【 နိုင်ငံတကာဆောင်းပါး 】လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ၆ နှစ်တာ ခရီး

【 နိုင်ငံတကာဆောင်းပါး 】လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ၆ နှစ်တာ ခရီး

မြန်မာနိုင်ငံ ပုဂံမြို့၌ ဇူလိုင် ၄ ရက်တွင် ပြုလုပ်ခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာကပါ စိတ်ဝင်စားမှုရှိခဲ့သည်ကိုတွေ့ရသည်။ အထူးသဖြင့် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြောင်းလဲခဲ့သည့် မြန်မာနိုင်ငံ ရေးအခင်းအကျင်းကြောင့် ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ကြီးမှူးကျင်းပသည့် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစည်းအဝေးမှာ နိုင်ငံရေးအရ တရားဝင်မှုနှင့် ရောထွေးယှက်တင်ခဲ့သဖြင့် မူလအကြောင်းရင်းပျောက်ကွယ်ခဲ့ရသလို ဖြစ်သည်။ သို့သော် ဇူလိုင် ၄ ရက်အစည်းအဝေးသတင်းများကို ကြည့်ပါက  နိုင်ငံရေးထက် ဒေသတွင်းဆိုင်ရာ အရှိန်အဟုန်ရနေသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ုမြှင့်ရန်သာ ဦးစားပေးဆွေးနွေးခဲ့ကြသည်ကိုသာ တွေ့ရသည်။ 

၂၀၁၆ခုနှစ်က စတင်ခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့မှာ ယခုအခါ ၆ နှစ်တာ ကာလကို ရောက်ခဲ့ပြီ ဖြစ်ပြီး စတင်ဖွဲ့စည်းစဉ်က ဒေသတွင်းနိုင်ငံ ၆ နိုင်ငံ၏ ဘုံအကျိုးဖြစ်ထွန်းမှု၊ ဘုံဖွံ့ဖြိုးတိုး တက်မှုရည်ရွယ်ချက်ဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ယန္တရားသစ် ကို စတင်ခဲ့ခြင်းဖြစ်သည်။ထိုသို့ ဖွဲ့စည်း ပြီးနောက် တရုတ်နှင့်မဲခေါင်မြစ်တစ်လျှောက်နိုင်ငံများအကြားဆက်ဆံရေးဖွံ့ဖြိးတိုးတက်မှုအဆင့်သစ်ကို စတင် နိုင်ခဲ့သည်။  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ဆိုသည်မှာလည်း ရေမြေတောတောင် ဆက်စပ် နေသည့် ဒေသရှိ တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ခြောက်နိုင်ငံ ပါဝင်ကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံစီးဆင်းလာသည့် လန်ချန်းမြစ်မှ အခြားနိုင်ငံ ၅ နိုင်ငံအား မဲခေါင်မြစ်အဖြစ် ဖြတ်သန်းစီးဆင်းသွားကာ ပင်လယ်အတွင်းသို့ စီးဝင်ခဲ့သည်ကို အစွဲပြုပြီး ယင်းသို့ ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ စတင်တည်ထောင်ပြီးကတည်းက ဒေသတွင်းနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှု မည်မျှတိုးတက်လာသည်ဆိုသည်ကို ကြည့်ပါက သိနိုင်မည်ဖြစ်သည်။  ပြီးခဲ့သည့် ၂၀၂၁ခုနှစ်တွင် မဲခေါင်မြစ်တစ်လျှောက် ၅ နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၃၉၈ ဘီလီယံရှိခဲ့သည်။ထိုပမာဏမှာ ယခင်၂၀၂၀ ခုနှစ်ကထက် ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟုဆိုသည်။ ယခုနှစ် ပထမငါးလတွင်လည်း နှစ်ဘက်ကုန်သွယ်မှုမှာ ၂၀၂၁ခုနှစ် ကာလတူထက် ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၄ ရက်တွင် ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (LMC)ကြောင့် ဒေသတွင်းတည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှုမြှင့်တင်ရာတွင် အကျိုးရှိသော ရလဒ်များ ရရှိခဲ့သည်ဟု ပြောခဲ့သည်။ အမှန်တကယ်လည်း LMC ဖွဲ့စည်းပြီးနောက် မဲခေါင်မြစ်တစ်လျှောက် သက်ဆိုင်ရာ ဒေသဆိုင်ရာဖွံ့ဖြိုးမှုက သိသိသာသာတိုးတက်လာခဲ့သည်။ ယခင်က ရေစီးသန်သည့်မဲခေါင်မြစ်မှာ မြစ်မတ်စောက်ကျဉ်းမြောင်းသည့်နေရာများ ရှိခြင်းနှင့် နွေရာသီရေနည်းခြင်းကြောင့် မြစ်ဖြတ်သန်းရာ အချို့သော နိုင်ငံများ၏ဒေသတချို့အတွက် မြစ်ကို အသုံးချနိုင်စွမ်းက နည်းသလို ရေမြေ သယံဇာတထိန်းသိမ်းစောင့်ရှောက်နိုင်မှုကလည်း အားနည်းလှသဖြင့် ကုန်သွယ်ရေးနှင့် ကူးသန်းသွားလာရေးအတွက် အသုံးပြုမှုနည်းလှသည်။ LMC စတင်ပြီးနောက် မဲခေါင်မြစ်အားအသုံးပြုကာ မဲခေါင်မြစ်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အသုံးချမှုနှုန်းကို တစ်နှစ်ထက်တစ်နှစ်မြင့်မားလာစေခဲ့သည်ကိုတွေ့ရသည်။

