေရှင်းရေးမှာ တရုတ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဧပြီ ၆ ရက်တွင် ပြင်သစ် သမ္မတ မက်ခရွန်နှင့်တွေ့ဆုံ ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ရှီကျင့်ဖျင်က ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန် တွန်းအားပေးပြီး နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် စွဲကိုင်ထားကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ ဆင်ခြင်မှုနှင့် ချုပ်တည်းမှုကို ထိန်းသိမ်းထားပြီး နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှု ဥပဒေကို တင်းကျပ်စွာ လိုက်နာရန်၊ နျူကလီးယား လက်နက် သုံး၍မရ၊ နျူကလီးယား တိုက်ပွဲ ဆင်နွှဲ၍မရ ဟူသော လေးနက်သည့် ကတိပြုချက်ကို လက်တွေ့ ကျကျ အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲကို အလျင်အမြန် ပြန်လည်ကျင်းပပြီး နိုင်ငံရေး နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းကာ ဥရောပတိုက်လုံခြုံရေးမူဘောင်ကို တည်ဆောက်ရန်၊ ယူကရိန်းအကျပ်အတည်းကြောင့် စားနပ်ရိက္ခာ၊ စွမ်းအင်၊ ငွေရေး ကြေးရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့်နယ်ပယ်များတွင် ထိခိုက်မှုများကို ပူးပေါင်းဆောင်ရွက်ပြီး ရင်ဆိုင်ကျော်လွှားရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ပန်ကြားလိုကြောင်း ပြောခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် ၊ ပြင်သစ် သမ္မတ မက်ခရွန် နှင့် ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အူဆူလာဗွန်ဒါလီယန်တို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်ရှီက တရုတ်နိုင်ငံသည် ဥရောပနှင့် အတူ တရုတ်နှင့် ဥရောပ ဆက်ဆံမှု တိုးတက်ရေး ဦးတည်ချက်ကို ကိုင်ဆောင်ပြီး အဆင့်ပေါင်းစုံမှ ကူးလူးဆက်ဆံမှုကို ဘက်စုံပြန်လည် ဖွင့်လှစ်ရန်၊ နယ်ပယ်အသီးသီးမှ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများကို ပြန်လည် စတင် ပြုလုပ်ရန်၊ နှောင့်ယှက်မှုနှင့် စိန်ခေါ်မှုများကို ဖယ်ရှားပြီး နှစ်ဖက်ဆက်ဆံမှု တိုးတက်ရေး၊ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးအတွက် တွန်းအားသစ် ထည့်သွင်းပေးရန် ကြိုးပမ်း ဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့သည်။ 

ဧပြီ ၁၂ ရက်တွင် တရုတ်နိုင်ငံသို့ ဘရားဇီးသမ္မတ လူလာဒီဆေးလ်ဗားလာရောက်ခဲ့သည်။ လေးရက်တာ ခရီးစဉ်အတွင်း ဧပြီ ၁၄ ရက်တွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့ရာ ရှီက တရုတ်သည် အရည်အ သွေးမြင့်သော တိုးတက်မှုကို အကောင်အထည်ဖေါပြီး တိုးတက်မှုစနစ်သစ်တစ်ခု ဖန်တီးရေးကို အရှိန်မြှင့်တင်ကာ စံနှုန်းမြင့်မားသည့် တံခါးဖွင့်ခြင်းကို ဦးစားပေးမည်ဖြစ်ကြောင်း ထို့ကြောင့် ဘရာဇီးလ်နှင့် ကမ္ဘာ့ကျန်နိုင်ငံများအတွက် အခွင့်အလမ်းပွင့်လာမည်ဖြစ်ကြောင်း၊ ဆက်လက်တိုးတက်နေသော တရုတ်-ဘရာဇီးလ်ဆက်ဆံရေးသည် ၄င်းတို့ဒေသများနှင့်ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းရေး တည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှုကို တိုးတက်စေမည်ဖြစ်ကြောင်းလည်းပြောခဲ့သည်။

ရှီ၏တတိယသက်တမ်းအစဖြစ်သည့် မတ်လမှ ယခုဧပြီလဝက်အတွင်း သံတမန်ရေးရာဆောင်ရွက်မှုများကို ကြည့်ပါက စစ်မက်လိုလားနေသောကမ္ဘာတွင် တတိယရွေးချယ်စရာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုလမ်းကြောင်းကို ဦးဆောင်ကြိုးပမ်းနေသလို ကမ္ဘာ့စီးပွားရေးလျင်မြန်စွာနာလန်ထအောင် ကြိုးပမ်းနေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

သိသာထင်ရှားသည်က တရုတ်၏ ကမကထပြုမှုဖြင့် ရန်ဘက်နှစ်နိုင်ငံဖြစ်သော ဆော်ဒီအာရေးဗီးယား နှင့် အီရန်နိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန် မတ်လတွင် အောင်မြင်စွာ ကြားဝင်စေ့စပ်ခဲ့မှု၏ နောက်ဆက်တွဲဖြစ်ထွန်းမှုများက ယခုအခါ သိသာစွာမြင်နေရပြီဖြစ်သည်။ ပြင်းထန်သော တိုက်ခိုက်မှုများဖြင့် ပြည်တွင်းစစ်ဖြစ်နေသည့် ယီမင်နိုင်ငံတွင် ယခုအခါ နှစ်ဘက်အကျဉ်းသားလဲလှယ်ရေးဖြစ်လာခဲ့သလို ကာတာနှင့် ဘာရိန်းတို့မှာလည်း သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန် ဖြစ်လာနေပြီ ဖြစ်သည်။  

ထိုသည်က ရှီဦးဆောင်ခဲ့သည့်အရှေ့အလယ်ပိုင်းအတွက် ငြိမ်းချမ်းစေရန် သံတမန်ရေးရာ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်သည်။ နိုင်ငံတကာသံတမန်ရေးရာတွင် ပိုမိုဩဇာကြီးလာသည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကြောင့် ယူကရိန်းအကျပ်အတည်းတွင် တရုတ်နိုင်ငံကို ပိုမိုပါဝင်ရန် ဂျာမနီက တောင်းဆိုထားရာ ပြင်သစ်သမ္မတ ခရီးစဉ်အတွင်း ရှီက ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းရေး ပြင်သစ်အတူလုပ်ရန် အသင့်ရှိကြောင်းပြောခဲ့ပြီး ဖြစ်ရာ ရှီ၏တတိယသက်တမ်းအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို မည်သို့ စွမ်းဆောင်နိုင်မည်ကို စောင့်ကြည့်ရတော့မည်ဖြစ်လေသည်။

လင်းသစ်အောင်