ယခုနှစ်ကျင်းပသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ထိုတိုးတက်မှုကို အရှိန်မြင့်တက်စေမည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် အသစ်များကို ရရှိခဲ့သည်။  သဘောတူညီချက်အသစ်များကို “ကဏ္ဍ သုံးခုတွင် အချက် ၆ ချက်” စီဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက  သတင်းစာရှင်းလင်းပွဲတွင် ခြုံငုံပြောကြားခဲ့သည်။

သဘောတူညီမှုများတွင် ပထမအနေဖြင့် မဟာဗျူဟာမြောက်လမ်းညွှန်မှုကို အားကောင်းစေခြင်း၊ စီးပွားရေးပေါင်းစည်းမှုနက်ရှိုင်းစေခြင်း၊ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ခြင်း၊ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာလိုက်နာခြင်း၊ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်း၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်ခြင်းဟူသော ပူးပေါင်းဆောင်ရွက်မှုဦးတည်သည့် အချက် ၆ ချက်ကို ပြောခဲ့သည်။

ဒုတိယအနေဖြင့် “လန်ချန်း-မဲခေါင် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုတွင်  ရာ၊ ထောင်၊ သောင်း လှုပ်ရှားမှု အစီအစဉ်"၊ “လန်ချန်း-မဲခေါင် ရေအကျိုးခံစားမှုအစီအစဉ်” ၊ “လန်ချန်း-မဲခေါင်ဒစ်ဂျစ်တယ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်” ၊ “လန်ချန်း-မဲခေါင် အာကာသပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်”၊ “လန်ချန်း-မဲခေါင် လူရည်ချွန် အစီအစဉ်”၊ “လန်ချန်း-မဲခေါင် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ” စသည့် မဲခေါင်မြစ်ဝှမ်း အကျိုးပြု ဆောင်ရွက်ချက် ၆ ချက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တတိယအနေဖြင့် “လန်ချန်း-မဲခေါင် ပူးပေါင်း‌ဆောင်ရွက်မှု ၅ နှစ် စီမံကိန်း(၂၀၂၃-၂၀၂၇)” ကို စိစစ်ဆွေးနွေး အတည်ပြုခဲ့ပြီး ပူးတွဲသတင်းထုတ်ပြန်ချက်၊ အကောက်ခွန်ကုန်သွယ်မှုလုံခြုံရေးနှင့် အဆင်ပြေ ချောမွေ့သော အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုနှင့် စားနပ်ရိက္ခာဖူလုံရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်လေ့လာသင်ယူမှု ပူးတွဲထုတ်ပြန်ချက် စသည့် စာရွက်စာတမ်း ၆ ခုကို ထုတ်ပြန်ခဲ့သည်။

ထိုပြောကြားခဲ့မှုများအနက်  “လန်ချန်း-မဲခေါင် ပူးပေါင်း‌ဆောင်ရွက်မှု ၅ နှစ် စီမံကိန်း(၂၀၂၃-၂၀၂၇)” ကို စတုတ္ထအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေးသို့ စိစစ်အတည်ပြုရန် တင်ပြသွားမည်ဟုဆိုသည်။

အထူးသဖြင့် ယခုသဘောတူညီမှုများတွင်  “လန်ချန်း-မဲခေါင် ရေအကျိုးခံစားမှုအစီအစဉ်” က ဒေသတွင်း နိုင်ငံများနှစ်စဉ်ကြုံနေရသည့် နွေရာသီ မဲခေါင်မြစ် ရေဝင်လျော့ကျမှုကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့ကျ ခြင်းနှင့် ရေလမ်းကြောင်း အသုံးမပြုနိုင်ခြင်းကို ပြေလည်စေမည်ဖြစ်သည်။ “လန်ချန်း-မဲခေါင် အာကာသပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်”ဆိုသည်မှာလည်း မဲခေါင်မြစ်တစ်လျှောက်နိုင်ငံ ၅ နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊  မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်အတွက် မကြာမီက တရုတ်ကတည်ဆောက်နေသည့် အာကာသအမြဲတမ်းစခန်းတွင် လိုက်ပါနေထိုင်လေ့လာနိုင်သည့် အခွင့်အ ရေးမျိုးဖြစ်သဖြင့် ဒေသတွင်းနိုင်ငံများ၏ အာကာသရေးရာတွင် ရှေ့တန်းရောက်လာစေမည့် အခွင့်အရေးဖြစ်သည်။

ပုဂံတွင် ကျင်းပသည့် ၇ ကြိမ်မြောက် LMC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဝမ်ရိက  ၂၀၂၀ ပြည့်နှစ်တွင် တတိယအကြိမ်မြောက် LMC ခေါင်းဆောင်များ အစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီချက်များကို အပြည့်အဝအကောင်အထည်ဖော်လျက်ရှိသည်ကို ပြောခဲ့ပြီး ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် မဲခေါင်ဒေသနိုင်ငံများထံ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၂၀၀ ကျော်ပံ့ပိုးပေးခဲ့ ခြင်း၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့များ စေလွှတ်ခဲ့မှုနှင့် COVID-19 nucleic acid စစ်ဆေးရေးဓာတ်ခွဲခန်းများ၊ ရွေ့လျားဆေးရုံများတည်ဆောက်ရာ၌ ကူညီပေးခဲ့မှု၊ မဲခေါင်ဒေသနိုင်ငံများအတွက် တရုတ်ရိုးရာ တိုင်းရင်းဆေးဝါးကျွမ်းကျင်သူ ၁,၃၀၀ ခန့်ကို လေ့ကျင့်သင်ကြားပေးရာတွင် ပံ့ပိုးကူညီခဲ့မှုတို့ကို ပြောခဲ့သည်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် တက်လှမ်းနေသည့် တရုတ်၏ စီးပွားရေးတောင့်တင်းလာမှုက မဲခေါင်မြစ်တစ်လျှောက်နိုင်ငံများ၏ ဒေသတွင်းဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေခဲ့သည်။ မဲခေါင်မြစ်ကို အမှီပြုပြီး ရေလမ်းကြောင်းမှ တရုတ်နှင့် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေရန် လန်ချန်း-မဲခေါင် ပူးပေါင်း‌ဆောင်ရွက်ရေးအဖွဲ့ဝင် ၆ နိုင်ငံစလုံးကြိုးပမ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိတွင် လန်ချန်း-မဲခေါင်အဖွဲ့ဝင်ထဲမှ တရုတ်-လာအို ရထားလမ်း၊ တရုတ်-ဗီယက်နမ် ရထားလမ်းများ အကောင်အထည်ပေါ်နေပြီ ဖြစ်ရာ အဆိုပါနိုင်ငံများနှင့် တရုတ်ကုန်သွယ်ရေးမှာ ယခင်ကထက်ပိုမို ဖြစ်ထွန်းနေ သည်ကိုတွေ့နေရသည်။

တရုတ်နိုင်ငံချုံချင်မြို့တွင် ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၇ ကြိမ်မြောက် နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးတွင်  “စည်းလုံးညီညွတ်မှုဖြင့် ကပ်ရောဂါတိုက်ဖျက်၍ ကပ်ရောဂါ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အတူတကွတွန်းအားပေးဆောင်ရွက်” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး လန်ချန်း-မဲခေါင်းပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြောင်း ၊ ၅ နှစ်တာ ကာလအတွင်း အတွေ့အကြုံများအား ခြုံငုံသုံးသပ်၍ နောက်တစ်ဆင့် အဓိကပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ စီမံချက်များ ချမှတ်ခဲ့သည်ကိုတွေ့ရသည်။

ထိုမှ နောက်တစ်နှစ်အကြာ ပုဂံတွင် ကျင်းပသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၇ ကြိမ် မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဒေသတွင်း အာကာသနည်းပညာနှင့် မဲခေါင်မြစ်ရေအသုံးချမှုဆိုင်ရာ အရေးပါသည့် သဘောတူညီမှုများကိုရရှိခဲ့သည့်အပြင် ဒေသတွင်းဖွံ့ဖြိုးမှုအတွက် အထောက်အကူများလည်း တရုတ်နိုင်ငံထံမှ ရရှိခဲ့သည်။ ယခုအစည်းအဝေးမတိုင်မီ ဇွန် ၁၃ ရက်က ကမ္ဘောဒီးယားသို့ စီမံကိန်း ၁၃ ခု အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC)အထူးရန်ပုံငွေ ၂၀၂၂ မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းကျော်ပေးခဲ့သည်။

COVID-19 ရောဂါဖြစ်ပွားမှု စတင်ချိန်မှစ၍ LMC ၆ နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်ရေး နှင့် စီးပွားရေး ပြန်လည် ဦးမော့လာရေးအတွက် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပြီးခဲ့သည့် ၆ နှစ်တာကို ပြန်ကြည့်ပါက လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC)သည် အာရှဒေသတွင်း အတက်ကြွဆုံးပေါ်ထွက်လာသည့် ပူးပေါင်းဆောင်ရွက်ရေးယန္တရားတစ်ခုအဖြစ် တစစ နေရာယူလာနေသည်ကို တွေ့ရမည်ဖြစ်လေသည်။

လင်းသစ်အောင်